မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင်ဇ၀န

ယနေ့ သာသနာတော်သက္ကရာဇ် ၂၅၄၉ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၆၇ ခုနှစ် ပြာသိုလပြည့်ကျော် ၁၀ရက်နေ့ည ။

ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်တထောင်ဘုရားလမ်းဒေါင့် မှာတည်ရှိတဲ့ (—–)ကျောင်းတိုက် မဟာစည်သြ၀ါဒခံ လယ်တီစံသာသနာ့ရိပ်သာကြီး အတွင်းမှာ ကျင်းပပြုလုပ်အပ်တဲ့ ထေရ၀ါဒအထူးတရားပွဲ နှစ်ညမြောက်မှာ ဟောကြားအပ်သော သံယုတ်ပါဠိတော် နဲ့ လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ လယ်တီဒီပနီပေါင်းချုပ် စတုတ္ထတွဲ အနတ္တဒီပနီကျမ်းသစ်ကို အခြေခံထားပြီးတော့ မှတ်သားဘွယ်ရာ ဗဟုသုတအဖြာဖြာတို့ဖြင့် တန်ဆာဆင်ဟောကြားအပ်သော ပထမနိဗ္ဗာန် အမည်ရှိသော တရားတော်။

အဲဒီပထမနိဗ္ဗာန်အကြာင်းကို ဟောဘို့စိတ်ကူးလာတယ်။ အဲဒါမဟောမီလေးမှာ မေးခွန်းလေးတွေမေးတော့ အဲဒီမေးခွန်းလေးတွေဖြေရင်းနဲ့ပဲ ပထမနိဗ္ဗာန်မှ ရောက်ပါ့မလားမသိဘူး။ မေးခွန်းလေးတွေက စိတ်ဝင်စားဘို့ကောင်းတော့ ဖြေပေးပါ့မယ်။ လူငယ်များ သိချင်တဲ့မေးခွန်းလေးတွေ မေးပါ။ ဘာကြောင့်လဲဆိုတော့ လူတိုင်းဥာဏ်ကောင်းချင်ကြတယ်။ ဒါပေမယ့်လို့ ဥာဏ်ကောင်းတဲ့ပုဂ္ဂိုလ်နဲတယ်။ လူချင်းတူပြီးတော့ ဘာဖြစ်လို့ ဥာဏ်ကောင်းခြင်း-ဥာဏ်ထိုင်းခြင်း ကွဲပြားရတာလဲလို့ သုဘလုလင်က ဗုဒ္ဓကို မေးဘူးတယ်။ ဗုဒ္ဓက ပြန်ဖြေလိုက်တာက မိမိမသိတာ မရှင်းလင်းတာကို မေးမြန်းတဲ့ပုဂ္ဂိုလ်များ ဖြစ်ရာဘ၀ ဥာဏ်ကောင်းတယ်။ သိသလိုလို မသိသလိုလိုနဲ့ မြုံစိမြုံစိနဲ့ မမေးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရာဘ၀ ဥာဏ်ထိုင်းပါသတဲ့။ ဒါ့ကြောင့် မေးရမှာ ဘာမှရှက်စရာမရှိဘူး။ မေးသာမေးကြနော်။

 

အခုဒီမှာမေးခွန်းလေးတွေ ဖြေကြည့်ရအောင်ပေါ့။

နံပါတ် (၁)

ရတနာသုံးပါးနှင့် အနန္တောအနန္တငါးပါး အဆိုပါနှစ်ခု ရောထွေးနေပါသည်။ ကိုးကွယ်ရာအစစ်ကို ရှင်းပြပေးပါ။

ဒါလဲဟုတ်တယ် — ဗုဒ္ဓချမှတ်ခဲ့တဲ့ ကိုးကွယ်ရာက ရတနာသုံးပါး။  အဲဒီရတနာသုံးပါးကို ကိုးကွယ်ရာလို့ ဗုဒ္ဓက ချမှတ်ခဲ့ပြီးသည့်နောက် အနန္တောအနန္တငါးပါးကို ထပ်ထည့်လာတယ်။ ဘယ်သူတွေထည့်လဲဆိုရင် ဖြူးဆရာတော်ကြီးစကားနဲ့ ပြောရရင်တော့ ၀ါဇိတ်-ဂါဆရိုင်း တွေကထပ်ထည့်လာတယ်။ ဂိုဏ်းဆရာတွေ –။ သူတို့က ရတနာသုံးပါးနဲ့ တန်းတူနေရာလိုချင်တယ်။ ရတနာသုံးပါးကို သူတို့ဝင်လို့မရဘူး။ ဒါဆို ငါတို့ ရတနာငါးပါးဆိုလဲ ကြည့်မကောင်းဘူး။ လုပ်ကြစို့ဟေ့ အနန္တောအနန္တငါးပါး  ဆိုပြီးတော့။ သူတို့စင်ပေါ်ရောက်ချင်တာနဲ့ မိဘကိုပါဆွဲထည့်တော့ မိဘပါ ပါလာတယ်။ အဲဒါ အနန္တောအနန္တငါးပါး ဖြစ်လာတာ။

 

တကယ်တော့ မိဘနဲ့ဆရာဆိုတာ ကိုးကွယ်စရာမဟုတ်ပါဘူး။ ကျေးဇူးဆပ်စရာသာဖြစ်ပါတယ်။ ကိုးကွယ်စရာက ဘုရား တရား သံဃာ။ ဘာကြောင့်လဲဆိုတော့ စဉ်းစားကြည့်လေ။ ဘုရားတရားသံဃာက သက်ရှိသတ္တ၀ါအားလုံးရဲ့ ချမ်းသာကိုဆောင်တာ။ ဟုတ်တယ်မဟုတ်လား။

ကိုင်း – မိဘ နဲ့ ဆရာကို စစ်ကြည့်ရအောင်။

ဦးဇင်းရဲ့မိဘဟာ ဦးဇင်းရဲ့အကျိုးစီးပွားကိုပဲဆောင်မှာ။ ဒီပရိတ်သတ် အကျိုးစီးပွားကို ဆောင်ပါ့မလား။ အဲဒီတော့ မိဘက တသီးပုဂ္ဂလ- သူ့သားသမီးနဲ့ပဲဆိုင်တယ်။ ဒါ့ကြောင့် သရဏဂုံနေရာမှာ ထည့်လို့မရဘူး။

ဆရာကကော ……။ ဦးဇင်းရဲ့ဆရာဟာ ဦးဇင်းအပေါ်ပဲကျေးဇူးရှိတယ်လေ။ ဒီပရိတ်သတ်ကို ကျေးဇူးရှိမလား။ ဒါ့ကြောင့် ရတနာသုံးပါးနေရာမှာ ဆရာလဲမပါပါဘူး။ ကျေးဇူးရှိတယ်။ သူ့ကျေးဇူးကိုဆပ်ဘို့ပဲရှိပါတယ်။ ကိုးကွယ်ဘို့ မဟုတ်ပါဘူး။

 

မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင်ဇ၀န ဟောကြားတော်မူတဲ့ တရားပါ။

MP3 ဖိုင်နဲ့ 7.205 MB ရှိပါတယ်။ အင်တာနက်ပေါ် မတင်တတ်လို့ ၊  အီးမေးနဲ့ဆိုလဲ အဲသလောက်ကြီးတဲ့ဖိုင် မထွက်လောက်ဘူးထင်လို့ – လိုချင်သူများရှိရင် စီဒီခုတ်ပြီး ပါဆယ်ပို့ပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုလွယ်မယ့်နည်းကတော့ မေတ္တာရှင် ဆိုက်မှာ ရှာကြည့်လို့ တောင်းကြည့်လို့ ရလောက်ပါတယ်။

 

တလောကပိုစ့်လေး မနိုင်မနင်းနဲ့ဝင်မန်းမိရင်းက ဆရာတော့်ဟောကြားချက်လေး ရှာပေးဘို့ဖြစ်လာပါတယ်။ ဒီတရားပြန်မတွေ့ခင် မေတ္တာရှင်ဆရာတော်ရဲ့တရား အပုဒ်နှစ်ဆယ်လောက်နာလိုက်ရလို့ အဲဓမ္မသ၀နကုသိုလ်လေးလဲ အမျှဝေလိုက်ပါတယ်။

****** ဘာပဲဖြစ်ဖြစ် ဆရာကောင်းများရဲ့ ကျေးဇူးဂုဏ်ကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ မိဘ ဆရာ တွေကြောင့်လူဖြစ်တာပါ။ ပြစ်မှားစရာ ကျေးဇူးမဲ့စကားဆိုစရာ လုံးဝမရှိပါ။ သူ့နေရာနဲ့သူ မှန်ကန်စွာ သဘောထားဘို့သာ ကြိုးစားတာပါ။

(ဒီတော့ မရည်ရွယ်ပဲနဲ့ ပိုစ့်တပုဒ် တင်မိသွားပါပြီ။ ဒါပထမဆုံး ပိုစ့်ပါပဲ။)

About xman

x man has written 1 post in this Website..