အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၁၈)

သုံးရက်လောက်ကြာပြီး တစ်ညနေတော့ ဖာသာတီမိုးသီက ဖာသာဂျွန်ကို အိုင်ယန်နဲ့အတူညစာ စားဖို့ဖိတ်တယ်။

တော်တော်ညဉ့်နက်တဲ့အထိပဲ သူတို့ စားကြသောက်ကြ စကားတွေပြောကြနဲ့ ။ဖာသာ တီမိုးတီ ဆို သူ့တယောလေးတောင်

ထိုးလိုက်သေးတယ်။ဖာသာဂျွန်ကတော့ သန်းခေါင်ကျော်တော့ ပြန်သွားတာပဲ။ဒါပေမဲ့ ဖာသာတီမိုးသီနဲ ့အိုင်ယန်တို့

နှစ်ယောက်သားကတော့ ပြောဆိုကောင်းတုန်း။ကျွန်တော်ကတော့ အိပ်ယာထဲကနေပြီး သူတို့အသံတွေ ကြားနေရတယ်။

ဖွင့်ထားတဲ့ ပြတင်းကနေ သူတို့ ရီသံမောသံတွေ လွင့် လွင့်လာတာကြားနေရတော့ အိပ်မပျော်နိုင်ဘူးဖြစ်နေတာ။

အဲ့ဒီညက လကသာသာနဲ့ လေက တသုန်သုန်တိုက်လို့ဗျ။နောက် လေ နည်းနည်းကြမ်းလာတော့ ကျောင်းဝင်းထဲက

ယူကလစ်ပင်တွေယိမ်းထိုးလာပြီးအရွက်ချင်းပွတ်သံ ခတ်သံတွေ တရှဲရှဲ တရွှမ်းရွှမ်း မြည်လာတာပေါ့ဗျာ..။ကျွန်တော်

သေးပေါက်ချင်သလို အိမ်သာတက်ချင်သလိုဖြစ်လာတာနဲ ့အိပ်ယာက ထပြီး အိမ်သာဘက်လျှောက်လာတယ်။အဲဒီမှာ

ဖာသာဂျွန့်အခန်းမီးလင်းနေတာ ကျွန်တော်မြင်လိုက်တာ။အသံဗလံတွေတောင် သဲ့သဲ့ကြားရတာနဲ့ သူ့အခန်းဘက်

အသာခြေဖျားလေးထောက်ပြီးသွားရော ဆိုပါတော့။တံခါးတော့ ပိတ်ထားတယ်။အဲဒီတော့ ထုံးစံအတိုင်း

သော့ပေါက်လေးကနေ ကျွန်တောင်ချောင်းကြည့်တာပေါ့။အခန်းထဲက မြင်ကွင်းကို မြင်တော့ ကျွန်တော်

ချောက်ခြားသွားတယ်ဗျ။အိုင်ယန်က စားပွဲပေါ်တံတောင်လေးထောက်လို့ ကုန်းကုန်းကြီးလုပ်နေတာ။

သူ့နောက်မှာ ဖာသာဂျွန်ကလည်း ခပ်ကိုင်းကိုင်းအနေအထားဗျ။သူ့ ညဝတ်ဘောင်းဘီ ကလည်း

သူ့ခြေထောက်နားမှာ အပုံလိုက်ပဲ။ကျွန်တော် လုံးဝ နားမလည်နိုင်တော့ဘူး..။ဘာတွေလဲ။ကျွန်တော်က

ခပ်ထူထူဆိုတော့။အဲ..ဒါပေမဲ့တစ်ခုခုတော့ မှားနေပြီ..လွဲနေပြီ လို့တော့ ထင်လာတယ်။ဒါနဲ ့ ဖာသာတီမိုးသီ

အခန်း ရောက်အောင်ပြေးချသွားပြီး နှိုးလိုက်တာပေါ့။ဖာသာက အအိပ်ဆတ်တဲ့လူဆိုတော့ ချက်ချင်းနိုးတာပဲ။

“ဖာသာ..ဖာသာ ထဦး..ဖာသာဂျွန်က အိုင်ယန့်ကို ပေါက်ကရလုပ်မလို့လား မသိဘူး..ဖာသာ..”

“ဘယ်သူ့ကို..”

“အိုင်ယန်..အိုင်ယန့်ကို..”

ဖာသာ တီမိုးသီလည်း ချက်ချင်းပဲ ပြူးတူးပျာတာဖြစ်သွားတာပဲ။ဒါနဲ့ နှစ်ယောက်သား ဖာသာဂျွန့် အခန်းကို

ပြေးကြတာပေါ့။နောက် အခန်းတံခါးဆောင့်ဖွင့်ပြီး ဗြုန်းခနဲ အခန်းထဲဝင်လိုက်တော့..ကျွန်တော်မြင်ခဲ့သလိုပဲ

ဖာသာတီမိုးသီ မြင်ရတော့တာပဲဗျ။ဖာသာတီမိုးသီ မျက်နှာဆိုတာ ဖွေးဆွတ်သွားတာပဲ။ကျွန်တော်တော့

သူမေ့လဲသွားမလားမှတ်လိုက်တာ..။မိုက်ခနဲ ဖြစ်သွားတဲ့အချိန်မှာ တံခါးကိုဖမ်းဆွဲထားလို့ပေါ့ဗျာ..။နောက်မို့ လဲပြီ။

နောက် ဒေါသထွက်လာတော့ မျက်နှာက သွေးရောင်ပြန်လွှမ်းလာတယ်။သူပေါက်ကွဲပြီး အော်ဟစ်နေတာများဗျာ

ကျွန်တော်တော်တော်ကြောက်သွားတယ်။ဒီလောက်ကြီး ပေါက်ကွဲတာမျိုး ကျွန်တော်မှ မမြင်ဘူးတာကို။

နောက်ဒေါသတကြီးနဲ့ အိုင်ယန်နဲ ့ကျွန်တော့်ကို ဟောက်ထုတ်တော့တာ..။

“အိုင်ယန် မင်းအခန်းမင်းသွား..သောမတ်စ်လည်းသွားတော့”

သူပြောတဲ့အတိုင်း ကျွန်တော်ပြန်ထွက်သွားပါတယ်။ဒါပေမဲ့ ကျွန်တော့် စိတ်တွေတော်တော်ရှုပ်ထွေးနေတယ်။

ပို ပိုပြီး နားမလည်နိုင်တော့ဘူး။

 

*******************************

ဒိုင်း..ဒိုင်း..

ကျွန်တော်လန့်နိုးလာတယ်။မနက်အစောကြီးပဲ ရှိသေးတာဗျ။နံရံ ကို တုံး နဲ ့ဆောင့်တဲ့ အသံမျိုးလားလို့

ကျွန်တော်တွေးနေမိတာ။ကျောင်းဘက်ကလာတာဆိုတော့..ကျွန်တော် လန့်ဖျတ်သွားတယ်။တစ်ခုခုတော့ မှားနေပြီ

ဆိုတာစိတ်ထဲ အလိုလိုသိလာသလိုမျိုးဗျာ..။ချက်ချင်းပဲ ကျွန်တော်ကျောင်းဘက်ပြေးတယ်။ကြုံလိုက်ရတဲ့

မြင်ကွင်းကတော့ ရိုးတွင်းချဉ်ဆီထိအောင် စိမ့်ပြီး ကျွန်တော့် တစ်ကိုယ်လုံး အေးစက်သွားတာပါပဲ။ဖာသာတီမိုး

သီ က ခရစ်တော်လက်ဝါးကပ်တိုင်အောက်က စားပွဲနားမယ် သွေးတွေအိုင်ပြီး လဲကျနေတယ်လေ။သူက

ဘုန်းတော်ကြီးဝတ်ရုံရှည်ကို ဝတ်လို့ ခရစ်တော်ရှေ့မှာ ဒူးတုပ် ဆုတောင်းနေခဲ့တာပဲလားလို့ ထင်မိတာပဲဗျာ။

သူနဲ ့ ဆယ်လှမ်းလောက်အကွာမှာတော့ ဖာသာ ဂျွန်ရဲ ့အလောင်းကိုတွေ့တာ..။သွေးတွေဆိုတာ စွန်းကွက်

ပြန့်ကျဲနေတာပဲ။သူ့ခေါင်းက ပွင့်ထွက်နေတယ်။ခုံတန်းရှည်တွေပေါ်မှာ သူ့ဦးနှောက် အပိုင်းအစတွေ ဟိုတစ်စ

ဒီတစ်စ တင်နေတာ။သူဝတ်ထားတာတော့ သားရေထည်တွေပဲ။လက်မောင်းနှစ်ဘက်မှာတော့

ကျွန်တော်တွေ့ခဲ့သလိုပဲ မြွေနက်ရုပ် ဆေးမင်ကြောင်တွေနဲ ့ပေါ့။လက်ထဲမှာတော့ ပြောင်းချောသေနတ်ကို

တင်းတင်းကြီးဆုပ်လို့ဗျ။

ကျွန်တော် အဲဒီအတိုင်းကြီး မြင်လိုက်ရတော့ အသက်တောင် မရှူမိဘူးဗျာ။အဲဒါတွေကြည့်ပြီး ခဏကြောင်နေ

တာပေါ့။နောက်မှ အသံကုန်စူးစူးဝါးဝါးကို အော်ပစ်လိုက်တော့တာ။မနက်အစောကြီး တိတ်တိတ်ဆိတ်ဆိတ်မှာ ကျွန်တော့်

အသံက တအားစူးထွက်လာတော့ အကုန်လုံး အလန့်တကြားဖြစ်သွားတယ်လေ။ယူကလစ်ပင်တွေပေါ်နားနေကြတဲ့ ကျီးကန်း

တွေတောင် ထိတ်ထိတ်လန့်လန့်နဲ ့ ပျံပြေးကုန်ကြတာ။ကျွန်တော့် အော်သံကြောင့် အဘိုးကြီးဂျိုးဇက်က

သူ့လုပ်လက်စလေးရပ်ပြီး နားစွင့်မိသတဲ့။မစ္စစ်ဂွန်ဇာလက် ကျတော့ သူ့အလုပ်လေး မြန်မြန်လက်စသတ်

လိုက်တာပဲတဲ့။အိုင်ယန်ကတော့ လန့်ကိုနိုးပြီး ကျောင်းထဲကို ကဆုန်စိုင်းလာတာ။

အိုင်ယန်ရောက်တော့ ကျွန်တော် ဖာသာတီမိုးသီဘေးမှာ ဆောင့်ကြောင့်လေးထိုင်လို့ အလောင်းကိုငုံ့ကြည့်ပြီး

ကျွန်တော် ငိုနေပြီ။ရှစ်နှစ်သားမိဘမဲ့လေးရဲ့ အားကိုးရာက မရှိတော့ဘူး။ဖာသာမရှိတော့ဘူး။သူ..သူသေသွားလို့

ကျွန်တော့်မှာလည်း အားလုံးဆုံးရှုံးသွားသလိုပါပဲဗျာ။ပူဆွေးကြေကွဲပြီး တအားဝမ်းနည်းနေတဲ့ ကျွန်တော့်ငိုသံက

အီဆွဲပြီး လွင့်ပျံထွက်လာတော့ အိုင်ယန်လည်း လိုက် ငိုတယ်။တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ပြီး

ငိုနေကြတာ ၃နာရီလောက်တော့ကြာလိမ့်မယ်။နောက်တော့ မီးနီလေးတဖျပ်ဖျပ်နဲ့ ရဲကားရောက်လာတယ်။

နောက်ပြီး လူနာတင်ကား တစ်စီးနဲ့ ဂျူတီကုတ် အဖြူရောင်ဝတ်ထားတဲ့ ဆရာဝန်တစ်ယောက်တောင်ရောက်လာသေး

တယ်။ပြီးတော့ အလောင်းတွေကို အဝတ်ဖြူလွှမ်းပြီး ကားပေါ်သယ်သွားကြတယ်။နောက်ဆုံး အဘိုးကြီး ဂျိုးဇက်နဲ့

မစ္စစ် ဂွန်ဇာလက်တို့က ကျွန်တော်တို့နှစ်ယောက်ကို အိမ်ထဲခေါ်လာပြီး သူတို့တတ်နိုင်သမျှ နှစ်သိမ့်ပေးကြ

တာပေါ့။နောက်..အင်း..တော်တော်ကြီးကြာတော့ အိုင်ယန်က ကျွန်တော့်ကို မေးတယ်။

“မင်း ဘာလို့ဒီလောက်ငိုတာလဲ သောမတ်စ်”

“ဘာလို့လဲ..ဪ..ကျွန်တော်ဒီနေ့မှ တကယ့်ကို မိဘမဲ့ဖြစ်သွားတာလေ…သူက ကျွန်တော့် အဖေပဲ..။ဒါနဲ့ အစ်ကိုကရော

ဘာလို့ငိုရတာလဲ…ဟို ဖာသာဂျွန်နဲ့ ဟိုဒင်း..အဲ.အဲ..ဒါကြောင့်လားဟင်”

“ဟင့်အင်း..ငါလည်း မင်းလိုပဲ အကုန်ဆုံးရှုံးသွားပြီ..မိဘမဲ့လေး ဖြစ်သွားပြီလေ..အဲဒါကြောင့် ငါငိုတာ”

“ဟင်…အစ်ကို့ အဖေကသေမှ မသေဘဲ.. ဒေရာဒွန်း မှာဆို”

ကျွန်တော်အဲသလိုပြောတော့ သူကျွန်တော့်ကိုကြည့်နေတယ်။နောက်မှ-

“ဟင့်အင်း..မဟုတ်ဘူးကွာ..ငါ မင်းကို ညာခဲ့တာ…”

သူ့အသံတွေတုန်ပြီး ငိုသံပါလာတယ်။

“ငါ..ငါ မင်းကို အမှန်အတိုင်း ပြောမယ်…တီမိုးသီ ဖရန်စစ်က မင်းအဖေ လိုပဲ ဖြစ်ခဲ့တာပဲ..ဒါပေမဲ့..သူက ..သူက ငါ့အဖေပဲ..

ငါ့ အဖေ အရင်းပါပဲကွာ..”

 

********************************************

 

စမီတာ့ မျက်နှာမှာ ဝမ်းနည်းရိပ်လေးထင်လာတယ်။

“တော်တော် ကြေကွဲစရာကောင်းတဲ့ အဖြစ်ပဲ..အင်း ဖာသာတီမိုးသီပြောတဲ့ ဘုန်းတော်ကြီးတစ်ပါးထမ်းပိုးရတဲ့ ဝန် ဆိုတာ

ကျွန်မ နည်းနည်းသဘောပေါက်လာတယ်..တော်တော်တော့ ဆန်းသား..ဒီလောက်နှစ်တွေအကြာကြီး ဖာသာက နှစ်ဘဝစံ

လုပ်နေခဲ့တာလေ..လျှို့ဝှက်လက်ထပ်ထားတဲ့ ဘုန်းတော်ကြီး..ကလေးတစ်ယောက်အဖေ..။အဲ..ဒါနဲ့ အိုင်ယန်ကရော…

သူ..ဘာဖြစ်သွားလဲ နောက်တော့..။”

“မသိပါဘူးဗျာ..အင်္ဂလန်က သူ့ဦးလေးတစ်ယောက်ယောက်ဆီ ပြန်သွားတာနေမှာပေါ့..။”

“ဒါဖြင့် ရှင် ကျတော့ကော”

“လူငယ် ထိန်းသိမ်းရေးဂေဟာ အပို့ခံရတာပေါ့”

“အင်း သိပါပြီ..ကဲ..ဒုတိယမေးခွန်းလေးကိုလည်း ပြောပါဦးရှင်။”

စမီတာက ရီမုကိုယူပြီး စက်ကိုဖွင့်လိုက်တယ်။

 

********************************

ကြော်ငြာချိန်မကုန်သေးဘူး။

ပရမ်ကူးမားက ကျွန်တော့်ဘက်ကိုင်းပြီး တိုးတိုးကပ်ပြောတယ်။

“နောက်မေးမဲ့ မေးခွန်း မင်းကိုပြောပြမယ်ကွာ…ငါက FBI ရဲ့ အရှည်က ဘာလဲလို့မေးမယ်။မင်း အဲဒီအဖွဲ့အစည်း

ကို ကြားဘူးတယ်မို့လား”

ကျွန်တော်ခေါင်းခါပြီး ဟင့်အင်းလို့ပြောလိုက်တယ်။

သူ့မျက်နှာကို တစ်ချက်ရှုံ့လိုက်ပြီး-

“အာ..အေး..ဒီမှာကွာ တို့က မင်းကို ပိုက်ဆံနည်းနည်းလောက် ပိုရစေချင်လို့ပါကွာ..ငါမေးခွန်းကို

တခြားဟာပြောင်းနိုင်ပါတယ်..ကဲ..မင်း ရင်းနှီးတဲ့ သိတဲ့ အတိုကောက်စာလုံး တစ်ခုခု မြန်မြန်ပြောကွာ..။”

ပြန်မပြောခင် ခဏလေး ကျွန်တော်စဉ်းစားနေတယ်။

“ကျွန်တော်FBI တော့ မသိဘူး.. INRL တော့ သိတယ်။”

“ဘာလဲ အဲဒါ”

“လက်ဝါးကပ်တိုင်မှာ ရေးထားတဲ့ဟာလေ”

“အိုး..အိုခေ..ငါကြည့်လိုက်ဦးမယ်..”

 

ကြော်ငြာချိန် ကုန်သွားပြီ။အစီအစဉ် တီးလုံးသံလေးထွက်လာတယ်။

ပရမ်ကူးမား က ကျွန်တော့်ဘက်လှည့်ပြီး-

“မစ္စတာ ရမ် မိုဟာမက် သောမတ်စ် ..ကျွန်တော်တော့ ခင်ဗျား ဘာသာရေးကို သိချင်မိတယ်ဗျ..အဲ…ဘာလို့ဆို ခင်ဗျားနာမည်

မှာ ဘာသာစုံ ပေါင်းထည့်ထားတာကိုး..ကဲ..ခင်ဗျား ဆုတောင်းတော့ ဘယ်သွားတောင်းသလဲဗျာ..ပြောပါဦး..။”

“ဆုတောင်းဖို့အတွက် ဘုရားကျောင်းတွေ ဗလီတွေသွားမှလားဗျာ..ကျွန်တော်က အယ်ကဘီယာ[1] ပြောတာယုံတယ်..ဟာရီ[2]

ကအရှေ့ မှာ အလ္လာက အနောက်ဘက်..ဒါပေမဲ့..ခင်ဗျား နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်းပြန်ကြည့်..အဲဒီမှာ ရမ် လည်းရှိတယ်

ခရင်မ[3]် လည်းရှိတယ်..တဲ့”

“ကောင်းတယ်ဗျို့..မစ္စတာသောမတ်စ်.. ကြည့်ရတာ ခင်ဗျား ဘာသာတိုင်းကို တော်တော်အကျွမ်းဝင်နေပုံရတယ်..ကဲ..

ဟုတ်ပြီဗျာ..ဒီအတိုင်းဆို နောက်မေးခွန်းလေးက ခင်ဗျားအတွက်လွယ်နေမှာပဲ..။အိုခေ..ဟောဒီမှာ မေးခွန်း နံပါတ် နှစ်

လာပါပြီ။ဖြေနိုင်ရင် ရူးပီး နှစ်ထောင်ရမှာပါ။ လက်ဝါးကပ်တိုင်မှာ ပါလေ့ရှိတဲ့ စာလုံးလေးတွေရဲ့ အစီအစဉ်အမှန်က ဘာ

လဲဗျာ..။အဖြေတွေက-

(က) IRNI (ခ) INRI (ဂ) RINI (ဃ) NIRI

မေးခွန်းကို ရှင်းပါတယ်နော် ..မစ္စတာသောမတ်စ်..”

“ဟုတ်ကဲ့”

“အိုကေ ခင်ဗျားဖြေတာလေး ကြားပါရစေဗျာ..”

“အဖြေက (ခ) INRI ပါ”

“ခင်ဗျား လုံးဝ တစ်ရာ ရာခိုင်နှုန်းသေချာတယ်နော်..”

“ဟုတ်ကဲ့..သေချာပါတယ်..”

ထုံးစံအတိုင်း ဒရမ်တီးသံတွေ ဆူတက်လာပြီး အဖြေမှန်ကို ထိုးပြတယ်။

“ဟုတ်ကဲ့ လုံးဝ တစ်ရာရာခိုင်နှုန်း မှန်ပါတယ် ခင်ဗျား…အခုဆို ရူးပီးနှစ်ထောင်ကိုဆွတ်ခူးရရှိသွားပါပြီ…။”

သူ့ကိုကြည့်ပြီး ကျွန်တော်ပြောလိုက်တယ်။

“အာမင်..”


[1] Al Kabir မှာ ကိုရမ်ကျမ်းလာ ဘုရားသခင်၏ နာမတော် ၉၉ခုထဲမှ တစ်ခု။ကြီးမြတ်သောဟုအဓိပ္ပါယ်ရသည်။ဤနေရာတွင်စာရေးသူဆိုလိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သော

အိန္ဒိယ ကဗျာစာဆို သူတော်စင် ကဘီယာ(၁၄၄၀-၁၅၁၈) ဖြစ်နိုင်ပါသည်။

2 ဟာရီ ဆိုသည်မှာ ဟိန္ဒူနတ်ဘုရား ဗိရှနုဝင်စားသော ခရစ်ရှနား၏ အခြားသောအမည်ဖြစ်သည်။ထို့ပြင် ဆစ်ခ် ဘာသာ၏ နတ်ဘုရားတစ်ပါး အမည်လည်းဖြစ်သည်။

3 အဗဒ္ဒူခရင်မ် ဆိုသည်မှာ အာရပ် မွတ်စလင်တို့ပေးလေ့ရှိသော အမျိုးသားနာမည်မျိုးဖြစ်သည်။ ခရင်မ် သည်လည်း ကိုရမ်ကျမ်းလာ ဘုရားသခင်၏ နာမတော် ၉၉ခုထဲမှ တစ်ခုဖြစ်ပါသည်။

အလွန်ရက်ရောလှသူဟု အဓိပ္ပါယ်ရသည်။

One comment

  • MaMa

    June 2, 2011 at 1:45 am

    တကယ့်ကို ဘာသာပြန်ရသစာပေလေးပါပဲ။ အားပေးပါတယ်။ လေးစားပါတယ်။ ဆက်လက် စောင့်မျှော်လျှက် ရှိပါကြောင်း။

Leave a Reply