မနေ့က ကျွန်မရဲ့ အိမ်နားက စတိုးဆိုင်ကြီးကို သွားခဲ့ပါတယ်။ လိုအပ်တာတွေ ၀ယ်ဖို့ပါ။ အမြဲတန်း အိမ်မှာ လိုအပ်တာတွေ ရှိပြီဆိုတိုင်း သွားနေကြမို့ အထူးအဆန်းတော့ မဟုတ်ပါဘူး လိုအပ်တဲ့ ပစ္စည်းတွေ အစုံအလင် ရတော့ ကောင်တာမှာ ငွေရှင်း။ ဒီမှာ ထူးခြားတာ တခုက မိမိဝယ်တဲ့ပစ္စည်း  မိမိဘာသာ ထည့်ရတယ်။ ငွေရှင်းကောင်တာမှ ၀န်ထမ်းက ထည့်မပေးပါဘူး။ တခုပြီးတခု တွက်ချက်ပြီး ဘေးကိုတွန်းချလိုက်တယ်။ ကျသလောက်ငွေကိုရှင်း   ပြီးရင် ဘောင်ချာပေး  နောက်တယောက်ကို ထပ်ရှင်းတာမို့ ကိုယ့်ပစ္စည်း ကို့ဘာသာထည့်ပေါ့။  ပစ္စည်းတွန်းချလိုက်တဲ့  ဗန်းလိုနေရာ အကျယ်ကြီးဘေးမှာ ကြွပ်ကြွပ်အိတ်တွေ ထည့်ထားတဲ့ စက်ရှိပါတယ်။  တအိတ်ယူလိုက်ရင် နောက်တအိတ် အလိုလို တက်လာပါတယ်။ အသားငါးတွေကို သပ်သပ်၊ အသီးအရွက်က တခြား၊ သားအတွက်မုန့်က တထုတ် စသည်ဖြင့် မိမိဘာသာ စိတ်ကြိုက်ခွဲထည့်။  ဒီလိုမှ မကျေနပ်သေးလို့ (အားမရသေးလို့)  အပို လေးငါး ဆယ်လုံး ယူလည်း ဘာမှမပြောပါဘူး။  ကြိုက်သလောက် ယူခွင့်ရှိပါတယ်။ ဈေးတွေမှာလည်း ဆိုင်တိုင်းရဲ့ မျက်နှာစာမှာ အိတ်တွေ ချိပ်ထားတာမို့ တမျိုးတအိတ်ထည့် ဆိုင်ရှင်ကိုပေး ဆိုင်ရှင်က တွက်ချက်ပြီး အိတ်အကြီးကြီးထဲ ထပ်ပြီး စုထည့်ပေးပါတယ်။ အိတ်တွေ ပေါခြင်းသောခြင်း ယူလို့ရတဲ့အကြောင်း ပြောတာပါ။ ဒါပေမဲ့ တနိုင်ငံလုံး ဘယ်နေရာသွားသွား ကြွပ်ကြွပ်အိတ် အမှိုက်တော့ မတွေ့မိဘူး။ ဒါလည်း စည်းကမ်းကောင်းလို့ ဖြစ်မယ်ထင်ပါတယ်။ အဲဒါတွေ ထားပါတော့  အိတ်အကြောင်း ဆက်ပါဦးမယ်။ ကျွန်မလည်း ဈေးဝယ်ပြီးလို့ အိမ်ပြန်ရောက်တော့ ထရော်လီလေး ဘေးချ ပစ္စည်းတွေ ထုတ်ပေါ့။  အသားငါးတွေကို ရေဆေး ရေခဲသေတ္တာထဲထည့် ၊ သားအတွက် မုန့်တွေကို သူ့နေရာသူထား။ အားလုံးပြီးတော့  အိတ်တွေအိတ်တွေ အပုံလိုက်ပါ။ ဒါပေမဲ့ ကျွန်မအကျင့်တိုင်း  အမျိုးအစား ခွဲပြီး ပုံထားပါတယ်။  သား၊ငါး ထည့်တာတွေက ညစ်ပတ်နေလို့ အမှိုက်ပုံးထဲကို တခါတည်းထည့်။ အသီးအရွက် ထည့်လာတာတွေက နောက်တခါ အမှိုက်ပုံးမှာ စွပ်ဖို့ အံ့ဆွဲထဲထည့်။  တခြား ကုန်ခြောက်ထည့် လာတာတွေကတော့ သန့်ရင်သန့်သလို  ပြန်သုံးဖို့ နေရာတွေ ခွဲပြီး ထားပါတယ်။ အ၀တ်အစားလေး ၀ယ်လာလို့  အိတ်ကောင်းကောင်း လှလှလေးနဲ့ ထည့်ပေးလိုက်တာများဆို  ဦးစားပေး တယုတယ  ခေါက်သိမ်းပေါ့။  အဲဒီမှာ ကျွန်မ ဘာတွေးမိတယ် ထင်ပါသလဲ။  အိတ်တလုံးရဲ့ တန်ဖိုးကိုပါ။  အိတ်ဆိုတာ ပစ္စည်းတွေ ထည့်ဖို့ သယ်ယူရတာ လွယ်ကူအောင် ထွင်ထားတဲ့ ပစ္စည်းပါ။  ဒါပေမဲ့ ပါဝင်တဲ့ ပစ္စည်းပေါ် မူတည်ပြီး တန်ဖိုးက ကွာသွားတယ်ဆိုတာ သတိပြုမိလိုက်တယ်။  ဒါနဲ့ တဆက်တည်း ထပ်ပြီးတွေးမိပြန်ပါတယ်။ မိန်းမတယောက်ရဲ့ တန်ဖိုးကိုပါ။ ဘာမှလည်း မဆိုင်ဘူး ဆိုပြီး  အတွေးရှုပ်သွားမယ် ထင်ပါတယ်။ နဂိုအရင်းခံ စိတ်ကိုက ကြံကြံဖန်ဖန် အတွေးခေါင်တဲ့မိန်းမလို့ ကျွန်မ အမျိုးသားက ကျွန်မကို သမုတ်ထားတာပဲ။ အမှန်တကယ်လည်း တခါတခါ  အတော်အတွေးခေါင်တာကိုး။ အလကားရတာမို့  အမြဲတွေးဖြစ်သလား    မပြောတတ်ဘူး။  ကျွန်မ ပတ်ဝန်းကျင်မှာပဲ  ကျွန်မတို့ အမြဲလေးစားရတဲ့ အမ တယောက်ရှိတယ်။ တက္ကသိုလ်က  ဆရာမပါ။  ဒါပေမဲ့ ဘယ်လိုက ဘယ်လို ဖြစ်လဲ မသိဘူး  (ကျွန်မကတော့ နီးစပ်မှုလို့ ထင်တယ်)  သူစာသင်ပေးနေတဲ့ ဆယ်တန်းကျောင်းသားလေးနဲ့ အိမ်ထောင်ကျပါတယ်။  အခုထိလည်း မအောင်သေးပါဘူး။  အရင်ကတော့ သာရေး၊ နာရေးတွေ  သွားတိုင်း သူ့ဂုဏ်နဲ့သူ အတော်နေရာရပါတယ်။  အခုနောက်ပိုင်း သူ့တန်ဖိုးကို သူ့ယောက်ကျား ဂုဏ်က အရောင်ထင်လာလို့  မျက်နှာငယ်ရပြီမို့ ပွဲတွေမှာ အရင်လို မတွေ့ရတော့ဘူး။ အဲဒီလိုပဲ ဆိုက်ကားသမား မိန်းမနဲ့ ကျောင်းဆရာမိန်းမ ဂုဏ်ခြင်းမတူပါဘူး။ ဒီထက် ပိုပြောရမယ်ဆို  ၀န်ကြီးကတော်၊ အရာရှိကတော်လောက်  အောက်ခြေ၀န်ထမ်းမိန်းမကို  ဘယ်သူကမှ အရေးတယူ မရှိနိုင်ပါဘူး။  ကိုယ်ပိုင်အစွမ်းအစနဲ့ ဦးဆောင်ဦးရွက်ပြုနေတဲ့  မိန်းမများနဲ့ ရှာမှရှား   နိုင်ငံခေါင်းဆောင် အမျိုးသမီးများတော့ ခြွင်းချက်ပါ။  ကျွန်မ ကိုယ်တိုင်က ယခုလက်ရှိ ယောက်ကျားကိုမှီခို နေရတာမို့ မှီခိုတွေကို အဓိကထား တွေးနေမိတာပါ။   ယောက်ကျားရဲ့ ဂုဏ်ကြောင့်   မိန်းမမှာလည်း တန်ဖိုးတက်လာပါတယ်။  မိဘလက်ထက်မှာ  ဘယ်လို အခြေအနေပဲရှိရှိ အိမ်ထောင်ကျပြီဆို ယောက်ကျားရဲ့ ဂုဏ်သိက္ခာ ရောင်ပြန်ဟပ် ခံရစမြဲပါ။  မိဘက အရာရှိကြီးမို့ အရာရှိသမီး ဖြစ်ခဲ့ပေမဲ့ မိမိလက်ထက်မှာ ဆိုက်ကားသမား ယူရင် ဆိုက်ကားသမား ကတော်ပဲ ဖြစ်မှာပါ။ ဆိုက်ကားသမားယူပြီး အရာရှိကတော် မဖြစ်နိုင်ဘူးလို့ ဆိုလိုချင်တာပါ။ ယောက်ကျားရဲ့ တန်းဖိုးနဲ့ လိုက်ပြီး ကိုယ်ပါ တန်ဖိုး သတ်မှတ်ခံရမှာ မလွဲပါဘူး။  ဆရာဝန်မိန်းမဆို ဆရာဝန်ကတော်၊ ၀န်ကြီးမိန်းမဆို ၀န်ကြီးကတော်ပေါ့။   ယောက်ကျား ဂုဏ်ရှိရင် ရှိသလို  ကိုယ်ပါ တန်ဖိုးလိုက်တက် လာတာပါ။  ဒါကြောင့် ကျွန်မ ဘာတွေးမိသလဲဆို မိန်းမတွေဟာ အိတ်တွေနဲ့ တူတယ်လို့ပါ။  မီးသွေးထည့်ရင် မီးသွေးအိတ်၊ သဲထည့်ရင် သဲအိတ်၊ ဆန်ထည့်ရင် ဆန်အိတ်။ အဲ…. တန်ဖိုးရှိတယ်လို့ သတ်မှတ်ထားတဲ့  စိန်၊ ရွှေ၊ ငွေ  ထည့်ထားတဲ့ အိတ်ဆို စိန်ရွှေငွေအိတ်ပေါ့။  ပါဝင်တဲ့ ပစ္စည်းပေါ် မူတည်ပြီး အိတ်တွေ တန်ဖိုး ကွဲသွားပါတယ်။ နောက်ပြီး ပါဝင်တဲ့ပစ္စည်းပေါ် တည်ပြီး အဲဒီအိတ်တွေကို  တန်ဖိုးထားတာခြင်းလည်း  မတူကြပါဘူး။ ရွှေငွေအိတ်ဆို တန်ဖိုးရှိတာမို့ တယုတယ အတွင်းခန်းမှာ ထားမှာပါ။  ဆန်အိတ်ဆိုရင်တော့ မီးဖိုချောင်ပို့မှာဖြစ်သလို သဲအိတ်၊   မီးသွေးအိတ်လို အိတ်တွေကတော့ အိမ့်အောက် ချောင်မှာ ထိုးချင်ထိုးထားမှာပါ။  အဲဒီလိုပဲ   အိတ်နဲ့ အလားသဌ္ဒါန် တူတဲ့ မိန်းမတွေဟာ  အထဲက ပါဝင်ပစ္စည်းနဲ့တူတဲ့ ယောက်ကျားတွေကြောင့် ဂုဏ်တက်ရတာ၊ ဂုဏ်နိမ့်ရတာမို့  မိန်းမတွေဟာ အိတ်နဲ့ တူပါလားလို့ ကျွန်မတွေးမိခြင်း ဖြစ်ပါတယ်။  ပုပု၊ ရွယ်ရွယ်၊ ငယ်ငယ်၊ ကြီးကြီး၊ ပိန်ပိန်၊ ၀၀  မမလှလှများ  တန်ဖိုးရှိသော အိတ်များ ဖြစ်ပါစေလို့ ဆန္ဒပြုလျှက်……………….

PS. ကျွန်မရဲ့ အတွေးသက်သက်သာ ဖြစ်ပါတယ်။ မှားသွားတယ်ဆိုရင်လည်း သည်းခံပြီး ဖတ်ပေးတဲ့ အတွက် ကျေးဇူးကုဋေပါ။

About hmee

has written 87 post in this Website..

စာဖတ်တာ ၀ါသနာပါတယ်။ စာလည်းရေးချင်ပါတယ်။ စာစရေးဖို့ ကြိုးစား တာပါ။