တန်ရာ တန်ကြေး (၁)

etoneJune 2, 20111min523

တန်ရာ တန်ကြေး (၁)

သူ …. ကျွန်မဘဝရဲ့ မရှိမဖြစ် အလင်းရောင်လေး ဖြစ်ခဲ့ဖူးတယ် …. ။ ဆိုးတူကောင်းတူ အခက်ခဲများစွာ ဖြတ်ကျော်ခဲ့ဖူးတယ်…. ။ ကျောင်းတက်စဉ်ကတည်းက ဘယ်သွားသွား တတွဲတွဲ ဘေးမှာ အမြဲရှိခဲ့တဲ့သူ …. ။ ကျွန်မရဲ့ အိပ်မက်တိုင်းမှာ မပါမဖြစ်ခဲ့တဲ့သူ… ။ ဂတိတွေ အထပ်ထပ်ပေးတတ်လွန်းတဲ့သူ… ။ ဂရုစိုက်၊ နားလည်လွန်းတဲ့သူ…. ။ ပုံပြောလည်း ကောင်းခဲ့တဲ့သူ……..။ ပိပိရိရိ လိမ်ညာတတ်ခဲ့သူ………. ။

မတွေ့ရတာ ကြာပြီဖြစ်သော သူ့ကို ကျွန်မအလွန်တွေ့ချင်လှသည် …. ။ မနက်ခင်းတိုင်း လွမ်းဆွတ်မှုများနှင့် အတူ နိုးထလာရသော ကျွန်မအတွက် ပင်ပန်းလွန်းလှသည် … ။ ကျွန်မဧ။် အတွေးအားလုံးကို ပိုင်စိုးထားသော သူ့ကို နာကျဉ်းမိသည်… ။ သတိမရလျှင် မနေနိုင်သော ကိုယ့်စိတ်ကိုယ်လည်း မုန်းတီးမိသည်… . သို့သော် … သူ့အကြောင်း သတင်းကြားလျှင် နားစွင့်တတ်တုန်း … ။ ကျောင်းပြီး သောအခါ …. တင့်တင့်တယ်တယ် မိသားစု တစ်ခု ဖန်တီးမယ်ဟူသော အကြောင်းပြချက်ဖြင့် …. သူ့မိဘများရှိရာ တိုင်းတပါးသို့ သူထွက်သွားခဲ့သည်…. ။ လပိုင်း အနည်းငယ်မျှသာ သူ့ဆီမှ စာအဆက်သွယ်ရသည်… ထို့နောက် တဖြည်းဖြည်း စာရေး ကျဲလာကာ … နောက်ဆုံး အဆက်သွယ်ပင်ပြတ်သွားခဲ့ရတော့သည်… ။ တိကျသော ဖြေရှင်းချက် ဘာမှ မပေးခဲ့ပါပဲ သူကျွန်မကို ခေါက်သွားသည်… ။ ကျွန်မဧ။် ပတ်ဝန်းကျင်တွင်တော့ ထားရစ်ခံဘဝဖြင့် မျက်နှာပြောင်တိုက်စွာ နေခဲ့ရသော်လည်း တနေ့ သူပြန်လာမှာပါဆိုသည့် အသိဖြင့် အားတင်းခဲ့သည်…. ။ နှစ်တွေ ရက်တွေသာ ပြောင်းသွားကာ အသက်တွေသာ ကြီးရင့်လာသော်လည်း ….. သူက အဆက်သွယ်လုံးဝဖြတ်ထားခဲ့သည်….။ မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် သူကျွန်မကို ချန်ထားခဲ့ပြီ ဟုသာ နားလည်လိုက်ရသည်…..

တကယ်ဆို ကျွန်မတို့က မျက်နှာချင်းမဆိုင်ချင်လောက်အောင် ဘာကိစ္စ၊ ဘာပြသနာမှ ရှိခဲ့တာမဟုတ်ဘူးလေ… ။ အကွက်ကျကျ လှလှပပ ပုံပြင်တွေပြောပြီး ထားခဲ့သူကို ကျွန်မကလည်း လွမ်းနေမယ်ထင်လို့လား ….. ဝေးပါသေးတယ် အိပ်မက်ထဲတောင် ထည့်မမက်ဘူးလို့ အကြိမ်ကြိမ်အော်ပြောချင်ခဲ့မိတယ်…. ။

ယခင်က သံယောဇဉ်ထက် နာကျည်းစိတ်က ပိုများလေတော့ …. တကွေ့ကွေ့ပြန်ဆုံမှ လွတ်သွားတဲ့ငါး မကြီးချင်စမ်းပါနဲ့လို့ ကြိတ်ကြိမ်းဝါးမိပြန်တယ်… ။

ကျွန်မကြိုးစားခဲ့ပါသည်…. အများတကာ အိပ်ချိန်တွေမှာတောင် ကျွန်မအပူတပြင်း လေ့လာသင်ယူ မှတ်သားခဲ့သည်…. ။ အစားသောက်က အစ အဆီစိမ့်တွေလျှော့ခဲ့သည်… ယခုတော့ ကြိုးစားခြင်းရဲ့ ရလာဒ်ဖြစ်ထွန်းသည်ဟု ဆိုရမလားပင် ကျွန်မဧ။် လုပ်ငန်းများလည်း အဆင်ပြေလာသည် …. ကျန်းမာရေးလည်း ယခင်ကလို ခဏခဏမဖျားတော့ပဲ ဒေါင်ဒေါင်မည်လာသလို ရှိရင်းစွဲ အသက်ထက် နှစ်အတော်များများ ငယ်သွားသည်ဟု ထင်ရလောက်အောင် နုပျိုလွန်းလှသည် … ။

ကျွန်မ တစ်ဘက်မှာ အလုပ်တွေ ကြိုးစားသလောက် … တဘက်မှာတော့ သူ့အကြောင်း အမြဲလိုလို နားစွင့်ထားခဲ့သည်…. ။ သူ အတော်အခြေကျနေပြီဟုလည်း ကြားရသည်…။ ရှာနိုင်သလောက် ဖြုန်းနိုင်သူတယောက်ဖြစ်နေပြီဟုလည်း သူ့အခြေနေကို သိရသည်…. ။ သို့သော်…. သူယခုထိ အိမ်ထောင်မပြုသေးပေ …….။ နှုတ်ခမ်းနီမလေးများ ဝိုင်းဝိုင်းလည်နေသောသူ … ဘာလို့များ ရွေးချယ် အိမ်ထောင်မပြုသလဲ ကျွန်မ အတွေးလွန်မိပြန်သိသည်… ။ ကျွန်မအတွက် နေရာ တစ်ခု သူချန်ထားဆဲလားဟုပင် မဖြစ်နိုင်သော စိတ်ကူးယဉ်ဆန်ဆန် အတွေးမျိုး ဝင်မိပြန်သည်…… ။ ဖြစ်ခဲ့သမျှကို မေ့ပစ်ကာ သူ့အနားနေချင်စိတ်တို့ ဖြစ်ပေါ်ခဲ့ပြန်သည်…. သို့သော်…….. ကျွန်မဧ။် မာနစိတ်တို့က တင်းခံနေပြန်သည်…. ။ သူနှင့် အဆက်သွယ်ရဖို့ ကျွန်မဘက်က အားထုတ်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့သော်လည်း ….. သူနှင့် ပတ်သတ်သမျှ သတင်းတိုင်းကို နားစွင့်နေမိသေးသည်…. ။

တစ်နေ့…. ကျမရုံးခန်းကို သူ ရောက်လာခဲ့သည်…. ။ မမျှော်လင့်ပဲ ပြန်တွေ့ရသော သူ့ကို ကျွန်မ အံ့ဩခြင်းတွေနဲ့ အတူ လက်ကမ်းကြိုဆိုလိုက်မိသည်…. ။ အေးတိအေးစက်ဟန်ဆောင်ကာ ဖုံးဖိထားပါသော်လည်း လူအကဲခတ်မညံ့သောသူက ကျွန်မဧ။် မျက်ဝန်းများမှ တဆင့် ….. ရင်ထဲက စကားများ နားလည်သွားခဲ့သည်…. ။ သို့သော်….. သူက ပေါ့ပေါ့ပါးပါးပြုံးပြကာ သာမန်မိတ်ဆွေ တယောက်လိုပင် ကျွန်မကို ပြုံးပြနှုတ်ဆက်ခဲ့သည်…. ။ သူ့ကို နေရာထိုင်ခင်းပေးတော့ ….. တံခါး အကွယ်မှ …. တစ်စုံတစ်ယောက်ကိုပါ အထဲဝင်ခဲ့ရန် သူခေါ်ခဲ့သည်….. ။ ကျွန်မဧ။် ရင်ခုန်စရာကောင်းသော ၊ နှစ်ပေါင်းများစွာ ခွဲခွာနေရသော အချစ်ဦးနှင့် ပြန်လည်တွေ့ဆုံချိန်လေးတွင် အဘယ်ကဲ့သို့ မိစ္ဆာမက ဖျက်လိုဖျက်ဆီး ပြုလိုက်ပါသနည်း နားမလည်ခင် …. လွတ်နေသော သူ့ဘေးသို့ ကျမထက် ငါးနှစ်ခန့်ငယ်သူ အမျိုးသမီးတယောက် ကပ်ထိုင်လိုက်သည်….။

 

 

3 comments

  • etone

    June 3, 2011 at 3:41 am

    တင်တုန်းက ပ ုံက နှစ်ပုံပါ တစ်ပုံဘယ်ရောက်သွားတာဒုန်း…သောက်ညင်ကပ်လာဘီ ။

  • hmee

    June 3, 2011 at 7:55 am

    အီးတုံးလို ဝထ္တုတိုလေးတွေ ရေးတတ်ချင်တယ်။ဒါပေမဲ့ ဘယ်လို စပြီး ရေးရမှန်းမသိသေးဘူး။

    • etone

      June 3, 2011 at 8:28 am

      etone လည်း မရေးတတ်ဘူး …သူများတွေ ရေးတာ အများကြီး ဖတ်ဖူးလို့ အခုနောက်ပိုင်း စမ်းကြည့်နေတာ … ။
      ဇာတ်လမ်းလေးအရင် စိတ်ကူးယဉ်ကြည့်လေ မမှီရဲ့ .. နောက်တော့ကိုယ်က ဇာတ်ကောင်နေရာမှာ ခံစားကြည့် ၊အမေလည်းကိုယ် ၊ အဖေလည်းကိုယ် .. သားလည်းကိုယ် ၊သမီးလည်းကိုယ် … နေရာစုံကိုယ်ပဲဝင်ရေးလိုက် .. ဟီးဟီ း… ။ နောက်ပိုင်း ရေးနေရင်း မုသွင်းပြီး ဇာတ်လမ်းကို ဘယ်လိုသိမ်းရင်ကောင်းမလဲတွေးဆော်လိုက်ရင် ဖြစ်မှာပါ မမှီရဲ့… ။

Leave a Reply