အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁၉)

မောင်ရင်းနှမ ကတိစကား

သင်သည် ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်မချမီ ဘက်ပေါင်းစုံမှ သေချာစွာရှုမြင်သုံးသပ်သင့်သည်။အရေးပေါ် အခြေအနေ

အနေတွင် အခြားကိစ္စများကို မျက်နှာလွှဲထားရမည်။အိမ်နီးချင်း အသစ်များက သင့်အတွက် ရွှင်လန်းအားတက်မှုကို

ဆောင်ယူလာလိမ့်မည်။အိမ်တွင်းရေး ပြဿနာအသေးအမွှားများရှိနိုင်သော်လည်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်

သင်ဖြေရှင်းနိုင်ပါလိမ့်မည်။သူတစ်ပါး မတောင်းဆိုပဲ မှတ်ချက်ပေးခြင်း ၊အကြံဉာဏ်ပေးခြင်းမျိုး မပြုရ။

အဲဒါက မဟာရာသျှတ္တရ သတင်းစဉ်မှာပါတဲ့ ရာသီခွင်အလိုက် ဗေဒင် ဟောစာတမ်းလေးပါ။ဒီနေ့အတွက် ကျွန်တော့်လို

မကာရ ရာသီဖွားတွေဘာဖြစ်မလဲဆိုတဲ့ ဟောချက်လေးပေါ့။

ကျွန်တော် မဟာရာသျှတ္တရ ကို မဖတ်ပါဘူး။သူ့တင်မဟုတ်ဘူး..ကျွန်တော်က ဘာသတင်းစာ ဘာစာစောင်မှ ဖတ်တာ

မဟုတ်ဘူး။ဒါကလည်း မစ္စတာ ဘားဗ့် ရဲ့အမှိုက်ပုံးထဲ တွေ့လို့ဆွဲလာတာ။တစ်ခါတလေ သူ့အမှိုက်ပုံးထဲက စာစောင်တို ့

သတင်းစာတို့ကျွန်တော်သွား ဆွဲတတ်တယ်။မီးမွှေးဖို့လေ။အဲဒါတွေကို မီးမမွှေးခင် ဘာရယ်တော့ မဟုတ်ဘူး

တောင်လှန်မြောက်လှန် လျှောက်ကြည့်တာမျိုးပါ။

ဒီလို ဗေဒင်ဟောစာတမ်းတွေ ဘာတွေကို ကျွန်တော် မယုံပါဘူး။ယုံလည်း ခုဆို ဂိ နေတာကြာပေါ့။အရင်က

ဗေဒကဝိ ရာမ ရှန်ကာသျှတ္တရိကြီး ကျွန်တော့်ကို ဟောခဲ့တာလေ။ နောက်တော့ ပြောပါဦးမယ် အဲဒီအကြောင်း။

အဲ..ဒီနေ့အတွက်ဟောတာကတော့ မှန်လိမ့်မယ်ထင်တာပဲ။ဘာလို့ဆို အိမ်နီးချင်း အသစ်တွေ ကျွန်တော်တို့

အခန်းဘေး ပြောင်းလာတယ်လေ။နောက်ပြီး အိမ်တွင်း ပြဿနာလေး ဘာလေးကလည်း ရှိနေတာအမှန်ကိုး။

ကျွန်တော်တို့လည်း ခုပဲ အာမန်းအလီ ရဲ့ရုပ်ရှင်ကြည့်ပြီး ပြန်လာကြတာလေ။ဆလင်းကတော့ ဗလာချီ

ပေါက်ကွဲနေတာပေါ့ဗျာ။ဒီကောင် ခုပဲ အာမန်းအလီရဲ ့ ပိုစတာတွေအကုန်လုံး နံရံက ဆွဲခွာပြီး ဆုတ်ပစ်နေတာ။

ဒီအခန်းလေးထဲ အဲ့ဒီပိုစတာတွေကပ်ထားတာ ၃နှစ်လောက်တော့ ရှိမလားပဲ။သားရေ ဂျာကင်နဲ့ အာမန်းအလီရဲ ့

ပုံကတော့ လက်နဲ့ဆွဲဆုတ်တာ တစ်စစီပဲ။ဆိုင်ကယ်စီးနေတဲ့ အာမန်းအလီပုံကျတော့ ဓားနဲ့မွှန်းပစ်တယ်။သေနတ်နဲ့

ပုံကိုတော့ ခုတ်ထစ်ပစ်လိုက်တာ။မြင်းစီးနေတဲ့ ပုံကတော့ မီးဖိုထဲရောက်သွားပြီ။ပိုစတာတွေလည်း မရှိရော အခန်းက

ချက်ချင်း ပြောင်ရှင်းရှင်းကြီး ဖြစ်သွားတာပဲ။စုတ်တီးစုတ်ပဲ့ နံရံက မြင်လို့မကောင်းဘူး။ဖာထေးထားတာတွေ၊

စွန်းကွက်နေတာတွေ၊မှိုတက်နေတာတွေ မသိသာအောင် ထုံးရိုက်ထားတဲ့နံရံက ကျက်သရေမရှိဘူး။

ဒီနေ့ ဗေဒင်ဟောစာတမ်းထဲက သတိပေးထားရှိပေမဲ့ ကျွန်တော် ဆလင်း ကို ပြောချင်ဆိုချင်စိတ်က တားမရတော့ဘူး။

“ဆလင်း..မင်းကိုလွန်ခဲ့တဲ့ ဆယ်လလောက်ထဲက ငါမပြောခဲ့ဘူးလား..။အဲ့တုန်းက မင်း အာမန်းနဲ့ အူရ်ဝါရှီ ပြန်ပေါင်းထုပ်ရေး

လျှောက်လုပ်နေတာလေ..။ခု သဘောပေါက်ပြီမို ့လား ..ဓားခုတ်ရာ လက်ဝင်မလျှိုနဲ့..သူများအပူ ကိုယ့်အပူမလုပ်နဲ့ လို့ပြော

ခဲ့တာ မှတ်မိလား..။အဲဒါ သင်ခန်းစာပဲ..နောင် မဖြစ်အောင်..ကြားလား..”

ဆလင်းက စူပုပ်ပုပ် နဲ ့ကျွန်တော်ပြောတာ နားထောင်နေရင်း ရေကူးကန်ထဲမှာ မဒီလေးတွေတစ်သိုက်နဲ့ အကြည်ဆိုက်နေတဲ့

အာမန်းရဲ ့ပုံကို ဖနောင့်နဲ့ပေါက်နေတာ။အပြင်မှာ ခြေသံတွေ စကားပြောသံတွေကြားရတာ။အင်း..အိမ်ငှားတွေ ရောက်လာပြီထင်တယ်။

ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။လူသစ်တွေနဲ့တွေ့ရတာ ကောင်းပါတယ်။သူတို့ထဲ ကျွန်တော်နဲ့ ရွယ်တူကောင်လေးတွေ

ပါပါစေဗျာ။ပူတူး တို့ ဒယာနက်ရှ် တို့ဆို ပေါင်းလို့သင်းလို့ ကောင်းတဲ့ ကောင်တွေ။ဒါပေမဲ့ သူတို့လည်း ကျွန်တော်နဲ့ အမြဲလာပြီး

ဆော့လို့ပြုလို့ရတာမဟုတ်ဘူး။တနင်္ဂနွေနေ့လောက်ပဲ သူ့တို့အိမ်က ခွင့်ပြုမှလာဆော့ကြရတာ။အင်းလေ..ကျွန်တော်ကလည်း အဲဒီ

တနင်္ဂနွေတစ်ရက်လေး အားတာပါ။အဂျေး ဆိုတဲ့ ဖိုးကြွားလေးကတော့ ကျွန်တော့် ကို အိုးတိုးအမ်းတမ်း ဖြစ်အောင်လုပ်တဲ့ ငနဲလေး..။

ကျွန်တော်က သတ္တုပုံလောင်းစက်ရုံမှာ လုပ်ဖို့ ချိတ်ခဲ့တယ်လို့ပြောတာကို တန်းလျားနေ လူတွေအကုန်လုံးရှေ့မှာ ကျွန်တော့်ကို

ဟားခဲ့တာလေ။ဟုတ်ပါတယ်လေ..အဲဒီမှာ လုပ်တာကတော့ ရုပ်ရှင်စတားတစ်ယောက်ဆီမှာ လုပ်တာလောက်တော့ ဘယ်စိတ်

ဝင်စားစရာကောင်းပါ့မလဲ။ဒါပေမဲ့ လမ်းထဲမှာ ငုတ်တုတ်နေတာထက်တော့ အများကြီးသာပါတယ်ဗျာ။

 

*****************************

ကျွန်တော် မင်းသမီးကြီး နီးလိမာကုမ္မာရီ ဆီမှာ အလုပ်လုပ်တာကြာလာတော့ ခုလို အခန်းလေးတွေကျပ်ကျပ်တည်းတည်း

ကန့်ထားတဲ့တန်းလျားရှည်ကြီးမှာ နေရတာကိုတောင် မေ့လုမတတ်ဖြစ်လာတာ။ဒီလို တန်းလျားတွေကို အောက်ခြေလူလတ်တန်း

စားတွေ ပိုင်ကြတာပါ။မွမ်ဘိုင်းမှာတော့ ဒီလိုနေရာတွေက ချောင်ကြိုချောင်ကြားပဲရှိတာ။ဒီလိုနေရာမှာ နေရတာလည်း ဒရာဗီလို

ပျံကျဆင်းရဲသားရပ်ကွက်ထဲနေရတာထက် ယောင်ယောင်လေးသာရုံပါ။တစ်ခါက မစ္စတာဘားဗ့် ပြောသလို..မာဘယ်ကျောက်တွေ

ဂရက်နိုက်ကျောက်တွေနဲ့ အိပ်ခန်းလေးခန်းလောက်ပါတဲ့ တိုက်ခန်းတွေထဲနေတဲ့ လူချမ်းသာတွေကတော့ ပျော်ကြသတဲ့။

ဆင်းရဲသားရပ်ကွက်ထဲ မှာ စုတ်ချာချာအခန်းထဲနေရတဲ့သူတွေ၊ခနော်ခနဲ့ တဲလေးတွေထဲနေရတဲ့ သူတော့ကတော့

ဒုက္ခတွေ့ကြသတဲ့။အဲ..တို့လို လူတွေတပြုံတမကြီးနဲ့ တန်းလျားထဲနေတဲ့ သူတွေကတော့ နေဖြစ်ရုံတော့ ရှိသတဲ့လေ။

ဒီမှာနေရတာ ကောင်းတာတော့ရှိသပေါ့..။နီးလိမာကုမ္မာရီ ဖြစ်သလိုမျိုး ဒီမှာ ဘယ်တော့မှ မဖြစ်ဘူး။ဘာလို့ဆိုတော့

ဒီထဲမှာ ဘယ်သူဘာဖြစ်နေတယ်ဆိုတာ အကုန်သိကြတာမျိုးလေ။နေရတာ တစ်မိုးအောက်မှာ၊အိမ်သာတက်တာ ရေချိုးတာ

လည်း ဘုံသုံးရတာ။ဒီလူတွေ လူမှုရေးအရတစ်ယောက်နဲ့တစ်ယောက်မခင်လို့မသိလို့ မတွေ့ရင်သာနေမယ်..။

အဲ..အိမ်သာရှေ့တန်းစီတဲ့ အချိန်တော့ သေချာပေါက် တစ်ယောက်နဲ့တစ်ယောက်တွေ့ကြမှာ။ဟုတ်မဟုတ်တော့ မသိဘူး၊

ပြောကြတာတစ်ခုက မစ္စတာ ဂိုခေးလ် နဲ့ မစ္စစ် ဂိုခေးလ် တို့နှစ်ယောက်ဆို အိမ်သာရှေ့မှာ တန်းစီရင်းတွေ့

ပြီးကြိုက်သွားကြတာတဲ့..။တစ်လအတွင်းမှာပဲ သူတို့ ယူလိုက်ကြရောတဲ့ဗျာ။

One comment

  • MaMa

    June 4, 2011 at 9:21 am

    (လမ်းထဲမှာ ငုတ်တုတ်နေတာထက်တော့ အများကြီးသာပါတယ်ဗျာ။)
    အဲဒီ စာကြောင်းလေးကို သဘောကျတယ်။ အလုပ်လက်မဲ့ဘဝနဲ့ တောင်းစားနေတဲ့သူတွေကို ပြချင်တယ်။ တချို့ဆို သနားအောင် ကလေးတစ်ဖက်ကဆွဲပြီး တောင်းစားတာ၊ လူကြည့်တော့ အရွယ်ကောင်း။ နို်င်ငံရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးကိုလည်း တစ်ဘဝလုံး ဖျက်ဆီးရာကျတယ်။

Leave a Reply