မေတ္တာသည်သာလျှင်(ဗုဒ္ဓဘာသာဝင်အမျိုးသမီးများဖတ်ရန်)

အပိုင်း(၁)
မနေ ့ကသူဌေးများ…
ယနေ ့တော့သူတောင်းစား….
ကံတရား၏ ရက်ရက်စက်စက် ဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်မရဘဲ ခါးကော့အောင် သူမ ခံလိုက်ရသည်။
ဆယ်သက်စားမကုန်သော ပစ္စည်းဥစ္စာများ ယခုတော့…
ပါးပြင်ပေါ်ကျလာသည့် မျက်ရည်စက်များကို လက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာသုတ်ပစ်လိုက်သည်။
မျက်ရည်ကျတယ်ဆိုတာ အရှုံးပေးတာပဲ..စိတ်ဓါတ်ပျော့ညံ့သူတွေ အားငယ်တတ်သူတွေရဲ ့လက်နက်ပဲ၊
မျက်ရည်ဘာလို ့ကျရမှာလဲ..ဘဝကိုဘာလို ့အရှုံးပေးရမှာလဲ။
ဖန်တီးလာစမ်းပါစေ။ဒီကံဆိုးခြင်းတွေ၊ ခါးမကော့ဘဲ ခေါင်းမော့ပြီးရင်ဆိုင်ရဲအောင်ကြိုးစားမည်။.လောကဓံကိုသူမရင်ဆိုင်လိုက်မည်။
ရင်ဆိုင်နိုင်အောင်လဲ သူမ သတ္တိမွေးရမည်။ လောကမှာ လူဖြစ်လာလျှင် ကြုံတွေ ့ရမည့်အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရမှာ လူ ့တာဝန်တစ်ရပ်မဟုတ်လား.။

မိမိဘာသာအားပေး၊မိမိဘာသာအားတွေမွေးပြီး စတုဒီသာအလှူမဏ္ဍပ် ဆီသို ့ခြေလှမ်းကိုဦးတည်လိုက်သည်။
လောလောဆယ်တော့ ဘယ်သွားလို ့ဘယ်လာရမှန်းမသိသေးတာမို ့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်
မရှက်သုံးပါးမှာ တစ်ပါး ပါလိုက်ရပေဦးမည်။ငတ်တော့လည်းမရှက်နိုင်ပြီလေ။
ခြေလှမ်းများက အလှူမဏ္ဍပ်နဲ ့နီးလာတာမို ့တစ်စတစ်စ ကျယ်လာသည့် ဆူညံသံများကိုကြားနေရတာ တော်တော်စိတ်ပျက်စရာကောင်းလှသည်။ ထမင်းထုပ်တောင်းသူတွေ ကသူ ့ထက်ငါ အလုအယက် တိုးဝှေ ့နေတာမို ့
ရန်ဖြစ်သံတွေ၊ ဝင်ပေါက်နဲ ့ထွက်ပေါက် တစ်ပေါက်ထဲမို ့တိုးဝှေ ့ထွက်လာရင်းထမင်းထုပ်လွတ်ကျ၊ထိုင်ချ၊ပြန်ကောက်
နောက်ကတက်လာတဲ့သူတွေက တက်နင်း.လဲသူကလဲ ၊နာသူကနာ၊ကွဲသူကကွဲ၊ဆဲတဲ့သူကဆဲ
စိတ်ပျက်စရာကောင်းလှသည့် ထိုနေရာကိုု သူမရောက်ခဲ့တာ ဒါနဲ ့ပါဆို သုံးရက်မြောက်ရြှိပီ။စိတ်ပျက်လွန်းလှတာမို ့သူမရှေ ့မတိုးသေးဘဲ ရပ်မြဲရပ်နေ၏။
ဝမ်းထဲကလဲ အစာလိုနေကြောင်း တကြုတ်ကြုတ်နဲ ့အသံပေး၍ အချက်ပြနေပြီ။

မဏ္ဍပ်ဆီသို ့မျှော်ကြည့်ရင်းသူမမျက်နှာလန်းကနဲဖြစ်သွားသည်၊ယခင်ရက်များက သူများနှင့်မတူ သူမအားကိုယ်တိုင်ကိုယ်ကျ
ထမင်းထုတ်ယူပေးနေသည့် ပုဂ္ဂိုလ်၊
အလှူရှင်လား..အလှူကြီးကြပ်သူလားတော့မဆိုနိုင်။သူမအားမျက်မှန်းတန်းမိဟန်ရှိတာမို ့ကရုဏာမျက်လုံးများနဲ ့အပြုံးမျက်နှာကြောင့် ဝမ်းသာအားတက်ကာ ထိုသူထံသို ့သုတ်သုတ်ကလေးလျှောက်သွားလိုက်သည်။

“ဒီနေ ့ဘယ်နှစ်ယောက်စာ ယူမှာလဲ”

ထိုလူကြီးကမေးလာတော့

“တစ်ယောက်စာသာယူပါတော့မယ်ရှင်”

သူမအဖြေကြောင့် ထိုသူရဲ ့ပြုံးနေတဲ့မျက်နှာဟာ ချက်ခြင်းပဲ ငြူစူအလိုမကျသည့်
အသွင်သို ့ပြောင်းသွားပါသည်၊သူမ၏စကားဘာများအမှားပါသွားပါလိမ့်၊စဉ်းစား၍မရ။

“ဘယ်လိုလဲကွဲ ့ သုံးရက်အစာလာတောင်းတာ သုံးမျိုးပါလား၊ကိုယ့်ဝမ်းပမာဏတောင်မသိပါလား၊
သူများရဲ ့ကုသိုလ်အလှူမှာ မင်းက အကုသိုလ်လာယူတာလားကွဲ ့”

ရင်ဝလှံစူးသလို သူမဘဝမှာ မထင်မှတ်ပဲ စွပ်စွဲကြိမ်းမောင်းခံရတော့ ရှက်လဲရှက်၊ဝမ်းလည်းနည်းကာ
ရှိုက်ကြီးတငင်ငိုချမိပါသည်၊

“ဟဲ့..ဟဲ့..သူများမင်္ဂလာယူနေတဲ့အလှူမှာ မင်းက ဘာလို ့ငိုရတာလဲ ၊မင်းအလှူခံတာ မူမမှန်တော့ ကျုပ်ပြောရတာပေါ့”

သူမ ငိုကြွေးခြင်းကို အတင်းရပ်ပစ်လိုက်သည်။ပြီးတော့

“အရှင်တို ့အလှူကို ကျွန်မ လိမ်ညာပြီးမတောင်းခဲ့ပါဘူးရှင်၊ကျွန်မရဲ ့ဘဝကံအကျိုးပေးကိုက
ဆိုးလွန်းလို ့ပါရှင်..ကျွန်မတို ့မြို ့မှာ ယင်နာ ကျလို ့ကျွန်မတို ့သားအဖ သုံးဦး ကိုယ်လွတ်ရုန်းခဲ့တာပါ။ “ကောသမ္ဗီ” ရောက်တော့ မြို ့ပြင်ဇရပ်မှာ ခိုနားပြီး ပထမနေ ့မှာ စားဖို ့သောက်ဖို ့ထမင်းထုပ် သုံးထုတ် လာတောင်းခဲ့ပါတယ်။ အဲ့ဒီညမှာ အသက်ကလဲကြီး ခရီးကလဲပန်းတော့  အဖေဆုံးသွားခဲ့ပါတယ်။ နောက်တစ်နေ ့မှာ အမေနဲ ့ကျွန်မအတွက် နှစ်ယောက်စာ ထမင်းထုပ် နှစ်ထုပ်လာတောင်းပြီး..ညက…..ညက..”

ရှိုက်သံများဖြင့် သူမအသံတိုးတိမ်သွားခဲ့သည်။

“ညက ဘာဖြစ်လို ့လဲ..ကလေးမ”

ထိုသူထံမှ ဂရုဏာသံကိုပြန်ကြားရတော့ ..

“ညက အမေဆုံးပြန်ပါတယ်၊ဒါ့ကြောင့်ဒီနေ ့ကျွန်မတစ်ယောက်ထဲကျန်တော့တာမို ့တစ်ယောက်စာပဲလာတောင်းတာပါရှင်”
“ဒါဖြင့် မင်းဒီမြို ့ကမဟုတ်ဘူးပေါ့…မင်းဘယ်ကလဲ  ဘယ်သူ ့သမီးလဲ”

ကျွန်မ ဘဒ္ဒဝတီသူဌေးကြီး ရဲ ့သမီးပါရှင့်”

“ဟေ..”

ထိုသူမှာ အံ့ဩတကြီးဖြစ်သွားသည်၊

“မင်းက ဘဒ္ဒဝတီသူဌေးကြီး ရဲ ့သမီး..ဟုတ်လား..”

ထိုသူမှာ မယုံကြည်နိုင်စွာ ထပ်မေးလာသည်။ အံ့မခန်းလောက်အောင်ပင်ကြွယ်ဝချမ်းသာသော
သူဌေးတစ်ဦးရဲ ့သမီးက စတုဒီသာ အလှူမဏ္ဍပ်မှာ အစာလာတောင်းတဲ့အဖြစ်ကမယုံကြည်စရာပဲလေ၊
သို ့ပေမယ် သူမရဲ ့အပြောအဆိုနဲ ့ယဉ်ကျေးသိမ်မွေ ့မှုက လိမ်ပြောဖွယ်ရာမရှိ၊

ယင်နာ…တစ်ကယ်ကြောက်စရာကောင်းသည့်ကပ်ဆိုး။ထိုရောဂါကျရောက်လာပြီဆိုရင်တော့ ယင်ကောင်ကစ ကြက်-ဝက်-ကြောင်-ကျွဲ-နွား-လူ အစဉ်အတိုင်း ငယ်သောသတ္တဝါမှ ကြီးသောသတ္တဝါ
တို ့အိမ်မှာရှိသမျှ လျှင်မြန်စွာသေတတ်၏။အိမ်နံရံကိုဖောက်ပြီးကိုယ်လွတ်ထွက်ပြေးနိုင်မှ အသက်ချမ်းသာခွင့်ရသည် ဟူ၍ လူကြီးများပြောသံကြားဖူးသည်။
ဘဒ္ဒဝတီသူဌေးကြီး မိသားစုဘဝပျက်ပါပေါ့လား။ယခုတော့သူဌေးကြီးမိသားစုလည်းသေရှာပြီ။သူ ့ရှေ ့မှောက်ရောက်နေသည့် မိန်းကလေးကပိုသနားစရာကောင်းနေသည်။
မစူးစမ်းမဆင်ခြင်ပဲ အထင်အမြင်လွဲမှားကာ ရင့်ရင့်သီးသီးပြောမိပြီးမှ သူမလေးအပေါ်သနားသွားရသည်။
ပစ္စည်းဥစ္စာလည်းဆုံးပါး၊ မိဘလည်းကွယ်လွန် လောကအလယ်မှာ မျက်နှာငယ်လေးနဲ ့ခိုကိုးရာမဲ့နေတဲ့သူမကို လူသားတစ်ဦးဆန်စွာ စေတနာသန် ့သန် ့နဲ ့ကူညီစောင့်ရှောက်တာဝန်ယူလိုက်တော့မည်။သားသမီးမရှိသောသူ ့အတွက် ချစ်ခင်တွယ်တာစရာသမီးလေးတစ်ယောက်လဲတိုးလာတာပေါ့၊

“ကဲ..ဘာမှဝမ်းနည်းအားမငယ်တော့နဲ ့နော်။မိတ္တသူကြွယ် ဆိုတာကျုပ်ပဲ။မင်းကိုသမီးအရင်းအဖြစ်မွေးစားမယ်ဟုတ်လား။ဒီနေ ့ကစပြီး ကျုပ်ကို မင်းရဲ ့အဖေအရင်းလို ့သာမှတ်ပေတော့၊”

ကြားရသည့်စကားက သူမနားကိုပင်မယုံကြည်နိုင်..

“ကျေးဇူးကြီးမာလှပါတယ် အဖေရယ် အဖေသာမကယ်ရင် ကျွန်မဘဝ ဘယ်ကနေဘယ်လို စခန်းသွားရမလဲဆိုတာမတွေးတတ်ဘူး အဖေ့ကျေးဇူးကို ကျွန်မတစ်သက်မမေ့ပါဘူးရှင်”

သူမသည်မြေကြီး၌ ကျုံ ့ကျုံ ့လေးထိုင်ကာ ဦးသုံးကြိမ်ချမိသည်။မွေးစားဖခင်ရဲ ့ခြေဖမိုးကိုနဖူးဖြင့်ဦးတိုက်ပြီးအလေးအမြတ်ပြုလိုက်ပါသည်။

******************************************************

အပိုင်း(၂)
အလှူမဏ္ဍပ်မှ အဖေပြန်လာနေကျအချိန်ကို မှန်းပြီးတံခါးဝမှာထွက်ကြိုနေမိသည်၊ယနေ ့တော့အဖေ့နဲ ့အတူသားသားနားနား
အဖော်တစ်ယောက်ပါလာသည်။ခံ့ညားသောဝတ်စားဆင်ယင်မှု၊ ရိုကျိုးသောထိုသူ၏အမူအရာကြောင့် အဖေ့ထက်ချမ်းသာကြွယ်ဝပြီး အဆင့်မြင့်သောလူတန်းစားပင်ဖြစ်လိမ့်မည်။
တစ်ချိန်တုန်းက မိမိကိုယ်တိုင် အဆင့်မြင့်ချမ်းသာခဲ့ဖူးသူမို ့ဧည့်သည်ကိုဘယ်လိုဧည့်ဝတ်ပြုရမလဲဆိုတာနားလည်ပါသည်။
အလိုက်သိစွာ နေရာထိုင်ခင်းပြင်ပေးပြီးစားသောက်ဖွယ်တို ့ဖြင့်တည်ခင်းဧည့်ခံဖို ့အိမ်ထဲသို ့ဝင်ရန်ခြေလှမ်းပြင်ဆဲ..

“သမီး..ခဏ”

အဖေ့ခေါ်သံကြောင့်လှည့်လာပြီးအဖေ့အနီးမှာ ခပ်ယို ့ယို ့လေးထိုင်ချလိုက်သည်။

“သူလေးပဲ…သူဌေးမင်းကြီး”

အဖေ၏လှမ်းအပြောတွင် “ဪ..ဟုတ်လား” ဟုဧည့်သည်က ခေါင်းညိတ်သည်။

“အလှူမဏ္ဍပ်မှာ ဆူဆူညံညံ ရှိခဲ့တာကိုအိမ်ကနားထောင်ပြီးကျုပ်က အလှူကိုကျေနပ်နေခဲ့တာ ဒီနေ ့တိတ်ဆိတ်လှချေလားလို ့
မိတ္တသူကြွယ် ကိုမေးတော့မှ အကြောင်းစုံသိရတော့တယ်။မဏ္ဍပ်မှာ ဝင်ပေါက်နဲ ့ထွက်ပေါက်ကို သီးခြားနဲ ့စနစ်တကျဖောက်ထားလို ့အရင်လို တိုးဝှေ ့ဆူညံသံတွေကင်းသွားတော့ လူတွေလဲစည်းကမ်းတကျနေတတ်သွားတယ်။
စည်းနဲ ့ကမ်းနဲ ့လှူဒါန်းနေတာတွေ ့တော့ အလှူကိုလဲပိုပြီးဝမ်းသာကြည်နူးရတယ်။သမီးရဲ ့အစီအစဉ်တွေဆိုတာဟုတ်လား။”

“ဟုတ်ကဲ့ပါရှင် ့..”

“အဲ့ဒါကိုအကြောင်းပြုပြီး မိတ္တသူကြွယ်မှာ သမီးအလိမ္မာတစ်ယောက်ရထားတာသိရတာပဲ”

ဧည့်သည်၏ကြည်လင်အေးမြသောအသံ၊ ချိုပြုံးသောမျက်နှာ ကြောင့်သဘောမနေကောင်းသူဖြစ်မည်ဟုတွေးမိပါသည်၊။

“သမီးက ဘဒ္ဒဝတီသူဌေးကြီးရဲ ့သမီးလား…”

“ဟုတ်ပါတယ်ရှင်”

သူမအားပြုံးပြုံးရွှင်ရွှင်နဲ ့ပြောနေတာက တစ်ကယ်ရင်းနှီးတဲ့ပုံစံပါဘဲ။ ကွယ်လွန်သူဖခင်ကြီးမကြာခဏတဖွဖွ ပြောနေတဲ့မိတ်ဆွေ“ဃောသက”သူဌေးများလားဟုပင်အတွေးဝင်လာသည်။

“ကျုပ်က သမီးရဲ ့အဖေနဲ ့အရမ်းရင်းနှီးတဲ ့မိတ်ဆွေအရင်းအချာတွေကွယ့်၊ယခုတော့မိတ်ဆွေကြီးရဲ ့သတင်းကြားရတာစိတ်မကောင်းစရာပါလား၊ကောသမ္ဗီကိုခြေဦးလှည့်လာကတည်းက ကျုပ်ဆီလာတယ်ဆိုတာ ထင်ရှားနေတာပဲ။”

“ဟုတ်ပါတယ်ရှင်..“ကောသမ္ဗီ”မှာ ဖေဖေနဲ ့အရမ်းခင်တဲ့ “ဃောသက” မိတ်ဆွေဆိုတာရှိကြောင်း၊ မကြာမကြာပြောဖူးပါတယ်၊ဆွေမျိုးထက်မကလည်းယုံကြည်အားကိုးရှာပါတယ်၊ယင်နာကျလို ့ဒုက္ခရောက်ချိန်မှာတောင် ဆွေမျိုးတွေဆီမသွားပဲ ဃောသက သူဌေးဆီအရောက်လာခဲ့ပါတယ်။ဒါပေမယ့် အဖေနဲ ့အမေ မှာ သူဌေးကြီးကိုမတွေ ့ရဘဲဆုံးသွားခဲ့ပါတယ်။”

သူမမှာ ကံဆိုးလွန်းလှတဲ့မိဘနှစ်ပါးကို သတိရမိတော့ ဝမ်းနည်းစွာ ငိုကြွေးမိပြန်ပါသည်။

”ဖြစ်ရလေကွယ်  ကျုပ်မသိလိုက်ရလို ့ပါ၊စောစောကတည်းကသာသိရင် ဒီလိုအဖြစ်မျိုးမရောက်ပါဘူး။
ကဲ..မငိုနဲ ့တော့နော်  ၊ကျုပ်မိတ်ဆွေရဲ ့သမီးဟာ ကျုပ်သမီးပဲပေါ့။ကျုပ်မိတ်ဆွေရဲ ့သမီးကိုစောင့်ရှောက်ဖို ့ကျုပ်မှာတာဝန်ရှိတယ်၊ဘယ်လိုလဲ“ကိုမိတ္တ”ကျုပ်မိတ်ဆွေရဲ ့သမီးမို ့ဒီကလေးမကိုကျုပ်မွေးပိုင်ခွင့်ရှိတယ်နော်။
ကျုပ်ကိုမွေးစားခွင့်ပေးမလား”

သူမထံဖျတ်ခနဲ အကြည့်ရောက်လာတော့ အဖေ့ရဲ ့မျက်နှာသည်မကောင်းလှ၊မွေးစားထားသည်မှာရက်ပိုင်းမျှသာရှိသေးသော်လည်းသူမအပေါ်သံယောဇဉ်ဖြစ်နေရှာမှာပဲ။
“ဃောသက” သူဌေးကြီးကိုကျတော့လည်း အထက်အကြီးအကဲမို ့ခွန်းတုံ ့ပြန်ဝံ့မှာမဟုတ်မှန်းသိသည်။
သူမအနေနှင့် မွေးစားအဖေ မိတ္တသူကြွယ် ကို ရှေးဦးစွာကျေးဇူးရှင်အဖြစ် ချစ်ခင်ပါ၏တစ်ဖက်က ဃောသကသူဌေးကြီးမှာလည်းဖခင်ကြီးကိုယ်တော်တိုင်အားကိုးတကြီးရှိခဲ့သည့်မိတ်ဆွေအရင်း
အချာဖခင်ကြီးရှိခဲ့လျှင်လည်း
ဃောသကသူဌေးကြီးဆီမှာ အပ်နှံထားရစ်ဖို ့သေချာသည်။သို ့ပေမယ့်ရက်ပိုင်းမျှသာ အဖေတော်ထားသည့် မိတ္တသူကြွယ်အပေါ်လည်းသူမကိုယ်တိုင်သံယောဇဉ် ရှိပါသည်။

“ကျွန်တော့်အနေနဲ ့သူလေးကိုသမီးအရင်းလိုသံယောဇဉ်ရှိတာတော့အမှန်ပါပဲ။ဒါပေမယ့်သူဌေးမင်းကောင်းသလိုသာစီစဉ်ပါ၊သူဌေးမင်း
ရဲ ့သမီးဖြစ်လည်းကျွန်တော်ဝမ်းသာရမှာပဲ”

ဝမ်းသာပါတယ်ဆိုတဲ့အဖေ့အသံမှာ တိုးတိမ်အက်ရှသွားသလိုရှိ၏။သူမအပေါ်ကြင်ကြင်နာနာနဲ ့ပြုစုခဲ့တဲ့ အဖေ့ကိုခွဲပြီး“ဃောသက” သူဌေးကြီးနောက် မလိုက်နိုင်အောင် ရှိလေသည်။

“အ..ဖေ..”

အဖေ့ဒူးကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာမျက်ရည်များသွန်ကျလာသည်၊

“လိုက်သွားလိုက်သမီးလေး…သူဌေးမင်း နဲ ့သမီးရဲ ့အဖေအရင်းဟာ မိတ်ဆွေတွေမို ့သမီးကိုသူဌေးမင်းမွေးစားသင့်တာအမှန်ပါဘဲ
ပြီးတော့အဖ့ဆီမှာနေရတာထက်သမီးပိုချမ်းသာလိမ့်မယ်။သမီးချမ်းသာရင် အဖေဝမ်းသာကျေနပ်ရမှာပေါ့။သူဌေးမင်းဆီမှာနေပေမယ့်အဖေနဲ ့အမြဲတွေ ့နိုင်တာပဲ။အဖေလဲအမြဲလာလည်ပါ့မယ်”

သူမအားကလေးငယ်တစ်ဦးလိုချော့မော့နေပေမယ့် အဖေ့မျက်ဝန်းမှာ မျက်ရည်တွေနဲ ့ပါလား..။
သူမအဖို ့တော့“ ဃောသက” သူဌေးကြီးကိုအဖေအရင်းလိုချစ်နိုင်ပါသည်။မိတ္တသူကြွယ်ကိုလည်းမခွဲနိုင်။
ဒီလိုနဲ ့သူမဟာ “ဃောသက” သူဌေးကြီး ရဲ ့မွေးစားသမီးအဖြစ် ကြီးကျယ်ခန်းနားတဲ့ အဆောင်အယောင်တွေနဲ ့နေခွင့်ရပြန်ပါတယ်။
ဪ…ကံတရားက မျက်နှာသာပေးတော့လည်း ချမ်းသာကြွယ်ဝသည့် သူဌေး နှစ်ဦးရဲ ့ရှုမငြီးတဲ့ သမီးအဖြစ်နဲ ့
နေခွင့်ရပြန်ပြီပဲ…ဒီလိုနဲ ့ဃောသက သူဌေးကြီးအိမ်သူမထပ်ရောက်ခဲ့ပြန်ပါသည်။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
.ဒီနေ ့တော့ ထူးထူးခြားခြားမဇ္ဈိမ၏ အကြီးကျယ်ဆုံး နက္ခတ်သဘင်ပွဲ ဆင်ယင်ကျင်းပမည့်နေ ့ဖြစ်သည်။
ဗြဟ္မဏဘာသာဝင် တို ့၏ရှေးထုံးအစဉ်အလာအရ မကောင်းသောဘေး၊မကောင်းသောနက္ခတ်၊မကောင်းသောဒဏ်တို ့ပပျောက်စေဖို ့
အိမ်တွင်းပုန်း ဇနီးမယားသားသမီးများပါမကျန် မြစ်ဆိပ်သို ့သွား၍ ဦးခေါင်းလျှော် ရေမိုးချိုးသန် ့စင်ကြသည်။
ယင်းသို ့ဦးခေါင်းဆေးမင်္ဂလာပြုရန် ဂင်္ဂါမြစ် ကို အထွတ်အမြတ်ပြုထားကြလေသည်။
နက္ခတ်သဘင်ပွဲသည် အိမ်တွင်းပုန်းအမျိုးသမီးတို ့အပြင်ထွက်ခွင့်ရသောပွဲမို ့ကာလသားတို ့အကြိုက်ဖြစ်ကာအထူးစည်ကားလှလေသည်။ မနက်ဝေလီဝေလင်းကတည်းကတည်းက သွားလာနေကြသည်။
တစ်မြို ့လုံးလည်းခြိမ့်ခြိမ့်သဲသဘင်ပွဲဆင်နွှဲနေကြပေတော့မည်။
သူမသည် အိပ်ရာကနိုးနေသော်လည်း မထသေးဘဲ ထူးဆန်းသည့်ဘဝကံအကျိုးပေးကို အတွေးနယ်ချဲ ့နေမိသည်။
အံ့ဩဖို ့လည်းကောင်းပါသည်။ခုနှစ်ရက် တစ်ပတ်လောက်တောအတွင်းမှာပင် ငိုတစ်ခါရယ်တစ်လှည့် အနိမ့်အမြင့်ပြောင်းလဲခဲ့ရသည့်ဘဝအဖုံဖုံ.
.ပထမ…ဘဒ္ဒဝတီ သူဌေးကြီးရဲ ့သမီး …။
နောက်ပစ္စည်းဥစ္စာလည်းရှုံး မိဘနှစ်ပါးဆုံးတော့နေတော့ဇရပ်၊စားတော့ အလှူမဏ္ဍပ်ဖြစ်ခဲ့ရသည့် သူတောင်းစားသာသာဘဝ၊
ပြီးတော့ စိတ်ထားဖြူစင်လှသည့် “မိတ္တသူကြွယ်” ရဲ ့မွေးစားသမီး..ဟော အခုတော့ အဖေ့မိတ်ဆွေ “ဃောသက”သူဌေးကြီးရဲ ့
တစ်ဦးတည်းသော သမီးအဖြစ် နဲ ့ပြည့်ပြည့်စုံစုံနေရပြန်ပါသည်။ ထပ်၍တစ်ဖန်ဘာများပြောင်းလဲလာဦးမလဲမသိ။

“သခင်မလေးဘဝက အားကျဖို ့ကောင်းတယ်နော် တို ့သခင်ကြီးမှာ သားသမီးအရင်းမရှိတော့ သခင်မလေးကိုပဲအချစ်တွေပုံပြီးဖူးဖူးမှုတ်ထားလိုက်တာ။မိတ္တသူကြွယ် ဆိုလည်းသခင်ကြီးကိုမတော်လှန်ရဲလို ့သာပေးလိုက်ရတာ
သူ ့သမီးကိုတစ်နေ ့လာမတွေ ့ရမနေနိုင်အောင် သံယောဇဉ်ကြီးရှာတာလေ”

“အင်းလေ တို ့သခင်မလေးက မွေးစားအဖေနှစ်ယောက်လုံး သဲသဲလှုပ်ချစ်လောက်အောင်လဲ အရမ်းလိမ္မာပြီးနူးညံ့သိမ်မွေ ့တာကိုး”

သူမအိပ်နေတုန်းထင်ပြီးနက္ခတ်သဘင်ပွဲသွားဖို ့သုဇာနဲ ့မုဒြာ ကြိုတင်ပြင်ဆင်လုပ်ကိုင်ပေးရင်းတီးတိုးပြောနေကြသည်ကိုအိပ်ရာထဲကနေကြားလိုက်ရပါသည်။

“တို ့သခင်မလေးက တစ်နေ ့ထက်တစ်နေ ့ပိုပိုလှလာလို ့ငါတော့အရမ်းစိုးရိမ်မိတယ် သုဇာရယ်”

“ဘာကိုစိုးရိမ်တာလဲမုဒြာရဲ ့”

“ဒီနေ ့မြစ်ဆိပ်ဆင်းရင် နန်းရင်ပြင်က ဖြတ်သွားရမှာလေ၊မဟာရာဇာ ကလည်းခပ်ငယ်ငယ်အရွယ်ကောင်းကောင်း ၊မတော်တဆ
တို ့သခင်မလေးကိုမြင်ပြီး ရွှေသဘောတော်ကျသွားရင်တော့မလွယ်ကြောပဲ”

“ဘာလို ့မလွယ်ရမှာလဲ သခင်မလေးမိဖုရားဖြစ်မှာပေါ့၊ ငါတို ့တောင် သခင်မလေးနောက်က ထမီစဆွဲပြီးရွှေနန်းတော် ရောက်ရချေသေး ရဲ ့..ဟိဟိ”

“အရူးမ သုဇာ  နင်ဘာမှမသိပါဘူး ဘုရင်ဆိုတဲ့အမျိုးက မယားတွေများပါဘိ။တို ့သခင်မလေးစိတ်ဆင်းရဲမှာပေါ့ဟဲ့..”

“တော်စမ်းပါ မုဒြာရယ် နင်ကသာအစိုးရိမ်လွန်နေတာ ဟိုက တို ့သခင်မလေးကို ရွှေသဘောတော်ကျပါစေဦးတော့..”

“ဟင့်အင်း..ငါတော့ ဘုရင်ကြီးသဘောမကျပါစေနဲ ့လို ့ပဲဆုတောင်းတယ်၊ တို ့သခင်မလေးကိုစိတ်မဆင်းရဲစေချင်ပါဘူး.သဘောလဲမတူနိုင်ပေါင်”

“ဟဲ့..သုဇာ နဲ ့မုဒြာ ၊ကိုယ်နဲ ့မဆိုင်တဲ့စကားတွေ ဘာလို ့ပြောနေရတာလဲ ၊မင်းစကား စိုးစကား၊ဆိုတာမပြောကောင်းဘူး ၊မဟာရာဇာ နားကြားပြီးနင်တို ့လျှာတွေအဖြတ်ခံချင်လို ့လား”

အထိန်းတော်ကြီးဒေါ်ခုဇ္ဇုတ္တရာ ၏ အသံကြောင့် သုဇာနဲ ့မုဒြာ ငြိမ်သွားကြသည်၊ အားလုံးကတော့ ဒေါ်ခုဇ္ဇုတ္တရာ ကို ကြောက်ကြပါသည်။ခါးကုန်းအရုပ်ဆိုးသလောက် ပါးစပ်ပေါက်လဲနည်းနည်းကြမ်းသည်။
စိတ်ရင်းကတော့ ကောင်းရှာသား၊သူမကိုလဲသမီးလေးအရင်းလို ချစ်ခင်တွယ်တာပါသည်။ကျွန်အမှုလုပ်သူတို ့တွင် အသက်အကြီးဆုံးမို ့ငယ်သူတို ့ကရိုသေလေးစားကြသည်။
သူမ၏စိတ်ဆန္ဒအတိုင်းဆိုလျှင် ယနေ ့နက္ခတ်သဘင်ပွဲကို မသွားချင်ပါ။သို ့ပေမယ့်ဖေကြီးကိုယ်တိုင်က
တစ်အိမ်သားလုံးမြစ်ဆိပ်မဆင်းမနေရ ဟု အမိန် ့တော်ထုတ်ထားတာကြောင့်သွားရပေဦးမည်။
သူမ မထချင်ထချင်နဲ ့အိပ်ရာပေါ်က ထလိုက်ပြီးအတွင်းခန်းထဲဝင်လိုက်တော့.

“ဟော…သခင်မလေးနိုးလာပြီ၊မျက်နှာသစ်ရေနဲ ့အမွှေးနံ ့သာတွေအဆင်သင့်ဖြစ်ပါပြီ နံက်စာ စားသုံးပြီးတာနဲ ့မြစ်ဆိပ်ဆင်းဖို ့သခင်ကြီးထပ်ဆင့်အမိန် ့ထုတ်ထားပါတယ်၊သခင်မလေးနိုးလာမယ့်အချိန်ကိုသာ စောင့်နေကြတာပါ”

“ဖေကြီးတို ့ပါလိုက်မှာလား..”

“သခင်ကြီးတို ့က ကျွန်မတို ့ပြန်လာမှ သူ ့အစီအစဉ်နဲ ့သူသွားမယ်တဲ့”

သူမ ဘာမှဆက်မေးမနေတော့။မြစ်ဆိပ်သွားရမှာပင် စိတ်က ခပ်လေးလေး။သွားချင်စိတ်မရှိပေမယ့် ဖေကြီးအမိန် ့ကိုမလွန်ဆန်ဝံ့တာမို ့သွားရမှာပဲ။သူမကြောင့်ဖေကြီးကိုစိတ်မငြိုငြင်စေချင်ဘူးလေ။

***************************************************

မြစ်ဆိပ် မှ အိမ်ပြန်တော့မွန်းတိမ်းစသာရှိသေးသည်။သူမပြန်လာမှ ဖေကြီးသွားရမှာမို ့
ခပ်စောစောလေးအိမ်ပြန်လာခဲ့ပါသည်။
ဟင်…..အခြေအနေအားလုံးက အပြောင်းလဲကြီးပြောင်းလဲနေပြီ။မြင်ရတဲ့မြင်ကွင်းက ယုံနိုင်ဖွယ်မရှိ။သူမအံ့ဩတကြီးနှင့်စကားတောင် ချက်ချင်းမပြောနိုင်ခဲ့။
ဖေကြီးနဲ ့အိမ်မှာကျန်ခဲ့တဲ့သူတွေအားလုံး လမ်းမပေါ်မှာ ငုတ်တုတ်လေးတွေထိုင်နေကြသည်။
အိမ်ကြီးကိုလည်းချိတ်ပိတ်ထားပြီး ဓားလှံ ကိုင်ထားတဲ့ စစ်သည်တော်တွေနဲ ့ ့ယောက်ယက်ခတ်နေသည်။
ထိတ်ထိတ်ပျာပျာ နှင့် သူမ ဖေကြီးဆီခပ်သုတ်သုတ်လေးလျှောက်သွားပြီး..

“ဖေကြီး..ဘာဖြစ်တာလဲဟင် .ရဲမက်တွေက ဘာလို ့အိမ်ကိုဝိုင်းထားရတာလဲ
ဖေကြီးတို ့ကရော ဘာလို ့လမ်းပေါ်မှာထိုင်နေကြတာလဲ..”

ငေးငေးငူငူထိုင်နေတဲ့ဖေကြီးလက်မောင်းကို ကိုင်လှုပ်ကာ သိချင်စိတ်တွေ မမျိုသိပ်နိုင်ဘဲ
မေးမိသည်။
ဖေကြီးမှာ သူမမေးခွန်းကို ချက်ချင်းမဖြေနိုင်။ရှက်စိတ်ဒေါသစိတ်တွေနဲ ့မျက်နှာမှာ
သပြေသီးမှည့်ရောင်သမ်းနေပြီ။ရှက်ရှာမှာပေါ့။ ကောသမ္ဗီ ရဲ ့နာမည်ကြီး သူဌေးကြီး “ဃောသက”
ရဲ ့အိမ်တော် မင်းအာဏာနဲ ့ချိတ်ပိတ်ခံရတဲ့သတင်းက မကြာခင် ပျံ ့နှံ ့တော့မည်။လောလောဆယ်မှာ အိုးမဲ့အိမ်မဲ့လမ်းပေါ်မှာ ငုတ်တုတ်ထိုင်နေရတဲ့အဖြစ်။

“ဖေကြီး..ဘာဖြစ်တာလဲဖေကြီးရယ်..”

အလိုလိုဝမ်းနည်းလာပြီး သူမမေးခွန်းမှာ ငိုသံပါတော့မှ.

“သမီးလေး..”

ပြောရမယ့်စကားကို မပြောရက်ရက်ဖြင့်ပြောမထွက်နိုင်အောင်ရှိနေပြီထင်သည်။

“သမီးလေးကို မဟာရာဇာက လိုချင်လို ့အခုချက်ချင်းပို ့ပေးရမယ်တဲ့..”

“ဟင်..”

ရင်ထဲသွက်သွက်ခါအောင် တုန်လှုပ်သွားသည်။လောကကြီးဘာဖြစ်သွားပြီလဲ။
မုဒြာ ပြောတဲ့စကားသွေးထွက်အောင်မှန်နေပြီပဲ..
ယခုတော့ဘာများတတ်နိုင်မည်နည်း။

“သမီးလေးအလိုမတူပဲ ဖေကြီးဘာမှမလုပ်ချင်လို ့သမီးလေးစိတ်ဆင်းရဲမှာစိုးလို ့ဖေကြီးလဲ
မပို ့ပေးနိုင်ဘူးဆိုပြီးငြင်းလိုက်တာ အခုသမီးမြင်တဲ့အတိုင်းပဲ ဖေကြီးကို သူဌေးရာထူးကနေချလိုက်တယ် ဖေကြီးရဲ ့စည်းစိမ်တွေလဲ မင်းဘဏ္ဍာအဖြစ်သိမ်းလိုက်တယ်”

“ဖေကြီးရယ်….”

သူမအံ့ဩ ဝမ်းနည်းစိတ်နဲ ့ဖေကြီးကို ကြည့်မိသည်။သူမအပေါ်မှာ မင်းအာဏာစကားကို
ပယ်ရှားဝံ့သည်အထိ ချစ်ရှာတာပါလား။သူဌေးစည်းစိတ်အားလုံးကို မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်ခံရခြင်းထက် သမီးကညာပို ့ဆက်ရမည့်အရေးက ပို၍ရင်နင့်ရင်နာဖြစ်ရှာနေပြီထင်။
သူမတစ်တခုခုတော့ ဆုံးဖြတ်ရပေမည်။

“ဖေကြီး.. သမီးကိုအခြွေအရံတွေနဲ ့လာခေါ်ဖို ့မဟာရာဇာကို အကြောင်းကြားလိုက်ပါတော့”

“သမီးလေး.ဖေကြီး….ပြော…”

“သမီးပြောတဲ့အတိုင်းသာ ဆောင်ရွက်ပေးပါနော်..”

ဘုရင်မင်းမြတ်ထံသို ့သူမစိတ်ဆင်းရဲမှာစိုးလို ့စည်းစိမ်နဲ ့လဲပြီးအနစ်နာခံရဲတဲ့ဖေကြီးရဲ ့
မေတ္တာကို သူမနားလည်ရမည်လေ.ဖေကြီးရဲ ့မေတ္တာ ဂရုဏာ နဲ ့သူမအပေါ်ငဲ့ညှာမှုကို သူမသိပါသည်.သူမအနေဖြင့်လည်း ဖေကြီးရဲ ့စည်းစိမ်နဲ ့သူဌေးဆိုတဲ့ဂုဏ်သိက္ခာ ကို ကာကွယ်ပေးရမည်လေ။
လူဆိုသည်မှာ  မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှု၍ မရနိုင်ပါ။မိမိအတွက်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ ထည့်စဉ်းစာရပါလိမ့်မည်။ အသိညဏ်နဲ ့ယှဉ်တဲ့လူဆိုတာ ကျေးဇူးရှိရင် ကျေးဇူးပြန်သိရပါမည်။ကျေးဇူးရှိက ကျေးဇူးပြန်တုံ ့ပြန်ရပါလိမ့်မည်။

“ငါ့သမီးလေးဒီအဖြစ်မျိုးကြုံရတာ ဖေကြီးအပြစ်ကြောင့် ။နက္ခတ်သဘင်ပွဲသမီးမသွားချင်ဘဲ အတင်းလွှတ်မိလို ့ဒီလိုအသိမ်းပိုက်ခံရတာ.”

မချိတင်ကဲ ကြေကွဲစွာရေရွတ်လျှက် ဖေကြီးသည် သူ ့ကု်ိယ်သူ အပြစ်တင်မဆုံးနိုင်အောင် ရှိလေသည်။

“ဖြစ်ပြီးသားကိစ္စကို ဘယ်သူဘယ်ဝါကြောင့်လို ့တရားခံရှာပြီးအပြစ်တင်လည်း အကြောင်းမထူးပါဘူးဖေကြီးရယ်..စိတ်မကောင်းဖြစ်မယ့်အစား အကြောင်းတိုက်ဆိုင်တယ်လို ့ပဲမှတ်လိုက်ပါနော်၊ သမီးတို ့ဘယ်လောက်ချစ်ကြပေမယ့်လဲ တစ်နေ ့မှာ သေကွဲမကွဲလဲ ရှင်ကွဲ ကွဲရမှာအသေအချာပဲလေ။အနှေးနဲ ့အမြန်သာကွာပါတယ်။ဖေကြီးသာ စိတ်ချမ်းသာအောင်နေပါနော်။”

လောကမှာ ဖြစ်ချင်တာ မဖြစ်ရပေမယ့် မဖြစ်ချင်တာလဲ ဖြစ်ရတဲ့ဘဝပါလား။
သူမတို ့သားအဖ စိတ်နှလုံးမချမ်းမြေ ့သော်လည်း မဟာရာဇာက တော့ အလိုဆန္ဒပြည့်ပြီမို ့ဝမ်းမြောက်ဝမ်းသာ ရှိနေတော့မည်။
ပြီးတော့.
.သုဇာ..ကလဲ သခင်မလေးနောက်က ထဘီစဆွဲပြီး ရွှေနန်းတော်ရောက်ချေသေးရဲ ့ဆိုပြီး ဝမ်းသာနေပေလိမ့်မည်.။
သူမမှာသာ…သက်ဦးဆံပိုင် ဒေသရာဇ်ခေတ်၏ ခေါင်းမဖော်ဝံ့သော ပြည်သူတွေထဲမှာ တစ်ယောက်အပါအဝင်မို ့ မင်းအာဏာကို မပယ်ဝံ့ခဲ့ပါ….။
* * * * * * * * * * * * ** * * * ** * * ** * ** * * * * * * *
အပိုင်း(၂)
မထင်မှတ်ပဲ ကောသမ္ဗီပြည့်ရှင် ဘုရင်ဥတေ၏ အဂ္ဂမဟေသီ မိဖုရားကြီး ဖြစ်လာပေမယ့် သူမအဖို ့ဘာမှမထူးခြား။အမြင်တင့်သော်လည်း အနှစ်မပါသော အကာသက်သက် ဟုသာထင်မိသည်။ ရုပ်ပိုင်းဆိုင်ရာမှာတော့ ဘုရင့်မိဖုရားကြီးဟူသောဂုဏ်ပုဒ်သည် အထင်ကြီးဖွယ် နှစ်သက်မက်မောဖွယ်
ဖြစ်ပေလိမ့်မည်။စင်စစ်မှာတော့ စိတ်ချမ်းသာလွတ်လပ်ခြင်းမှ အနှောင်အဖွဲ ့အကျဉ်းအကျပ်ထဲသို ့ကျရောက်ခဲ့ရသော ဘဝပြောင်းလဲမှုပါဘဲ။
ကျေးဇူးရှင် “ဃောသက” သူဌေးကြီးနှင့်တကွ အသိုင်းအဝိုင်းမိသာစု အားလုံးဘေးကင်းရန်ကွာ ချမ်းသာကြပါစေခြင်းငှာ မိမိကိုယ်ကိုယ် အနစ်နာခံခြင်းပင်ဖြစ်သည်။ ထိုသို ့စတေးလိုက်ခြင်းအတွက်မိမိဘဝမှာ ကြည်နူးဖွယ်ရာ ရသ တစ်ခုကိုတွေးမိတိုင်း ဝမ်းသာရပါသည်။
သူမအနေဖြင့် မဟာရာဇာအပေါ်မှာဇနီးမယားတစ်ယောက်ရဲ ့ တာဝန်ဝတ္တရားကို တတ်နိုင်သမျှ ကျေပွန်အောင် နေခဲ့ပါသည်။မိန်းမသားဘဝဆိုတာ တစ်ကယ်တော့ ပေးဆပ်ခြင်းသက်သက်ပါလား။

မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးလှပါသည် ဆိုသော ပုရိသ ယောကျင်္ား တို ့၏ဂရုစိုက်အရေးပေးမှုသည်
အမှန်စင်စစ် သူတို ့၏အလိုရမ္မက်နှင့် အာသာဆန္ဒ ကိုဖြည့်စွက်ခြင်းသက်သက်မျှသာဖြစ်သည်။
“ယောက်ျားတို ့စိတ် မြင်တိုင်းညိတ်လျှက်၊ ဆိတ်၏အလား၊ နွား၏သဘော ၊အာရုံပြောတိုင်း လိုက်လျောထွေပြား။သူအခြားနှင့်…” ဆိုသည့်စကားကဲ့သို ့ သူမအားချစ်မြတ်နိုးလှပါသည်ဆိုသော
မဟာရာဇာသည်  ဥဇ္ဇေနီပြည် မှ “စဏ္ဍပစ္စောတမင်း” ၏သမီးတော် “ဝါသုလဒတ္တ” အား ဆင်ဖြင့်ခိုးယူကာ
တောင်ညာစံမိဖုရားမြှောက်ခဲ့သည်။ထိုမျှမကသေး ကုရုတိုင်းမှပုဏ္ဏားမျိုးနွယ် “မာကဏ္ဍီ ”ဆိုသည့်
အလှကညာတစ်ပါးက်ိုလည်း မေတ္တာပွားပြီး မြောက်ညာစံမိဖုရားမြှောက်ခဲ့ပြန်ပါသည်။

သူမကိုယ်တိုင်က ဘုရင့်မိဖုရားခေါင်ကြီးဆိုသော ဂုဏ်ပုဒ်ကို ငမ်းငမ်းတက် မမက်မောသူမို ့မယားသုံးယောက်စင်ပြိုင်ထားသော်လည်းမနာလိုဝန်တိုစိတ်မရှိခဲ့ပါ။မဟာရာဇာကိုလည်းမိမိတစ်ယောက်တည်းပိုင်ဆို်င်လိုစိတ်ဆိုတဲ့လောဘတဏှာ မဝင်ပူးသောကြောင့်
စိုးရိမ်သောကလည်း မရှိခဲ့ပါဘူး..။
ပြီးတော့ ပန်းသည် ဒေါ်သုမနအိမ်မှာ မြတ်ဗုဒ္ဓရဲ  ့တရားရေအေးကို အမေဒေါ်ခုဇ္ဇုတ္တရာ နာကြားခဲ့ပြီး သူမအားတဆင့်ပြန်လည်ဝေမျှပေး
လို ့သူမကိုယ်တိုင်လည်း  လောကအပူ သောကအပူတွေ ကို ဓမ္မတည်းဟူသော မြတ်ဗုဒ္ဓရဲ  ့တရားရေအေးမှာ အေးချမ်းစွာနေခွင့်ရခဲ့ပြီလေ။

*** ဘဝဟူသည် အိမ်မက်ပမာမျှသာဖြစ်သည်။အိပ်ရာမှနိုးထလာသောအခါ အိမ်မက်သည် ပြယ်လွင့်ကုန်ဆုံးပျောက်ပျက်ရမြဲသာတည်း။
ဤခဏတာဘဝတိုတိုလေးတွင် အပြစ်ကင်းကင်း နဲ ့ငြိမ်းငြိမ်းချမ်းချမ်းလေး  နေတတ်ရန်သာအရေးကြီးသည်။ထိုသို ့ငြိမ်းချမ်းစွာနေနိုင်ဖို ့
လောက၌လည်းကောင်း၊မိမိရင်၌လည်းကောင်း ဓမ္မတည်းသောဟူသောတရားရှိဖို ့လိုသည်။
လောက၌လည်းကောင်းမိမိကိုယ်၌လည်းကောင်း တရားတည်းဟူသောဓမ္မမရှိလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဘယ်တော့မှမရှိနိုင်။
နိုင်ငံတစ်နိုင်ငံ နဲ ့တစ်နိုင်ငံ စစ်ပွဲတွေ ဖြစ်နေတာ .တစ်ဦးနဲ ့တစ်ဦး လောဘ ဒေါသ မာန တွေနဲ ့ညှင်းဆဲသတ်ဖြတ်နေတာ
အချင်းချင်းရန်ငြိုးဖွဲ ့မုန်းတီးနေကြတာတွေဟာ ဓမ္မတည်းဟူသော တရားအမှန်ကို နှလုံးမသွင်းတတ်လို ့ပါဘဲ။
တဏှာ၏အလိုကိုချဲ ့ထွင်ပွားစီးနေသူသည် ဘဝကို တက်မက်နေသူများသာတည်း။ထိုသူတို ့သည် ဘဝ၏ မမြဲ-ဆင်းရဲ-အနှစ်မဲ့-မတင့်တယ်မှု-သဘောာတို ့ကိုမမြင်။မြဲခြင်း-ချမ်းသာခြင်း-အနှစ်ခိုင်မာခြင်း-တင့်တယ်ခြင်းအသွင်ထင်နေတတ်၏။လောက၌ အမှန်ဆည်းကပ်ကိုးကွယ်ရမည်မှာ.လောဘ-မောဟ-ဒေါသ-က္ကုဿ။မစ္စရိယ၊ နဲ ့ယှဉ်သော အကုသိုလ်မဟုတ်။အရိုးကိုအရေဖုံးထားသည့်
မတင့်တယ်ဖွယ်ခန္ဓာမဟုတ်၊ အိုခြင်း-နာခြင်း-သေခြင်း သဘောရှိသော မမြဲသည့်ဘဝ မဟုတ်။ရတနာသုံးပါးနှင့် မြတ်ဗုဒ္ဓ ၏ တရားများသာ
ဖြစ်သည်။မြတ်ဗုဒ္ဓ ၏တရားသည်သာ အားကိုးရာအမှန်ဖြစ်သည်။ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ရခြင်း ရည်ရွယ်ချက်မှာလည်း
မိမိနှင့်ဆက်ဆံရေရသော ပတ်ဝန်းကျင်နှင့်လောကအတွက် အမှနတကယ်ငြိမ်းချမ်းဖို ့ရာ ဓမ္မတည်း။
ဓမ္မနှင့်ယှဉ်၌ ဖြည့်စွက်ရမည့်အားမှာ ဗြဟ္မစိုရ် တရားလေးပါးဖြစ်၏ ဗြဟ္မစိုရ်တရားဟူသည်ကာ..

(၁) အယုတ်အလတ်အမြတ်မရွေး သတ္တဝါအားလုံးအပေါ်မှာ ချစ်ခင်ခြင်း                            (မေတ္တာ)
(၂)မိမိထက်နိမ့်ပါး၊ဆင်းရဲသောသူများအပေါ် သနားကြင်နာစွာ စောင့်ရှောက်တတ်ခြင်း            (ကရုဏာ)
(၃)မိမိထက်သာသော၊ မြင့်မြတ်သောသူများအပေါ်မနာလိုစိတ် က္ကုဿ မဖြစ်ပဲ ဝမ်းမြောက်ခြင်း   (မုဒိတာ)
(၄)မိမိရန်သူ၊ချစ်သူ ခင်သူမခွဲခြားပဲ အားလုံးအပေါ်မှာ အညီအမျှလျစ်လျူပြုခြင်း                   (ဥပေက္ခာ)

“မေတ္တာ” ဟူသည်..
လောကသားတို ့အားစုစည်းသိပ်သည်းခြင်းကိုဖြစ်စေသည်။ ထိုမေတ္တာသည် မိဘချစ်၊ သားသမီးချစ်၊ သမီးရည်းစားချစ်၊လင်မယားချစ်၊
နှင့်လုံးဝမသက်ဆိုင်၊လောကသားတို ့အပေါ်ဆင်းရဲချမ်းသာမရွေး၊ လူမျိုးဘာသာမရွေး၊ အယုတ်အလတ်အမြတ်မရွေး တစ်ပြေးညီချစ်သောအချစ်၊ လောကအချစ်ကို ဆိုလိုသည်။ တက်မက်သောလောဘတဏှာ၊အမျက်ထွက်သော ဒေါသတဏှာ မရှိ အဖြူထည်သက်သက်ဖြစ်သည်။မဟာလူသားဖြစ်သော မြတ်ဗုဒ္ဓ သည် ဒေဝဒတ်-အင်္ဂုလိမာလ-သားတော်ရာဟုလာ တို ့ အားလုံးအပေါ်မည်သူ ့ကိုမျှ အပိုအလိုမရှိ မေတ္တာတော်အနန ္တ ဖြင့် ညီတူညီမျှချစ်ခင်သည်။
သူမကိုယ်တိုင်သည်လည်း မဟာရာဇာအပေါ်၌လည်းကောင်း၊ဝါသုလဒတ္တ အပေါ်၌လည်းကောင်း၊ မာကဏ္ဍီ အပေါ်၌လည်းကောင်း၊
အပိုအလိုမရှိတစ်ပြေးညီ၊တစ်သားတည်းချစ်နိုင်သောအချစ်မျိုးသည် ဓမ္မ၏အားသစ်ပင်ဖြစ်သည်။

လောကလူသားတို ့၏ ဆင်းရဲမှုကို သနားခြင်း၊ဖယ်ရှားပေးလိုခြင်း၊ကယ်တင်လိုခြင်း၊တို ့သည် “ကရုဏာ” တရားပင်ဖြစ်သည်။
လောက၏အကျိုးစီးပွါးကို ဆောင်ရွက်ရာတွင် ကရုဏာတရားလောက် အစွမ်းထက်သောတရားမရှိ၊နိုင်ပေ၊

“မုဒိတာ”ဆိုသည်ကာ သူတစ်ပါးပြည့်စုံကြွယ်ဝမှု၊ အဆင့်အတန်းမြင့်မှု၊ဂုဏ်သတင်းကြော်ကြားမှုတို ့၌ မနာလို-က္ကုဿ မရှိ၊ မိမိထက်သာလွန်စေခြင်း၊သာလွန်သည့်တိုင်ဝမ်းမြောက်နိုင်စွမ်းရှိသည်။အလုံးစုံသောချမ်းသာသည့်လူသားအားလုံးအပေါ်၌ တစ်သားတည်း
မြင်တတ်သောတရားသည် မုဒိတာတရားဖြစ်သည်။

“ဥပေက္ခာ” ဟူသည်ကား အကျိုးတစ်စုံတစ်ရာ၌ ပြုခဲ့မိသော အတိတ်ကံ ပစ္စုပ္ပန်ကံ သာလျှင်အကြောင်းတရားဖြစ်သည်ဟု ဝမ်းမနည်း။ ဝမ်းမသာ လျစ်လျူပြုရသည်မဟုတ်၊မိမိပြုခဲ့မိသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့်အကျိုးတစ်စုံတစ်ရာမျှော်လင့်ခြင်းကိုသာ
လျစ်လျူရှု ရသည်ဖြစ်၏။

မိမိအပေါ်ရန်ငြိုးထားလျှက် အသက်ကိုရန်ပြုတတ်သူကိုပင် မိမိ၏သည်းခံခြင်းအရည်အသွေး အရောင်တင်ရာ၌ ပါရမီဖြည့်ဖက်အဖြစ်
အသိအမှတ်ပြုကာ ခွင့်လွှတ်နိုင်ရမည်လို ့မြတ်ဗုဒ္ဓဟောထားပါသည်။

**********************************************************

ယခု….သူမအတွက်ပါရမီဖြည့်ဖက်ဖြစ်သော….
မဟာရာဇာ ၏ တတိယမြောက်ကြင်ယာတော်…
“မာကဏ္ဍီ”..သူမ အခန်းထဲသို ့တစ်လှမ်းချင်းဝင်လာနေသည်။
နတ်မိမယ်အလား လှနိုင်လွန်းသည့်သူ ထိုအလှကြောင့်ပင် မာန်တက်နေသောအသွင် ထက်မြတ်စူးရှသောမျက်လုံးနဲ ့ဟန်ပန်အမူအရာ ဘုရင့်မိဖုရားတစ်ဦးပေမို ့သူမထိုင်နေသောညောင်စောင်းမှအသာလေးနေရာရွေ ့ပေးလိုက်သည်။သူမအခြွေအရံဖြစ်သော သုဇာ၊မုဒြာနဲ ့အမေခုဇ္ဇုတ္တရာ တို ့က “မာကဏ္ဍီ” အားနှစ်သက်ပုံမရပါ။သူမကမူ အလေ့အကျင့်ရပြီးသားမို ့သူမထံရောက်လာသူမှန်သမျှ
ကျန်းမာ ချမ်းသာ ပါစေကြောင်း မေတ္တာဖြန် ့ကျက်ပေးပါသည်။

“ထိုင်မယ်နော်..”

ဟူသောစကားနှင့် တစ်ပြိုင်တည်းသူမနဲ ့ပခုံးချင်းယှဉ်ပြီး ဝင်ထိုင်လိုက်သည်။သူမနှင့်တန်းတူပါဆိုသည့်အချက်ကို အမူအရာနှင့်ပညာပြလိုက်မှန်းသိနေပါသည်။

“သာမာ နဲ ့ဝါသုလတို ့မိဖုရားနှစ်ပါးလုံးကျွန်မကို လိုက်လျောကြိုဆိုမှု မရှိတာဘာလို ့လဲ။မနှစ်သက်ကြဘူးလား ”

“ကိုယ်တို ့နှစ်ယောက်လုံးဟာ အေးအေးဆေးဆေးနေကြတဲ့သူတွေပါ မာကဏ္ဍီ”

“ထားပါတော့လေ သာမာ့အဆောင်ကို ကျွန်မလာတာရော ကြည်ဖြူလိုလားပါရဲ ့လား”

“ဧည့်သည်ဆိုတာ မဖိတ်ပဲနဲ ့လဲ လာတတ်ပါတယ်၊ဖိတ်ပေမယ့်လည်းလာချင်မှလာတတ်တယ်၊လာတဲ့အတွက်အတွက်ရော
မလာတဲ့အတွက်ရောကိုယ့်မှာ ဘာခံစားချက်မှမရှိဘူး။အိမ်ရှင်ဝတ္တရား ကျေဖို ့ကိုပဲကိုယ်အလေးထားတယ်”။

“ဒါဖြင့်သာမာ့နှလုံးသားဟာခံစားမှုမရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပေါ့၊မဟာရာဇာ့အပေါ်မှာလဲဒီလိုပဲသဘောထားလား”

မာကဏ္ဍီ၏စကားတဖြည်းဖြည်းနယ်ကျွံလာပြီထင်မိသည်။

“မဟာရာဇာကဧည့်သည်မှမဟုတ်ပဲ မာကဏ္ဍီ သူကအိမ်ရှင် အိမ်ဦးနတ်လေ သူပိုင်ဆိုင်ထားတဲ့မိဖုရားဆီလာတာလေ။
ကို်ယ့်အနေနဲ ့ဇနီးမယားတစ်ယောက်ရဲ ့ဝတ္တရားကျေအောင်တော့ အမြဲဖြည့်ဆည်းပေးခဲ့ပါတယ်။
မာကဏ္ဍီအနေနဲ ့အယူအဆရော စကားတွေပါ ရောထွေးလို ့မရပါဘူး”

မာကဏ္ဍီ မျက်နှာတစ်ချက်တော့ပျက်သွားသည်။သို ့သော်ပါးနပ်စွာချက်ချင်း ပြန်ပြုံးပြနိုင်သည်။

“သာမာကစကားပြောတာတော်တယ် ဒါ့ကြောင့် မဟာရာဇာ က သာမာ့ကို အမြဲဦးစားပေးတယ်ထင်ပါရဲ ့”

မာကဏ္ဍီရဲ ့မျက်နှာပြုံးမြမြရှိနေပေမယ့် မျက်လုံးကိုထိုးဖောက်ပြီးရင်တွင်းက စိတ်ထားမှာတော့ မနာလို ဝန်တိုခြင်း
က္ကုဿာမစ ္ဆရိယ ခြံရံထားတဲ ့ကိလေသာ ခိုးတွေလျှံဝေနေပေလိမ့်မည်။

“ဒါက မဟာရာဇာနဲ ့သက်ဆိုင်တဲ့ ကိစ္စပါ။ကိုယ့်အနေနဲ ့ မဟာရာဇာအပေါ်ထားတဲ့မေတ္တာမျိုး မာကဏ္ဍီနဲ ့ဝါသုလတို ့မိဖုရားနှစ်ဦးလုံးအပေါ်မှာ အတူတူပဲထားတယ်။
ကိုယ့်ဘက်က ဖြူစင်မွန်မြတ်တဲ ့စေတာထားရင် အဲ့ဒီစေတနာနဲ ့တူမျှတဲ့အကျိုးကို တစ်နေ ့ခံစားရ မှာဘဲ
စေတနာသည် ကံတဲ့ ဒါ့ကြောင့်ကိုယ့်ရင်ထဲမှ ကောင်းမြတ်ဖြူစင်တဲ့စိတ်စေတနာရှိအောင်ပဲကြိုးစားခဲ့တယ်။”

“သာမာ့ရဲ ့အတွေးအခေါ်ပညာလေးက ဆန်းလှချေလား ”

ကိုယ့်ရဲ ့အတွေးအခေါ်မဟုတ်ပါဘူးမာကဏ္ဍီ မြတ်ဗုဒ္ဓရဲ ့အဆုံးအမ ဓမ္မတရား ပါ”

ဘာ- ဗုဒ္ဓ -ဟုတ်လား”

အံ့ဩမှု-ခက်ထန်မှု- တင်းမာမှုများ မာကဏ္ဍီ၏ မျက်နှာပေါ်မှာ လျှပ်စီးလက်သလို တစ်မျိုးပြီးတစ်မျိုးပြောင်းလဲသွား၏။

“ဗုဒ္ဓ ”ဟူသောအသံကို ကြားရတဲ့သူတိုင်း စိတ်နှလုံးနူးညံ့ပျော့ပြောင်းသွားကြရစမြဲဖြစ်ပါလျှက် ယခု “မာကဏ္ဍီ ”ကျတော့
ဘာ့ကြောင့်များရန်သူတစ်ယောက်တွေ ့သလို ခက်ထန်သွားပါလိမ့် စဉ်းစားမရ။

“ဗုဒ္ဓကို သာမာဘယ်တုန်းကတွေ ့ခဲ့လဲ ဘယ်မှာတွေ ့တာလဲ”

“ကောသမ္ဗီပြည်ကို ဗုဒ္ဓကြွရောက်တော်မူခဲ့ပါတယ်.မြတ်ဗုဒ္ဓရဲ ့တရားတော်တွေကို ကိုယ်တိုင်မနာကြားခဲ့ရပါဘူး၊
အမေ ဒေါ်ခုဇ္ဇုတ္တရာ ထံကနေဆင့် ဟောပြလို ့သာ နာခဲ့ရတာပါ”

မာကဏ္ဍီမျက်နှာမူရာနံရံ၌ လေသာပြတင်းပေါက် တစ်ပေါက်ရှိနေသည်။

“ဒီပြတင်းပေါက်က ဘာအတွက်ဖောက်ထားတာလဲ”

ဗုဒ္ဓအကြောင်းပြောနေရင်းအဆက်အစပ်မရှိ ပြတင်းပေါက်ဆီသို ့ရောက်ပြန်သည်၊သူမဘယ်လိုဖြေရမှန်းမသိ။

“ဘယ်လိုလဲသာမာ၊ဒီပြတင်းပေါက်က ဘာ့အတွက်ဖောက်ထားတာလဲဆိုတာ မဖြေနိုင်တော့ဘူးလား”

မဟာရာဇာ လေသံဖမ်းပြီးသူမအားစစ်လားဆေးလားလုပ်နေသည်မှာ စိတ်ပျက်စရာတော်တော်ကောင်းလှပါသည်။
သူမကိုယ်တိုင် ဒေါသကိလေသာ မဝင်မိအောင် သတိလေးနဲ ့စိတ်ကိုဆုံးမထားနေသည်မို ့သည်းခံနေနိုင်ခြင်းဖြစ်သည်။

“ဗုဒ္ဓကို ကိုယ်တိုင်ဖူးတွေ ့ရဖို ့မလွယ်ဘူးလေ ၊ဒါ့ကြောင့် ဗုဒ္ဓ နဲ ့သာဝကတွေ ဆွမ်းခံကြွလာတဲ့ အချိန်မှာဖူးတွေ ့နိုင်အောင်ဖောက်ထားတာပါ”

သူမရဲ ့အဖြေသည် မဟာရာဇာအမျက်ရှ စေနိုင်သောအဖြေဖြစ်မည်ကို သိနေပါသော်လည်း လိမ်လည်ခြင်းမပြုပဲ အမှန်အတိုင်းသာ ဝန်ခံလိုက်သည်။သောတပန်တို ့မည်သည် ငါးပါးသောသီလကို အသက်နှင့်လဲ၍ လုံခြုံအောင်စောင့်ရှောက်တတ်၏။မိမိအသက်ကိုသာအသေခံမည် သီလကို တော့အကျိုးမခံပါ။ဒီလိုမြင့်မြတ်တဲ့
တရားနဲ ့ကိုယ်ကျင့်သီလကို မြတ်ဗုဒ္ဓရဲ ့သာသနာမှာသာ နာကြားခွင့် ကျင့်ကြံခွင့်ရခဲ့သည်ပဲ။သူမ ရတနာသုံးပါးကို အသက်နှင့်လဲဤကြည်ညိုမိပါသည်။

“မဟာရာဇာသိရဲ ့လား သာမာ”

“မသိဘူး မာကဏ္ဍီ မကောင်းမှုအကုသိုလ် လုပ်နေတာမဟုတ်ဘူး၊မင်းအာဏာကို ထိခိုက်တာမဟုတ်ဘူးလေ”

“ဒါပေမယ့် ကိုယ်တို ့ဘာသာတရားနဲ ့မဇ္ဈိမအမျိုးသမီးတွေရဲ ့ဓလေ့ထုံးတမ်းကို ချိုးဖောက်ရာကျတယ်လေ
ကိုယ့်ခင်ပွန်းရဲ ့နောက်ကွယ်မှာ အခြားတစ်ယောက်ကိုအမြဲ ကြည့်တာဟာ အပြစ်လေ ”

သူမကို “မာကဏ္ဍီ ” အထင်လွဲနေပြီပဲ..

“ဗုဒ္ဓဟာ ကိလေသာပြည့်နေတဲ့ သာမန်လူသားမဟုတ်ဘူး မာကဏ္ဍီ ကိလေသာတဏှာကင်းနေတဲ့ကြည်ညိုစရာ
ပုဂ္ဂိုလ်ထူး ။လူသားတွေကို ကိလေသာတဏှာနွံကနေ ချမ်းသာခြင်းဆိုတဲ့ နိဗ္ဗာန်ရောက်အောက်တရားပြပေးနေတဲ့ပုဂ္ဂိုလ်
မြတ်ဘုရားရဲ ့တရားတော်ဟာ လူသတ်သမား အင်္ဂုလိမာလကိုယ်တောင် ယဉ်ကျေးအောင်ဆုံးမနိုင်ခဲ့ပါတယ် မာကဏ္ဍီ။
လောကရဲ ့တရားသခင်မို ့
“ဗုဒ္ဓ ” ကိုသန် ့ရှင်းစင်ကြယ်တဲ့စိတ်နဲ ့ကြည်ညိုတာပါ ညစ်ညမ်းတဲ့ကိလေသာတဏှာစိတ်နဲ ့မဟုတ်ပါဘူး ”

မာကဏ္ဍီ မကျေနပ်စိတ်နဲ ့သူမအားနှုတ်မဆက်ပဲ ထပြန်သွားသည်။

မာကဏ္ဍီ သူမထံသို ့ရောက်လာခြင်း၏အကြောင်းအရင်းကို သိသွားပါပြီ။သူမကိုပြဿနာလုပ်ဖို ့မာကဏ္ဍီ အတွက်ခိုင်လုံသည့်
အကြောင်းပြချက်ရသွားပြီပဲ။

*****************************************************

သူမသည်ကြောက်ရွံ ့တုန်လှုတ်ခြင်းကင်းစွာနဲ ့မဟာရာဇာကို ရင်ဆိုင်လိုက်သည်။ရွှေသမင်ဘယ်ကထွက် ဘုရင်ကြီးတာကထွက်
ဆိုသလို ဒီမေးခွန်းဟာ “မာကဏ္ဍီ” ကနေတဆင့်လာတယ်ဆိုတာ သိလိုက်ပါပြီ။

“မောင်တော် ဘာမေးလိုက်တယ်ဆိုတာ ထပ်ပြီးမိန် ့တော်မူပါဦး”

“နှမတော်ရဲ ့အဆောင်မှာ ထူးထူးခြားခြား ပြတင်းပေါက် ဖောက်ထားတာ တွေ ့မိလို ့မေးတာပါ”

မဟာရာဇာက မသိသလို ထပ်ပြောပြပေမယ့် “မာကဏ္ဍီ” ရဲ ့ချွန်တွန်း စကားဆိုတာ သူမသိနေပါသည်။

“နှမတော် မောင်တော့်အပေါ်မှာ လိမ်ညာမပြောတတ်ဘူးဆိုတာ ယုံပါသလား မောင်တော်”

“ယုံပါတယ် နှမတော် မောင်တော့်အပေါ်မှာ အမြဲတမ်း နူးညံ့သိမ့်မွေ ့စွာပြောတဲ့ နှမတော်ဟာ မညာတတ်ဘူးဆိုတာ
ယုံပြီးသားပါ။ဒါ့ကြောင့်လဲနှမတော်ကို အားလုံးထက်မောင်တော်ပိုမြတ်နိုးတာပါ”

“ဒီလိုဆိုရင်နှမတော် အကြောင်းစုံလျှောက်ပါ့မယ်…
ပန်းသည်ဒေါ်သုမန အိမ်မှာ အမေ ခုဇ္ဇုတ္တရာ  ပန်းသွားဝယ်ရင်း မြတ်ဗုဒ္ဓရဲ ့တရားတော်ကို နာကြားခွင့်ရခဲ့ပါတယ်။
အရင်တုန်းက မောင်တော် ပေးနေကျပန်းဖိုး ရှစ်ကျပ် ကို လေးကျပ်ဖိုး ပဲဝယ်ပြီးကျန်တဲ့လေးကျပ်ကို ခိုးယူခဲ့ပေမယ့်
မြတ်ဗုဒ္ဓရဲ ့တရားတော်ကို နာကြားခွင့်ရပြီးတဲ့နောက်မှာ ခိုးချင်တဲ့ အကုသိုလ်စိတ်တွေ လုံးဝမရှိတော့ဘူးတဲ့.
ငါးပါးသီလ ကိုလည်း ကျုးလွန်လိုတဲ့ဆန္ဒမရှိတော့ဘူးတဲ့။
ခန္ဓာရဲ ့ဒုက္ခ ဘဝရဲ ့အပြစ်တွေကို လဲ သိမြင်ခဲ့တယ်တဲ့။ဒါ့ကြောင့် နှမတော် လဲ အမေ ခုဇ္ဇုတ္တရာ သိတဲ့တရားတွေကို ကိုယ်တိုင်သိချင်လို ့ တဆင့်ဟောပြခိုင်းခဲ့ပါတယ်။မြတ်ဗုဒ္ဓရဲ ့တရားတော်ကို အမေခုဇ္ဇုတ္တရာ.ကနေတဆင့်နာကြားခွင့်ရလို ့
မြတ်ဗုဒ္ဓကို လေးစားကြည်ညိုမိပါတယ်။ မြတ်ဗုဒ္ဓကို ကိုယ်တိုင်ဖူးတွေ  ့ပြီး ကိုယ်တိုင်တရားနာချင်ပေမယ့်
မဇ္ဇျိမ ဓလေ့အရ အမျိုးသမီးတွေ အိမ်တွင်းပုန်းရမယ်၊ ပြင်ပနဲ ့ကူးလူးဆက်ဆံခွင့် မရှိလေတော့၊နှမတော်တို ့
မှာအပြင်ထွက်ပြီးမြတ်ဗုဒ္ဓကို ဖူးမြော်ကြည်ညိုခွင့် မရခဲ့လို ့ပြတင်းပေါက်ဖောက်ပြီး ဖူးတွေ ့မိပါတယ်မောင်တော်”
ပြီးတော့ မင်းအုပ်ချုပ်ရေးနဲ ့မငြိစွန်းမထိခိုက်လို ့ မောင်တော့်ကို အသိမပေးပဲဖောက်ထားခဲ့မိတာပါ”

အချက်အလက် ခိုင်မာစွာနဲ ့သူမရှင်းပြတော့ မဟာရာဇာပြုံးလျှက်ခေါင်းညိတ်နေ၏။

“နှမတော်ကို မောင်တော် မြတ်နိုးတာ အမှန်တရားကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်၊စိတ်ထားမြင့်မြတ်တယ်
..တခြားမိဖုရားတွေမှာမရှိနိုင်တဲ့ အရည်အချင်းတွေပဲနှမတော်”

“ဗုဒ္ဓကို ကိုယ်တိုင်ဖူးတွေ ့ချင်သလားနှမတော်”

ပြုံးနေရာမှ ချက်ချင်း ခက်ထန်သောစကားမျာကြောင့်သူမအံ့သွားရပါသည်။ဘယ်လိုသဘောထားဖြင့်မေးမှန်းမသိပေမယ့်
အမေးရှိလာတော့ အဖြေရှိရ မှာမို ့သူမရင်ထဲက အတိုင်းဖြေလိုက်ပါသည်။

“တစ်ကယ်ကြည်ညိုမိတာမို ့ တစ်ကယ်ဖူးတွေ ့ချင်ပါတယ်မောင်တော် .တက်မက်တဲ့ တဏှာစိတ်နဲ ့မဟုတ်ပါဘူး
လောကရဲ ့တရားသခင် မို ့လေးစားစိတ်နဲ ့ဖူးမြော်ကန်တော့ချင်ရုံသက်သက်ပါ။တရားနာချင်ရုံသက်သက်ပါမောင်တော်”

သူမ မဟာရာဇာ မျက်ဝန်းကို မော်ကြည့်မိတော့ ဒေါသဝေနေတဲ ့အငွေ ့အသက်တွေ တွေ ့နေရပါသည်။
သူမ၏စကားတွင်အမှားမပါတာတော့ ကိုယ်တိုင်ဝန်ခံရဲပါသည်။

“ဒါဆိုရင် ဗုဒ္ဓအပေါ်သက်ဝင်ကြည်ညိုသူတွေအားလုံးကို မောင်တော်က သေဒဏ်ပေးမယ်ဆိုရင်ကော”

သူမရင်ထဲ ဟာခနဲဖြစ်သွားသည်၊မဟာရာဇာ ၏ အသိညဏ်တွေ နားလည်မှုတွေ “မာကဏ္ဍီ ” ရဲ ့ပယောဂ ဝင်ပူးခံနေရပြီးလား။
နှလုံးသားတစ်ခုလုံး တုန်လှုတ်သွားမိသည်။သေခြင်းတရားကို ကြောက်ရွံ ့လို ့တော့မဟုတ်ပါ။ ဗုဒ္ဓ အပေါ်မောင်တော် အထင်မှားအမြင်မှားလို ့စော်ကားခဲ့ရင် အကုသိုလ်အပြစ်ကြီးမှာစိုးသောကြောင့်
မောင်တော့် အပေါ်သနားဂရုဏာစိတ်နဲ ့တုန်လှုတ်သွားတာပါ။

“ပြောလေ နှမတော် သေဒဏ်ကျခံပြီး ဗုဒ္ဓ ကို ကိုးကွယ်ဝံ့သလား”

သူမအသက်ကို ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး  စိတ်ကို တည်ငြိမ်သွားအောင် ဓမ္မအားသစ်တွေစုစည်းလိုက်သည်။

“ဗုဒ္ဓကို ကြည်ညိုမိလို ့သတ်မယ်ဆိုရင် အသေခံရဲပါတယ်မောင်တော် ..ဘာလို ့လဲဆိုတော့ မှန်ကန်တဲ့အတွေးအမြင်တွေ သိခွင့်ရသွားလို ့ပါဘဲ။ဗုဒ္ဓရဲ ့လမ်းညွှန်ဆုံးမမှုတွေဟာ ဗြဟ္မဏတွေ ကိုးကွယ်နေတဲ့ အယူအဆ တွေထက်သာလို ့မြင့်မြတ်လို ့ပါပဲ ။
အခုဆိုရင်မြတ်ဗုဒ္ဓရဲ ့ မင်းမျိုးမင်းနွယ်တွေအားလုံး မင်းစည်းစိမ်ချမ်းသာတွေစွန် ့ပြီးသာသနာ့ဘောင်မှာ ပျော်မွေ ့နေတာဟာ စစ်မှန်တဲ့ငြိမ်းချမ်းခြင်းတွေ
တွေ ့သွားလို ့ပါဘဲ။ ဗုဒ္ဓဟာ ဘာသာ သာသနာအတွက် လူသတ်ပြီး မစည်းရုံးဘူး။ဗုဒ္ဓဝါဒ ကိုလက်ခံနိုင်အောင်
မေတ္တာတော်နဲ ့သွန်သင်ညွှန်ပြပေးခဲ့ပါတယ်၊ ဗုဒ္ဓ ရဲ ့တရားတော်တွေအားလုံးဟာ အကြောင်းအကျိုးခိုင်လုံတယ်။
ဝေဖန်ဆန်းစစ်နိုင်တယ် ၊မေးမြန်းဆွေးနွေးနိုင်တယ်၊ မှန်မမှန်သေချာအစမ်းသပ်ခံနိုင်တယ်၊တစ်ဖက်စွန်းရောက်တဲ့ အယူဝါဒမဟုတ်ဘူး။တစ်ကယ်ကျင့်ကြံခဲ့ရင် လက်တွေ ့ဘဝမှာပဲ လောဘ ၊ဒေါ ၊မောဟ
ကင်းစွာနဲ ့စိတ်ချမ်းသာခြင်း။စိတ်တည်ငြိမ်ခြင်း တွေခံစားရတယ်၊။ ဗြဟ္မဏ အယူအဆတွေထက်သာလို ့နှမတော် ကိုးကွယ်ကြည်ညိုမိတာပါ။
အသက်ထက်ဆုံးကြည်ညိုကိုးကွယ်ဆည်းကပ်မှာမို ့သတ်ရင်လဲသေရဲပါတယ် မောင်တော် ၊သေခြင်းတရားဆိုတာ လူတိုင်းတွေ ့ကြုံရမယ့်တရားပါ။နှမတော်စောင့်ထိန်းခဲ့တဲ့ ငါးပါးသီလနဲ ့ရတနာသုံးပါး အပေါ်အသက်ပေးပြီးကြည်ညို ရတဲ့ ကုသိုလ်စိတ်ဟာ သံသရာတစ်လျှောက်လုံးမှာ အမြင့်မြတ်ဆုံးအဖြစ်မှတ်တမ်းဝင်သွားမှာပါ။”

သူမရဲ ့ပြတ်သားသောစကားများကြောင့် မဟာရာဇာ မျက်နှာပြန်ပြုံးလာပါသည်၊သည်တော့မှ မဟာရာဇာ့ပရိယာယ် ကို သူမ  ကောင်းစွာသိသွားပါသည်။

“ထပ်ဆင့်တိုးပြီးလေးစားရပါတယ် နှမတော်….. နှမတော်ကို မောင်တော်ထပ်ပြီးဆုချီးမြှင့်တော်မူမယ်”

မဟာရာဇာ ပေးတဲ့ဆုကြောင့်ပဲ“ ဗုဒ္ဓ”  ကိုလွတ်လပ်စွာ ဖူးမြော်နိုင်
ဖို ့ကျယ်ပြန် ့ခမ်းနားသည့်လေသာပြတင်းပေါက်များ သူမအိမ်မှာ ဖောက်ခွင့်ရသွားခဲ့သည်။

“စေတနာသည် ကံ စေတနာမှန်သည့် ကံတရား။”

အနိုင်အရှုံးစကားသုံးရလျှင်တော့ ဒီတစ်ပွဲ သူမနိုင်ပြီး “မာကဏ္ဍီ” ရှုံးသွားသည်ပေါ့။
သူမအားအလဲထိုးမည့် “မာကဏ္ဍီ ” ၏ အကောက်ညဏ်ပွဲစဉ်က ပြီးပြတ်မည်မဟုတ်သေးပါ။ဘာ့ကြောင့်များ သူမကိုရော သူမကြည်ညိုသည့် ဗုဒ္ဓကိုပါ မုန်းနေရမှန်းမစဉ်းစားတတ်တော့ပါ။

****************************************************************
“သခင်မလေး ကြားပြီးပြီလားဟင်”

“ဘာကိုကြားရမှာလဲ သုဇာ ရဲ ့ အရင်းမရှိအဖျားမရှိ…”

“ပြောချင်စိတ်တွေများသွားလို ့ပါသခင်မလေးရဲ ့ ဟို…သခင်မ အချစ်တော်လေ…”

“လာပြန်ပြီ..သခင်မအချစ်တော်က ဘယ်သူတုန်း မသိပါလား..”

“ ဘယ်သူရှိရမှာလဲ မာကဏ္ဍီ လေ”

“မာကဏ္ဍီ ဘာဖြစ်လို ့လဲ သုဇာ”

“မြို ့တွင်းမှာ ဆွမ်းခံကြွနေတဲ့ ဗုဒ္ဓကို မာကဏ္ဍီက သူ ့လူတွေနဲ ့လိုက်ဆဲခိုင်းတယ်တဲ့…”

“ဟင်..”
ကြားလိုက်ရတဲ့ စကားက သူမနားကိုယ်ပင်မယုံကြည်နိုင်ပါ။ ရုပ်ကလေး မှုန်နေအောင် လှတဲ့ မာကဏ္ဍီမှာ အဲ့ဒီလိုယုတ်ညံ့တဲ့ စိတ်ထားတွေရှိနေပါလား.မိဖုရားဆိုတဲ ့ဂုဏ်သိက္ခာ နဲ ့တောင် မတန်အောင် အောက်တန်းကျလှချေလား။

“ဗုဒ္ဓကို ဘာလို ့များ အညှိးတကြီး ရှိရတာလဲနော်..”

သူမဘာသာညည်းညူမိသည်။

”“အဲ့ဒီအကြောင်းလား ကျွန်မ သိပါတယ် သခင်မလေး..”

“ဆိုစမ်းပါဦး မုဒြာ က သိလှချေလား..”

“မာကဏ္ဍီ တို ့နယ်မှာ ကျွန်မတို ့အမျိုးတွေ ရှိတယ် သခင်မလေး၊ သူတို ့ပြောပြတာက.. မာကဏ္ဍီ ကို မဟာရာဇာ မတွေ ့ခင်က
ချောလွန်းလှလွန်းလို ့တဲ့ သူ ့မိဘတွေက တော်တန်ရုံယောကျင်္ားတွေနဲ ့မတန်ဘူးဆိုပြီး ဗုဒ္ဓနဲ ့သွားစပ်ပါတယ်။
ဗုဒ္ဓ က အပုတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ မာကဏ္ဍီ ကို ယူဖို ့မပြောနဲ ့လက်နဲ ့တောင် မတို ့ထိဘူး လို ့ပြန်ပြောတော့
သူ ့လို အချောအလှကို အပုတ်ကောင်လို ့ပြောရကောင်းလား ငြင်းရကောင်းလားဆိုပြီး ဗုဒ္ဓ ကို မုန်းတီးနေတာလေ သခင်မလေး”

“ဪ..”

မုဒြာ ပြောပြချက်ကို ဪ….ဟုသာ သူမညည်းတွားမိသည်။

၁၅၀ဝ ကိလေသာတဏှာနွံ ကို အရဟတ္တမဂ် ညဏ်နဲ ့ပယ်သတ်ထားနိုင်ပြီ ဖြစ်တဲ့ “ဗုဒ္ဓ ”
သစ္စာလေးပါးတရားကို သိမြင်တော်မူတဲ့ “ဗုဒ္ဓ ”ကိုမှ….၊ဖြစ်မှဖြစ်ရလေ မာကဏ္ဍီ ရယ်။

“နောက်ထပ်ဘာတွေထပ်ဖြစ်သေးလဲ ”

“ဘာမှတော့မဖြစ်ပါဘူး သခင်မလေး ဗုဒ္ဓ က မာကဏ္ဍီ ဆဲတာကို ဂရုတောင်မစိုက်ဘူးတဲ့ နောက်တော့ မာကဏ္ဍီ လက်ချက် ဆိုတာသိသွားတော့ သူ ့ကိုပဲ လူတွေကမုန်းကြတာပေါ့”

“အေးကွယ်- ဗုဒ္ဓကိုတောင် စော်ကားရဲတဲ ့အကုသိုလ် ကံက သေးတာမဟုတ်ဘူး မာကဏ္ဍီ အတွက် ရင်လေးမိတယ် သုဇာရယ်..”

ရန်ငြိုးဖွဲ ့တတ်သော၊ကောက်ကျစ်တတ်သော၊ ကလဲ့စားချေလိုသော မာကဏ္ဍီ ၏စိတ်သည် ကြောက်စရာကောင်းလှသလို သနားစရာလည်းကောင်းလှပါသည်။အကုသိုလ်ကံ စေတနာနှင့်တူသောအကျိုးကို တစ်နေ ့ရင်ကော့အောင် သူမခံရပေတော့မည်။
ခက်သည်က လောဘ၊ဒေါသ၊ မောဟာ မာန၊က္ကုဿာမစ္ဆရိယ ၊ဆိုတဲ့ကိလေသာအညစ်အကြေးကိုမြတ်ဗုဒ္ဓ ရဲ ့
တရားရေအေးနဲ ့ဆေးနိုင်မှ ကင်းနိုင်မှာမို ့ အခုလို ဗုဒ္ဓကိုတောင်မုန်းတဲ့ မာကဏ္ဍီ ဟာ ဗုဒ္ဓရဲ ့တရားနဲ ့ပိုဝေးသွားပြီပေါ့။
မြတ်ဗုဒ္ဓ ပွင့်ချိန်ကြုံပါရက်နဲ ့ဖူးခွင့်မရတာ နှမြောစရာကောင်းလှပါသည်။

“ဗုဒ္ဓ” ကို ပြဿ နာရှာပြီးဘာမှမကြာ..မာကဏ္ဍီ တစ်မျိုးထွင်ပြန်သည်။
“ဗုဒ္ဓ” ကိုမနိုင်သောအခါ မာကဏ္ဍီ၏ မြှားဦးသည် ဗုဒ္ဓ အပေါ် ကြည်ညိုမိသော သူမထံလှည့်လာပြန်သည်။

သူမထံ မင်းမှုထမ်းတစ်ဦးက  ကြက် အရှင်များယူလာ၏။
သာမာဝတီ လက်နှင့်ကိုယ်တိုင်သတ်ပြီး မဟာရာဇာ ပွဲတော်တည်ရန် ဟင်းချက်ရမည် ဟု အမိန် ့ထုတ်ထားသည်။
ဘုရင်ပွဲတော်တည်ရန် ဘုရင်တစ်ပါး၏အမိန် ့မည်သူလွန်ဆန်ဝံ့သနည်း ။
သူမအတွက် မင်းအမိန် ့အာဏာကြောက်တာထက် မြတ်ဗုဒ္ဓဟောထားသော အကုသိုလ် တရားပြုလုပ်ရမှာ ပိုကြောက်ပါသည်။
မင်းအမိန် ့ဆန် ့ကျင်လို ့သေဒဏ်ကျရင် တစ်ဘဝပဲနာလိမ့်မည်.အကုသိုလ်ကြောင့် ငရဲကျလျှင်တော့ သံသရာတစ်လျှောက်
နာလိမ့်မည်။သူတစ်ပါးအသတ်ကို သတ်ဖို ့စိတ်တောင်မကူးမိပါ။မိမိအသက်ကိုသာအသေခံသွားမည်။
ထို ့ကြောင့် မဟာရာဇာ၏ စေခိုင်းချက်ကို ရဲဝံ့စွာငြင်းပယ်လိုက်သည်။
( ရှင်းလင်းချက်….သောတပန်တို ့မည်သည် အပယ်ကျနိုင်သည့် ငါးပါးသီလကို
ကျုးလွန်လိုတဲ့ကိလေသာအကုသိုလ်စိတ်ကို ပယ်သတ်နိုင်ပါတယ်။။သာမန်ပုထုဇဉ် တွေစောင့်ထိန်းနေတဲ့ ငါးပါးသီလဟာ အသိတရားနဲ ့တမင်ရှောင်တာပါ။ကုသိုလ်ရအောင်တမင်ကြိုးစား စောင့်ထိန်းရတာပါ။ကိလေသာအကုသိုလ်စိတ်တွေ လုံးဝကင်းသွားတာမဟုတ်ဘူး။သတိပဌာန်တရား ကျင့်လို ့
သောတပတ္တိမဂ် ရမှ အလိုလိုကင်းသွားတာပါ။မြတ်ဘုရားရဲ ့တရားတော်ဟာ လက်တွေ ့ဘဝမှာဘဲ
ကိလေသာ အကုသိုလ်ကင်းပြီး ကိုယ့်ကိုစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ် ဖြစ်စေနိုင်တယ်ပါတယ်၊”)

နောက် မကြာခင် ဗုဒ္ဓအတွက် ဆွမ်းဟင်းလျာချက်ရန်ဟုဆိုကာ ကြက်အသေ တစ်ကောင် ပို ့လာပြန်သည်၊
ဤ တစ်ကြိမ်တွက်  ပံ့သကူ အသားပေမို ့ လက်ခံထားခဲ့ကာ ဗုဒ္ဓ အမှူးရှိသော သံဃာတော်တို ့အားလှုဒါန်းလိုက်ပါသည်။
သူမအနေ ဖြင့် မလုပ်သင့်မလုပ်ထိုက်တာကိုငြင်းပြီး လုပ်သင့်လုပ်ထိုက်တာကို လက်ခံလိုက်သည့်အတွက် ဘာဘာညာညာမစဉ်းစားပါ။

သုဇာ နှင့်မုဒြာ တို ့ နှစ်ဦးမှာသာ ထူးဆန်းသည့်အဖြစ်အပျက်အား စုံစမ်းထောက်လှမ်းရေးထွက်တော့မှ
မာကဏ္ဍီ ၏ ချောက်တွန်းချက်ဆိုတာသိရပါသည်။မဟာရာဇာ ထက် ဗုဒ္ဓနဲ့သံဃာတော် တွေကိုပိုအလေးပေးကြောင်းမဟာရာဇာ
အထင်လွဲအောင် ကြက်အရှင်ပို ့ပြီး ဆွမ်းချက်ရန်အတွက်ကြက်အသေပို ့ခဲ့ပါသည်။
ငါးပါးသီလ ကို သူမနှင့်အခြွေအရံတွေအားလုံး အသက်နှင့်လဲ၍ စောင့်ထိန်းနေတာ မာကဏ္ဍီသိသောကြောင့် မဟာရာဇာအတွက် လက်မခံပဲငြင်းနိုင်အောင် ကြက်အရှင်ပို ့သည်မှာလဲ မာကဏ္ဍီ ၏ လှည့်ကွက်၊မဟာရာဇာ မသိအောင် တိတ်တဆိတ်ဆောာင်ရွက်ခဲ့သော အကောက်ညဏ်၊
သူမမှာတော့ မာကဏ္ဍီ နှင့်တွေ ့ရမှာပင် ကြောက်လှပါသည်။

စိတ်၏ပင်ကိုယ် သဘာဝသည် ဖွေးလက်ဖြူစွတ်နေပါသည်။လူတို ့သည် အခါခပ်သိမ်း စိတ်ထားဖြူစင်မွန်မြတ်သင့်ပါလျှက်
ရံဖန်ရံခါ ကောက်ကျစ်စဉ်းလဲခြင်း မှာ ငါ..တည်းဟူသော  အတ္တလွှမ်းမိုးမှု ကြောင့်ဖြစ်သည်။
ဓမ္မ ကိုကျင့်သုံးခြင်းဖြင့် တက်မက်မှု လောဘတဏှာ၊ ရန်လိုမှု ဒေါသတဏှာ၊ အယူအဆ မှားယွင်းမှု ပပဉ္စ တရားများလည်း နည်းသထက်နည်းလျှက်တဖြေးဖြေး မှေးမှိန်ကွယ်ပျောက်သွားစေနိုင်၏။
မေတ္တာ၊ ကရုဏာတရား ကိန်းဝပ်နေသော နှလုံးသားရှိသူသည် အစဉ်သဖြင့် တည်ကြည်ငြိမ်သက်သော စိတ်ဖြင့် အေးငြိမ်းချမ်းသာစွာနေရ၏။အရာရာတွင် ပပဉ္စ တရားများဖြင့် မြင်၍ လောဘ၊ဒေါသ၊ မောဟ၊ စိတ်တို ့ဖြင့်ကောက်ကျစ်
စဉ်းလဲယုတ်မာသူတို ့မှာ ယင်းတို ့၏ စေတနာနှင့်ထိုက်တန်စွာ ကိုယ်စိတ်ဆင်းရဲခြင်းသာ ခံစားရပေလိမ့်မည်။ဤသည်ကား “ဓမ္မ” ၏
နိယာမတရားပေတည်း။

“ဓမ္မ ” အစစ်၏ အနှစ်သာရ ကို သူမသိမြင်လာသောအခါ ချစ်ခင်မှု၊ ကြင်နာမှု၊ငဲ့ညှာမှု၊ စွန် ့လွှတ်အနစ်နာခံမှု နှင့်တူ ကိုယ်ကျင့်သိက္ခာလည်းတိုးတက်လာပြီး သူမ၏စိတ်အစဉ်မှာလည်း ပို၍ ကြည်လင်လာသည်။
ဒေါ်ခုဇ္ဇုတ္တရာ ထံမှာတဆင့် ဗုဒ္ဓ၏တရားများကို မပြတ်မလပ်နာယူပြီးဝိပဿနာ တရားများ ကြိုးစားအားထုတ်ခဲ့ရတာမို ့သူမ၏စိတ်ဓါတ်နှင့်ကိုယ်ကျင့်တရားလည်း မြင့်မြတ်လာအောင် အရောင်တင်နိုင်လာသည်။
မဟာလူသား “ဗုဒ္ဓ”  ၏ဓမ္မတည်းဟူသော တရား သည် သူမအား လောဘ တည်းဟူသောတဏှာနွံ၌ ခြေမကျွံမိအောင် သတိရှိစေခဲ့သည်။
ဖြူစင်သောမေတ္တာစိတ်ကိုလည်းခိုင်ခံ့စွာ တည်မြဲစေခဲ့သည်။
ရတနာသုံးပါးဆည်းကပ်မှုကို အချိန်များစွာ ပိုပေးထားသောကြောင့် မဟာရာဇာ သူမထံအလာကျဲကာ “မာကဏ္ဍီ” ၏
အချော့အအမြူအယုအယအောက်မှာ တမ်းတမ်းစွဲဖြစ်လာသည်၊။ထို ့အတွက် သူမ မနာလိုဝန်တိုစိတ်မဖြစ်ခဲ့ပါ၊
ငြိမ်းချမ်းမှု ဓမ္မ ကို နှလုံးသွင်းဖို ့အချိန်ပိုရသဖြင့် “မာကဏ္ဍီ” ကိုပင်ကျေးဇူးတင်ရပေလိမ့်မည်။
အချိန်တိုင်းမှာ မဟာရာဇာ “မာကဏ္ဍီ” အပါးမှာ ပျော်မွေ ့နိုင်လျှင် သူမ ပို၍ ဝမ်းသာကျေနပ်ရပေလိမ့်မည်။

*************************************************************
သို ့ရာတွင်..
အလာကျဲသော မဟာရာဇာ ရုတ်တရက် ရောက်လာသောကြောင့် အံ့ဩစွားခရီးဦးကြိုပြုလိုက်ရပါသည်။
ပို၍ထူးခြားသည်က “မာကဏ္ဍီ ” လည်းအတူပါလာသည်။
ဒေါ်ခုဇ္ဇုတ္တရာ ဦးဆောင်သော တရားဆွေးနွေးပွဲကို အရေးပေါ်ရုတ်သိမ်းလိုက်ပြီး အခန်းတွင်းမှ အလျှိုလျှိုထွက်ခွာသွားကြသည်။
မာကဏ္ဍီ ရောက်လာလျှင်ပြဿနာ ပါလာစမြဲမို ့ဒေါ်ခုဇ္ဇုတ္တရာ နှင့်သုဇာတို ့ တနေရာရာကနေ အခြေအနေကိုစောင့်ကြည့်နေပေလိမ့်မည်။
မဟာရာဇာက သွားလေရာ ဆောင်တတ်သည့် သူ၏  “ဟတ္ထိကန္တစောင်း ”ကို သလွန်ညောင်စောင်းခေါင်းရင်မှာတင်လိုက်ပြီး သလွန်ညောင်စောင်းမှာထိုင်သည်။မာကဏ္ဍီ မှာမူ ပြတင်းပေါက်နားသွားပြီးခန်းဆီးစကိုင်လိုက် သလွန်ညောင်စောင်းနားလာလိုက်၊စောင်းကိုကိုင်ကြည့်သလို လုပ်လိုက်ဖြင့်ဂနာမငြိမ်ဖြစ်နေသည်။တကယ်တမ်းမှာ မဟာရာဇာအဆောင်ကူးလာလျှင်ဘယ်မိဖုရားကမှ မျက်နှာပြောင်တိုက် လိုက်
ဝံ့ရိုးထုံးစံမရှိပါ။ဘယ်လိုအဓိပ္ပါယ်ဖြင့်မဟာရာဇာ နှင့်အတူပါလာရသည်ကိုမသိပေမယ့်သတိကြီးကြီးတော့ထားရပေလိမ့်မည်။

“တိုင်းရေးပြည်ရာ အလုပ်တွေများနေလို ့နှမတော်ဆီ မရောက်နိုင်တာကြာပါပေါ့၊မောင်တော့်အပေါ်မှာ ရွှေစိတ်တော် ညိုနေပြီလား နှမတော်”..

“သခင်မလေးရေ…ကွယ်ရင်မေ့ တွေ ့သေအောင်လွမ်း ဆိုတဲ့စကားက ယောကျင်္ားတွေလက်သုံးစကား။ဇနီးမယားနောက်ကွယ်မှာ
နေချင်သလိုနေ ပွေချင်သလိုပွေပြီး ပြန်ရောက်လာတဲ့အခါ ပလီပလာ ကလီကစာတွေ လုပ်ပါရော၊အင်မတန်မှာမာယာများတဲ့ ယောကျင်္ားတို ့ရဲ ့ မုသားစကားတွေသိလား…….”

အပျိုကြီး မသုဇာ ၏ စကားကိုပြန်လည်ကြားယောင်ကာပြုံးမိရပါသည်။

“မောင်တော့်အပေါ်မှာ ဘယ်တုန်းကမှ ရွှေစိတ်တော် မညိုခဲ့ဖူးပါဘူး၊မိဖုရားကြီး ရဲ ့နေရာမှာနေရတာမို ့သဘောထားလဲကြီးရမယ်မဟုတ်လားမောင်တော်၊ မဟာရာဇာ စိတ်ချမ်းသာမှ တိုင်းပြည်နိုင်ငံစည်ပင်တိုးတက်အောင်
အုပ်ချုပ်နိုင်မှာမို ့မောင်တော် ကို်ယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို ့အစဉ်မေတ္တာပို ့လျှက်ပါ”

“နားလည်ပေးတာကျေးဇူးတင်ပါတယ်နှမတော်”
ထိုစဉ်မှာ….
“ရှူး..ရှူး..”

“အမလေး..မြွေကြီး..မြွေ..မြွေ…”

မာကဏ္ဍီ၏စူးစူးဝါးဝါးအော်ဟစ်သံ..။
ဖြုန်းကနဲ ထရပ်ပြီးထိတ်လန် ့အံ့ဩကြောက်ရွံ ့သွားသော မဟာရာဇာ။
အခန်းတွင်းသို ့ပြေးဝင်လာကြသော မင်းချင်းများ..။
ပြီးတော့ သုဇာ မုဒြာ ဒေါ်ခုဇ္ဇုတ္တရာ နှင့် သူမ၏ ရံရွေတော်များ။
မင်းချင်းများလက်ချက်ဖြင့်မြွေကြီးမှာ အသက်မရှိတော့…

“အိမ်မက်မကောင်းလို ့ မသွားပါနဲ ့လို ့အတန်တန်တားခဲ့ပါလျှက်နဲ ့.မောင်တော်ရယ်..
မသေကောင်းမပျောက်ကောင်း၊နှမတော်လိုက်လာခဲ့လိုသာပေါ့၊။ တော်တော်အကြံပက်စက်ပါလား သာမာဝတီ
မောင်တော့်အသက်ကိုလုပ်ကြံဖို ့အထိတောင်ရည်ရွယ်သတဲ့လား၊လုပ်ရက်ပါပေ့။”

သူမအား လက်ညှိးထိုးပြီး  ဆတ်ဆတ်ခါရန်တွေ ့စကားပြောနေသော မာကဏ္ဍီ ကိုသာ အံ့ဩစိတ်နှင့် အကြောင်သားငေးကြည့်နေမိသည်။ တိုက်ဆိုင်မှုလား..လုပ်ကြံမှုလား၊ အသိစိတ်တွေကအပြေးအလွှားအဖြေရှာကြည့်၏။
မဟာရာဇာကို အမှတ်မထင်ကြည့်မိတော့ သူမအား စိမ်းစိမ်းကြီး စိုက်ကြည့်ကာ ဒေါသ ခိုးများဝေနေသောအကြည့်မှာ နဂါးတစ်ကောင်သာဆိုလျှင် သူမ ပြာကျသွား ပေလိမ့်မည်။ အချစ်တော်မဝင် နိုင်တော့အောင် အပြစ်တော်မြင်နေပြီထင့်။
“မြွေ ”ဟု မာကဏ္ဍီ အော်သံ ကြားသည်နှင့် လှည့်အကြည့်၊-ပါးပျဉ်ထောင်နေသောမြွေကိုအတွေ ့၊ခုန်ထွက်ပြေးလေသော မဟာရာဇာ
သူမနှင့်အလှမ်းဝေးသွားပြီး သူ၏လက်တွင်းမှာ သူမနှလုံးသားတည့်တည့် သို ့ချိန်ရွယ်ထားသော လေးနှင့် မြား။
လေးမြားကို အားသန်သလောက် လက်ဖြောင့်သော မဟာရာဇာ ၏ အန္တရာယ် စက်ကွင်းမှ လွတ်အောင် တိမ်းရှောင်ဖို ့မလွယ်၊
သူမအားချစ်မြတ်နိုးလှပါသည်ဆိုသော ချစ်သူ၏ လက်ချက်ဖြင့် သေပွဲဝင်ရန်သာရှိသည်။
ထိုစဉ်မှာ သူမအသက်အားကာကွယ်ဖို ့အသေခံရန် အပြေးလာကာ သူမရှေ ့မှာ ကာထားသော ဒေါ်ခုဇ္ဇုတ္တရာ အား တားမြစ်ကာ
ဘေးသို ့ဖယ်ထွက်စေ၏။

“အတိတ်က ပြုခဲ့ဖူးတဲ့ ဝဋ်ကြွေးရှိရင် ပြေးမလွတ်ပါဘူး အမေ..ပေးဆပ်ရုံသာရှိပါတယ်။မဟာရာဇာ ယခုပြုတဲ့အမှု ဟာ အသစ်ဆိုရင်တော့ သခင်မရဲ ့မေတ္တာစွမ်းအားက ကာကွယ်စောင့်ရှောက် ပေးပါလိမ့်မယ်။အမေဘေးဖယ်ပြီးသာနေပါ သခင်မ သစ္စာပြုပါ့မယ်”

နှလုံးအိမ်တွင်းမှ ဓမ္မအားသစ်ကို စုစည်းလိုက်သည် လေးနက်တည်ငြိမ်သောစိတ်ဖြင့် မဟာရာဇာ ၏မျက်နှာကို စိတ်ဆိုးခြင်း၊နာကျည်းခြင်း၊ကင်းစွာ မေတ္တာကိုစူးစိုက် ပို ့လိုက်သည်။
မဟာရာဇာ ၏လက်တွင်းမှ လေးညှို ့သည်လည်း တဖြည်းဖြည်းတင်းလာသည်။

“ကျွန်ုပ်၏ ဦးခေါင်းထက်၌ ဗုဒ္ဓကြွရောက်သီတင်းသုံးတော်မူပါစေသတည်း၊ ကျွန်ုပ်သည် မိခင်ဖခင်ကျေးဇူးရှင်များအပေါ်၌လည်းကောင်း ၊ကျေးဇူးရှင် မိတ္တသူကြွယ်၊ဃောသကသူဌေးအပေါ်၌လည်းကောင်း၊
မဟာရာဇာနှင့်မာကဏ္ဍီ တို ့အပေါ်၌လည်းကောင်း၊အလုံးစုံသောလောကသားအားလုံးအပေါ်၌ လည်းကောင်း၊အပိုအလို အတိုးအလျော့မရှိ တူမျှသောမေတ္တာကိုသာ ထားခဲ့ပါသည် ၊ဤမှန်ကန်သောသစ္စာစကားကြောင့်
အကျွန်ုပ် ၏ အတိတ်က ဝိပါကဝဋ်ကြွေး  ပေးဆပ်ရန်မရှိပါက မဟာရာဇာခွင်းလိုက်သောမြားသည် အကျွန်ုပ်၏ နှလုံးသားကို
ဖောက်ထွင်းမသွားနိုင်ပါစေသတည်း။”

မျက်လုံးကို မှိတ်လျှက် လေးနက်သောစိတ်ဖြင့် မေတ္တာ အမိုးမေတ္တာတံတိုင်းများ သူမတစ်ကိုယ်လုံးကို အာရုံဖြင့်လွှမ်းခြုံလိုက်သည်။မေတ္တာအင်အားများသည် သူမ၏ တစ်ကိုယ်လုံးအား လုံးခြုံနွေးထွေးသွားစေသည့်နှယ်။
မဟာရာဇာ ၏ လေးညှို ့မှ မြားသည်လည်း အရှိန်ပြင်းစွာ လွတ်ထွက်လာပါသည်။

“ဟယ်..”
“ဟင်..”
“ဟာ..”
ထိတ်လန် ့အံ့ဩဖွယ်အသံများကြောင့် သူမမျက်လုံးပြန်ဖွင့် လိုက်ရာ မထင်မှတ်တဲ့မြင်ကွင်းကိုရုတ်တရက်တွေ ့လိုက်ရပါသည်။
မဟာရာဇာပစ်လွှတ်လိုက်သောမြားသည် သူမထံသို ့ရောက်မလာပဲ လမ်းတစ်ဝက်မှာပင် ပစ်သူ မဟာရာဇာ ထံပြန်လှည့်သွား
ပါသည်။

“မဟာရာဇာ ဘေးကင်းရန်ကွာ ချမ်းသာပါစေ ”

လို ့နှုတ်မှ အသံထွက်လျှက် မေတ္တာပို ့လိုက်သည့်ခဏ မဟာရာဇာ ၏ နှလုံးသားကို ဖောက်သွားအံ့ဆဲဆဲမြားတံမှာ ကြမ်းပြင်ပေါ် ဖြုတ်ကနဲပြုတ်ကျသွားခဲ့သည်။
ဒေါသမှ သောက၊ သောက မှာ နောင်တ သို ့ပြောင်းလဲသွားမဟာရာဇာ သည် မင်းအိန္ဒြေတောင်မဆည်နိုင်ပဲ သူမထံ အပြေးလာပြီး သူမရှေ ့မှောက်မှာပင် ဒူးထောက်ကာ လက်နှစ်ဖက်ကို ရင်မှာ ယှက်လျှက် ယူကြုံးမရစွာတောင်းပန်ပါတော့သည်။

“ဖြူစင်တဲ့စိတ်ထားနဲ ့မြင့်မြတ်ဂုဏ်နဲ ့ပြည့်စုံလှတဲ့ မိဖုရားကြီး သာမာဝတီ ။မောင်တော်ဟာ သူယုတ်မာရဲ ့စကားကို နားယောင်ပြီးသူတော်ကောင်းကိုပြစ်မှားမိသူဖြစ်ခဲ့ပါပြီ။မောင်တော့်အပြစ်ကို သည်းခံခွင့်လွှတ်ပေးပါ။သက်မဲ့မြားကပင် မိဖုရားရဲ ့ဂုဏ်ကို သိပါသော်ငြား မောင်တော်မသိခဲ့ခြင်းမှာ မိုက်မဲလွန်းလှပါသည်။ယနေ ့ကစပြီး နှမတော်ဟာ မောင်တော်ရဲ ့
ကိုးကွယ်ရာ ဆရာတစ်ဆူဖြစ်ပါစေတော့။။”

သူမသည် မဟာရာဇာ ၏ ယှက်ထားသောလက်ကို ဖြေဖြူတ်ပေးပြီး ပြန်လည်ထရပ်စေသည်။

“ခွင့်လွှတ်ပါတယ်မောင်တော်..ဒါပေမယ့်နှမတော်ကို ဆရာအဖြစ်ကိုးကွယ်ဖို ့မလိုပါဘူး နှမတော်ရဲ ့နှလုံးသားမှာ မေတ္တာတရားကိန်းဝပ်စေတဲ့“ဓမ္မ” ၊ “ဓမ္မ”  ရဲ ့ပိုင်ရှင်ဖြစ်တော်မူတဲ့ ဗုဒ္ဓကို သာ ကိုးကွယ်ဆည်းကပ်ပါ။မောင်တော်ကိုယ်တိုင်
စစ်မှန်တဲ့ ကောင်းကျိုးချမ်းသာ အမှန်တကယ်ခံစားရပါလိမ့်မယ်။”

သူမ၏ ခွင့်လွှတ်မှု ကိုရတော့မှ မဟာရာဇာ မျက်နှာပြန်လည် ပြုံးလာသည်။
မိန်းမတစ်ယောက်ရဲ ့အဆင်းနှင့်အချင်း ကို မဟာရာဇာ ခွဲခြားနိုင်ခဲ့ပြီလေ၊ရုပ်ချောသလောက် အညှိုးကြီးသော မနာလိုစိတ်ကြီးသော မာကဏ္ဍီရဲ ့အတွင်းစိတ်ကို သေချာသိခွင့်ရသွားပြီးပေါ့။
မာကဏ္ဍီအားမသိမသာလှည့်ပတ်ရှာမိတော့ အခန်းထဲတွင်မတွေ ့တော့ပါ။အခြေအနေမကောင်းလို ့ပြေးပြီထင်။

“ဗုဒ္ဓကို ယုံယုံကြည်ကြည်  နဲ ့ကိုးကွယ်ဆည်းကပ်ပါတော့မယ် နှမတော်..နှမတော်ကိုလည်း မိခင်အရာ ဆရာအရာမှာ အားထားပါရစေ..မောင်တော်ကျူးလွန်မိတဲ့ အပြစ် တွေကို တောင်းပန်ချင်လို ့ဆုချီးမြှင့်တော်မူမယ်။လိုရာဆုကိုသာတောင်းပါနှမတော်..”

“ကျေးဇူးတင်ပါတယ်မောင်တော်..လောကမှာ တန်ဖိုးဘယ်လောက်ရှိရှိ ကြီးမြတ်တဲ့လာဘ်ဆောင်ပစ္စည်းဖြစ်ပါစေ နှမတော် မလိုချင်ပါဘူး။
နှမတော် လိုချင်တဲ့အခွင့်အရေးလေးက ဗုဒ္ဓ နဲ ့တပည့်သံဃာတော်တွေကို ကိုးကွယ်ဆည်းကပ် လှူဒါန်းခွင့်လေးကိုပဲသနားချီးမြှင့်တော်မူပါ”

“နှမတော် အလိုဆန္ဒအတိုင်း ပြည့်ဝရပါစေ့မယ်ဗျာ..”

ထိုအချိန်မှစ၍ “ဗုဒ္ဓ ”အမှူးရှိသော သံဃာတော်များ အား ရွှေနန်းတော် ဝယ် အားရပါးရ ဖူးမြော်ခွင့် တရားနာခွင့် လှူဒါန်းခွင့်
ရခဲ့ပြီမို ့ “ကောသဗ္ဗီပြည်” တွင် ဗုဒ္ဓသာသနာ နေလို လလို ထွန်းလင်းတောက်ပခဲ့ပါသည်။

********** ****** ****** ******* ****** ******** ******** *********
အပိုင်း(၃) နိဂုံး

“မနက်ဖြန် မောင်တော် တောကစားထွက်မယ် နှမတော်”

သူမကိုယ်တိုင် အံ့ဩစိတ်နဲ ့ရုတ်တရက် ပွင့်ထွက်သွားသောနှုတ်ခမ်းကို မသိမသာပြန်စေ့ထားလိုက်သည်။

“မောင်တော့် ကိုပြောမယ်ပြုပြီးမှ ဘာလို ့ နှုတ်ဆိတ်သွားရတာလဲ နှမတော်..”

အကင်းပါးလှသော မဟာရာဇာ သည် သူမ၏အမူအရာကိုချက်ချင်းအကဲဖြတ်နိုင်သည်ပဲ။

“ပြောလေ..နှမတော်”

“မင်းနဲ ့မိဖုရား ဆိုတဲ့ ဂုဏ်ပုဒ် သာ မရှိခဲ့ရင်တော့ အကောင်းသားပေါ့ မောင်တော်..”

“ဘာဖြစ်လို ့လဲ..”

သူမ၏စကားကို မဟာရာဇာ ပိုစိတ်ဝင်စားလာဟန်ရှိသည်။

“ဘုရင်မင်း မြတ်ပြုတဲ့အမှုကို အကောင်းအဆိုးဝေဖန်ခွင့် ရှိတဲ့လူသား လောက မှာ မမွေးဖွားသေးဘူးထင်ပါရဲ  ့”

“မောင်တော် ပြောထားပြီးပြီပဲ နှမတော်ဟာ မောင်တော့် အမေ မောင်တော့်ဆရာလေ၊ တိုင်းရေးပြည်ရာ စွတ်ဖက်ခွင့်မပြုနိုင်ပေမယ့်
မောင်တော့် ကိုတော့ ဗုဒ္ဓရဲ ့ဓမ္မ လမ်းကြောင်းပေါ်က ညွှန်ပြဆုံးမ နိုင်ပါတယ်။”

“မောင်တော် တစ်ကယ်ခွင့်ပြုတယ်လား”

မဟာရာဇာ သည် ကြင်နာသောအပြုံးဖြင့် ခေါင်းညိတ်ပြ၏။

“စေတနာစကားမို ့အမျက်တော် အရင်မရှ ဖို ့လျှောက်ထားချင်ပါရဲ ့”

“မောင်တော့် အကျိုးကို လိုလားတဲ့ ဇနီးအလိမ္မာ လေးဆိုတာ ယုံကြည်ပါတယ်နှမတော် လျှောက်မှာသာလျှောက်တင်စမ်းပါ”

“ဗုဒ္ဓကို ယုံကြည်မြတ်နိုးရင် ဗုဒ္ဓ ရဲ ့အဆုံးအမကိုနာခံဖို ့ဗုဒ္ဓ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေကို လိုက်နာဖို ့လိုအပ်ပါတယ် မောင်တော်”

“နှမတော် ဘာကိုဆိုလိုတာလဲ..”

“ငါးပါးသီလ ကို မောင်တော် မြဲမြံအောင် ကြိုးစားဆောက်တည်ပါရဲ ့လား”

“စွမ်းနိုင်သမျှတော့ ကြိုးစားပါတယ်နှမတော်”

ဒါဖြင့်တောကစားထွက်တာကရော”

မဟာရာဇာ သူမ၏ဆိုလိုရင်းကိုသဘောပေါက်လာဟန် ပြုံးယောင်သန်းလာသည်။

“ဘာလဲ ပါဏာတိပါတာ သိက္ခာပုဒ် ကိုပြောမလို ့လား”

မေးပြီးမှ မဟာရာဇာ သဘောကျစွာရယ်လိုက်သည်။

“ဟုတ်တယ် မောင်တော် သတ္တဝါတွေရဲ ့အသက်ကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကျဉ်ရမယ်လို ့ဗုဒ္ဓဆုံးမတော်မူခဲ့တယ်မဟုတ်လား”

“ရှေးရှေးမင်းတွေ လက်ထက်ကတည်းက တောကစားထွက်တဲ့ အစဉ်အလာရှိခဲ့တာပါနှမတော်”

”ရှေး ရိုးရာ အစဉ်အလာဖြစ်တိုင်း အားလုံးအမှန်ဖြစ်တာမှမဟုတ်တာပဲမောင်တော်ရဲ ့။ ဗုဒ္ဓ ရဲ ့အဆုံးအမ စကားထက် မှန်တာ လောကမှာ ဘာမှမရှိပါဘူး၊သူတစ်ပါးကိုသတ်ဖြတ်ညှင်းဆဲတာဟာ အကုသိုလ်ကံပဲ။အကုသိုလ်ပြုလုပ်ရင် တူတဲ့အကျိုးကို ခံစားရမှာပဲ၊
သေရင်လဲအပယ်လားမယ်တဲ့။”

“ဒီလိုဆိုရင် မောင်တော်တစ်ခုမေးချင်တယ်။ကိုယ့်တိုင်းပြည်ကို ရန်သူတွေ မတရားသိမ်းပိုက်ဖို ့ ကြိုးစားနေတယ်ဆိုပါတော့ အနိုင်ကျင့်သမျှ ခေါင်းငုံ ့ခံနေရမှာလား၊ ပြန်ပြီးခုခံကာကွယ်သတ်ဖြတ်လို ့မရဘူးလား၊ ကိုယ်သူ ့ကို မသတ်ရင် သူကကိုယ့်ကို သတ်ပြီး
ကိုယ့်နိုင်ငံကို သိမ်းတော့မှာမို ့ကိုယ်က လက်ဦးပြီးသတ်ရင်ရော နိုင်ငံကိုကာကွယ်ဖို ့သတ်တဲ့သူမှာ အပြစ်ရှိပါသလား”

မေးလာသောစကားကိုသူမသဘောကျစွာပြုံးမိပါသည်၊မေးသင့်မေးထိုက်သည့်မေးခွန်းလည်းဖြစ်ပါသည်။

“ဗုဒ္ဓ အလိုကျဆိုရင်တော့ သည်းခံခြင်း ဆိုတဲ့ ခနီ ္တတရားကိုပဲ ကျင့်သုံးကြဖို ့ဆုံးမထားပါတယ်မောင်တော်။
“သည်းမခံနိုင်တဲ့အဆုံး သည်းခံခြင်းဟာ အောင်မြင်ခြင်းမည်၏ ” တဲ့။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် အသက်အသေခံပြီး ဒုက္ခခံပြီး ခနီ ္တပါရမီ ကို ဘဝပေါင်းများစွာဖြည့်ကျက်ခဲ့ရပါတယ်။သူ ့ကိုမသတ်ရင် သူက ကိုယ့်ကိုယ်သတ်လိမ့်မယ်။ကိုယ်သေမှာကြောက်လို ့သူ ့ကိုသတ်လိုက်တယ်ဆိုပါစို ့။သူသေမှ ကိုယ်အသက်ရှင်ခွင့် ရနိုင်မယ်ဆိုတဲ့အသိဝင်လာတာနဲ ့သူ ့ကိုသေစေချင်တဲ့စေတနာပေါ်လာတယ်။သတ်လိုက်တော့ ပါဏာတိပါတာ ကံမြောက်သွားတယ်။
ကိုယ့်အသက်ကို ကာကွယ်တာဖြစ်ဖြစ် နိုင်ငံကို ကာကွယ်ဖို ့ပဲဖြစ်ဖြစ်သေစေချင်လို ့သတ်ဖြတ်တာဟာ အကုသိုလ်ကံပဲ၊
“ဓမ္မ” ရဲ ့နိယာမဟာ တစ်သမတ်တည်း ရှိပါတယ်။မျက်နှာမလိုက်တတ်ပါဘူး။ ရဟန်းမို ့လို ့၊ဘုရင်မို ့လို ့၊သူဌေးမို ့လို ့အပယ်မကျပါစေနဲ ့
ဆင်းရဲသားမို ့လို ့၊ဒွန်းစဏ္ဍား မို ့လို ့မကောင်းမှုလုပ်တိုင်းအပယ်ကျပါစေဆိုပြီး မျက်နှာမလိုက်တတ်ဘူးမောင်တော်။ကောင်းတာကို လုပ်တဲ့သူဟာ ကောင်းကျိုးခံစားရမှာဘဲ ၊မကောင်းတာကို လုပ်ခဲ့ရင် မကောင်းတာခံစားရမှာပဲလေ။ချိုတဲ့အသီးကို စိုက်တဲ့သူတိုင်း ချိုတဲ့အသီး စားရသလို ခါးတဲ့အသီးကို စိုက်တဲ့သူတိုင်း ခါးတဲ့အရသာ ခံစားရမယ့်သဘောပါ။
လောကရှုထောင့် ကကြည့်ရင်တော့ ကိုယ့်တိုင်းပြည်ကို မတရားသိမ်းပိုက်လာရင် ခုခံတွန်းလှန်ကာကွယ်သင့်ပါတယ်။မခုခံရင် မတရား အနိုင်ကျင့်တာ စော်ကားညှင်းဆဲတာတွေ ခံချင်လဲခံရလိမ့်မယ်။ခုခံတွန်းလှန်ပြန်ရင်လဲ သူသေရင် သေ၊ မသေရင်  ကိုယ်သေရမှာပဲ၊
ကိုယ်ကသူ ့ကိုသတ်လိုက်လို ့သူသေသွားရင် ကိုယ်တိုင်က အပယ်လားမယ်။မခုခံပဲ သီးခံခွင့်လွှတ်စိတ်နဲ ့ကိုယ်သေသွားရင် လူ ့ဘဝ ကို ဆုံးရှုံးရမယ်၊ဘယ်သူပဲသေ သေ ကိုယ့်ဘက်က နစ်နာရတာချည်းပါပဲ။ဒါပေမယ့်နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်အသက်ဆုံးရှုံးရမယ်။ဒါမှမဟုတ် အပယ်လားမယ် ဆိုတာ သိပါလျှက်နဲ ့မတရားမှုကိုအောင်နိုင်ရေးအတွက် ပြည်သူတွေအတွက် ကိုယ်ကျိုးစွန် ့အနစ်နာခံ ဆောင်ရွက်ကြတာပဲ၊
ဘာလို ့လဲဆိုတော့ အနစ်နာခံခြင်းနဲ ့သူတစ်ပါး အကျိုးဆောင်ရွက်ခြင်းဆိုတဲ ့လူ ့တာဝန်ကို ကျေပွန်ရမှာပါပဲ”

“မောင်တော်သဘောပေါက်လာပြီနှမတော်”

မဟာရာဇာထံမှာ ကြားရသော ဤစကားမျှသည်ပင် စမ်းကျရေစီးသံနှယ် သူမ နှလုံးစိတ်ဝမ်းငြိမ်းချမ်းလှပါ၏။

“ဒါဆို နိုင်ငံတော်ကို တာဝန်ယူစောင့်ရှောက်နေရတဲ့ ဘုရင်တွေ တာဝန်ရှိသူတွေအတွက် အကုသုလ်မဖြစ်အောင်  ကာကွယ်စောင့်ရှောက်တဲ့နည်းလေး ဗုဒ္ဓက ညွှန်ပြထားတာရှိလား နှ မတော်..”
လိုလိုလားလားနဲ ့မေးလာတော့ သူမမှာ ဆက်ပြောပြဖို ့ပိုမိုအားရှိသွားလေသည်။
ဗုဒ္ဓက တိုင်းပြည်ကိုအုပ်ချုပ်တဲ့ မင်းတွေ စောင့်ထိန်းကျင့်ကြံဖို ့မင်းကျင့်တရား ဆယ်ပါး ချမှတ်ပေးထားပါတယ်မောင်တော်၊

“(၁) အလှူပေးခြင်း (၂) ငါးပါးသီလ ပြည့်စုံခြင်း (၃) အမှုထမ်းများအား လုံလောက်သောရိက္ခာပေးဝေခြင်း
(၄) ရိုးသားဖြောင့်မတ်ခြင်း (၅) သိမ်မွေ ့နူးညံ့စွာပြောဆိုကျင့်ကြံခြင်း (၆)အကျင့်သီလကို  ခြိုးခြံစွာစောင့်ထိန်းခြင်း
(၇) အမျက်မထွက်ခြင်း (၈) မနှိပ်စက် မညှင်းပန်းခြင်း (၉) သည်းခံခြင်း (၁၀)ပြည်သူတို ့နှင့်မဆန် ့ကျင်ခြင်း …။
ဆိုတဲ့ (၁၀) ချက်ကိုသာ နိုင်ငံတိုင်း ကိုအုပ်စိုးတဲ့ ဘုရင်တွေ လိုက်နာကျင့်သုံးရင် တစ်နိုင်ငံနဲ ့တစ်နိုင်ငံ မတရားသိမ်းပိုက်ကျူးကျော်တာတွေ  အချင်းချင်းသတ်ဖြတ်ညှင်းဆဲတာတွေ ရှိမှာမဟုတ်ဘူး။
မင်းနဲ ့ပြည်သူအားလုံး ငါးပါးသီလနဲ ့ကိုယ်ကျင့်တရားသာ စောင့်ထိန်းကြမယ်ဆိုရင် အဲ့ဒီနိုင်ငံဟာ အငြိမ်းချမ်းဆုံးနဲ ့ အကောင်းဆုံးနိုင်ငံဖြစ်လာမှာပါပဲ။
အရေးကြီးဆုံးက ကိုယ်ကျင့်သီလနဲ ့လူလူချင်းကိုယ်ချင်းစာစိတ်လေးပါပဲမောင်တော်”

မဟာရာဇာ ခေါင်းကိုဆတ်ခနဲညိတ်လိုက်၏။ သူမပြောသည်များကို လက်ခံသဘောကျကြောင်းသိရတော့ အတိုင်းမသိ ပီတိဖြစ်ရပြန်ပါသည်။

“မင်းကျင့်တရားဆယ်ပါးနှင့်အညီ ပြည့်စုံအောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ် နှမတော်”

သူမသည် လောက၌ အချိုမြိန်ဆုံးသော စကားကိုကြားလိုက်ရသလို ရင်ဝယ်ပီတိ ဖြစ်ရပါသည်။
သလွန်ပေါ်ထိုင်နေရာမှ ဖြည်းညင်းစွာထ လိုက်ပြီး တစ်လှမ်းချင်းထွက်သွားသော မဟာရာဇာ ၏ ကျောပြင်ကို ကြည့်ရင်း
ပီတိသောမနဿ စိတ်များဖြာဝေလျှက် ကျန်ခဲ့၏။
သည်မျှမက….။
တံခါးဝအရောက်တွင် မဟာရာဇာ သမင်လည်ပြန်လှည့်ပြောခဲ့သည့်စကားက…

“ဪ….နှမတော် မနက်ဖြန်မောင်တော် တောကို အလည်သက်သက်ပဲ သွားတော့မယ်နော်..”

သူမခေါင်းကိုသွက်သွက်ကလေးညိတ်လိုက်သည်။
ဤ တစ်ကြိမ်မှာတော့ သူမ၏အပြုံးတစ်ချက်တွင် ဖွေးလက်သွားတန်းလေးများပင်ပေါ်လွင်သွားရပါသည်။

**       **        **        **       **      **     **       **         **          **
“သခင်မလေး….သခင်မလေး”

သူမ၏ အခန်းတွက်းသို ့ သုဇာ ခပ်သုတ်သုတ်ဝင်လာသည်။

“ဘယ်လိုဖြစ်လာရပြန်တာလဲ သုဇာ ”

မောနေသဖြင့် သူမမေးခွန်းကိုပင် ချက်ခြင်းပြန်မဖြေန်ုင်။

“သုဇာကိုရေတစ်ခွက်တိုက်လိုက်ဦး မုဒြာ ဒီကလေးမ ဘာဖြစ်လာတာလဲမသိဘူး”

ဒေါ်ခုဇ္ဇုတ္တရာ ခိုင်းလိုက်သဖြင့် မုဒြာရေတစ်ခွက်ငှဲ ့လာ၏။ မုဒြာယူလာသောရေကို မနားတမ်းမော့သောက်ပြီးနောက် ဟူးခနဲလေမှုတ်ထုတ်လိုက်၏

“အမလေး..အခုမှပဲ အသက်ရှူနိုင်တော့တယ်”

“ကဲ..ရွှေသုဇာ ဘာဖြစ်လာတာလဲဆိုတာ ပြောပြပါဦး”

“ကျွန်မတို ့အဆောင်အောက်ခြေကအစ ရေနံချေးတွေ လာသုတ်နေတယ်သခင်မလေး။တိုင်တွေဆိုလည်းရေနံကြီးရွှဲရွှဲ စိုနေတဲ့အဝတ်နဲ ့
လိုက်ပတ်နေနေကြတယ်။ကျွန်မက ဘာလို ့လာသုတ်ပေးတာလဲလို ့မေးတော့ -အဆောင်ခိုင်ခံ့အောင် မဟာရာဇာက ရေနံချေးတွေသုတ်ခိုင်းလို ့တဲ့။ဘယ်သူ ့အမိန် ့လဲဆိုတော့ မဟာရာဇာ အမိန် ့လို ့ပြောတာပဲ”

သူမလဲလျောင်းနေရာမှ ထလိုက်သည်။သုဇာခေါင်းကို ချစ်စနိုးပုတ်ပြီး ..

“မဟာရာဇာ တောမသွားခင် အမိန် ့ပေးခဲ့တာနေမှာပေါ့ သုဇာလေးရဲ ့၊ဘာများစိုးရိမ်စရာရှိလို ့လဲ”

သူမစကားကိုဘဝင်မကျသည့်အလား သုဇာကနှုတ်ခမ်းလေးစုပြီးမျက်မှောင်ကြုတ်နေ၏။

“သခင်မလေးက ဘာမှမသိဘဲနဲ ့..”

“မသိရင် သိတဲ့ သုဇာက ပြောပြပေါ့ ”

“အဲ့ဒီရေနံချေးတွေ လာသုတ်တဲ့ သူတွေက မဟာရာဇာ ရဲ ့မင်းချင်းတွေမဟုတ်ဘူး သခင်မလေးရဲ ့..၊မာကဏ္ဍီ ရဲ ့ဘထွေးနဲ ့သူ ့လူတွေ”

“ဟင်….ဟုတ်လား”

“သုဇာနဲ ့မုဒြာ သွားတော့ သူတို ့လူတွေရဲ ့လှုပ်ရှားမှုတွေကို သတိကြီးကြီးထားပြီးအကဲခတ်နေကြ၊အကြောင်းထူးရင် အမြန်ဆုံးသတင်းလာပို ့ ကြားလား”

ဒေါ်ခုဇ္ဇုတ္တရာ ကခိုင်းလိုက်သဖြင့် နှစ်ဦးလုံးခပ်သုတ်သုတ်လေး ထွက်သွားကြသည်။
သူမက ဒေါ်ခုဇ္ဇုတ္တရာ အားလှမ်းကြည့်ပြီး ခပ်ပြုံးပြုံးလေးမေးလိုက်သည်။

“ဘာကိုဒီလောက်အထိစိုးရိမ်နေတာလဲ အမေ”

“မာကဏ္ဍီ ကိုလျှော ့မတွက်နဲ ့သခင်မလေး၊ကမ်းကုန်အောင်ယုတ်မာမယ့်မိန်းမ ၊ရုပ်ကလေးနဲ ့မတန်အောင်စိတ်ပုတ်တဲ့မိန်းမ
အရင်တစ်ခါကြည့်ပါလား၊ မဟာရာဇာ နဲ ့လိုက်လာပြီး လူတွေရှေ ့မှာ မြွေနဲ ့တိုက်သတ်တာ ကံကောင်းလို ့၊မဟာရာဇာ နတ်ရွာမစံ-သခင်မလေး လဲမဟာရာဇာပစ်တဲ့မြားနဲ ့အသက်မထွက်တာမဟုတ်လား၊ကျွန်မတို ့သုဇာတို ့အကွယ်ကနေသေချာမြင်တယ်၊
လူအလစ်မှာ စောင်းပေါက်က ပန်းတွေ သူဆွဲဖြုတ်လိုက်တာနဲ ့တင် မြွေထွက်လာတာ၊ သူ ့လက်ချက်အစစ်ပဲ၊သခင်မလေးကိုယ်တိုင်လုပ်ကြံတဲ့ အနေမျိုးရောက်အောင် ပုံမှားရိုက်လိုက်တာ”

ဒေါ်ခုဇ္ဇုတ္တရာ အား သူမ ကြင်နာစွာပြုံးပြလိုက်သည်၊သူမအပေါ်၌ တာဝန်အရ ရော မေတ္တာစေတနာပါ အပြည့်အဝထားရှာသည်။

“အကြောင်း ကြောင့် အကျိုး ဖြစ်လာရတဲ့ ပဋိစ္စသမုပ္ပာဒ် တရားကိုအမေသိသားပဲလေ၊“မာကဏ္ဍီ ” ကိုမမုန်းပါနဲ ့အပြစ်လဲမတင်ပါနဲ ့တော့
“မာကဏ္ဍီ ”အဆိုးကြံသမျှ သခင်မလေးရဲ ့အတိတ်ကပြုခဲ့တဲ ့အရိပ်ကံပဲမဟုတ်လား၊အကောင်းအဆိုးမှန်သမျှ အကြောင်းအကျိုးကံက ဖြစ်လာတာပဲလေ။ဝဋ်ကြွေးဆိုတာ လွှဲရှောင်တားဆီးလို ့ရတဲ့ အရာမျိုးမှမဟုတ်ပဲ။”

လောကလူသားတိုင်း အချင်းချင်းကြင်နာသနားပြီး တစ်ဦးကိုတစ်ဦးမေတ္တာထားကြလျှင် အားလုံးငြိမ်းချမ်းသာယာနေကြမည်သာဖြစ်၏။
တစ်ဦးကိုတစ်ဦး အသက်သေအောင်မဆိုထားဘိ ၊ထိခိုက်နစ်နာအောင်ပင် ရက်စက်ဖွယ်မရှိနိုင်ပေ။
မေတ္တာသည် စမ်းရေ ပမာအေးမြလှသည်။
ဒေါသသည်ကားမီး နှယ်ပူလောင်စေပါသည်။
ဒေါသအုပ်စု၏ နောက်လိုက်များမှာ မနာလိုမှုက္ကူဿာ၊ဝန်တိုမှု မစ္စရိယ၊  နောင်တတဖန် ပူပန်မှု ကုက္ကုစ္စ၊ဤကဲ့သို ့အကုသိုလ်တရားများ
ဖြင့်သာလောင်ကျွမ်းခံရသူတို ့မှာ….
ပတ်ဝန်းကျင်တစ်ခွင်ကို ငေးမျှော်ကြည့်ရင်းအတွေးမဆုံးမီ လေသာပြတင်းမှခွာလျှက် ဘုရားခန်းထဲသို ့ဝင်လာခဲ့၏။ဝိပဿနာ ဘာဝနာကမ္မဌာန်း စီးဖြန်းရန်အချိန်ကျရောက်နေပြီ။သူမ၏ရံရွေတော်များအားလုံး ဘုရားခန်းတွင်ကိုယ်စီကိုယ်ငှ
နေရာအသီးသီးယူကာသူမအားအသင့်စောင့်ဆိုင်းနေကြသည်။

“ကဲ..အားလုံးပဲ ဝိပဿနာ တရားအားမထုတ်ခင် မေတ္တာဘာဝနာပွားရမယ်။အားလုံးညီညီညာညာနဲ ့မေတ္တာ ပို ့ကြရအောင်”
အားလုံး၏ရှေ ့ဆုံးတွင် ဝင်ထိုင်လိုက်ပြီး နိစ္စဓူဝ ပြုနေကြအတိုင်း သတိပေးနှိုးဆော်လိုက်သည်။ အနှောင့်အယှက်ကင်းစွာတရားအားထုတ်နိုင်ရန် တံခါးများအားလုံးကိုလည်းသေချာပိတ်ထားပြီးလေပြီ။
“အနန္တ စကြဝဠာ ….အနန္တသတ္တဝါ တို ့…
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ
သောကခပ်သိမ်းငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်း ငြိ်မ်းချမ်းကြပါစေ”
သာယာနာပျော်ဖွယ် ညီညာဖျဖျ သုံးကြိမ်ရွတ်ဆိုပြီး နောက်တိတ်ဆိတ်ငြိမ်သက်သွားကြ၏။မေတ္တာကမ္မဌာန်း ကိုစတင်စီးဖြန်းကြသည်။
အတန်ငယ်ကြာသောအခါ သူမနောက်မှာ ထိုင်နေကြသည့် ရံရွေတော်များမှာ ချောင်းဆိုးသံများ ဆက်ကာဆက်ကာ ထွက်ပေါ်လာကြသည်။ပြီးတော့ ဟတ်ချိုးချေသံများ။
သူမကိုယ်တိုင်လည်း မီးခိုးနံ ့များဖြင့် မွန်းကျပ်နေ၏ သို ့ရာတွင်မျက်လုံးကိုမဖွင့် မေတ္တာကမ္မဌာန်း ကိုသာ သတိမပြတ်ပွားနေ၏။

“သခင်မလေး..သခင်မလေး”

သုဇာ ၏ အထိတ်တလန် ့စူးရှကျယ်လောင်သောအသံ ထွက်ပေါ်လာ၏ သူမ တုတ်တုတ် မျှမလှုပ်မိ ကမ္မဌာန်းကိုအမှတ်မလွတ်အောင်ပွားများနေမိသည်။

“မျက်လုံးဖွင့်ကြည့်ပါဦး သခင်မလေးရဲ ့ကျွန်မ တို ့အဆောင် မီးလောင်နေပြီ..။”

ငိုသံပါကြီးဖြင့် အော်လိုက်သော သုဇာ ကြောင့်သူမ ရင်တွင်း၌ သနားဂရုဏာ သက်သွားသည်။မိမိကို မှီခိုအားထားနေသော မိန်းကလေးများ
ကိုသတိရကာ မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ ဘုရားခန်းဆီ သို ့ပင် မီး ကူးစပြုနေပြီ။
ဪ…မာကဏ္ဍီ..မာကဏ္ဍီ…ဟုသာ ရင်တွင်းမှ ရေရွတ်ရင်း ဝဋ်ကြွေးရှိက ဒီဘဝ ဒီမျှ နဲ ့သာ ပြေပါစေတော့..
မာကဏ္ဍီရယ်ဟု မေတ္တာ ရှေးရှု ပို ့လွှတ်လိုက်ပါ၏။
ရံရွေတော်များမှာ ကြောက်ရွံ ့စိတ်များဖြင့် ထပြေးအံ့ဆဲဆဲ ကုန်းကုန်းကွကွ ဖြစ်နေကြသည်။သူမမှာသာ အေးစက်စက်ဖြင့်ဘာမှလှုပ်ရှားမှု
မရှိ ပကတိတည်တည်ငြိမ်ငြိမ် ဖြစ်နေသည်မို ့သူမအား အားမလိုအားမရဖြစ်ကာ ရှေ ့ဆက်ဘာလုပ်ရမှန်မသိဘဲ ငိုယိုနေကြပြီ။
မီးတောက်မီးလျှံများမှာ သူမတို ့အခန်းပတ်လည်ကို ဝိုင်း၍ ဟုန်းဟုန်းတောက်လောင်နေပေပြီ ပြေး၍ လွတ်ဖွယ်လမ်းမမြင်တော့။

“ညီမတို ့…အတိတ်က ပြုခဲ့တဲ့ အကုသိုလ်ဝဋ်ကြွေး ရှိခဲ့ရင် ပြေးလို ့မလွတ်ပါဘူး။ပေးဆပ်ရုံသာ ရှိပါတယ်။အတိတ်ဘဝ က သခင်မတို ့မသိစိတ် သိစိတ်နဲ ့ပြုလုပ်ခဲ့ဘူးတဲ့ ကံဆိုးကံမိုက်တွေကြောင့် ခုလိုခံရတာပဲ။မီးဘေးကလွတ်အောင် မပြေးနိုင်မယ့်အတူတူ
သွေးရူးသွေးတန်းနဲ ့သေမယ့်အစား ဗုဒ္ဓရဲ ့ တရားတော်ကို နှလုံးသွင်းကြပါတော့ .ဝေဒနာနုပဿနာကမဌာန်း ကို စီးဖြန်းကြပါတော့…”

သူမကိုယ်တိုင်လည်း နေရာတကျ ပြန်ထိုင်ကာ မလှုပ်မယှက် ကမဌာန်းတရားများ ပွားများအားထုတ်လေ၏။
မီးတောက်မီးလျှံများကား တဖြေးဖြေးပြင်းထန်လာပြီး မကြာမီ သူမတို ့နှင့် တကွ ဘုရားခန်းတစ်ခုလုံး ကို ဝါးမျိုသွားပါတော့၏။
ရွှေထီး၊ရွှေနန်း၊ဖြင့် စံမြန်းရစေကာမူ ဘဝတစ်သက်တာ ဆိုသည်မှာ လျှပ်တစ်ပြက်သာရှိချေ၏။ ခမ်းနားလှသော အဆောင်အယောင်နှင့်
ရာထူးဂုဏ်သည်လည်းကောင်း၊ကြီးကျယ်မြင့်မြတ်လှပါသည်ဆိုသောဘဝများသည်လည်းကောင်း၊
နောက်ဆုံးတော့ပြာပုံကလေးတစ်ပုံအဖြစ်မျှသာ ကျန်ရစ်ခဲ့တော့၏။
**************************************************
“မာကဏ္ဍီ” အပေါ်၌ မေတ္တာ တရားကြီးစွာ ခွင့်လွှတ်နိုင်စွမ်းရှိသော သာမာဝတီမိဖုရားကြီးအား ဗုဒ္ဓမြတ်စွာသည် အသာဆုံးအမြတ်ဆုံးမေတ္တာရှင်(မေတ္တာဝိဟာရီ)ဧတဒဂ်ဘွဲ ့ကိုသနားချီးမြှင့်တော်မူခဲ့ပါသည်။
ဥတေနမင်း ပစ်ခွင်းလိုက်သောမြားကိုပင်  ဦးတည်ရာသို ့ပြန်လှည့်စေနိုင်သော သူမ၏ မေတ္တာ၊သစ္စာ စွမ်းအားသည် မီးတောက်မီးလျှံများကို ငြိမ်းသွားစေခြင်းငှာ မစွမ်းနိုင်ပါသလောဟု စောဒက တက်ဖွယ်ရှိပါ၏။
“မေတ္တာ၊သစ္စာ၊အဓိဌာန်၊”  ဤ သုံးချက်ကို အလုံးစုံသော ဘေးအပေါင်း ရန်အပေါင်းမှလွတ်မြောက်အောင်ကာကွယ်နိုင်သည်မှာ အမှန်ဖြစ်ပါသည်။သက်သေသာဓက များစွာလည်းရှိခဲ့ပါသည်။သို ့ရာတွင် အကုသိုလ်ကံ ဝိပါက်ဝဋ်ကြွေး များရှိခဲ့လျှင်တော့ ထပ်တူထပ်မျှ ပေးဆပ်ရန်သာရှိပါ၏။“ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည် ”..ကိုယ်တိုက်က စိုက်ပျိုးခဲ့မိတဲ့ အကုသိုလ်မျိုးစေ့ကို ကိုယ်တိုင်ပဲအကျိုးပြန်ခံစားရမှာ သဘာဝပါ။
ဗုဒ္ဓကိုယ်တိုင် ပါရမီနုစဉ်အခါက မသိမှုဖြင့်ကျုးလွန်ခဲ့မိသော ဝိပါက်တော် (၁၂) ပါးကို ခံစားခဲ့ရပါ၏။
သာမာဝတီမိဖုရားကြီး အပါအဝင် ရံရွေတော်များသည်.တစ်ခုသောဘဝက နန်းတွင်းသူများဖြစ်ခဲ့ပါသည်။သူမနှင့်အပေါင်းအဖော်များ မြစ်ဆိပ်သို ့ရေကစားဆင်းခဲ့သည်။ရေကစားပြီးပြန်တက်လာသောအခါ ချမ်းအေးသဖြင့်မြက်ချုံကိုမီးရှို ့၍  မီးလှုံ ကြ၏ ။ထိုမြက်ချုံ၌ ဘုရင်မင်းမြတ်ကိုးကွယ်နေသော ပစ္စေကဗုဒ္ဓါ တစ်ပါး နိရောဓသမာပတ် ဝင်စားလျှက်သားတွေ ့ရသောကြောင့် ရာဇဒဏ်သင့်မည်စိုး၍ ကြံရာမရဖြစ်ကာ ထင်းတုံးထင်းစများရှာပြီး ပစ္စေကဗုဒ္ဓါ အားပြာကျသွားအောင် မီးရှို ့သတ်ခဲ့ကြပါသည်။
နိရောဓသမာပတ် ဝင်စားနေသော ပုဂ္ဂိုလ်အား အသက်အန္တရာယ်ပြု၍ မရသော်လည်း သေစေချင်သည့်စိတ်စေတနာနဲ ့မီးရှို ့သတ်ခဲ့မိသော
အကုသိုလ်ကြောင့်ငရဲ၌ အနှစ်တစ်သိန်းခံရပြီး ဘဝတစ်ရာပတ်လုံး မီးလောင်ကျွမ်းကာသေဆုံးကြရရှာပါသည်။
ယခုနောက်ဆုံးဘဝတွင်လည်း (သောတပန် အရိယာပုဂ္ဂိုလ် ) ဖြစ်လင့်ကစား အကုသိုလ်အကြွင်းအကျန်အား ပေးဆပ်ခဲ့ရပြန်ပါသည်။
အကုသိုလ်ကံအကျိုးပေးတဲ့ ဝဋ်ကြွေးကား ဓမ္မသံဝေဂယူဖွယ် ကြောက်မက်ဖွယ် ကောင်းလှပါဘိ။

“ကုသိုလ်ကံမှ လွှဲရှောင်ဖယ်ခွာလျှက် ပါပညစ်ကျု မကောင်းမှုကိုသာ စီမံပြုလုပ် အားထုတ်နေကြသည့် သတ္တဝါတို ့သည် သံသရာဝဋ်ဆင်းရဲ၌ အမြဲမပြတ်အထပ်ထပ်ပြေးလွှားကာ ချမ်းသာနှင့်ဆင်းရဲ ကိုသော်မှ ပေါ်ချည်နှစ်ချည်ခံစားကြရကုန်၏”
ဟု မြတ်ဘုရားမိန် ့တော်မူခဲ့ပါသည်။

ပြီး…………..ပါ………………ပြီ။
**********************************************************************************“
ဒီပိုစ့်လေးနဲ  ့ (မကျည်းတန်ရဲ ့ကမ္မဖလ ) ပိုစ့်လေးက တစ်ဆက်တည်းပါ၊အဲ့ဒီဇာတ်လမ်းထဲက ခုဇ္ဇုတ္တရာဟာ အခုဒီပိုစ့်က
သာမာဝတီမိဖုရားကြီးရဲ ့အထိန်းတော်ပါပဲ။လူ ့ဘဝကို ရလာခြင်းအတူတူ တစ်ယောက်က ရုပ်ဆိုးတဲ့ကျွန် တစ်ယောက်က လှပတဲ့ ဘုရင့်မိဖုရား သေတော့လဲ မီးလောင်ကျွမ်းပြီးအတူတူသေရရှာတယ်။
သူတို ့နှစ်ဦးရဲ ့ဘဝကံအကျိုးပေးမတူပေမယ့် ဧတဒဂ်ဘွဲ ့ကို တော့နှစ်ဦးစလုံးရခဲ့ပါတယ်။
ခုဇ္ဇုတ္တရာ က (အကြားအမြင် အသာဆုံးအမြတ်ဆုံး ဗဟုသုတဘွဲ ့) သမာဝတီမိဖုရားကြီးက (မေတ္တာဝိဟာရီဘွဲ ့) ရခဲ့ကြပါတယ်။

မလေးငြိမ် ရဲ ့(အဆင့်မြင့်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ) စာအုပ်လေးကလွန်ခဲ့တဲ့ (၈) နှစ်လောက်က မွေးနေ ့လက်ဆောင်အဖြစ် ရထားတဲ့စာအုပ်လေးပါ။လက်ဆောင်ပေးခဲ့တဲ့သူငယ်ချင်းက သူတို ့ဆေးခန်းက နာစ့်မလေးတစ်ယောက် က ဒီစာအုပ်လေးပေးဖတ်တယ်။အရမ်းကောင်းလို ့ဆိုပြီး မွေးနေ ့လက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပါတယ်။စာအုပ်လေးကို ဖတ်ပြီးတဲ့နောက်မှာ အရာရာကိုလဲလေးလေးနက်နက်တွေးတတ်လာတယ်။ကိုယ်တိုင်က အရိယာနွယ်ဝင် သူတော်စင် မဟုတ်လို ့အဆင့်မြင့်ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဆယ်ယောက်လို
မြင့်မြတ်တဲ့စိတ်ထားနဲ ့မြင့်မြတ်တဲ့ သူမဖြစ်ရင်တောင် ကိုယ့်ကိုယ်ကို  မိန်းမကောင်းတစ်ယောက် တန်ဖိုးရှိတဲ့ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ကိုယ့်ဘဝကိုလည်းတန်ဖိုးထားတတ်လာတယ်။.
မလေးငြိမ် ရဲ ့စာအုပ်လေးဖတ်ပြီး ရလိုက်တဲ့ သင်ခန်းစာလေးကိုပြောပြချင်ပါတယ်။
လူတစ်ကိုယ်စိတ်တစ်မျိုး၊ခံယူချက်အမျိုးအမျိုး မို ့ တစ်ယောက်နဲ ့တစ်ယောက်အတွေးအခေါ်အယူအဆတွေ တူချင်မှလဲတူလိမ့်မယ်။
အမှားပါရင်တော့….ခွင့်လွှတ်ပေးပါ..။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတော်တော်များများက အမျိုးပျောက်မှာ၊သာသနာကွယ်မှာကြောက်ကြပါတယ်။
လူမျိုးခြား၊ဘာသာခြားကို ချစ်ကြိုက်မိလို ့ယူလိုက်တဲ့သူတွေကို အမျိုုးဖျက်၊သာသနာဖျက်ဆိုပြီး ၊အပြစ်တင်ကြတယ်နော်။

ချမ်းချမ်းအမြင် ပြောရရင်တော့..ဒီခေတ်မှာ…
လူမျိုးအချင်းချင်းယူ၊ဗုဒ္ဓဘာသာဝင်အချင်းချင်းယူပြီး၊စိတ်ဓါတ်ရေးရာနိမ့်ကျတဲ့သူတွေ၊ဗုဒ္ဓသာသနာ ကိုညှိးအောင်လုပ်တဲ့သူတွေ အများကြီးပါပဲ၊။
ဘာသာခြားကိုယူပြီး ဘာသာပြောင်းသွားတဲ့ လူဦးရေထက် ။ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးဖြစ်ပြီး အမျိုး၊ဘာသာ၊သာသနာကို တန်ဖိုးမထားတဲ့သူတွေ ဂါရဝတရား မရှိတဲ့သူတွေ တော်တော်များပါတယ်။ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပြီး ဘုရားအဆုံးအမ နဲ ့မနေတဲ့သူလဲတွေ အများကြီးပါပဲ။
အခုခေတ်မှာ…ဗုဒ္ဓဘာသာဝင် မိန်းကလေးတော်တော်များများက ဘဝကိုတန်ဖိုးမထားကြတော့ဘူး။အားလုံးကိုမဆိုလိုဘူးနော်..တော်တော်များများတွေ ့နေရတာကိုပြောတာပါ။ခေတ်မှီလာတာလား၊ခေတ်ကြီးက ပျက်လာတာလားတော့မသိဘူး။ငယ်ငယ်ရွယ်ရွယ်နဲ ့ရည်းစားထားကြတယ်။“ဟီရိဩတပ္ပ” ဆိုတဲ့ မိမိကိုယ်ကိုတန်ဖိုးထားပြီး မကောင်းမှု အကုသိုလ်မှရှောင်ကျဉ်ရမယ်ဆိုတဲ့
အရှက်တရားလည်းနည်းလာတယ်။အရက်၊ ဘီယာလဲသောက်တတ်လာကြတယ်၊။.ရည်းစားဘဝမှာလဲ စောင့်ထိန်းရမယ့်စည်းကမ်းမရှိကြတော့ဘူး၊တိုက်နဲ ့ကားနဲ ့သာနေရမယ်ဆိုရင် မယားရှိတဲ့လင်လည်းမရှောင်တော့ဘူး၊။အဖေအရွယ် အဘအရွယ်လဲ အငယ်လေးအမည်ခံပြီးယူကြတာပဲ။ ကိုယ့်ကိုယ်လည်းတန်ဖိုးမထားကြတော့ဘူး။

..တန်ခိုးကြီး ဘုရားတော်တော်များများမှာ ကပ်ထားတဲ့ စာတွေကိုဖတ်ကြည့်ပါ၊။
“စုံတွဲများ ဘုရားပေါ်တွင် မသင့်မလျော် မနေရ” တဲ့ သေချာစဉ်းစားကြည့်ရင် . တော်တော်ရှက်စရာကောင်းပါတယ်။
ဒီလိုသတိပေးတဲ့စာတွေဆိုတာ မရှိသင့်ဘူး၊ကိုယ့်ဘာသာကိုလေးစားရင် ဘာသာရေးအသိနဲ ့ဗုဒ္ဓဘာသာဝင်တိုင်းစည်းကမ်း ရှိသင့်ပါတယ်၊။စည်းကမ်းသည်လည်းဘာသာရဲ ့တန်ဖိုးကို ဆောင်ပါတယ်၊။ဘုရားစေတီဆိုတာ ဗုဒ္ဓဘာသာဝင်အတွက် အမြင့်မြတ်ဆုံး ဂါရဝ ပြုတဲ့နေရာပါ။
ဗုဒ္ဓဘာသာ ကိုတခြားဘာသာဝင်တွေ အထင်မသေးအောင် ဗုဒ္ဓဘာသာဝင်တိုင်း ဂါရဝ တရား နဲ ့နေသင့်ပါတယ်၊။
အခုခေတ်မှာ….
ငယ်ငယ်ရွယ်ရွယ်နဲ ့အိမ်ထောင်ပြုကြတယ်၊ပြီးတော့ အိမ်ထောင်ရှင် မိန်းမပီသအောင်လဲ မနေကြတော့ဘူး၊
မယားဝတ္တရားငါးပါးလဲ မစောင့်ထိန်းကြတော့ဘူး၊သားသမီးတွေရလာတော့လည်းမှန်ကန်တဲ့နည်းလမ်းနဲ ့မဆုံးမနိုင်ကြပြန်ဘူး။ဘဝဆိုတာ ကို လင်ယူသားမွေး ဖို ့စီးပါွးရှာဖို ့ယောကျင်္ားလုပ်စာထိုင်စားဖို ့နဲ ့ရွှေတွဲလဲ၊ငွေတွဲလဲ နေရရင်ပဲ လူဖြစ်ရကျိုးနပ်ပြီလို ့ထင်နေကြပါတယ်။
ကိုယ်ချမ်းသာဖို ့ ကိုယ့်ခင်ပွန်း ကို မတရားလောဘနဲ ့စီးပါွးရှာခိုင်းကြတာများတယ်။

ပတ်ဝန်းကျင်မှာ တွေ ့မြင်နေရတဲ့ အိမ်ထောင်သည်ဘဝ သုံးမျိုးရှိပါတယ်။

(၁)အပေါစားအိမ်ထောင်သည်ဘဝ
(၂)သာမန် အိမ်ထောင်သည် ဘဝ
(၃)စံပြုထိုက်တဲ့ အိမ်ထောင်သည်ဘဝ

(၁) အပေါစား အိမ်ထောင်သည်ဘဝ..ဆိုတာက.အိမ်ထောင်သည်ဘဝ ရောက်ပေမယ့် ကိုယ့်အိမ်ထောင်ဖက်အပေါ် တစ်ဦးနဲ ့တစ်ဦးတန်ဖိုးမထားတဲ့သူတွေ၊တစ်ဦးနဲ ့တစ်ဦးမလေးစားပဲ ဆဲဆိုရိုက်နှက်
မယားဝတ္တရား(၅)ပါး၊လင့်ဝတ္တရား(၅)ပါး နဲ ့အိမ်ထောင့်တာဝန်မကျေတဲ့သူတွေ။ဘာသာတရားအဆုံးအမနဲ ့လဲမနေဘဲ
ယောကျာင်္းက  အရက်သောက်ဖဲရိုက်၊ မိန်းမလိုက်စား၊အိမ်ကမိန်းမကလဲစီးပွါးရေးအဆင်မပြေတာအကြောင်းပြပြီးလင်ငယ်နေ.သားသမီးတွေကိုလဲ လူတန်းစေ့မထားနိုင်၊ဘာသာတရားအသိနဲ ့လဲမဆုံးမနိုင်ပဲ အိမ်ထောင်တစ်ခုကို ဖြစ်သလို  တည်ဆောက်ပြီး ဘဝကိုတန်ဖိုးမထားပဲ ပေါ့ပျက်ပျက်နေကြတဲ့သူတွေ  ဟာ “အပေါစားအိမ်ထောင်သည်ဘဝ”ပါ။

(၂)သာမန်အိမ်ထောင်သည်ဘဝ..ဆိုတာက တစ်ဦးနဲ ့တစ်ဦးချစ်လိုယူခဲ့ကြပါတယ်၊ဒါပေမယ့်
ကြီးပွါးချမ်းသာဖို ့အတွက် မတရားတဲ့နည်းနဲ ့၊အကုသိုလ်အလုပ်နဲ ့စီးပွါးရှာတာကိုတစ်ဦးကိုတစ်ဦးမတားပဲအားပေးတဲ့သူတွေ။ကုသိုလ်ရေးတွေမလုပ်ပဲ ဥစ္စာမာန်၊ဓနမာန်တက်နေတဲ့ သူတွေ၊စီးပွါးရေးအဆင်ပြေလို ့ ။ရွှေတွဲလွဲ၊ငွေတွဲလဲနေရရင်ပဲ စိတ်ချမ်းသာမှုအစစ်လို ့ထင်နေတဲ့သူတွေပါ။
ဒီခေတ်မှာ စီးပွါးရေးအဆင်ပြေလာတဲ့ အသက် ၄၀၊၅၀
အရွယ်အိမ်ထောင်ရှင် ယောကျင်္ားတော်တော်များများ ဟာ အရက်၊ဖဲ၊မိန်းမ ကိစ္စတွေ ရှုပ်လာတယ်။အရက်မသောက်တတ်၊ဖဲမရိုက်တတ်၊မိန်းမ မလိုက်စားဘဲ၊ရတနာသုံးပါးရိုသေပြီး အိမ်ထာင်ရေးကိုတန်ဖိုးထားတဲ့ယောက်ျား ဆိုတာတော်တော်ရှားတယ်၊စီးပါွးရေးအဆင်ပြေလို ့သာယာချမ်းမြေ ့တဲ့ မိသားစု ဘဝကို
ပိုင်ဆိုင်ခွင့်ရတဲ့မိန်းကလေးတွေလဲတော်တော်နည်းပါတယ်။အသက်၄၀၊ ၅ဝ အရွယ်မယားရှိနေတဲ့ ဆိုက်ကားသမားရဲ ့မယားငယ်လုပ်ချင်တဲ့တဲ့သူတွေမရှိပေမယ့်၊။အသက် ၄၀၊၅ဝ အဖေအရွယ် ကုမ္မဏီပိုင်ရှင်သူဌေး ကြီးတွေမှာတော့ နံပါတ်စဉ်တွေများလိုက်တာ။
သားသမီးတွေကလဲ မိဘက ချမ်းသာတော့ လိုချင်တာကိုရနေပြီး ဘဝကိုတန်ဖိုးမထားတတ်ကြတော့ဘူး။အပြင်ပန်းကကြည့်ရင်တော့
တိုက်နဲ့ ့၊ကားနဲ ့ကုမ္မဏီကြီးတွေနဲ ့ပေါ့။တစ်ကယ့် အတွင်းမှာတော့ သစ္စာတရား၊တွေနားလည်မှုတွေ ကိုယ်ချင်းစာမှုတွေ နွေးထွေးမှုတွေ
ကင်းမဲ့နေတဲ့ အနှစ်ကင်းမဲ့တဲ့အကာသက်သက်အိမ်ထောင်ရေးပါ။ ဒါဟာ “သာမန်အိမ်ထောင်သည်ဘဝ”..ပါ။

(၃)“စံပြုထိုက်တဲ့အိမ်ထောင်သည် ဘဝဆိုတာက.” ချစ်လို ့လက်ထပ်ခဲ့တာပဲဖြစ်ဖြစ်၊မိဘသဘောတူလို ့လက်ထပ်ခဲ့တာပဲဖြစ်ဖြစ် သာမာဝတီမိဖုရား ကြီးလို ကိုယ့်ခင်ပွန်း၊ဒါမှမဟုတ် ဇနီးကို မှန်ကန်တဲ့အတွေးအခေါ်တွေ။
ဘာသာရေးအသိတွေနဲ ့လမ်းညွှန်ပေးနိုင်တဲ့ ဇနီးကောင်း၊ခင်ပွန်းကောင်း၊ကိုယ်တိုင်ကလဲ ဘာသာတရားကိုလေးစားတယ်၊ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပြီး လူကောင်းဖြစ်အောင် နေတယ်၊၊ရတနာသုံးပါးနဲ ့ငါးပါးသီလကို ကြိုးစားဆောက်တည်ပြီး စီးပွါးကိုလည်း သမာအာဇီဝနည်းနဲ ့ရှာတယ်၊တိုက်နဲ ့ကားနဲ ့စည်းစိမ်ပေါ်မှာ မနေရပေမယ့်၊ မချမ်းသာပေမယ့် ရိုးရိုးသားသားနဲ ့အလုပ်ကြိုးစားတယ်။မယားဝတ္တရား(၅)ပါး
လင့်ဝတ္တရား(၅)ပါးနဲ ့တစ်ဦးနဲ ့တစ်ဦး နားလည်မှု.၊စာနာမှု၊ သီးခံမှု၊တွေနဲ ့ နေကြတယ်။၊ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ကိုလည်း မောင်တစ်ထမ်းမယ်တစ်ရွက်နဲ ့ ကြိုးစားလုပ်တယ်၊။သားသမီးတွေကိုလည်း ဘာသာရေးအသိတွေနဲ ့လိမ္မာယဉ်ကျေးအောင်ဆုံးမနိုင်တယ်၊မိဘကိုယ်တိုင်လည်း သားသမီးအတွက် လေးစားအထင်ကြီးအောင်ကိုယ်ကျင့်တရားနဲ ့ပြည့်စုံပြီး၊
သာယာချမ်းမြေ ့တဲ့ မိသားစုဘဝလေး ကိုတည်ဆောက်နိုင်တဲ့အိမ်ထောင်သည်တွေဟာ “စံပြုထိုက်တဲ့ အိမ်ထောင်သည်ဘဝ”ပါ။

ကဲ ညီမလေးတို ့ကရော “သာမာဝတီနဲ ့ခုဇ္ဇုတ္တရာ”  အကြောင်းလေးကိုဖတ်ပြီး ဘယ်လိုသံဝေဂနဲ ့သင်ခန်းစာရခဲ့လဲ။ကိုယ့်ဘဝကိုရော ဘယ်လိုပုံစံမျိုးနဲ ့တည်ဆောက်တော့မယ်လို ့စိတ်ကူးထားလဲ။တစ်နေ ့အိမ်ထောင်သည်ဘဝရောက်ခဲ့ရင်ရော.ဘယ်လိုအိမ်ထောင်ရေးမှာနေချင်လဲ။
ဘယ်လိုဇနီးမျိုးဖြစ်ချင်လဲ။

ဗုဒ္ဓမြတ်စွာဘုရားက “မိမိသည်သာ မိမိဘဝရဲ ့အလင်းရောင်တဲ့” ဒီစကားလေးက အရမ်းမှတ်သားစရာကောင်းတယ်၊။ကိုယ့်ဘဝလှပဖို ့ကိုယ်တိုင်က အသိတရားဆိုတဲ့ ဖယောင်းတိုင်လေးကို “ဓမ္မ” ဆိုတဲ့အလင်းလေးနဲ ့ထွန်းညှိပြီးလမ်းပြသင့်ပါတယ်။သူတစ်ပါးအားကိုးလို ့မရဘူး၊
ဘဝမှာ စည်းစိမ်ဥစ္စာပြည့်စုံတိုင်းစစ်မှန်တဲ့စိတ်ချမ်းသာမှုအစစ်မဟုတ်ဘူး။စိတ်ချမ်းသာမှုအစစ်က “ဓမ္မ” ဆိုတဲ့ အမှန်တရားကိုသိမြင်ဖို ့ပါဘဲ။
အတိတ်ဘဝ ကကိုယ်တိုင် ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ၊အကုသိုလ်ကံကြောင့် ဒီဘဝမှာ ချမ်းသာတဲ့ဘဝ၊ဆင်းရဲတဲ့ဘဝ ၊ရုပ်ချောတဲ့သူ၊ရုပ်ဆိုးသူ ဘယ်လို လူပဲဖြစ်ဖြစ် အရေးကြီးဆုံးက လက်ရှိကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝကို ရောင့်ရဲကျေနပ်ဖို ့၊အဆိုးထဲက ကောင်းအောင်နေတတ်ဖို ့၊စိတ်ထားကောင်းမွန်ဖို ့၊လူလူချင်းကိုယ်ချင်းစာစိတ်ထားဖို ့တစ်ဦးနဲ ့တစ်ဦးအမျက်မပွားပဲမေတ္တာထားဖို ့၊လက်ရှိကိုယ့်ဘဝကိုမှန်ကန်တဲ့
နည်းလမ်းနဲ ့ထိန်းကျောင်းပြုပြင်တတ်ဖို ့ပဲလိုပါတယ်။“လူ ့ဘဝဆိုတာတိုတိုလေးပါ” ဆိုပေမယ့် ကြုံတွေ ့ရတဲ့အခက်အခဲတွေ အဆင်မပြေမှုတွေ ဆိုတာ အရမ်းများတယ်။ “ငိုတစ်ခါ ရယ်တစ်လှည့် ”ဆိုပေမယ့်  မွေးကတည်းကသေရမယ့်အချိန်အထိ ရယ်ရတာထက် ငိုခဲ့ရတာက
ပိုများနေလိမ့်မယ်။ဘယ်လိုအခက်အခဲပဲကြုံရ ကြုံရ အကောင်းဆုံးနည်းလမ်းရှာပြီးမှန်ကန်တဲ့နည်းလမ်းနဲ ့ဖြေရှင်းပါ။အရာရာကို မျက်စိတစ်ဆုံးကြည့်ပြီး မှဆုံးဖြတ်ပါ။မျက်တောင်တစ်ဖျားစာလေးနဲ ့မဆုံးဖြတ်ပါနဲ ့။
စိတ်ဆင်းရဲစရာတွေများလွန်းလို ့၊ဘဝက ဆိုးလွန်းလို ့ဆိုပြီး
စိတ်သက်သာရာရအောင် ထွက်ပေါက်ရှာရင်တောင် ကိုယ့်ရဲ ့စိတ်ကို ကုသိုလ်ရေးတွေမှာ များများအချိန်ပေးလိုက်ပါ။
နဂိုက ကံဆိုးနေရတဲ့အထဲ မဟုတ်တာ မကောင်းတာထပ်လုပ်ရင် ပိုပြီးဆိုးလာပါလိမ့်မယ်။
ရတနာသုံးပါးကို ရိုသေပါ။
သာမာဝတီမိဖုရား လို အလှမာန်၊ဓနမာန် မတက်ဘဲ၊ဖြူစင်တဲ့စိတ်လေး ထားတတ်ဖို ့၊အရာရာကိုစိတ်ရှည်သီးခံနိုင်ဖို ့၊အနစ်နာခံပြီးခွင့်လွှတ်တတ်တဲ့ စိတ်ထားရှိဖို ့၊ရတနာသုံးပါးနဲ ့ငါးပါးသီလ ကို စောင့်ထိန်းနိုင် မှစစ်မှန်တဲ့ စိတ်ချမ်းသာခြင်း ကိုရရှိပါလိမ့်မယ်။ ကိုယ်တိုင်က ရတနာသုံးပါးနဲ ့ငါးပါးသီလ ကို စောင့်ထိန်းဖို ့လိုသလို ကိုယ့်ချစ်သူဒါမှမဟုတ် ကိုယ့်အိမ်ထောင် ဘက်ကို လဲ
ရတနာသုံးပါးနဲ ့ငါးပါးသီလ စောင့်ထိန်းနိုင်အောင် လမ်းညွှန်ဆုံးမပေးပါ။အိမ်ထောင်တစ်ခုမှာ အရေးကြီးဆုံးက ဗုဒ္ဓဘာသာဝင်အတွက် မြတ်စွာဘုရားချမှတ်ပေးထားတဲ့ အခြေခံကျင့်ဝတ် ဖြစ်တဲ့ ငါးပါးသီလ ကိုသာ လုံအောင်ထိန်းမယ်ဆိုရင်
အရက်သမားမယားဘဝ၊ ထောင်ထွက်မယားဘဝ ၊မယားကြီး၊မယားငယ်ဘဝ လဲ ရှိလာမှာမဟုတ်တော့ဘူး။အပြင်မှာသာယာမှုရှာတဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ယောကျင်္ား၊  မိန်းမ လဲ ရှိလာမှာမဟုတ်တော့ဘူး။
တစ်နေ ့ညီမလေးတို ့ကိုယ်တိုင်အိမ်ထောင်ရှင်ဘဝ  မိခင်ဘဝရောက်မှာမို ့…
သားသမီးတွေ လေးစားအထင်ကြီး လောက်တဲ့ အိမ်ရှင်မ ကောင်းတစ်ယောက်၊ ဖြစ်အောင် သားသမီးတွေအတွက် စံပြဖြစ်အောင် နေပါ။
သားသမီးတွေကို ဘာသာရေးအသိတွေနဲ ့လိမ္မာယဉ်ကျေးအောင် လမ်းညွှန်နိုင်တဲ့သူဖြစ်အောင်ကြိုးစားပါ။
ဘဝကိုလွယ်လွယ် မတွေးပါနဲ ့။
မြန်မာစကားပုံရှိတယ်လေ…
“ကုန်ရှုံးတော့ တစ်ခေါက်
လင်ကုန် ရှုံးတော့ တစ်သက်
ဆရာကုန်ရှုံးရင် တစ်သံသရာလုံးမှောက်တဲ့”
အိမ်ထောင်ရေးကိုလဲ ဖြစ်သလို လွယ်လွယ်နဲ ့မတည်ဆောက်ပါနဲ ့။
“ပုခက်လွှဲတဲ့မိခင်ရဲ ့လက်ဟာ ကမ္ဘာ ကြီးကိုတောင် လွှမ်းမိုးနိုင်သလို
ပုခက်လွှဲတဲ့မိခင်ရဲ ့လက်ဟာ ကမ္ဘာကြီးကိုလည်းဖျက်ဆီး နိုင်ပါတယ်။
ကမ္ဘာကြီးကို အလှဆင်နိုင်တဲ့ လက်ပိုင်ရှင်များဖြစ်ကြပါစေ၊”

မေတ္တာရှင်(ရွှေပြည်သာ) ရဲ ့ “ဘဝနှင့်ရင်းရသော အတွေးအမြင်များ”  စာအုပ်ထဲမှာ လူလေးမျိုးရှိပါတယ်။
ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ ကိုယ့်ဘာသာ ဆန်းစစ်ပါ။ပြီးရင်ပြုပြင်ပါ…
(၁) လူ ့ငရဲသား
(၂)လူ ့တိရိစာ္ဆန်
(၃)လူ ့ပြိတ္တာ
(၄)လူ ့ပရမတ္ထ.(လူအစစ်).. ဆိုပြီး..လူလေးမျိုးရှိပါတယ်..

(၁)ငရဲဘုံမှာ ကျရောက်နေတဲ့သူဟာ ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တွေလုပ်ချိန်မရပဲ အဆက်မပြတ် နာကျင်ဆင်းရဲခြင်းကိုခံနေရတဲ့သူတွေပါ။ထို ့အတူ..တစ်ချို ့သည် လူ ့ဘဝရလာသော်လည်း မကောင်းမှု အကုသိုလ်၊ဒုစရိုက်များ နှင့် လူသတ်မှု၊ခိုးမှု ၊မုဒိမ်းမှု ကျုးလွန်သောကြောင့် ထောင်တန်းကျပြီး ဆင်းရဲဒုက္ခများစွာ ခံကြရသည်။ဒါန၊သီလ၊ဘာဝနာ ကုသိုလ် တစ်ခုမှမလုပ်ခဲ့ပေ။ထိုကဲ့သို ့သော လူသားများကို ဗုဒ္ဓမြတ်စွာဘုရား က လူအစစ် ဟုမသတ်မှတ်…“လူ ့ငရဲသား ” ဟုသတ်မှတ်သည်။

(၂)တိရိစာ္ဆန် သည် အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း သုံးမျိုးကိုသာပြုလုပ်ပြီး ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များ
တစ်ခုမှမပြုလုပ်သကဲ့သို ့တချို ့လူများသည် စီးပွါးရှာပြီး အိပ်ခြင်း ၊စားခြင်း၊ကာမဂုဏ်ခံစားခြင်း သုံးမျိုးကိုသာပြုလုပ်သည်.။ရရှိလာသည့်စည်းစိမ်များကို အပျော်အပါး ကိစ္စအတွက်သာအကုန်အကျခံပြီး၊ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တရားပြုလုပ်ခြင်းမရှိသော သူများကို လူအစစ် ဟု ဗုဒ္ဓမြတ်စွာဘုရား က မသတ်မှတ်..“လူ ့တိရိစာ္ဆန်” ဟုသာသတ်မှတ်သည်၊

(၃) သရဲ၊တစ္ဆေ၊မှင်စာကြပ် ဥစ္စာစောင့်များအားလုံးတို ့ကို ပေတပြိတ္တာ ဟုခေါ်ကြသည်။ပြိတ္တာတို ့သည် အကုသိုလ်ကံ ဝဋ်ကြွေးကြောင့် ဘယ်သောအခါမှ အစာကို ဝလင်အောင်မစားရပေ။မရပ်မနားတစ်ဘဝလုံး ရှာစားသော်လည်း မသေရုံသာစားရသည်။
လူများစွန် ့ပစ်ထားသော စားကြွင်း၊စားကျန်၊ တံတွေး၊နှပ်၊သလိပ်များ တွေ ့သမျှကို ရှာဖွေစားသောက်ကြရပါသည်။အစာကိုသာ တစ်ဘဝလုံး ကုန်းရုန်းရှာဖွေပြီး သေသွားကြသည်။ ဒါန၊သီလ၊ဘာဝနာ ၊ကုသိုလ် တစ်ခုမှမပြုနိုင်ခဲ့ပါ။
တစ်ချို ့မှာ လူလာဖြစ်သော်လည်း ဆင်းရဲနွမ်းပါးလွန်းသဖြင့် တစ်ဘဝလုံးဝမ်းရေးတစ်ခုအတွက်သာ ရှာဖွေစားသောက်ရင်း
တစ်ဘဝဆုံးသွား၏ ။၊ဒါန၊သီလ၊ဘာဝနာ။ကုသိုလ်တရားတစ်ခုမှမလုပ်နိုင်၊ထိုလူသားမျိုးကို လူ အစစ်ဟု ဗုဒ္ဓမြတ်စွာဘုရားက မသတ်မှတ်
“လူ  ့ပြိတ္တာ” ဟုသတ်မှတ်သည်။

(၄)တစ်ချို ့လူမှာ စီးပွါးရေးကိုလည်း လူတန်းစေ့အောင်သမာအာဇီဝနည်းနဲ ့ရှာနိုင်ပြီး ၊မသောက်မစား အကုသိုလ်ရှောင်ပြီး ။၊ရတနာသုံးပါးနဲ ့ငါးပါးသီလ ကိုစောင့်ထိန်းနိုင်၏၊ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တရားကိုလည်း စွမ်းနိုင်သမျှပြု
ပြီး မိမိကိုယ်ကို တန်ဖိုးရှိအောင် သိက္ခာရှိအောင် နေနိုင်သော သူများကိုသာ ဗုဒ္ဓက “လူ ့ပရမတ္ထ” လူအစစ် ဟုသတ်မှတ်သည်။

“လူနှင့်တိရိစာ္ဆန် ခြားနားဟန်
နှစ်တန်သိရမည် အိပ်၊စား၊ ကာမ၊
သိရုံမျှ မှတ်ကြ လူမပီ
အကုသိုလ်ပယ် ကုသိုလ်ဆွယ်
တကယ်လူပီသည်၊
လူမပီက အပယ်ကျ
ဒုက္ခမလွတ်ပြီ
လူပီလေက ချမ်းသာရ
ရောက်ရ နိဗ္ဗာန်ဆီ….”
(ဓမ္မဒူတ အရှင်ပညာဇောတ)

………………………………………………..
အချိန်ပေးပြီးအားပေးဖတ်ရှု ကြတဲ့ ညီမလေးများကို ကျေးဇူးအရမ်းတင်ပါတယ်။
ညီမလေးတို ့လည်း ကိုယ့်ဘာသာကို ချစ်ရင် ဘာသာတန်ဖိုးသိအောင်ကြိုးစားပါ။ဘာသာတရားကိုရိုသေပါ။
ကိုယ့်ကိုယ်ကိုယ်ချစ်ရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေပါ။

အားလုံးကို လေးစားချစ်ခင်လျှက်

Post…..By….ချမ်းချမ်း(ရွာသူလေး)http://www.haymonchan.blogspot.com

One comment

  • MaMa

    June 5, 2011 at 12:17 pm

    တစ်ထိုင်တည်းနဲ့ ပြီးတဲ့အထိ ဖတ်ဖြစ်သွားအောင်ကို စွဲဆောင်နိုင်ပါတယ်။ အားပေးပါတယ် ချမ်းချမ်းရေ။

Leave a Reply