အမေ ကို အကြာကြီး ပစ်မထားတော့ပါဘူး

ဆူးJune 4, 20111min22019

မောင်နှမလေးတို့ရေ.. ဒီနေ့ ပြောပြမဲ့ ပုံပြင်လေးကတော့ တကယ့် အဖြစ်အပျက်ကလေးပေါ့ကွယ်..

တခါတုန်းက မအူပင်တန်း ဆိုတဲ့ ရွာကလေးမှာ ဖြစ်ပျက်ခဲ့တာပေါ့။

မအူပင်တန်း ဆိုတဲ့ ရွာကလေးက မြို့နဲ့လည်း အလှမ်းတော်တော် ဝေးတယ်။ ရွာက လူတွေကလည်း မြို့ပေါ် သိပ်မရောက်ဘူးကြဘူးပေါ့။ ရွာကလေးမှာ နေတဲ့ လူတွေက ၁နှစ်ကို ၆လ လောက် မြစ်ရေ တက်တဲ့ အတွက် ၆လ လောက်တော့ အသီး အနှံများ စိုက်ပျိုးပြီး ရတဲ့ ပိုက်ဆံကလေး စုထားပြီး ကျန် ၆လ ကိုတော့ အဆင်ပြေသလိုပဲ ထိုင်စားကြရတာ ဓလေ့ တခုလိုပါပဲ။ ဆင်းရဲတဲ့ လူတွေ ဆိုရင်တော့ ရေတက်လာပြီ ဆိုရင် လှေတစီးနဲ့ ငါးတွေ ဖမ်းပြီး အနီးအနား ရေ မတက်တဲ့ ရွာတွေကို လိုက်ရောင်းတဲ့ အလုပ် ကိုလုပ် ကြပါတယ်။ မြို့ကို သွားမယ် ဆို ကားလမ်း အဆင်မပြေတော့ စက်ဘီးနဲ့ သွားမယ် ဆိုရင်တော့ ၄နာရီလောက်ကြတဲ့ အတွက် တော်ယုံ မြို့ဆိုတာကို သိပ်မသွားကြပါဘူး။

တနေ့တော့ မောင်နီ တယောက် မြို့တက်ပြီး အလုပ်လုပ်မယ် ဆိုပြီး မိဘများကို ကန်တော့ပြီး ထွက်သွားခဲ့တယ်။ လမ်းပန်း ဆက်သွယ်ရေး အဆင်မပြေတာက တကြောင်း မောင်နီလည်း အလုပ်နေရာ ပြသနာ အမျိုးမျိုးတွေ ကြုံနေရတော့ အိမ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။

မိခင် ဖခင် များကတော့ ၁နှစ်နေလည်း မောင်နီ ပြန်မလာ စာလည်း မရ သတင်းလည်း မကြား ၂နှစ်နေလည်း ထိုနည်း အတိုင်းပဲ.. ၅နှစ်လောက် နေတဲ့ အထိ သတင်းမကြားတော့ သေပြီ လို့ ထင်လာကြတယ်။

မိခင်ကတော့ လွမ်းလွန်းလို့ အိမ်မက်ထဲ အထိ သားတော် မောင် အရောက်လာလို့ စိတ်တွေ မကောင်းဖြစ်နေရှာတယ်။ သားလေး သေပြီလား မသိဘူး ဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်ပြီး လွမ်းဖျား လွမ်းနာ ကျနေတယ်။ သားတော် မောင် အသက်မှ ရှိသေးရဲ့လား ဘာများ ဖြစ်နေမလဲ အတွေးနဲ့ တွေးရင်း သူ သား အကြောင်း တဖွဖွ ပြောနေရှာတာပေါ့ကွယ်။

ဒီလိုနဲ့ တနေ့မှာတော့ မိခင်ကြီး အိမ်မှာ ထမင်းချက်ဖို့ ဆန်ပြာနေတုန်း ကလေးတယောက်က လာအော်ပြီး ခေါ်တယ်..

ကြီးမေ ကြီးမေ.. ရွာလယ်က မန်ကျည်းပင်ကြီး အောက်မှာ သရဲပူးနေတယ် သူ့ကိုယ်သူ မောင်နီလို့လည်း ပြောတယ် ကြီးမေ လိုက်ကြည့်ပါအုန်း……. ဆိုတဲ့ အသံကြားတို့ အခိုက်မှာ အံဩထိတ်လန့်သွားပြီး ဆန်ဗန်းကြီး ကြုံသလို ချပြီး ထိုသစ်ပင်ကြီး အောက်ကို တခါတည်း လာခေါ်တဲ့ကလေးနဲ့ အတူ ပြေးတော့တာပါပဲ။ ပါးစပ်ကလည်း သားလေး သားလေး တကယ်လား ဆိုပြီး တလမ်းလုံး ရေရွတ်ပြီး ဖုံထူထူ မြေကြီး လမ်းကလေးမှာ ဖိနပ်မပါပဲ ထမိန် မနိုင် တော့တဲ့ အတွက် ထမိန်စကြီး မပြီး ပြေးလာလိုက်တာ မန်ကျည်းပင်ကြီး အောက်မှာ လူအုံနေတာ တွေ့ပါတယ်။ ထို လူ အုပ်ကြားထဲကို အတင်းတိုးဝင်ပြီး ကြည့်လိုက်တဲ့ အခါ ခပ်ငယ်ငယ် ရွာထဲက ကောင်လေးတော့ မဟုတ်ပါဘူး မျက်မှန်း တမ်းမိတဲ့ တခြားရွာက ကောင်ကလေး တယောက်က သူ့ကိုယ်သူ မောင်နီ ပါလို့ ပြောပြီး အမောတကော နဲ့ ပြေးလာတဲ့ မိခင်ကြီးကို ပြေးဖက်ပြီး ငိုတော့တာပါပဲ။ သားစိတ်နဲ့ လွမ်းပြီး စိတ်နဲ့ ကိုယ်နဲ့ မကပ်ဖြစ်နေရတဲ့ မိခင်ကြီး မှာလည်း ထူပူပြီး သားပါ ဆိုပြီး ဖက်ငိုတော့ အလွန် စိတ်မကောင်း ဖြစ်သွားတယ်။

သားလေး သားလေး သေသွားပြီလား အမေ တို့ဆီ ဘာလို့ စာမပို့တာလဲ ဘာဖြစ်တာလဲ သားရယ် ဆိုပြီး ဝင်ပူးနေတဲ့ ကောင်ကလေးကို ဖက်ပြီး ငိုရင်း ပြောတော့တာပေါ့။

မောင်နီ ဝင်ပူးနေတဲ့ ကောင်ကလေးက အမေရယ် စိတ်မကောင်း မဖြစ်ပါနဲ့ သား အမေ ကို သတိရလို့ လာတာပါ။

ဘေးနားက ဝိုင်းအုံကြည့်နေတဲ့ လူများထဲမှ လူကြီး တယောက်က

ဟဲ့ နင်က မောင်နီ လို့ ပြောရအောင် နင် ဘာပြောနိင်လဲ မောင်နီ အကြောင်း…

ကျွှန်တော် အိမ်မှာ ငယ်ငယ်က ဆော့တဲ့ အရုပ်တွေ ပုံးထဲမှာ စုထည့်ပြီး အိမ်ခေါင်းရင်း အခန်းမှာ သိမ်းထားတယ်။

အနားက လူတွေက အမေ လုပ်သူကို ဝိုင်းကြည့်တယ်.. ဟုတ်ပါတယ် ဆိုတဲ့ အမူ အရာဖြစ်တဲ့ ခေါင်းငြိမ့်ပြတာကို မြင်ပေမဲ့..

ဟဲ့ ဒီလောက်နဲ့ မပြည့်စုံသေးဘူး တခြားဟာ ထပ်ပြော..

ထိုကောင်လေးက နောက်ဆုံး စာထဲမှာ အလုပ်အကိုင် အဆင်ပြေကြောင်း နဲ့ မကြာခင် ပြန်လာမယ် လို့ ရေးထားပါတယ်။

ထိုစကား အဆုံးမှာတင် မိခင်ကြီးက သားရယ် ဆိုပြီး ဖက်ပြီး ငိုနေပြန်တယ်။

ထို အချိန်မှာ ကျွှန်တော် ဗိုက်ဆာတယ်.. ဒီကို လာတာ တော်တော် ကြာလို့ မစားလည်း မစားရတာနဲ့ ဗိုက် သိပ်ဆာ နေပြီ လို့ ပြောတဲ့ အခါ ရွာထဲက လူတွေကလည်း စားစရာ ပြေးယူကြတယ်။ အမေ လုပ်သူကလည်း စားစရာ ပြေးယူပြီး ထမင်းဝိုင်းနဲ့ စားသောက်လိုက်တာ တော်တော် ထူးဆန်းလောက်အောင်ကို အစားစားနိုင်တာ သတိထားမိတယ်။ အားလုံးကတော့ သူဗို်က်ဆာ နေတာပဲ ဆိုပြီး သနား ဂရုဏာနဲ့ ကြည့်နေကြတယ်။ စားလို့လည်း ပြီးတဲ့ အခါမှာတော့ အမေ သားကို ခွင့်လွတ်ပါ ဆိုပြီး ထိုင်ကန်တော့ပါတာပေါ့.. အမေ လုပ်သူကလည်း အေးပါ သားရယ် ဆိုပြီး ပြောလိုက်တဲ့ အသံ မဆုံးခင်မှာ မောင်နီ လို့ ပြောတဲ့ ကောင်လေးက ဘုန်းကနဲ လဲကျသွားပြီး ထိုကောင်လေးကတော့ ရုတ်တရက် သတိလစ်ရာက ပြန်လည်လာ သလို ပုံစံ မြင်ရပါတယ်။

အမေ လုပ်သူကတော့ သား စိတ်နဲ့ စိတ်မကောင်း ဖြစ်နေယုံနဲ့ မပြီးဘူးဆိုပြီး သံဃာတော်များကို ဆွမ်းပင့်ပြီး ဆွမ်းကပ်ပါတယ်။ ထိုနေ့မှာတော့ ထူးဆန်းတဲ့ ဧည့်သည် တယောက် ရွာထဲကို ရောက်လာတဲ့ အခါ ရွာလူတွေ အားလုံး မျက်လုံးပြူးပြီး ဘယ်သွားတာလဲ ဘာလုပ်မှာလဲ ဆိုတဲ့ အကြည့်နဲ့ လိုက်ကြည့်ပါတယ်။ ထို ဧည့်သည်ကတော့ မောင်နီ အမေ အိမ်ထဲ တန်းတန်း မတ်မတ် ဝင်သွားတာကို မြင်ပါတယ်။ ထို အချိန်မှာတော့ မောင်နီ အမေက သံဃာတော်များ ဆွမ်းကပ်နေပါတယ်။ ဆွမ်းဘုန်းပေးနေတဲ့ ဘုန်းတော်ကြီးများကို ရိုသေစွာ ထိုင်ကန်တော့ပြီး အမေ လုပ်သူဘက်ကို လှည့်ပြီး အမေ ဒီနေ့ အိမ်မှာ ဘာ အလှူရှိလို့လဲ မေးလိုက်ပါတယ်။

အမေ လုပ်သူက အရမ်းကို ထိတ်လန့် အံဩပြီး မင်းသေတဲ့ အတွက် အမျှဝေ ဆွမ်းကပ် လုပ်ပေးတာလေ..

ထိုအချိန်မှာ မောင်နီက ဟာ အမေ ကလည်း သား အကောင်းကြီး ရှိနေတာ ဆိုပြီး ရုတ်တရက် စိတ်ဆိုးသွားပါတယ်။

သားပြန်မလာတာ ၅နှစ်ပဲ ရှိသေးတယ် အမေကလည်း လုပ်ရက်တယ်ဗျာ ဆိုပြီး စိတ်မကောင်းတဲ့ အသံ အက်အက်ကြီးနဲ့ ပြောတော့..

မိခင်က ဟင်.. မောင်နီ နင် မသေဘူးလား.. နင်ပြောတော့ သေပြီ ဆို.. အခု ရှင်နေတာလား.. ဆိုပြီး ငိုပါလေရောတဲ့ကွယ်။

သားလုပ်သူ မောင်နီကလည်း အမေရယ် မယုံရင် သားကို ကိုင်ကြည့်ပါ.. အခု အမေ့ အတွက် လက်ဆောင်တွေလည်း ပါတယ်။

ဒါဆို သားမသေဘူးပေါ့နော်.. ဒါပေမဲ့ တခါတုန်းက ရွာလယ်က မန်ကျည်းပင်ကြီး အောက်မှာ မောင်နီ ပါဆိုပြီး ကောင်လေး တယောက်ကို ဝင်ပူးပြီး အစားမစားရတာ အတော်ကြာပြီ ဆိုပြီး စားစရာများ စားပြီး ပြန်ထွက်သွားပါတယ် ဒါကြောင့် သား အတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပေးတာပါ သားရယ်။ အခုတော့ မောင်နီ ပြန်လာပြီ ဆိုတော့ စိတ်အရမ်းပေါ့သွားပြီး။ ဒီလိုနဲ့ မောင်နီ က မေးပါတယ် အဲဒါ ဘယ်သူလဲ ဆိုတော့ တခြားရွာက ကောင်လေး ဖြစ်နေတာ သိတော့ သူတော်တော် စိတ်တိုသွားခဲ့ပါတယ်။ ထို ကောင်လေးက သူနဲ့ တချိန်က အလုပ်တူတူ လုပ်ပြီး ပြသနာ ဖြစ်ပြီး ဒုတ်ဆွဲ ဓါးဆွဲ ဖြစ်ရတဲ့ အထိ ဖြစ်ပြီး အလုပ်ကနေထွက်ပြီး ရွာပြန်ခဲ့ရတာ ဖြစ်ပါတယ်။ မောင်နီ ကို မကျေနပ်လို့ အမေ လုပ်သူကို ချောက်တွန်းတဲ့ သဘောနဲ့ ပြောသွားတာ ဖြစ်နေမှန်း သိလိုက်တော့ တော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။ နောက်ဆို အမေ ကို အကြာကြီး ပစ်မထားတော့ပါဘူး ဆိုပြီး သား အမိတွေ ဖက်ငိုကြလေး သတဲ့..

မောင်နီ နဲ့ သူ့ မိခင်ကတော့ မတိုင်ပင်ထားမဲ့ ဆရာတော်တွေ ဘက်ကို လှည့်ပြီး ယနေ့ ကပ်တဲ့ ဆွမ်းကတော့ သားပြန်လာတဲ့ အထိန်း အမှတ် ဆွမ်းကလေး ဖြစ်ပါတယ် ဘုရား ဆိုပြီး လျှောက်ပါတော့တယ်။

မောင်နှမလေးတို့ တတွေလည်း အိမ်နဲ့ ခွဲပြီး အဝေးကြီး သွားနေမယ် ဆိုရင် အိမ်ကို အကြာကြီး မပစ်ထားပဲ မိသားစု ကို အဆက်အသွယ်လေး ပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ် မောင်နီ နဲ့ သူ့ အမေ လို အဖြစ်မျိုး မကြုံရအောင်ပေါ့ကွယ်။ မိဘများ ရှိတဲ့ သူ အဖို့ ဘယ်နေရာ ရောက်ရောက် မျှော်နေမဲ့သူတွေ ရှိနေမယ် ဆိုတာလေး သတိတရာ ရှိနေဖို့ တိုက်တွန်းလိုက်ပါတယ်ကွယ်။

ယနေ့ ညပိုင်း ကလေးများ အတွက် ပုံပြင် အစီအစဉ် ဒီတင်ပြီးှဆုံးပါပြီ။

19 comments

  • bigcat

    June 4, 2011 at 10:08 pm

    လောင်မီးမကျခင်
    ဖျောင်ပြီးတကောင်တည်း
    ဖောင်စီးပြီး
    တောင်ကြီးအသွား
    လျောင်ကီးက
    ထောင်ပြီးလှမ်းမှာ
    ဗျောင်ကြီးဖမ်းကာ
    အောင်သမီးနဲ့
    နှောင်စီးလိုက်လို့
    မောင်ကြီးဖြစ်သွားရတဲ့
    ကြောင်ကြီးကို
    ခွင့်လွှတ်ပါအမေ….

    • ဆူး

      June 5, 2011 at 11:14 am

      မောင်ကြီး ဖြစ်တဲ့
      ကြောင်ကြီး
      အောင်အီးလို့
      စောင့်ပြီး
      ခွင့်လွတ်ပါတယ် သားရယ်။
      🙂 🙂 😉 😉 😛 😛

      • moethidasoe

        July 9, 2011 at 3:05 pm

        ဆူးက အဲဒီလို ရေးလိုက်တော့ အလကားနေရင်း ကိုကြောင်ကြီးရဲ့ အဖေကို ယူနေရဦးမယ်

        • ဆူး

          July 9, 2011 at 8:13 pm

          ကြောင်ကြီး အမေ အစား ကဗျာစပ်ပေးတာပါ။ ရိုးရိုးလေးပါ ရိုးရိုးတွေးရင် အဆင်ပြေသွားမှာပါ။

  • နိုင်နိုင်

    June 5, 2011 at 5:03 am

    ဒီစာဖတ်ပြီး အိမ်မှာကျန်ခဲ့တဲ့ စလယ်ဝင်ဦးလေး ဖေဖေနဲ့ မေမေကို သတိရလာတယ်
    ခုပဲဖုန်းဆက်ပြီး မာကြောင်းသာကြောင်းမေးလိုက်ပါဦးမယ်။

    • Yin Nyine Nway

      July 9, 2011 at 2:06 pm

      တို့လဲ လွမ်းလာပြီး တောင်ကြီးက ကျန်ခဲ့တဲ့ မေမေ့ကို

  • nature

    June 5, 2011 at 7:14 am

    ဒီလောက်အကြာကြီးခွဲနေတာ စာကလေးတစောင်လောက်တော့ပို့သင့်တယ်။ ဒီလိုဇာတ်လမ်းမျိုးကြားဖူးတယ်။
    သူငယ်ချင်း၂ယောက် နယ်စပ်မှာ အလုပ်လုပ်ဖို့သွားတာ လမ်းစရိပ်ပြတ်ခါနီးမှာ တယောက်က ငွေတွေယူပြီးလစ်ရော။ ကျန်တဲ့တယောက်ကလမ်းစရိပ်မရှိလို့ ဆက်မသွားနိုင်ပဲ ပြန်လာပြီး အဲဒီလိုလုပ်တာတွေ့ဘူးတယ်။

  • တညင်သား

    June 5, 2011 at 8:44 am

    အမေကို ဘယ်တော့မှ မမေ့ပါဘူးဗျာ …………. အကြာကြီးခွဲနေဘူးပါတယ် တခါမှ မခွဲဘူးတော့ လွမ်းလွန်းလို့ မျက်ရည်တောင်ကြမိတယ် ပုလိပ်မြို့ မှာပေါ့ .. အမေကတော့ ပြောပါတယ် သားဘာမှ စိတ်မပူနဲ့တဲ့ အမေတို့ နေကာင်းပါတယ် စာလဲ အားမှ ရေးပါလို့ ပြောနေပေမဲ့ ကျွန်တော်ကတော့ လတိုင်းစာရေးတယ် ..မုန့်ဖိုးတောင်းတာလေ….:)

  • MaMa

    June 5, 2011 at 10:47 am

    တညင်သားရဲ့ အမေကို သတိရပုံလေးက ချီးကျူးလောက်ပါပေတယ်။

  • hmee

    June 5, 2011 at 11:26 am

    ဆူးရေ သားနှင့်အမေ အလွမ်းဇာတ်လေး ကြည့်ဖူးတယ်။ အမေ့ မေတ္တာပေါ်လွင်လွန်းလို့ အရမ်းကြိုက်တာ။ မို့မို့မြင့်အောင်နဲ့ ရဲတိုက် သရုပ်ဆောင်တာ။ ဆူးဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ပဲ။ “ရွာ” တဲ့ ဇာတ်လမ်းနံမည်က။

  • nature

    June 5, 2011 at 4:19 pm

    စမ်းရေပမာ မိမေတ္တာ ဆိုတဲ့ မေသစ်နဲ့ညွန့်ဝင်း ပါတဲ့ကားလည်း ကောင်းတယ်။

  • မင်းပြည့်ရှိန်

    July 9, 2011 at 3:11 am

    အမေ့ကို ပစ်ထားခဲ့မိတယ်..
    အဝေးကြီးကို ထွက်သွားခဲ့လို့ မဟုတ်ဘူး… အမေ့ကို ထားခဲ့ပြီးတော့ မဟုတ်ဘူး..

    အမေ့နားမှာ နေပြီး… အမေ့ကိုထားခဲ့မိတာ..
    ကိုယ်သွားချင်ရာသွားပြီး… ပြန်ချင်တဲ့ အချိန်ပြန်ပြီး.
    အမေခိုင်းတာလေးတွေ လျစ်လျူရှုပြီး.. နေခဲ့မိတယ်..
    အမေ အလုပ်ပင်ပန်းနေသလား မသိခဲ့ဘူး…
    အမေ နေကောင်းနေလား… နေမကောင်းဘူးလား.. မသိခဲ့ဘူး…
    အမေကသာ သားမျက်နှာကို အရိပ်လို ကြည့်ခဲ့ပေမယ့်… သားက အမေ့မျက်နှာကို မဖတ်မိခဲ့ဘူး..
    အနေနီးပေမယ့် ဝေးနေခဲ့တယ်..

    အမေမွေးတဲ့သားက… အမေ့အနားရှိပြီး အားမကိုးရဘူး…
    အမေ့ကို ပစ်မထားတော့ပါဘူး…
    မေမေ ခိုင်းတာတွေ လုပ်ပေးမယ်..
    မေမေ့အတွက် ချက်ပေးပြုတ်ပေး.. ထမင်းခူးပေးမယ်..
    မေမေနဲ့ စကားပြောဖော်လုပ်ပေးမယ်.. သီချင်း အတူနားထောင်မယ်.. ထမင်း အတူစားမယ်…
    ဘုရားအတူသွားမယ်…
    အမေ့သား… အမေ့ကို ပစ်မထားတော့ပါဘူး….

  • chitpyae

    July 9, 2011 at 8:02 am

    ဇာတ်လမ်းလေးဖတ်ပြီးတော့ အမေ့ကိုလွမ်းလာပြီ 🙁
    ကိုမင်းပြည့်ရှိန် ပြောသလို ပဲ .. အတူတူ ရှိနေတုန်းက အမေပြောတာတွေကို ဂရုမစိုက်ခဲ့တာတွေ ၊ လျစ်လျူရူ ထားခဲ့တာတွေ များတယ် ။ အခု ဝေးသွားတော့ မှ ပြန်စဉ်းစားမိပြီး အရမ်းနောင်တ ရနေတယ်။
    နောက်ဆိုရင် တော့ အမေ့ကို လုံးဝ ပစ်မထားတော့ဘူး …. အမေပြောသမျှ နားထောင်တဲ့ သမီးအလိမ္မာ လေးပဲ လုပ်တော့မယ် …… 🙂

  • ရွှေဘိုသား

    July 9, 2011 at 9:33 am

    ဒီဇာတ်လမ်းလေးကို ဖတ်ဖူးသလိုပဲ မေးထဲမှာ
    ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် ကျွန်တော်တောင် ရွှေဘိုက အမေ.ကို လွမ်းလို. မျက်ရည်ကျလာပြီ ဖတ်ရင်းနဲ.
    မမဆူး မျက်ရည်တွေ လာသုတ်ပေး မမဆူးပို.ဖတ်လို.ဖြစ်တာ

    • ဆူး

      July 9, 2011 at 7:28 pm

      ဖတ်ဖူးသလိုပဲ ဆိုရင် တိတိကျကျ ရှာယူလာခဲ့ပါ။
      ဆူး ရေးတဲ့ ဇတ်လမ်းက တိတိကျကျ နေရာဒေသ ရှိတယ်။ ဇတ်လမ်းထဲက နေရာကို ဆူး သိတယ် သိတဲ့ အကြောင်းအရာကို နောက်ခံထားပြီး အနည်းငယ် တည်းဖြတ်ထားတာ..

      • weiwei

        July 9, 2011 at 8:18 pm

        မေးလ်ထဲမှာ ဖတ်ဖူးတယ်ဆိုတော့ ဆူးရေးတဲ့စာကို တစ်ယောက်ယောက်ကကြိုက်ပြီး မေးလ်ကနေ ပြန်ဖြန့်ပေးတာဖြစ်မှာပေါ့ … တင်ထားတာလဲ တစ်လကျော်ပြီလေ …

  • နီလေး

    July 9, 2011 at 4:09 pm

    အင်း ခုလိုမျိုးနောင်တတွေရခဲ့ဖူးပါတယ် မန္တလေးမှာကျောင်းတက်တုန်းကပေါ့ တစ်ခါမှလဲမခွဲဖူးတော့ စစချင်းကဆို နေ့တိုင်းငိုတယ် အဖေနဲ့အမေကိုလွမ်းလို့ ကျောင်းမတက်ပဲနဲ့ပြန်မလို့လုပ်သေးတယ် အဖေကကျောင်းကိုပြီးအောင်တက်ခို်င်းလို့သာ အဲကတည်းကစပြီး မိဘနဲ့နီးတဲ့နေရာမှာပဲ နေတော့မယ်လို့ဆုံးဖြတ်လိုက်တာ အလုပ်လဲ ကို့မြို့ကို့ရွာမှာပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာ ခုထိပဲ မိဘတွေကိုပြစ်ထားရင် နောင်မှာ နောင်တရမဆုံးဖြစ်တတ်ပါတယ် အဲဒီခံစားချက်ကိုခံစားဖူးလို့ ဒီတသက်မမေ့တော့ပါဘူး နောက်လူတွေလဲ အဲလိုမဖြစ်ရအောင် မိဘကို တတ်နိုင်သရွေ့ ဂရုစိုက်နိုင်ကြပါစေလို့

  • pooch

    July 9, 2011 at 5:25 pm

    မနက်ဖြန် sunday မနက်ပိုင်း မတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ရင် ကောင်းမလားလို့ စဉ်းစားနေတာ မဖြစ်သေးပါဘူး
    အမေ့ကို မီးဖိုချောင် ဝင်ကူလိုက်ပါအုန်းမယ်…..
    ဆူးမမတို့များ လူတယောက်ရဲ့ အတွေးတွေကို ပြောင်းလဲပစ်နိုင်တယ် ….စွမ်းပါ့ရှင်….

    • ဆူး

      July 9, 2011 at 8:21 pm

      ချီးမွမ်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply