ဒေါ်စု နှင့် ဆီနိတ်တာမက်ကိန်း


မြန်မာပြည်မှာရှိစဉ် ကြားဖူးတဲ့ အဖြစ်အပျက်များပါ။ နိုင်ငံခြားမှာရှိတဲ့ ကော်ပရေးရှင်းကြီးတခုမှာ အကောင်ဖြစ်နေတဲ့ မြန်မာတဦး စီးပွားရေးကိစ္စနဲ့ ပြည်တော်ပြန်ပြီး အစိုးရတာဝန်ရှိပုဂ္ဂိုလ်ဆိုသူ စစ်ဗိုလ်များထံ တွေ့ဆုံတဲ့အခါ ရိုရိုကျိုးကျိုး စကားပြောရပါသတဲ့။ နို့မို့ရင် ငါလိုကောင်ကို မထီလေးစား လုပ်သလားဆိုပြီး ပညာအပြခံရဖို့ ရှိပါတယ်။ ကုတ်အင်္ကျီနဲ့ နက္ကတိုင်စည်းထားတဲ့ နိုင်ငံခြားသားတွေ ခြေထောက်ချိတ်ထိုင် စကားပြောရင်တော့ စစ်ဗိုလ်ကြီးများ ဂုဏ်ယူလို့မဆုံး တပြုံးပြုံးနဲ့ပေါ့။ ဒါကြောင့် နိုင်ငံခြားမှာ အောင်မြင်နေတဲ့ မြန်မာလူမျိုး လုပ်ငန်းရှင်တွေ၊ အရာရှိတွေ ပြည်တော်ပြန်လို့ အစိုးရရုံးကိစ္စရှိရင် မျက်နှာဖြူလူမျိုး လက်အောက် ငယ်သားကို ရှိခဲ့ရင် ကိုယ်စားလှယ်လွှတ်လေ့ ရှိပါတယ်။ ဒါမှ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက တူတူတန်တန် လူတွေနဲ့ ငါတို့ ဆက်ဆံရတယ်လို့ ကျေနပ်နှစ်ခြိုက် အားရတော်မူကြပါသတဲ့။ အသိတဦးပြောပြတာလည်း စိတ်ပျက်စရာပါ။ နိုင်ငံခြားမှာ အောင်မြင်နေတဲ့ မြန်မာတဦး အကောင်ကြီးကြီးတဦးနဲ့ တွေ့ဖို့ရှိတော့ တိုက်ပုံ၊ ပုဆိုးဝတ်သွားရင် မျိုးချစ်စိတ်ဓာတ်ရှိတယ်ဆိုပြီး အမှတ်ရမလားလို့သွားတယ်၊ လူလူသူသူ အတွေ့မခံရလို့ နောက်တခါကြတော့ အနောက်တိုင်း ဝတ်စုံဝတ်သွားတော့မှ တွေ့ခွင့်ရပါတယ်၊ အစောင့်ကတောင် အလေးပြု လိုက်သေးတယ်ဆိုပဲ။
ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ခြေမှုန်းကြ။ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သူ တို့ရန်သူ၊ ဘာညာကွိကွ စတဲ့ ပုတ်လောက်ရှိတဲ့ စာလုံးကြီးတွေနဲ့ ရင်းနှီးဖူးကြမှာပါ။ သမိုင်းကြောင်း နာကြည်းမှုကို အသုံးချပြီး ကိုယ်လူမျိုးကိုယ် မြှင့်တင်ပေးတာ၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာ အုပ်ချုပ်သူတွေ လုပ်လေ့လုပ်ထရှိတာမို့ အဆန်းတကြယ် မဟုတ်ပါဘူး။ အထူးသဖြင့် မဖွံ့ဖြိုးမတိုးတက်သေးတဲ့ နိုင်ငံတွေ၊ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ တိုင်းပြည်တွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်က စိတ်ဓာတ်အခြေခံမရှိဘဲ ပြောတော့ စပျစ်သီးချဉ်တယ် ဖြစ်သွားပါတယ်။ ပြောမယ်ဆိုရင်တော့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းလို့ ဆုံးမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်မနာခင် သူများ(စစ်တပ်)ကို ထောင်းပြီးရပ်လိုက်ပါမယ် :P
မနေ့က အာဖက်ရ်အေ မြန်မာပိုင်းမှာ ဘောင်းဘီချွတ်စစ်အစိုးရက ပြည်တွင်းစာနယ်ဇင်းများကို တိုင်းတပါးသား လူဖြူ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဓာတ်ပုံကို သူမြန်မာပြည်လာတဲ့ သတင်းထဲထည့်ခွင့်ပြုပြီး ပြည်သူတခဲနက် ထောက်ခံတဲ့ အန်အယ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုတော့ သတင်းဓာတ်ပုံ မပါရလို့ တားမြစ်ပါတယ်။ စစ်တပ်ခေါင်းဆောင်များ အာဘောင်အာရင်းသန်သန်နဲ့ ပြောလေ့ရှိတဲ့ ပြည့်အင်အား ပြည်တွင်းမှာသာရှိသည်။ ပြည်ပဝင်ရောက်စွက်ဖက်မှု တို့လက်မခံ စတဲ့ အမျိုးသားရေး ဆောင်ပုဒ်တွေ ဘာဖြစ်ကုန်ပါသလဲ။ အစိုးရခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိတိုင်း တရုတ်ကြီး ထံသွားဦးတိုက်ရတာ အမော၊ တကယ်ဆွေးနွေးရမယ့် မြန်မာအချင်းချင်းကိုတော့ သာမန်ပြည်သူတဦးလိုပဲ သဘောထားတယ် ပြောလိုပြော၊ ရာဇဝတ်မှုကျူးလွန်လို့ ထိန်းသိမ်းရတယ်နဲ့ အရှက်မရှိ ပြောတတ်ပါတယ်။ ဒီတော့ ဘယ်သူက ပြည်ပအားကိုးလည်း၊ ပြည်ပစွက်ဖက်မှုတွေကို ဘယ်သူက ဖန်တီးနေတာလည်းလို့ ဖြုတ်ဥနှောက်ပိုင်ရှင် စစ်ကျွန်များ၊ စစ်အောက်ဆွဲများ မစဉ်းစားတတ်မှာစိုးလို့ အဖြေပေးထားတဲ့မေးခွန်း မေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
2011-06-04 Credit: RFA Burmese News
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးအဖွဲ့က သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူးလို့ သိရပါတယ်။

မစ္စတာ ဂျွန်မက်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲလျက် ပုံတွေကို ထည့်ခွင့်မရဘူးလို့ စာနယ်ဇင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အောင်ဆန်းစုကြည်ရဲ့ ပုံတွေ သတင်းတွေ မဖော်ပြရဘူး သိလား။ ဂျွန်မက်ကိန်းနဲ့ အောင်ဆန်းစုကြည် ပုံတွေ ရိုက်ထားတာ အများကြီးပဲ၊ လှလည်း လှတယ်။ အဲဒါ ဘယ်ဂျာနယ်မှာမှ မထည့်ရဘူး။ ဂျွန်မက်ကိန်းကိုပဲ ထည့်တဲ့။ ဒေါ်စု ပါရင် ထည့်လို့ကို မရဘူး။ ဒေါ်စု မပါဘဲနဲ့ ဂျွန်မက်ကိန်း တယောက်တည်းကိုပဲ ထည့်လို့ရှိရင် ထည့်၊ ဒေါ်အောင်ဆန်းစုကြည် ပါလို့ရှိရင် မထည့်နဲ့၊ ဒါပဲပြောတယ် သူတို့က”

တချို့ သတင်းဂျာနယ်တွေကတော့ စာပေစိစစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာမက်ကိန်း တွေ့ဆုံတဲ့ သတင်းတွေ တင်ထားပြီး ဖော်ပြခွင့်ရ မရ မသိရသေးဘူးလို့ ဂျာနယ်တစောင်က ပြောပါတယ်။ ဒီနေ့ ထွက်တဲ့ Favorite ၊The Voice နဲ့ NewsWatch စာစောင်တွေမှာတော့ မပါဘူးလို့ သိရပါတယ်။

ဈေးကွက်အရ သတင်းဂျာနယ်တွေ အားလုံး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြချင်ကြတယ်လို့လည်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar မြန်မာနိုင်ငံကို မေလမှာ ရောက်ခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို ဂျာနယ်တွေက မျက်နှာဖုံးသတင်း ဖော်ပြဖို့ စာပေစိစစ်ရေး တင်တဲ့အခါ ပုံကြီး တင်ခွင့်မပေးဘဲ ပုံအသေးပဲ တင်ခွင့် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖော်ပြတဲ့အတွက် The Voice ဂျာနယ် အပါအဝင် စာစောင် ၉ စောင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံခဲ့ရပါတယ်။

အာဏာပိုင်တွေနဲ့ အလွမ်းသင့်တယ်လို့ အများက ပြောနေကြတဲ့ ဦးမြတ်ခိုင် အယ်ဒီတာချုပ် လုပ်တဲ့ လျှပ်တပြက် ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးသမားဟောင်းတွေအကြောင်း ဖော်ပြတဲ့အတွက် ရောင်းအား ကောင်းတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့နှစ် ၁၉၁၅ ကို ၁၉၁၃ ဆိုပြီး မှားယွင်း ဖော်ပြတာတွေ ရှိတယ်လို့ ဝါရင့် စာနယ်ဇင်းသမားတဦးက ထောက်ပြပါတယ်။
http://www.rfa.org/burmese/news/journals-banned-printing-assk-news-photos-06042011090508.html
Copyright © 1998-2011 Radio Free Asia. All rights reserved.

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး