ဈေးရောင်းဈေးဝယ်စည်းကမ်းတွေရှိကြပါ…

ဦးကောက်June 5, 20111min520

ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုးယူသည်ဟု အထင်လွဲ၍ စစ်ဆေးမှု ဖြစ်စဉ်များ ပိုမိုလာ လုံခြုံရေးအရ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း စွပ်စွဲခံရသူ၏ ကာယိန္ဒြေ ယိုယွင်းနိုင်ခြင်းကိုလည်း အလေးထားစေလိုb4903

 

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုး ယူဆောင်သွားသည်ဟု အထင်လွဲမှားကာ ခေါ်ယူစစ်ဆေးသည့် ဖြစ်စဉ်များ ဖြစ်ပွားမှု ပိုမိုလာကြောင်း သိရသည်။

”တစ်နေ့ ကျွန်တော်အိမ်ပြန်လာတော့ ကျွန်တော့်ဇနီး ငိုနေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲလို့ မေးတော့ သူဒီနေ့ ဈေးဝယ်စင်တာ သွားခဲ့တယ်၊ ထမင်းဘူးဝယ်ဖို့ လိုက်ကြည့်ရင်း ရုတ်တရက် ဗိုက်နာလို့ အိမ်ကိုပြန်ခဲ့တယ်၊ စင်တာက ကျွန်တော်တို့ အိမ်ရှေ့နားမှာပါ။ ဒီလို ထွက်လာတဲ့အချိန်မှာ နောက်ကနေ လုံခြုံရေး လိုက်လာပြီး အစ်မ ပစ္စည်းပါသွားလို့ ခဏလိုက်ခဲ့ပါ။ စစ်ဆေးချင်လို့ပါဆိုပြီး ပြောတော့ သူက ကျွန်မမယူပါဘူး၊ ဒီမှာ ဘာမှမရှိဘူးလို့ပြောလည်း လက်မခံဘူး၊ အတင်းပဲ ပြောတယ်လို့ ဆိုပါတယ်။ ဒါနဲ့သူလည်း လိုက်သွားပြီး အိတ်ကိုဖွင့်ပြ၊ ပြောပြတော့ ပြန်လို့ရပါပြီဆိုပြီး ပြောတယ်၊ ဒီလို ဖြစ်နေချိန်မှာ ဘေးနားမှာ လူတွေအများကြီးနဲ့ သူတော်တော် ရှက်ခဲ့ရတယ်လို့ ပြန်ပြောပါတယ်”ဟု ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ဈေးဝယ်ယူခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

၎င်းကပင် ဆက်လက်၍ ”ဒါနဲ့ကျွန်တော်လည်း မကျေနပ်လို့ သွားမေးတဲ့အခါ မန်နေဂျာဆိုသူ ထွက်လာပြီး လုံခြုံရေးဝန်ထမ်းကို မေးတဲ့အခါ သူ့ကို အပေါ်ကနေ ဖုန်းဆက်လို့ သွားကြည့်ပါ ဆိုလို့ သွားရတာဆိုပြီး ပြောပါတယ်။ မန်နေဂျာက ဒီဖြစ်ရပ်ကို တောင်းပန်ပါတယ်၊ နောက်လည်း အားပေးပါဆိုပြီး လက်ဆောင်ပေးပါတယ်။ ပေးတဲ့လက်ဆောင်ကို လက်မခံခဲ့ပါဘူး။ မြန်မာလူမျိုး ဖြစ်တဲ့အတွက် တောင်းပန်တာကို လက်ခံလိုက်ပေမယ့် နောက်ပိုင်း ဒီလိုကိစ္စမျိုးတွေ မကြုံနိုင်အောင် လုပ်သင့်ပါတယ်။ ကိုယ့်အကျိုးစီးပွားကို အလေးထားတာ မပြောလိုပေမယ့် အထင်လွဲခံရတဲ့ ဈေးဝယ်သူအပေါ်ကိုလည်း စာနာနားလည်ပေးဖို့ ပြောချင်ပါတယ်”ဟု ရှင်းပြခဲ့သည်။

အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသူ တစ်ဦးကလည်း ”ကျွန်တော့် အကျင့်က လမ်းသွားရင် အမြဲတမ်း ဘောပင်တစ်ချောင်း ဆောင်သွားလေ့ ရှိပါတယ်။ တစ်နေ့မြို့ထဲက ဈေးဝယ်စင်တာတစ်ခုကိုဝင်ပြီး ကိုယ်လိုချင်တာ မတွေ့လို့ ဆိုင်ထဲကထွက်ပြီး ကားလမ်းကူးမလို့ လုပ်နေတုန်း ဆိုင်ဝန်ထမ်း ကောင်လေး ရောက်လာပြီး အစ်ကို ခဏနေပါဦး၊ စစ်ဆေးချင်လို့ ဆိုပြီး ပြောတယ်။ ဘောလ်ပင်ယူသွားတယ်လို့ သံသယရှိလို့ ဆိုပြီး စစ်တယ်။ စစ်ပြီးလို့ မဟုတ်ဘူးဆိုတာ သိတော့ တောင်းတောင်မတောင်းပန်ဘူး၊ ရပါပြီ ဆိုပြီး ပြောတယ်။ စိတ်အရမ်းတိုသွားပေမယ့် ဘာမှပြန်မပြောလိုက်ပါဘူး”ဟု ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ခေတ်မီ ဈေးဝယ်စင်တာများ ပေါ်ပေါက်လာခဲ့သည်မှာ နှစ်ကာလ ကြာမြင့်ခဲ့ပြီး လက်ရှိတွင်လည်း အဆင့်မီ ဈေးဝယ်စင်တာများ ထွက်ပေါ်လျက် ရှိသော်လည်း ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူများအား ဝန်ဆောင်မှုပေးရာ၌ အားနည်းချက်များ ရှိနေကြောင်း သိရသည်။

”အခုချိန်မှာ အရင်ကထက် ခေတ်မီ ဈေးဝယ်စင်တာကြီးတွေ နိုင်ငံတကာနဲ့ နီးပါး ပေါ်လာပေမယ့် ဈေးဝယ်သူတွေ အပေါ် service ပေးတဲ့ အရာမှာတော့ မီအောင် မလိုက်နိုင်သေးပါဘူး။ တချို့က ဝန်ဆောင်မှုပိုင်း ကောင်းပေမယ့် တချို့က တော်တော်ဆိုးတဲ့ အပိုင်းတွေ ရှိပါတယ်။ လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ် ရှိကြပေမယ့် လုပ်ငန်းခွင်ဝင်လာရင်၊ အထူးသဖြင့် အရောင်းဝန်ထမ်း တစ်ဦးဟာ အလုပ်နဲ့ ပတ်သက်တဲ့ ဘောင်အတွင်းမှာ customer အပေါ် စိတ်ရှည်သည်းခံမှု ရှိရပါမယ်။ အခုတော့ မသိလို့မေးရင် ဖြေချင်သလို မဖြေချင်သလို၊ နောက်ကနေ မယုံသလို ကပ်လိုက်နေတာမျိုးတွေ စသဖြင့် အများကြီး တွေ့နေရတယ်။ customer is always right မဟုတ်ရင်တောင် ဒီထက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးဖို့ သင့်ပါတယ်” ဟု ဈေးကွက်စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

ဈေးဝယ်စင်တာများမှ ဈေးဝယ်သူများထံ ဝန်ဆောင်မှု ပေးခြင်း၌ အရောင်း ဝန်ထမ်းများ၏ ဆက်ဆံရေး ပြေပြစ်ချောမွေ့မှုမှာ စစ်မှန်ပြီး ဈေးနှုန်းချိုသာသည့် ပစ္စည်း ရောင်းချနိုင်မှုနှင့် အတူ အဓိကကျသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။

”ဈေးဝယ်သူက တစ်နေ့လုံးပဲ ပစ္စည်းတွေကို ကြည့်နေကြည့်နေ၊ ဝယ်ချင်လည်း ဝယ်ဖြစ်မယ်။ မဝယ်ချင်လည်း မဝယ်ဖြစ်ဘူး။ ဒါကသူ့ရဲ့ အခွင့်အရေး။ တချို့စင်တာတွေ ဆိုရင် ဈေးဝယ်သူ အနောက်ကနေ တကောက်ကောက် လိုက်ကြည့်တယ်။ ဈေးဝယ်သူကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်တာလည်း ရှိတယ်။ လုံခြုံရေးပိုင်းကတော့ လုံခြုံရေးပဲ။ ဒါပေမယ့် လုံခြုံရေးနဲ့ ဝန်ဆောင်မှုပိုင်းက ဆက်နွှယ်နေတယ်။ ဒီဈေးဝယ်စင်တာရဲ့ လုံခြုံရေးပိုင်းကို သဘောကျလို့ ဝင်လာတဲ့သူကို ဝန် ဆောင်မှုပိုင်းမှာလည်း အပြည့်အဝ ပေးရပါမယ်။ ဥပမာ နိုင်ငံခြားမှာဆို ဈေးဝယ်သူက အကျႌဝယ်မယ်ဆိုရင် စိတ်ကြိုက် ရွေးဝယ်လို့ ရတယ်။ တစ်ထည်ပြီး တစ်ထည် ဝတ်ကြည့် အဆင်ပြေမှဝယ်၊ မကြိုက်ရင် မယူလို့ ရတယ်”ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုပါသည်။

ဈေးဝယ်စင်တာ အချို့တွင် လုံခြုံရေးပိုင်းဆိုင်ရာ အတွက် CCTV များ တပ်ဆင်ခြင်း၊ လုံခြုံရေး ဝန်ထမ်းများ ထားရှိခြင်း စသည်ဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပြီး ပစ္စည်းခိုး ယူဆောင်သွားသည်ဟု တွေ့မြင်မှုမှာ ၁၀ဝ ရာနှုန်းနီးပါး သေချာမှသာလျှင် ကိုင်တွယ် ဖြေရှင်းကြောင်းကို ”လုံခြုံရေးအတွက် ကားပါကင် အပါအဝင် ဈေးဝယ်စင်တာ အတွက်ပါ လုံခြုံရေး ရှိပေးထားပါတယ်။ ကားပါကင်ကတော့ ကားတွေနေရာတကျ ထားရှိဖို့နဲ့ အဝင်အထွက် အဆင်ပြေဖို့ပါပဲ။ ဈေးဝယ်စင်တာထဲဝင်တဲ့ ဈေးဝယ်သူတွေ အတွက် လုံခြုံစိတ်ချစွာ ဈေးဝယ်ယူနိုင်ဖို့ အတွက် အဝင်ဂိတ်တွေမှာ CCTV၊ လုံခြုံရေးဝန်ထမ်းတွေ ထားရှိတယ်။ ကျွန်တော်တို့ ဆီမှာကျတော့ ဆိုင်ခန်းတွေ များတယ်။ တကယ်လို့ ဆိုင်ခန်း တစ်ခန်းမှာ ပြဿနာရှိခဲ့ရင် သက်ဆိုင်ရာ ဆိုင်ခန်းကနေ ရုံးကိုအကြောင်းကြားပြီး ကျွန်တော်တို့ အနေနဲ့ CCTV တွေ ပြန်ကြည့်တာ၊ ပြန်ကြည့်သင့်တာတွေကို အရင်ဆုံး ပြန်ကြည့်ပါတယ်။ ၁၀ဝ ရာနှုန်းနီးပါး သေချာမှသာ ဆက်လက် ဆောင်ရွက်တယ်။ မသေချာဘဲ စစ်ဆေး အရေးယူတာ မပြုလုပ်သင့်ပါဘူး။ ဒီမှာတော့ ဒီလိုဖြစ်စဉ် နည်းပေမယ့် တခြား စင်တာတချို့မှာ ဒီလို ဖြစ်စဉ်မျိုးတွေ ကြုံရတယ် ဆိုပြီး ကြားရပါတယ်”ဟု စင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ဈေးဝယ်စင်တာများ အနေဖြင့် လုံခြုံရေးပိုင်း ဆိုင်ရာကို အလေးထား ဆောင်ရွက်သင့်သည်မှာ မှန်သော်လည်း ဝန်ထမ်း၏ ပေါ့လျော့မှုကြောင့် စွပ်စွဲခံရသည့် ဈေးဝယ်သူ၏ အရှက်နှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကာယိန္ဒြေ ယိုယွင်းနိုင်စေခြင်းကိုလည်း အလေးထား သတိပြုစေလိုကြောင်း သုံးသပ်မှုများ ရှိပါသည်။

 

Eleven Media Group မှ ကူးယူဖော်ပြသည်။