499

အဆောက်အအုံပေါ်မှ အစိတ်အပိုင်းအချို့ ပဲ့ကျခဲ့သည့် နေရာအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ အဆောက်အအုံတစ်ခုပေါ်မှ အုတ်ခဲစများနှင့် အင်္ဂတေခဲများ ပဲ့ကျမှုကြောင့် လမ်းသွားလမ်းလာလူနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေသူ စုစုပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ မေလ ၃၀ ရက်နေ့ ည ၇ နာရီ ၀န်းကျင်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းသွားနေ သူ အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦးနှင့် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
သိရှိရသည်။

ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိ သူတစ်ဦးက “ကျွန်တော်က အဲဒီ ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ အနားမှာပဲ ဆေးဆိုင်ဖွင့်ထားတာပါ။ ည ၇ နာရီ ၀န်းကျင်လောက်မှာ အဲဒီအဆောက်အအုံပေါ်ကနေ အင်္ဂတေခဲတွေနဲ့ ခဲတချို့ ပဲ့ကျတယ်။

အဲဒီအချိန်မှာ လမ်းပေါ်က လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အမျိုးသားနှစ်ဦး ခဲစင်ပြီး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်။ အမျိုးသားကြီး တစ်ယောက်ကတော့ ဦးခေါင်းပေါ်ကို ခဲပြုတ်ကျတဲ့အတွက် ဒဏ်ရာပိုပြီးရခဲ့ပါတယ်”ဟု
ပြောပြခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပတ်ဝန်းကျင်မှ သက်ဆိုင်ရာသို့ အကြောင်းကြားပြီးနောက် အရေးပေါ်လူနာတင်ယာဉ်နှင့် မီးသတ်ကားနှစ်စီး ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို ခေါ်ဆောင်၍ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

About ဦးကောက်

has written 79 post in this Website..