(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.2)

natureJuly 15, 20111min55

၂။ဘောင်ဒရီလမ်းလူသတ်မှု

၁။ လူသတ်မှုအစ

ကျွန်တော်သည် ထိုသူ၏အဖြေကို ကြားရသောအခါ ဦးစံရှား၏ တွေးလုံးမှန်ပါပေသည်ဟု ချီးမွမ်းမိသော်လည်း တမင်ချိပ်လုပ်နှပ်ခြင်းဖြစ်လေသလောဟု မသင်္ကာသလိုဖြစ်မိသေး၏၊ သို့ရာတွင်ကျနော်ကဲ့သို့သောလူတယောက်ကို အပင်ပန်ခံ နှပ်လောက်အောင် အကြောင်းကိုမူကား ရှာမတွေ့ချေ။ ကျနော်သည် ဦးစံရှား ၏ မျက်နှာကို လှမ်းကြည့်လိုက်သောအခါ ဦးစံရှားမှာထိုသူ၏ စာကို ဖတ်ပြီးဖြစ်သဖြင့် စဉ်းစားတွေဝေဟန်နှင့်ရှိလေသည်။

ကျနော်။ ။ခုနင်ကလူကိုခင်ဗျား ဘယ်နှစ်ခါတွေ့ဘူးသလဲ။

ရှား      ။   ။ ဒီတခါပဲတွေ့ဘူးတယ်။

ကျနော်။ ။ခင်ဗျား တွေးပုံတွေးနည်း ပြောပြစမ်းပါဦးဗျ။

ရှား      ။   ။ ။နှစ်နဲ့နှစ်ပေါင်းရင်ဘာကြောင့် လေးဖြစ်တယ်ဆိုတာ ရှင်းပြစမ်းပါဆိုရင် အဖြေရခက်သလိုပဲ ၊ကျုပ်ဟာလည်းသူတပါးကိုရှင်းပြဖို့ ခပ်ကြပ်ကြပ်ပဲဗျ။ ဘယ်သူမဆို ဆယ်ကျောင်းမှာနေပြီး သုံးလေးနှစ်လောက်ပုလိပ်လုပ်လိုက်ရင် ကြည့်တတ်သူရဲ့မျက်စိထဲမှာ ပုလိပ်ဂိုက်ကြီးထင်ရှားလွန်းလို့ ‘ပုလိပ်၊ပုလိပ်၊ပုလိပ်’ လို့အော်ပြောနေသလိုပဲဗျ။ ပြီးတော့ သူ့ကိုယ်ဟန်အနေအထားလေးရယ် ၊ကြိမ်တုတ်ကလေးဝင့်ပုံရယ် ထောက်လိုက်ပြန်တော့ ပုလိပ်ထဲမှာ တော်တော်လေး ဩဇာအာဏာပေးခဲ့ရတဲ့အထဲကပဲလို့ ဆိုရလိမ့်မယ်။ သို့သော် သူ့ကိုယ်မှာ ဝတ်ထားတဲ့ အဝတ်အစားက ခပ်နွမ်းနွမ်း ခပ်ချောချောဖြစ်လေတော့ ဧကန္တရာထူးလက်ကိုင် ရှိတဲ့ရာဇဝတ်အုပ်တယောက် မဟုတ်ဘူးလို့ဆိုရမယ်။ အဲဒါကြောင့်ကျုပ်က ရာဇဝတ်အုပ်လူထွက်လို့အကဲခပ်လိုက်တာ ဟုတ်နေတယ်မဟုတ်လား။ သို့သော် ဒီဟာတွေဟာ ခင်ဗျားကိုရှင်းပြနေရတာကြာတယ်ဗျ။ ကျုပ်စိတ်ထဲမှာတော့ ဖြုတ်ခနဲဆိုမြင်လိုက်ရင် ဖြတ်ခနဲဆို တွေးပြီးသား ဖြစ်နေတာပဲဗျ။ ဒါ ဘာကြောင့်လဲဆိုတော့ အကျင့်ဗျ။

ကျနော်။   ။အံ့လောက်ပါပေ့ဗျာ။

ရှား      ။   ။ဘာမှ အံစရာ မရှိဘူး။ ကကြီး ခခွေး လောက်ရှိသေးတယ်။ ဪ ဒါထက် ကျုပ်တို့ဆီမှာအမှု ဆန်းဆန်းပြားပြား မရှိဘူးလို့  ခုနင်က ကျုပ်ပြောမိတာ မှားဟန်ရှိသဗျို့။ ရော့ ဖတ်ကြည့်စမ်း ဟောဒီစာ။

ကျနော်သည် ဦးစံရှားလက်မှ စာကို လှမ်းယူ ဖတ်ကြည့်လိုက်ရာ အောက်ပါအဓိပါယ်အတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်ကိုတွ့ရလေသည်။

မိတ်ဆွေကြီး  ဦးစံရှား

ဦးပြားတောရအနီး ဘောင်ဒရီလမ်း ‘ ကိုးဇီးဗီလာ’ခေါ် အိမ်တွင် ယမန်နေ့ညက အမှုတခု ဖြစ်ပွါးကြောင်း ၊ညဉ့် ၂နာရီ အချိန်တွင် ထိုအကွက်ဆိုင်ရာပုလိပ် ဘတန်းဆင်သည် လူမနေသော ကိုးဇီးဗီလာ အိမ်ကြီးတွင်းမှ မီးရောင်မြင်သဖြင့် မသင်္ကာသည်နှင့် သွားကြည့်ကြောင်း ပွင့်လျှက်ရှိသော တခါးမမှဝင်သွားသောအခါ အိမ်ထောင်ပစ္စည်း တခုမျှမရှိသော ရှေ့ခန်း ကြမ်းပေါ်တွင် ဝတ်ကောင်းစားကောင်းနှင့် အလောင်းတခုတွေ့ရကြောင်း အလောင်းမှာဗိုလ်လိုဝတ်ထားသော ကုလားလူမျိုးတယောက်ဖြစ်ရာ အကျီင်္အိတ် အတွင်း ” ဝေသ၁က ၊ ပါတလိပုတ္တရ ၊ ရာဇပုတ္တန” ဟူသော စာလုံးများကို အင်္ဂလိပ်လို ရိုက်နှိပ်ထားသည့် ကားချပ်ကလေးများ တွေ့ရကြောင်း အလောင်၏ လက်ဝဲဘက် လက်သန်းတွင် စိန်လက်စွပ်တကွင်း ၊ လက်တွင်စိန်ကြိုးတပ်ထားသည့် ရွှေလက်ပတ်နာရီ အိပ်ထဲတွင် ငွေစက္ကူ တစ်ဆယ်တန် ငါးချပ်တို့ကိုတွေ့ရသောကြောင့် လုယက်ရန် အကြံအစည် မရှိကြောင်း ထင်ရှားသည့်အပြင် မည်သည့်နည်းနှင့် သေဆုံးရသည်ဟု ခန့်မှန်းနိုင်ရန် ဒဏ်ရာလည်း တစုံတခုမျှ မတွေ့ရကြောင်း သို့ပါလျှက် ကြမ်းပြင်ပေါ်တွင် သွေးစက်များ တွေ့ရကြောင်း ၊ ဤ သူသည် မည်သို့သော အကြံအစည်နှင့် လူမနေသော ဤအိမ်အတွင်းသို့ ဝင်ရောက်နေခြင်းကို ၎င်း ၊ မည်သည့်အတွက်ကြောင့် သေဆုံးကြောင်းကို ၎င်း ၊ မတွေးမတောနိုင်အောင် ဖြစ်နေကြောင်း ၊ ၁၂ နာရီ မထိုးမီ မည်သည့်အချိန်ကိုမဆို  ကိုးဇီးဗီလာအိမ်သို့ လာရောက်နိုင်ပါလျှင် ကျနော်နှင့်တွေ့မည်ဖြစ်ကြောင်း ၊ဆရာ့ထံမှ သတင်းမကြားရမှီ အစစ အရာရာကို နဂိုအတိုင်း ထားဖို့ အမိန့်ပေးထားပါကြောင်း ၊ အကယ်၍ ဆရာကိုယ်တိုင် မလာနိုင်ခဲ့ပါလျှင်လည်း အကြောင်းအချင်းအရာကို စုံလင်စွာ ကျနော် ပြောပြ၍ ဆရာ၏ ထင်မြင်ချက်ကို ကြားသိရလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ၊

သန်းတင်

 

စာကိုကျနော်ဖတ်ပြီးသောအခါ ဦးစံရှားက –

ရှား       ။   ။အစိုရစုံထောက်ဖက်မှာတော့ ဒီစာကို ရေးလိုက်တဲ့ ကိုသန်းတင်ဟာ လူတော်လေးတယောက်ပေပဗျာ။ သူနဲ့ ကိုအုန်းဖေက ခတ်ဖက်ပေါ့။ နှစ်ယောက်စလုံး ထကြွလုံးလလေးနဲ့ လူသွက်ကလေးတွေပါပဲ။ သို့သော် လမ်းရိုးလမ်းစဉ် တယ်ပြီးလိုက်ချင်ကြတယ် ။ ထွင်တတ်တဲ့ စိတ်ကူးဉာဏ် မရှိကြဘူး။ သူတို့ ၂ ယောက် ကတယောက်ကို တယောက် မနာလိုတတ်လိုက်ကြတာဆိုတာ လွန်ရော ပဲ။ ဒီအမှုမှာ သူတို့ ၂ယောက်စလုံး စုံထောက်ကြရမယ်ဆိုရင်တော့ တော်တော်ကြည့်ကောင်းဦးမယ်။

ဦးစံရှားသည် ဤမျှသော အရေးကြီးသော စာကို  ရထားပါလျှက် ခပ်အေးအေး အမူအရာဖြင့် ထိုင်ကာ စကားပြောနေနိုင်ခြင်းကို ကျနော်က အံ့ဩ၍ နှိုးဆော်ပေးလိုသော သဘောနှင့် …ကိုင်းဒါဖြင့် လုပ်လေဗျာ ၊ မြင်းရထားနဲ့ သွားမှာဖြင့် ဖိုးထွန်းရထား ခေါ်ခိုင်းလိုက်မယ်လေ။….ဟု တိုက်တွန်းပေးလိုက်၏။

ရှား       ။   ။ကျုပ်ကိုယ်တိုင်သွားဖို့ လိုသေးလားလို့မဆိုနိုင်ဘူး။ ကျုပ်လို ပျင်းတဲ့လူကလဲ ခပ်ရှားရှားပဲဗျ။ နို့ပေမဲ့ တခါတခါ စိတ်ရပြန်တော့လဲ ဖျတ်လတ်သားပဲဗျ။

ကျနော်။   ။ခုနင်တုန်းကတော့ အမှု ရှားပါးလွန်းလို့ ပျင်းလှတယ်ဆို ။ အမှုရပြန်တော့လည်းပဲ မလုပ်ချင်ပြန်ဘူးလားဗျ။

ရှား       ။   ။ဘာထူးလဲ ကိုသိန်းမောင် ၊ တကယ်လို့ ကျုပ်သွားပြီး အလုံးစုံ ရှင်းလင်းပေးနိုင်တယ်ဆိုပါတော့။ နာမည်ရတော့ ကိုသန်းတင်တို့ ကိုအုန်းဖေတို့ လူစုက အချောင် ရသွားကြမှာဗျ။ အစိုးရ အမှုထမ်းမဟုတ်တာ အဲဒါတွေ နစ်နာတာပဲ။

ကျနော်။   ။ဒါပေမဲ့ဗျာ ကိုသန်းတင်ကိုယ်တိုင်က အကူအညီတောင်းနေတာကိုးဗျ။

ရှား       ။   ။အကူအညီ တောင်းတာတော့မှန်တယ်။ ကျုပ်က သူ့ထက်တော်တယ်ဆိုတာ သူသိလေတော့ တယောက်ချင်းတော့ဝန်ခံပါရဲ့ ။ နို့ပေမဲ့ ဒီပြင်လူတယောက်ရဲ့ ရှေ့မှာဆိုရင်တော့ သူ့လျှာကိုလှီးပစ်ရင်သာ လှီးပစ်မယ် ဖွင့်လို့တော့ ဝန်ခံမယ် မဟုတ်ဘူး။ သို့သော်လည်း သွားလို့တော့ ကြည့်လိုက်ဦးမှထင်ပ ဗျား။ ကိုယ်နည်းနဲ့ကို အသာကျိတ်လုပ်ပြီး မသကာရင် သူတို့လုပ်ကိုင်ပုံတွေ ရယ်ရရင်လည်း မနဲဘူးပေါ့ဗျာ။

ဦးစံရှားသည် ထိုင်ရာမှထ၍ ချက်ခြင်း သွက်လက်လာသည့်လက္ခဏာဖြင့် အဝတ်အစားများ လဲလှယ်ရာ မှ ….လုပ်ပါဗျ ကိုသိန်းမောင် အပျင်းပြေ လိုက်ကြည့်လှည့်ပါဦးတော့လား။ …ဟုပြောသဖြင့် ကျနော်လည်း အဝတ်အစားများ လဲလှယ်ရလေသည်။

ကျနော်တို့သည် မြင်းရထား တစီးဖြင့် ဘောင်ဒရီလမ်းဘက်သို့ မောင်းနှင်သွားကြရာ ထိုနေ့မှာ တမိုးလုံး အုံ့မှိုင်းပိတ်ဆိုင်း လျှက်ရှိသဖြင့် စိတ်နှလုံးလေးကန် ထိုင်းမှိုင်းစေတတ်သော နေ့မျိုးဖြစ်လေသည်။ ဦးစံရှားမှာမူ ကြည်ရွင်ပျော်မြူးဟန် လက္ခဏာဖြင့် မြန်မာလုပ် တယောများအကြောင်း ၊ အင်္ဂလိပ်လုပ် တယောများအကြောင်းမှ စ၍ ရှေးတယော ဆရာကြီးများ၏ တယောဟောင်းများ ၊ ရွှေဒင်္ဂါး ၁၀၀ဝ မက အဖိုးထိုက်တန်ကြောင်း များကို ကရားရေလွှတ် တတွတ်တွတ် ပြောသွားလေ၏။ သူထိုးနေသော တယောမှာလည်း အဖိုးငွေ ၃၅ဝကျပ်နှင့် အင်္ဂလန်ပြည်မှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း ပြောပြသဖြင့် ကျနော်အံ့ဩမိသေး၏။

ကျနော်။   ။ခင်ဗျာ့ပုံစံကြည့်ရတာ အမှုအကြောင်း ဘာမှတွေးတော ဆင်ခြင်နေဟန် လက္ခဏာ မရှိပါလားဗျ။

ရှား       ။    ။အကြောင်းစုံ မသိရသေးမီ သွားပြီးတွေးလား တောလားလုပ်ရင် လမ်းလွဲချော်သွားပြီး ပြန်မထွက်နိုင်အောင် ဖြစ်တတ်တယ်ဗျာ့။

ကျနော်။   ။အကြောင်းစုံ သိရပါတော့မယ်ဗျား ။ဟောဟိုက ဘောင်ဒရီလမ်းပါပဲ။

ရှား       ။    ။ဟုတ်သားဗျို့၊ ကိုးဇီးဗီလာ တောင်ရောက်တော့မယ်။ ဟေး ဂယ်ရီဝါလား ဟိုး…။

ကျနော်တို့သည် မြင်းရထားပေါ်မှ ဆင်းကြ၍ ရထားကိုလွှတ်လိုက်ပြီးလျှင် ခြေလျှင်ဆက်လက်လျှောက်သွားကြလေ၏။ ကိုးဇီးဗီလာခေါ် နေအိမ်မှာ တထပ်တိုက်အိမ်ကြီး ဖြစ်၍ ကျယ်ဝန်းသော ဝန်းကြီး၏ ဗဟိုတည့်တည့်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံတခု ဖြစ်လေသည်။ ဝင်းကြီးအတွင်း၌ ပန်းအိုးနှင့် စိုက်ထားသော ပန်းပင်အမြောက်အများ ရှိသဖြင့် ဥယျာဉ်လေးသဖွယ် တင့်တယ်ပြီး လှပခြင်း ရှိပေရာ အဖြူနှင့် အနက် ဆေးသုတ်ထားသော သစ်သား ဝင်းထရံမှာလည်း ဥယျာဉ်လေးနှင့် အလွန်တရာ ပနံရလှ၏။ ဝင်းပေါက်အနီး၌ကား ကုလားပုလိပ်တယောက် စောင့်လျှက်ရှိရာ အရပ်သား ၃ ၊ ၄ ယောက်တို့သည် အိမ်အတွင်း၌ ရှိသည်ဆိုသော အလောင်းကို ဝင်းအပြင်မှ အချည်းနှီး ငေးမျှော်ကာကြည့်နေကြလေ၏။

ကျနော်၏ စိတ်၌ ဦးစံရှားသည် အိမ်အတွင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် တခါတည်း ဝင်သွားလိမ့်မည်ဟု တွေးထင်မိရာ ဦးစံရှားမှာမူ ထိုကဲ့သို့ပြုလုပ်ရန် စိတ်ကူးထဲ၌ ထည့်ဟန်မရှိချေ။ ဦးစံရှားသည် အိမ်ဝင်းအတွင်းရှိ လမ်းကလေးပေါ်တွင် ခေါက်တုန့ခေါက်ပြန် လျှောက်လျက် မြေကြီကို ၎င်း ကောင်းကင်ကို၎င်း ဝင်းထရံကို၎င်း တလှည့်စီ ငုံ့ချည် မော်ချည် ကြည့်လျှက်ရှိ၏။ ထို့နောက် ဦးစံရှားသည် လမ်းကလေးအတိုင်း မလျှောက်ပဲ လမ်းနံဘေးရှိ မြက်ခင်းတလျှောက် ဦးခေါင်းငုံ့ခါ လျှောက်သွားပြန်၏။ ထိုသို့သော အပြုအမူတို့ကို မြင်ရသောအခါ ဤမျှလောက် အရေးကြီးနေသော ကိစ္စ၌ ဟိတ်ဟန်များလှချေတကားဟု ကျနော် အောက်မေ့မိ၏။ မြက်ခင်းတလျှောက် ကြည့်ရင်း ဦးစံရှားသည် ၂ ကြိမ်မျှ ရပ်တန့်၍ ကျေနပ်သော မျက်နှာထားနှင့် ဦးခေါင်းညိတ်လေ၏။

ယမန်နေ့ညက မိုးရွာသွန်းထားသည့် အတွက်ကြောင့် လမ်းကလေးပေါ်တွင် ခြေရာအမြောက်အများ ရှိနေသော်လည်း ပုလိပ်များ၏ ခြေရာများသည် ရောထွေး ရှုပ်ယှက်ဟန်ရှိသဖြင့် ဦးစံရှား မည်ကဲ့သို့ ပိုင်းခြားသိရှိနိုင်ဘို့ ရှိသည်ကို ကျနော် မစဉ်းစားနိုင်အောင်ဖြစ်၏။ သို့ရာတွင် ဦးစံရှား၏ မျက်စိစူးခြင်း မျက်စိလျှင်ခြင်း အကြောင်းကို အတော်အတန် သက်သေခံရရှိပြီးသော ကျနော်မှာ ကျနော်မမြင်နို်င်သော အခြင်းအရာများစွာတို့ကို ဦးစံရှား တွေ့မြင်နိုင်လိမ့်မည်ဟု ယုံကြည်မိ၏။

အိမ်တခါးဝသို့ ရောက်သောအခါ ကိုယ်လုံးနှင့်မလိုက်အောင် ဖျတ်လတ်သွက်လက်လှသော လူတယောက်သည် အိမ်ပေါ်မှ ပြေးဆင်းလာ၍ ဦးစံရှား၏လက်ကို ကိုင်ဖမ်းလှုပ်ခါလျှက် –

…..ဆရာကိုယ်တိုင်လာတာ ကျေးဇူးပါပဲဆရာ။ ဆရာ့သဘောသိလို့ ဘယ်ဟာမှ ခြေရာလက်ရာ မပျက်စေရအောင် ကျနော်စီမံထားပါတယ်။ …

ရှား       ။    ။ဒီပြင်ဟာတော့ ဟုတ်ပါရဲ့  ၊ ဟောဟိုဟာက ဆိုးတယ်ဗျာ့။နွားအုပ်ကြီးတအုပ် မောင်းသွင်းထားတာတောင် ဒီထက်ပိုပြီး ရှုပ်ထွေးဖို့ မရှိဘူးမှတ်တယ်။ နို့ပေမဲ့ ဒီလိုဖြစ်စေဘို့ ခွင့်မပြုခင် ခင်ဗျားတော့ တော်တော်တန်တန် တွေးမိတောမိ ပြီးထင်ပါရဲ့ ကိုသန်းတင်။

တင်     ။     ။ကျနော်က အိမ်တွင်းမှာကြည့်ပြီး စီမံနေလေတော့ အိမ်ပြင်မှာ ကိုအုန်းဖေ ကြည့်လုပ်လိမ့်မယ်လို့ ထင်တာ ဂွကျကုန်တာပဲဆရာ။

ရှား       ။    ။(ပြုံးစိစိမျက်နှာထားဖြင့် ကျနော့်အား လှမ်းကြည့်လျှက်) ခင်ဗျားနဲ့ ကိုအုန်းဖေ နှစ်ယောက်တောင် ဆောင်ရွက်နေမှဖြင့်  ကျုပ်ကူညီပေမဲ့ အပိုလို ဖြစ်နေတော့မှာပေါ့ ကိုသန်းတင်။

တင်     ။     ။(ကိုယ်ကိုယ်ကို ကျေနပ်ဟန်ဖြင့် ဦးခေါင်းထောင်လျှက်) ကျနော်တို့ကတော့ လိုလေသေး မရှိရအောင် စေ့စေ့စပ်စပ် စပ်စီမံထားတာပဲဆရာ။ ဒါပေမဲ့ အမှုက ခပ်ဆန်းဆန်းမို့လို့ ဆရာ့အာသာကို ရိပ်မိတာနဲ့ ခေါ်ရတာပါဆရာ။

ရှား       ။    ။ဒါထက် ခင်ဗျားတို့လာတုန်းက မြင်းရထားနဲ့ လာတာမဟုတ်ဘူးနော်။

တင်     ။     ။မဟုတ်ပါဘူး ဆရာ။

ရှား       ။    ။ကိုအုန်းဖေလာတော့ကော။

တင်     ။     ။သူလည်း မြင်းရထားနဲ့ မလာပါဘူး ဆရာ။

ရှား       ။    ။ကိုင်း ဒါဖြင့်လာကြဗျာ။ အိမ်ထဲ တဆိပ် ဝင်ကြည့်လိုက်ကြဦးစို့။

ကျနော်တို့သည် အိမ်အတွင်းသို့ ဝင်ကြသောအခါ အလောင်းရှိသည့် အဖြစ်ကို အားလုံးကပင် သတိရသဖြင့် မရဏ သဘောကို စဉ်းစားမိဟန်နှင့် ဦးခေါင်းခပ်လျှိုးလျှိုး ဖြင့် ဝင်လာကြလေသည်။ ထိုတိုက်အိမ်ကြီးမှာ ဥရောပသား အရာရှိကြီးများ အငှားနေလေ့ရှိသော အိမ်ကြီးမျိူးဖြစ်သဖြင့် အတော်ပင် ကျယ်ဝန်းပေရာ ရှေ့၌ရှိသော ဧည့်ခန်းကြီးမှာ အိမ်ထောင်ပစ္စည်းမှစ၍ အခင်းအကျင်း အလျှင်းမရှိသည့် အတွက်ကြောင့် ကျယ်ဝန်းသည်ထက် ကျယ်ဝန်းဟန် ရှိပေသည်။ အိမ်ငှားနေသူ မရှိသည်မှာ အတန်ကြာသည့် လက္ခဏာဖြင့် ကြမ်းပြင် နံရံ ပြတင်းပေါက် စသည်တို့တွင် မြူမှုန် အလိပ်လိပ် ထပ်လျှက်ရှိရာ တခုသော မှန်ပြတင်းပေါက်ခုံ၌ကာား လက်နှစ်သစ်ခန့် ရှိသည့် ဖယောင်းတိုင် အတိုကလေးတခု စိုက်ထောင်လျှက်ရှိ၏။ ဧည့်ခန်း၏ အလယ်ဗဟို၌ကား အသက် ၄ဝကျော် အရွယ်ခန့် ရှိသည့် ကုလားလူမျိုးတယောက်၏ အလောင်းသည် ကြမ်းပြင်ပေါ်တွင် ပက်လက်လန်ကာ ပြူးတူးကြောင်တောင်လျှက်ရှိသော မျက်လုံးများဖြင့် မျက်နှာကြက်ဆီသို့ စိုက်ငေးဟန်ဖြင့် ရှိနေ၏။ လူလုံး မကြီးမသေး အရပ် မနိမ့်မမြင့် အသားခပ်လပ်လပ် ဆံပင်ကောက်ကောက်ကို အလယ်မှခွဲလျှက် တွီသက္ကလပ်ဆန်း ဝတ်စုံဖြင့် ဝတ်ဆင်ထားသော အလောင်းကို မြင်ရခြင်းအားဖြင့် အထက်တန်းကျသော လူစာမျိုးထဲက ဖြစ်ကြောင်း သိသာနိုင်ပေ၏။ ဦးထုတ်ခပ်သစ်သစ် တလုံးလည်း အလောင်း၏ အနီးတွင် မှောက်လျှက်ကျနေ၏။

အလောင်းသည် လက်နှစ်ဘက်စလုံးကို စိစိပါအောင် ဆုတ်ညှစ်လျှက် လက်ယာဘက်လက်သည် ကြည့်နေသူများအား လက်သီးနှင့် ရွယ်ထားသည့်ဟန် ရှေ့သို ခပ်ဆန့်ဆန့် ရှိနေသည့်ပြင် ခြေ၂ဘက်တို့မှာလည်း မချိမဆန့် အသက်ထွက်သွာရသည့် လက္ခဏာဖြင့် တဘက်ကိုတဘက် ချိပ်လိမ်ကာရှိနေလေသည်။ အလောင်း၏ အနေအထားမှာ ဖော်ပြပြီးခဲ့သည့်အတိုင်း ခြိမ်းခြောက်နေသော ဟန်အမူအရာ ရှိသည့်အပြင် လှိုက်လှိုက်လှဲလှဲ တူးတူးခါးခါး မုန်းတီးခြင်း စက်ဆုပ်ခြင်း ကြောက်ရွံ့ခြင်းတို့သည် နောက်ဆုံး ဇော ရကြိမ် စောသည့် တခဏအတွင်း၌ တပြိုင်နက် တချက်တည်း ဝီထိကျသွားဟန် ရှိရလေရကား ထိုသူ၏ မျက်နှာထားမှာ မမြင်ဝံ့ မရှုဝံ့ လောက်အောင် မျက်မှန်အားကြီး၍ ခက်ထန် ကြမ်းကြုပ်လှပေ၏။

ယင်းကဲ့သို့ မျက်နှာထား ဆိုးဝါးလှသည့်အတွင်း နဖူးမောက်ခြင်း နှာယောင် ကောက်ခြင်း နှာသီးဖျား ပုတိုတိုရှိခြင်း စသည့် အဆင်မပြေသော ရုပ်လက္ခဏာဖြင့် တွန့်လိမ်ကောက်ကွေးနေသော ကိုယ်အင်္ဂါ ခြေလက်အနေအထား တို့ကို စုပေါင်း ထည့်သွင်းလိုက်သည်ရှိသော် ကျနော့်မှာ ဤမျှလောက် အမြင်ဆိုးသော အလောင်းတလောင်းကို မြင်လည်း မမြင်ဘူး နောင်ကိုလည်း မမြင်မတွေ့ပါရစေနှင့်ဟု ဆုတောင်းမိသေးသည်။

မျက်နှာစုပ်ချွန်းချွန်းနှင့် ကိုအုန်းဖေသည် ကျနော်တို့ဝင်လာသည်ကို မြင်သောအခါ ပုလိပ်သားတယောက်ကို အမိန့်ပေးနေရာမှ ထွက်လာ၍ –

ဖေ   ။     ။ဒီအမှုက တမြို့လုံး တုန်လှုပ်သွားမယ့်အမှု ဆရာရေ၊ ကျနော်လည်းဆရာသိတဲ့အတိုင်း အမှုပေါင်း တော်တော်စုံခဲ့ပါပြီ၊ ဒီဟာမျိုး တခါမှ မကြုံဖူးပေါင်ဆရာရေ။

တင်  ။     ။သဲလွန်စများ ဘာထပ်တွေ့တုန်း ကိုအုန်းဖေ။

ဖေ  ။     ။ (ရှုံ့မဲ့လျှက်) ဘာမှ မတွေ့ဘူးဗျ။

ဦးစံရှားသည် အလောင်းအနီးသို့ချည်းကပ်၍ ဒူးထောက်ပြီးလျှင် အတန်ကြာအောင်စိုက်၍ ကြည့်လေ၏။ ထို့နောက်ကြမ်းပေါ်၌ စွန်းပေနေသော သွေးကွက်များကို လက်ညိုးညွှန်ပြလျှက် –

ရှား  ။     ။အလောင်းမှာ ဒဏ်ရာတခုမှ မရှိဘူးဆိုတာ သေချာရဲ့လားခင်ဗျ။

နှစ်ယောက်လုံး။     ။ သေချာပါတယ်ဆရာ။

ရှား  ။     ။ဒီလိုဆိုရင် သွေးကွက်ဟာ ဒီပြင်လူတယောက်ရဲ့ သွေးဖြစ်ရမှာပေါ့။ လူသတ်မှုဆိုရင်လည်း သတ်တဲ့သူရဲ့သွေး ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ ဒီအမှု မြင်ရတော့ တမြန်နှစ်က ပုသိမ်မြို့ရဲဗိုလ်တပ်မှာ ကိုကျောက်လုံး ဆိုတဲ့လူ သေဖူးတဲ့ အမှုကို သွားပြီးသတိရမိသေးတယ်။ ခင်ဗျားတို့ မှတ်မိကြသေးရဲ့လား ။

နှစ်ယောက်လုံး။     ။။မမှတ်မိဘူး ဆရာ။

ရှား  ။     ။ပြန်ဖတ်ကြည့်ရင် ကောင်းမယ် ။ လောကမှာ အသစ်အဆန်းရယ်လို့ တယ်မရှိလှပါဘူး။ ဘယ်လောက်ပဲထူးဆန်းလှပါတယ်ဆိုပေမဲ့ ရှေးကဖြစ်ဘူးတဲ့ အမှုမျိုးလိုလိုပါပဲ။

ယင်းသို့ပြောလျှက်ရှိစဉ် ဦးစံရှား၏ လက်ချောင်းများသည် အလောင်း၏ ကိုယ်တခုလုံးကို ထိုမှ ဤမှ အနှံ့အပြား ဖိလိုက် နှိပ်လိုက် လှန်လိုက် လှောလိုက် စမ်းလိုက် သပ်လိုက် ပြုလုပ်လျှက်ရှိလေ၏။ ဦးစံရှား၏ လက်ချောင်းများသည် အလွန်လျှင်မြန်စွာ ဤနေရာမှ ထိုနေရာသို့ ကူးပြောင်းစမ်းသပ်လျှက် ရှိသောကြောင့် သာမန်အားဖြင့်ကြည့်ရှု့သော် စေ့စပ်သေချာသည်ဟူ၍ပင် မထင်ရချေ။ နောက်ဆုံး၌ ဦးစံရှားသည် ကြမ်းပေါ်တွင် ဒူးထောက်ကာ အလောင်း၏ နှုတ်ခမ်းများကို ငုံ့၍ နမ်းရှုပ်ပြီးနောက် အလောင်း၏ခြေမှ သားရေပြောင်ဖိနပ်၏ အောက်ခံ သားရေကို သေချာစွာ ကြည့်ရှု့လေ၏။

ရှား  ။     ။ အလောင်းကို ခင်ဗျားတို့ ရွေ့လား ပြောင်းလား မလုပ်ဘူး ဟုတ်စ။

တင်     ။     ။စုံစမ်းလို့ ဖြစ်နိုင်ရုံ လောက်ထက်ပိုပြီး ကျနော်တို့ မရွေ့ပါဘူးဆရာ။

ရှား  ။     ။ ကိုင်း ၊တော်လောက်ပါပြီ။ ရင်ခွဲရုံ ပို့ချင် ပို့လိုက်ပါတော့။

ကိုသန်းတင်သည် အသင့်ပြင်ဆင်ထားသော ထမ်းစင်ပေါ်သို့ အလောင်းကို ပွေ့ချီတင်စေရာတွင် လက်စွပ်လေး တကွင်းသည် အလောင်း၏ ကိုယ်တွင်းမှ ကြမ်းပေါ်သို့ထွက်ကျလာလေ၏။ ကိုအုန်းဖေသည် လက်စွပ်ကလေးကို ကောက်ယူထားလိုက်၍ အထမ်းသမားများလည်း အလောင်းကို အပြင်ထုတ်သွားကြရာ အလောင်းနှင့် နီးနီးကပ်ကပ် မနေဘူးသော ကျနော့်မှာ ထိုအခါမှ အသက်ရှုချောင်သွားလေတော့၏။

ကိုအုန်းဖေသည် လက်စွပ်ကို သေချာစွာကြည့်ရင်း –

လက်စွပ်ကတော့ လက်ထပ်လက်စွပ်ပဲဆရာရေ့။ ဧကန္တ မ  နဲ့ပတ်သက်တဲ့ အမှုနဲ့တူတယ်။ ကျနော်တို့ အားလုံးသည် အခန်းအပြင်သို့ ထွက်ပြီးလျှင် လက်စွပ်ကို တယောက်တလှည့်စီ ကိုင်ကြည့်ရင်း လက်သန်းတွင် အသီးသီးစွပ်ကြည့်ရာ မည်သူ၏ လက်နှင့်မျှ မတော်ကြောင်း တွေ့ရှိရလေသည်။ သေးငယ်ခြင်းအားဖြင့်၎င်း ပုံသဏ္ဍန်အားဖြင့်၎င်း ထိုလက်စွပ်မှာ သတို့သမီးတဦးတယောက်၏ လက်စွပ်ဖြစ်ကြောင်း ထင်ရှားပေ၏။

တင်။     ။ဒီလိုဆို ပိုပြီးတော့ ရှုပ်ထွေးမှုဖြစ်ပြန်ရောဆရာ။

ရှား။       ။သဲလွန်စ  ရတယ်လို့ မဆိုနိုင်ပေဘူးလားဗျ။ ကိုင်း သို့သော် ရှုပ်တာရှင်းတာ အသာထားပြီး သူ့အိပ်ထဲကတွေ့တဲ့ ပစ္စည်းတွေ ပြကြစမ်းပါဗျ။

တင် ။     ။ ( အကျီအိတ်အတွင်းမှ လက်ကိုင်ပုဝါထုတ်ကလေးကိုဖြည်၍) ဟောဒါ အစုံပါပဲဆရာ ကြည့်ပါတော့…ဟု ပြော၍ ဦးစံရှားလက်သို့  ပေးအပ်လေသည်။

ပစ္စည်းများမှာ ၃ ရတီခန့် ရှိသော စိန်လက်စွပ် တကွင်း ၊ စိန်ကြိုးနှင့် ရွှေလက်ပတ်နာရီ ၁လုံး ၊ တစ်ဆယ်ကျပ်တန် စက္ကူ ၅ချပ် ပါသည့် သားရေအိတ်ကလေး ၁လုံး ၊ မူးစေ့ မတ်စေ့ ၁၃ ပဲ၊ ..ဝေဿက. ဟူ သော အမည်ပါသည့် ကားချပ်လေး ၃ချပ် ၊ စာ ၂စောင် ၊ တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဝေဿကသို့ ပေးရန် ဟူ၍၎င်း နောက်တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဟိန္နကသို့ ပေးရန် ဟူ၍၎င်း လိပ်တပ်ထား၏။ ထိုစာ ၂ စောင် စလုံးမှာ သောမတ်ကွတ်ဘဏ်တိုက်မှ ကလကတ္တားမြို့ထွက် သင်္ဘောအကြောင်း န