စားသောက်ကုန်အသားငါးဟင်းသီးဟင်းရွက်ဈေးနှုန်းအကျဘက်မရှိ

ဦးကောက်June 5, 20111min804

6365

ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ အပါအဝင် အခြား သားငါးနှင့် ဟင်းသီးဟင်းရွက်တို့၏ ဈေးနှုန်းများပါ အကျဘက်မရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ဈေးကွက်အတွင်း ရောင်းချရာ၌ ၂၀၁ဝ ပြည့်နှစ်က တည်းကရောင်းချခဲ့သည့် ဈေးနှုန်းနီးပါးအတိုင်း ယခုလက်ရှိတွင် ရောင်းချမှုများ ရှိနေကာ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အချို့မှာလည်း ယခုအခါတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်မှု ဖြစ်ပေါ်လျက်ရှိသည်။

“အရင်တုန်းကဆိုရင် ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးနှုန်း တက်ရင် စားသောက်ကုန်တွေရဲ့ဈေးနှုန်းတွေကိုပါ ရိုက်ခတ်မှု ရှိနေကျပါ။ စားသောက်ကုန်နဲ့ ဒေါ်လာဈေးဆိုင် ဆိုင်၊ မဆိုင်ဆိုင် ဒေါ်လာဈေးတက်ပြီဆိုတာနဲ့ စားသောက်ကုန်တွေရဲ့ ဈေးနှုန်းပါ အနည်းနဲ့အများ လိုက်တက်တော့တာပဲ။ အခုကတော့ ဒေါ်လာဈေး အဆမတန် ကျနေပေမယ့် စားသောက်ကုန် ဈေးနှုန်းတွေကတော့ ကျဆင်းမှု မရှိတော့ နေ့စဉ် ကုန်ကျနေရတဲ့ ဈေးဖိုးကုန်ကျစရိတ် က လျော့မသွားပါဘူး”ဟု အိမ်ရှင်မ တစ်ဦးက ဆိုပါသည်။

ယခုလက်ရှိ၌ အခြေခံစားသောက်ကုန် ဈေးကွက်အတွင်းတွင် ဆန်တစ်ပြည်လျှင် အမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်၍ ကျပ် ၆၅ဝ မှ ကျပ် ၁၆၀ဝ အတွင်း၊ စားသုံးဆီများဖြစ်သည့် ပဲဆီတစ်ပိဿာ လျှင် ကျပ် ၃၆၀ဝ မှ ကျပ် ၄၂၀ဝ အတွင်းနှင့် အကြော်ခံဆီတစ်ပိဿာ လျှင် ကျပ် ၂၅၀ဝဖြင့်ရောင်းချလျက် ရှိကာ အခြားအခြေခံ စားသောက်ကုန်များဖြစ်သော ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ် ၇၀ဝ မှ ကျပ် ၁၀၀ဝ အတွင်း၊ ကြက်သွန်ဖြူတစ်ပိဿာ လျှင် ကျပ် ၂၅၀ဝ မှ ကျပ် ၄၀၀ဝ အတွင်း၊ အာလူး တစ်ပိဿာလျှင် ကျပ် ၆၀ဝ မှ ကျပ် ၈၀ဝ အတွင်း ရောင်းချလျက်ရှိသည်။

“အခုလို ဒေါ်လာဈေးက ကျနေတဲ့အချိန်မှာ မြန်မာပြည်ရဲ့ စားသောက်ကုန်ဈေးနှုန်းတွေ အပြောင်း အလဲမရှိတာဟာ ရုတ်တရက်ကြည့်ရင် မြန်မာငွေတန်ဖိုး တက်လာတယ် လို့ ထင်ရပေမယ့် တစ်ဒေါ်လာကို မြန်မာငွေကျပ်တစ်ထောင်နဲ့ တန်ဖိုး ညီမျှတဲ့အချိန်တုန်းက အခြေခံလူတန်းစားအများစု မှီခိုအားထား စားသုံးနေရတဲ့ ဆန်ကြမ်းက တစ်ပြည်ကို ကျပ် ၆၅ဝ အနည်းဆုံးရှိတယ်။ အခု ဒေါ်လာဈေးကျတဲ့ အချိန်မှာလည်း အဲဒီဆန်ကဈေးနှုန်း မပြောင်းလဲတော့ ဒေါ်လာဈေးကျလည်း ကုန်ကျ စရိတ်ကတော့ မပြောင်းလဲသွားနိုင် ပါဘူး”ဟု ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးက ဆိုပါသည်။

အသား၊ ငါးဈေးနှုန်းများမှာ လည်း ယခုလက်ရှိအချိန်အထိ ကျဆင်းမှုမရှိသည့်အပြင် အချို့ငါးဈေး နှုန်းများမှာ အသားဈေးနှုန်းထက်ပင်  မြင့်တက်လျက်ရှိသည်။

ထို့အပြင် ယခုလတ်တလော ဝက်များတွင် ဖြစ်ပေါ်နေသည့် ဝက်နားရွက်ပြာရောဂါကို အကြောင်းပြုပြီး အခြား ငါး၊ ကြက်သားနှင့် အမဲသားတို့မှာလည်း ဈေးအချို့တွင် ဈေးနှုန်းတက်ကာ ရောင်းချလျက်ရှိကြသည်။ အလားတူ ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာလည်း ဈေးနှုန်းအတက် အကျမရှိဘဲ ယခင်ရောင်းဈေးများ အတိုင်းဖြင့်သာ ရောင်းချလျက်ရှိသည်။

“အခုက မိုးရွာတဲ့ကာလကို ရောက်နေပြီဆိုတော့ ဗဟိုစံပြငါးဈေးကြီးကို ဧရာဝတီတိုင်းဒေသကြီးက ငါးနဲ့ ပုစွန်တွေ လှိုင်လှိုင်ဝင်နေပါပြီ။ ဒါကြောင့် ဒီမှာတော့ငါး၊ ပုစွန်ဈေး နှုန်းက မတက်ပါဘူး”ဟု ဗဟိုစံပြငါးဈေးကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အသား၊ ငါး ပျမ်းမျှဈေးနှုန်းများ

အမျိုးအမည် အရေအတွက် ဈေးနှုန်း(ကျပ်)
ကြက်သား(ဗမာ) တစ်ပိဿာ ၆၀၀၀-၇၀၀၀
ကြက်သား(စီပီ) တစ်ပိဿာ ၄၅၀၀-၅၀၀၀
အမဲသား တစ်ပိဿာ ၄၅၀၀-၅၀၀၀
ဝက်သား တစ်ပိဿာ ၄၅၀၀-၆၅၀၀
ငါးကြင်း တစ်ပိဿာ ၃၀၀၀-၄၀၀၀
ငါးမြစ်ချင်း တစ်ပိဿာ ၂၅၀၀-၃၀၀၀
လယ်ငါးခူ တစ်ပိဿာ ၆၀၀၀-၇၀၀၀
တရုတ်ကန်စွန်းရွက် တစ်စည်း ၁၀၀-၁၅၀

Eleven Media Group မှ ကူးယူဖော်ပြသည်။

4 comments

  • bigcat

    June 6, 2011 at 2:48 am

    သား၊ ငါးဈေးတွေက ဒေါ်လာဈေးကျသွားလို့ ယူအက်စ်ဈေးတွေနဲ့ သိပ်မကွာတော့ပေမယ့် ကန်စွန်းရွက်ဈေးကိုတော့ မနာလိုဖြစ်မိတယ် :envy: အခုလိုဈေးပေါချိန်တောင် ကန်စွန်းရွက်တပေါင်ကို ၂.၃၉ ဒေါ်လာ၊ ရှားချိန်ဆို ၃.၉၉ ဒေါ်လာ။

  • လင်းဝေကျော်

    June 6, 2011 at 10:34 am

    ဒေါ်လာဈေးကျလို့ ပြည်တွင်းထွက်ကုန်က လိုက်ပြီးဈေးမကျပါဘူး။
    သွင်းကုန်တောင် ဈေးမကျသေးတာ။
    သွင်းကုန်သမားက တစ်ဒေါ်လာကို ၉၀ဝနဲ့ တွက်ပြီး ရောင်းနေတုန်းပါ။
    ဈေးက မတည်ငြိမ်တော့ တက်လာရင် သွင်းထားသမျှကွဲသွားမှာကိုး.. သူတို့လည်း အပြစ်မပြောသာဘူး ။

  • Oo Oo

    June 6, 2011 at 4:25 pm

    မြန်မာပြည်သူတွေ..နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး..သုံးစွဲနိုင်ပြီလို့သာမှတ်ယူပါတော့လေ..

  • padonmar

    June 6, 2011 at 4:38 pm

    ရောင်းကုန်ကျ ဝယ်ကုန်မကျ ဘေးကျပ်နံကျပ်

Leave a Reply