စတီရီယို ဂီတလောက ခေတ်ဦးတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်

ဦးကောက်June 6, 20111min734

စတီရီယို ဂီတလောက ခေတ်ဦးတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်

mgthitmin

မြန်မာနိုင်ငံ၏ စတီရီယို ဂီတလောက ခေတ်ဦးတွင် ပါဝင်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်သော တေးရေးဆရာတစ်ဦးအဖြစ် ရပ်တည်လျက် ရှိသော တေးရေးဆရာ မောင်သစ်မင်းသည် ဇွန်လ ၅ ရက်နေ့၊ ထိုင်းနိုင်ငံ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂ဝ (မြန်မာစံတော်ချိန် ၉ နာရီ) အချိန်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆမ်မီတဝေ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

”ထိုင်းနိုင်ငံ ဒေသစံတော်ချိန် မနက် ၉ နာရီ၊ မိနစ် ၂ဝ အချိန်မှာ ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန်သွားခဲ့ပါတယ်”ဟု တေးရေး မောင်သစ်မင်း ကွယ်လွန်ချိန်တွင် အနား၌ရှိနေသူ တေးရေး စကားလုံး ဝင်းမင်းထွေးက ပြောပြပါသည်။

”ဇွန်လ ၆ ရက်နေ့က သူ့မွေးနေ့ပါ။ သူ့မွေးနေ့ မတိုင်ခင် တစ်ရက်အလိုမှာပဲ ဆုံးသွားခဲ့ပါတယ်”ဟု တေးရေးမောင်သစ်မင်း ကွယ်လွန်ချိန်တွင် အနား၌ရှိနေသူ တေးရေး မြင့်မိုးအောင်က ပြောပါသည်။
တေးရေး မောင်သစ်မင်း သည် ၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာလတွင် အူမကြီးကင်ဆာ ရောဂါကို စတင် ခံစားနေရပြီး ရှစ်လအကြာတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိပြီ ဖြစ်ပါသည်။

တေးရေး မောင်သစ်မင်း၏ အမည်ရင်းမှာ ဦးဒေဝ ဖြစ်ပြီး အနုပညာလောကသို့ ဝင်ရောက်မှုကို ၁၉၇၁ ခုနှစ် အချိန်က စတင်ခဲ့ပြီး ကဗျာ၊ဝတ္ထုများ ရေးသားရာမှ တစ်ဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ကဗျာရေးသာခြင်းနှင့် ကဗျာဆရာဘဝကို ခုံမင်သူတစ်ဦး ဖြစ်သော်လည်း ကဗျာဆရာ ဘဝဖြင့် ရပ်တည်ရှင်သန်ရန် ခက်ခဲသည့် အတွက် တေးရေးဆရာ ဘဝကို ရွေးချယ်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။

ကဗျာ၊ စာပေနှင့် တေးသီချင်းရေးသားမှု အားလုံးကို ၁၉၇ဝ ပြည့်နှစ်နှင့် ၁၉၇၁ ခုနှစ် ကာလများကပင် စတင်ခဲ့ခြင်း ဖြစ်ကာ ထိုကာလ နောက်ပိုင်းတွင် လုံးချင်းဝတ္ထုများ ဖြစ်သော ‘အရှေ့နေထွက် အနောက်နေဝင်’၊ ‘မပြောကောင်းတဲ့ အကြောင်းလေးတစ်ခု’၊ ‘ဖက်ထားစမ်းပါ အချစ်ကလေးရယ်’ ၊’မနက်ဖြန်သည် အပြာရောင်’ အစ ရှိသည်တို့ ဆက်တိုက် ရေးသား ထုတ်ဝေခဲ့သည့် အပြင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ လက်ထက် ဆရာဝန်များ၏ ဘဝကို ရေးသားခဲ့သော ‘ငရဲ၌ သစ်ငုတ် ဖြစ်စေသတည်း’ လုံးချင်းဝတ္ထုကို ရေးသားခဲ့ပါသည်။ မောင်သစ်မင်း၏ စာပေလက်ရာများ အနက် ထင်ရှားဆုံးဖြစ်ခဲ့သည် လုံးချင်းဝတ္ထု ဖြစ်ခဲ့သော ‘တေးမြုံငှက်’ ဝတ္ထုမှာ ၁၉၇ရ ခုနှစ် အချိန်တွင် ထွက်ရှိခဲ့ပြီး ထိုဝထ္ထုသည်သူ၏ အသက် ၂၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အနေဖြင့် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုဝတ္ထုမှ တစ်ဆင့် နောင်တစ်ချိန်တွင် ခိုင်ထူး သီဆိုခဲ့ပြီး ကျော်ကြားခဲ့သည့် ‘တေးမြုံငှက်’ သီချင်း ဖြစ်လာခဲ့ပါသည်။

ဝတ္ထုရေးသားခြင်း အပြင် ပင်ကိုရေး ကဗျာ ရေးသားခြင်းနှင့် ဘာသာပြန်ကဗျာ ရေးသားခြင်းများကိုလည်း ပြုလုပ်ခဲ့ကာ ကဗျာဆရာ မီရောဆလပ်ဟောလုဗ်၊ ဗာစကိုပိုပါနှင့် ဇဗစ်ကညူးဟားဗက် တို့၏ ကဗျာများကို ဘာသာပြန်ဆိုခဲ့သော ‘သုံးယောက်ကောင်းကင်’ ကဗျာစာအုပ်မှာလည်း ထင်ရှားသော ကဗျာစာအုပ် ဖြစ်ပါသည်။

ဂီတလောက၌ အောင်မြင်မှု အနေဖြင့်မူ ၁၉၇၄ ခုနှစ် အချိန်က စတင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၇၄ ခုနှစ် အချိန်တွင် ထွက်ရှိခဲ့သော စိုးပိုင်၏ တစ်ကိုယ်တော်တေးစီးရီး ‘အချစ်ည ရင်ခုန်သံ’သည် မောင်သစ်မင်း၏ ဂီတလောက အောင်မြင်မှု လမ်းကြောင်း အစ ဖြစ်သည်။ ထို့နောက် ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်တွင် ထွက်ရှိခဲ့သော ‘အမြန်ယာဉ် ၂’ တေးစီးရီး အပါအဝင် ထိုအချိန်က ပလေးဘွိုင်းသန်းနိုင် သီဆိုခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်း အများစုမှာ မောင်သစ်မင်း၏ လက်ရာများ ဖြစ်ခဲ့ပါသည်။ စိုးပိုင် သီဆိုခဲ့ပြီး ဒုတိမြောက် အောင်မြင်မှု ရရှိခဲ့သော တေးစီးရီး ဖြစ်ခဲ့သည့် ‘အနီးဆုံးလူ’ တေးစီးရီးမှာ ၁၉၈၂ ခုနှစ် အချိန်က ထွက်ရှိခဲ့ပြီး  ‘အနီးဆုံးလူ’ သီချင်းသည် တေးရေး မောင်သစ်မင်း၏ ပထမဆုံးသော ကိုယ်ပိုင်သံစဉ်လက်ရာ ဖြစ်ပါသည်။

ကိုယ်ပိုင်သံစဉ် ရေးသားခြင်းထက် နိုင်ငံခြား တေးသီချင်း၏ သံစဉ်၌ စာသား ထည့်သွင်းရေးသားသည့် ကော်ပီသီချင်း ရေးသားမှုကို အားသာခဲ့သည် မောင်သစ်မင်း အနေဖြင့် သူရေးသားခဲ့သော ကော်ပီ သီချင်းများ အနက် စိတ်တိုင်း အကျဆုံးသော သီချင်းများမှာ ကျော်ဟိန်း သီဆိုခဲ့သော သီချင်းများ ဖြစ်ကြောင်း သိရပါသည်။ ထိုသီချင်းများမှာ ၁၉၈၅ ခုနှစ် ဝန်းကျင်က ထွက်ရှိခဲ့ပြီး ကျော်ဟိန်း သီဆိုခဲ့သော တေးစီးရီးများ ဖြစ်သည့် ‘အဓိပ္ပါယ်ရှိသောလူ’နှင့် ‘စင်ပေါ်က တေးများ’ တွင် ပါဝင်ခဲ့သော တေးသီချင်းများ ဖြစ်ကြပါသည်။ အဆိုပါ တေးစီးရီးများဖြင့် ကျော်ဟိန်း၏ အောင်မြင်မှုမှာ တရှိန်ထိုး ဖြစ်ခဲ့သည့်နည်းတူ မောင်သစ်မင်း၏ အောင်မြင်မှုလည်း ဆက်လက် လိုက်ပါခဲ့ပါသည်။ ဟေမာနေဝင်း သီဆိုခဲ့သော ‘ခွင့်လွှတ်နော်’ တေးစီးရီး အပါအဝင် အခြား သီချင်းများ၊ ခိုင်ထူး သီဆိုခဲ့သည့် ‘တေးမြုံငှက်’နှင့် အခြား သီချင်းများမှာလည်း တေးရေး မောင်သစ်မင်း၏ အောင်မြင်သော လက်ရာများ ဖြစ်ခဲ့ပါသည်။

၁၉၇ဝ ပြည့်နှစ်မှ စတင်ပြီး မျက်မှောက်ခေတ်အထိ ခေတ်အဆက်ဆက် ကျော်ကြားခဲ့သော အဆိုတော်များ၏ အောင်မြင်သော တေးသီချင်းများစွာကိုလည်း စဉ်ဆက်မပြတ် ရေးသားခဲ့ပြီး ကော်ပီသီချင်းဟု ဆိုသော်လည်း ဒဿနနှင့် ဘဝအမြင် အတွေးအခေါ်များ ပါဝင်သော တေးသီချင်းများက ပရိသတ်များ လက်ခံမှုကို ရရှိစေခဲ့ပါသည်။

မောင်သစ်မင်း၏ အသက် ၅ဝ ပြည့် အမှတ်တရအဖြစ် အဆိုတော် စုံလင်စွာ သီဆိုထားသည့် ‘တေးမြုံငှက် ၁’နှင့် ‘တေးမြုံငှက် ၂’ တေးအယ်လ်ဘမ်နှင့် တေးရေးဆရာ တစ်ဦးတည်း၏ သီချင်းများကို စုစည်းထားသည့်  ‘ကမ္ဘာသစ် ၁’နှင့် ‘ကမ္ဘာသစ် ၂’ လိုက်ဖ်ရှိုးတေးအယ်လ်ဘမ် များမှာ ပြီးခဲ့သည့် နှစ်များအတွင်း ထွက်ရှိခဲ့ ပြီး မောင်သစ်မင်း၏ ကျော်ကြားသော သီချင်းများ ပါဝင်ခဲ့ပါသည်။

မကွယ်လွန်မီ အချိန်အထိ မြန်မာနိုင်ငံဂီတအစည်းအရုံး၌ တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင်  MRTV-4 မှ ထုတ်လွှင့်ခဲ့ပြီး တေးရေးမောင်သစ်မင်း စီစဉ်ခဲ့သည့် ‘ခေတ်ပြိုင်ဂီတမှ မှတ်တိုင်များ’အခန်းဆက် အစီအစဉ်မှာလည်း ကျော်ကြားခဲ့သော လက်ရာတစ်ခု ဖြစ်ပါသည်။

တေးရေး မောင်သစ်မင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ပင် မီးသဂြိုလ်ရန် စီစဉ်ထားပြီး ကျန်ရစ်သော အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်မည် ဖြစ်ကြောင်း သိရပါသည်။ တေးရေး မောင်သစ်မင်းကို ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူရန် အတွက် Forever Group မှ အလှူရှင်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မေလ ၂၂ ရက်နေ့ ကတည်းက ထိုင်းနိုင်ငံ၊ ဆမ်မီတဝေ့ဆေးရုံသို့ ရောက်ရှိ ဆေးကုသမှု ခံယူခဲ့ခြင်း ဖြစ်ပါသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

4 comments

  • လင်းဝေကျော်

    June 6, 2011 at 9:35 am

    စိတ်မကောင်းစရာပါပဲဗျာ။
    စကားလုံးနဲ့ အတွေးကောင်းတဲ့ ကဗျာ သီချင်း ဆရာတစ်ယောက်ပါ။

  • naywoonni

    June 6, 2011 at 11:20 am

    မင်းလေးမင်းက တစ်မင်းတော့သွားပြန်ပေါ့

  • padonmar

    June 6, 2011 at 1:23 pm

    ကျွန်မမှာ ငရဲ၌ သစ်ငုတ် ဖြစ်စေ နဲ့ တေးမြုံငှက် ၂ အုပ် ဝယ်ထားတာ ရှိတယ်။ငရဲ၌ သစ်ငုတ် ဖြစ်စေ က ဆရာဝန်လောက ဆေးတိုးစားရတဲ့ခေတ်အကြောင်း၊ တေးမြုံငှက် က စတီရီယို တေးလောကအကြောင်း ၂အုပ်လုံးပီပြင်လို့ သိပ်ကြိုက်ပါတယ်။
    သူ့ သီချင်းတွေလည်း ကြိုက်တာပဲ။နှမျောမိပါတယ်။

Leave a Reply