အလှအပ နှင် ကျန်းမာရေး

meengelayJune 6, 20111min781

(အလှအပကျန်းမာရေး) သင့်အတွက် မှန်ကန်သည့် ကိုယ်နေဟန်ထား ဖြစ်စေရန်
ကိုယ်နေဟန်ထားနဲ့ ပတ်သက်လို့ ပြောရမယ် ဆိုရင် သတိရှိဖို့က အရေးကြီးပါတယ်။ အကောင်းဆုံး ကိုယ်နေဟန်ထား ရဖို့အတွက် သင့်ခန္ဓာကိုယ်က ဘယ်လို ဖြစ်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာကို အမြဲမပြတ် သတိပြုနေမှ ဖြစ်မှာပါ။ ခန္ဓာကိုယ်ကို သတိပြုတယ် ဆိုရာမှာ လမ်းလျှောက်ပုံ လျှောက်နည်း၊ ထိုင်ပုံထိုင်နည်း၊ မတ်တတ်ရပ်ပုံ ရပ်နည်းကနေ စပြီး သတိထားရမှာ ဖြစ်ပါတယ်။ အဲသလို ကိုယ်ရဲ့ လှုပ်ရှားမှု မှန်သမျှ လိုက်အကဲခတ်နေရမှာ ငြီးငွေ့စရာ ကောင်းတာ မှန်ပေမယ့် ဒါမှလည်း ကိုယ်ရဲ့ ပုံစံ မမှန်တာကို သတိထားမိကာ တဖြည်းဖြည်းနဲ့ ပြင်လာနိုင်မှာပါ။
ကိုယ်နေဟန်ထား မမှန်ကန်မှု ဘယ်ကနေ စဖြစ်လာသလဲ
နေ့စဉ်ဘဝမှာ ကျွန်မတို့ဟာ အရိုးရှင်းဆုံး လုပ်ငန်းရပ်တွေကအစ အားစိုက် လုပ်ကြသလို မသင့်တော်တဲ့ ကြွက်သားတွေကိုလည်း ထပ်ခါတလဲလဲ သုံးမိတတ်ကြပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အကျင့်ဖြစ်လာတဲ့အခါ ကျွန်မတို့ အနေနဲ့ သတိတောင် မထားမိတော့တဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။ ပြဿနာက ခန္ဓာကိုယ်ဟာ ညည်းတွားရမယ့် အခြေအနေ မရောက်သေးသရွေ့ ဘာမှ သိသိသာသာ သတိပေးမှု မရှိတာပါပဲ။ အဲဒီလို မရှိတာကြောင့်လည်း ကျွန်မတို့ဟာ ထိုင်ချင်သလိုထိုင်၊ ရပ်ချင်သလို ရပ်ကာ ကြာလာတော့ ခါးနာ၊ ဒူးနာတွေ ဖြစ်ခါမှ ဘာလုပ်လို့ ဘာကိုင်ရတော့မှန်း မသိ ဖြစ်တတ်ကြပါတယ်။ အဲလို ရောဂါဝေဒနာ ခံစားရပါက လေ့ကျင့်ခန်း လုပ်ပေးခြင်းက ကြွက်သားနဲ့ အဆစ်တွေအပေါ် ဖိအား သက်ရောက်မှုကို သက်သာစေပါတယ်။ ဒါ့အပြင် ကိုယ်နေဟန်ထား မှန်ကန်စွာ နေထိုင်တာကလည်း ဒီရောဂါ ဝေဒနာတွေကို သက်သာစေပါတယ်။
ကိုယ်နေဟန်ထား မမှန်တာရဲ့ အကြောင်းရင်းက အဲလိုနေတဲ့ အကျင့် ဖြစ်နေတာကြောင့် ဒီအကျင့်ကို ဖျောက်ဖို့ အင်မတန် အရေးကြီးပါတယ်။ နေ့စဉ်နဲ့အမျှ ရုံးမှာ၊ အိမ်မှာ ထိုင်တဲ့အခါ ကိုယ်ထိုင်တဲ့ ပုံစံကို သတိပြုမိသူ ဘယ်နှယောက်လောက်များ ရှိနေနိုင်ပါ့မလဲ။ ကျွန်မတို့ဟာ ကိုယ်လုပ်ရမယ့် အလုပ်အပေါ်မှာသာ အာရုံစိုက်နေကြကာ ထိုအလုပ်ကို ဘယ်လို လုပ်နေကြသလဲ ဆိုတာကိုတော့ သတိတောင် မပြုမိကြပါဘူး။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိဖို့ ပျင်းတဲ့ အကျင့်က ဖျက်ဖို့ အခက်ခဲဆုံး အကျင့်ထဲ တစ်ခု အပါအဝင်ပါပဲ။ ကိုယ်အာရုံစိုက်နေတဲ့ လုပ်ရပ်ကိုသာ ကိုယ့်မှာ အာရုံ အပြည့်ထားပြီး လုပ်နေတာကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေတတ်ပါတယ်။ အထူးသဖြင့် ကွန်ပျူတာကြည့်၊ စာရေး၊ ဂိမ်းဆော့၊ ချက်တင်ဝင် စတဲ့ အာရုံစူးစိုက်ရတဲ့ အလုပ်မျိုး လုပ်ရင် ခန္ဓာကိုယ်ကို လှုပ်ရှားပေးဖို့ မေ့နေတတ်ကြပါတယ်။ အဲဒီအခါ ကြွက်သားတွေ တင်းမာလာကာ ကိုက်ခဲ နာကျင်မှု ဖြစ်ပေါ်တတ်ပါတယ်။ ထိုင်ကတည်းကသာ မှန်ကန်တဲ့ ထိုင်ပုံ၊ ထိုင်နည်းနဲ့ ထိုင်မယ်၊ မကြာခဏ ကိုယ်လက်လှုပ်ရှားမှု ပြုပေးမယ် ဆိုရင် ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာ၊ ခါးနာတာတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

ကိုယ်နေဟန်ထား မမှန်ကန်မှု၏ ဆိုးကျိုးများ

ခေါင်းကိုက်ခြင်း

ပခုံးကြီးကုန်း၊ ခါးကြီးကုန်းကာ ဦးခေါင်းကလည်း ပခုံးနဲ့ တစ်သမတ်တည်း မဟုတ်ကာ ရှေ့သို့ ရောက်နေပါက လည်ပင်းနဲ့ ဦးခေါင်းခွံ အောက်ခြေမှာ ကြွက်သား တင်းမာမှု များစွာ ဖြစ်ပေါ်လာစေကာ ခေါင်းကိုက်စေပါတယ်။ ကြွက်သား တင်းမာခြင်းက ကျောရိုး နာ့ဗ်ကြောမကြီးနဲ့ လည်ပင်းရှိ နာ့ဗ်ကြောတွေပေါ် သက်ရောက်တာကြောင့် ခေါင်းကိုက်လာရတာပဲ ဖြစ်ပါတယ်။

ခါးနာခြင်း

ခါးနာပါက ဘယ်လို လှုပ်ရှားမှုပဲ လုပ်လုပ် နာကျင်နေတတ်ပါတယ်။ ထိုင်ခုံကနေ ထတဲ့ အလွယ်ကူဆုံး အလုပ်ကအစ နာကျင်နေတတ်ကာ နေ့စဉ် လှုပ်ရှားမှုတွေ ပြုလုပ်ဖို့တောင် ခက်ခဲနေတတ်ပါတယ်။ ခါးမနာသရွေ့ သင့်အနေနဲ့ တစ်နေကုန် ခါးကို ဘယ်လောက်တောင် အသုံးပြုထားသလဲ ဆိုတာကို သတိပြုမိမှာတောင် မဟုတ်ပါဘူး။ ထိုင်ခုံမှာ လျော့ရိလျော့ရဲ ထိုင်ခြင်း၊ ခပ်ကုန်းကုန်း ထိုင်ခြင်းကြောင့် ကြွက်သားတွေနဲ့ ခါးရိုးဆစ်တွေဟာ ပုံစံတကျ မဟုတ်တော့ဘဲ ဖိအားတွေ များလာကာ နုံးချည့်ခြင်း၊ ခါးနာခြင်းနဲ့ တခြား ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

ကိုယ်နေဟန်ထား မမှန်ခြင်း၏ နေစဉ် အကြောင်းရင်းများ

-လေးလံလွန်းတဲ့ လက်ကိုင်အိတ်ကြီးကြီး
-ဒေါက်ဖိနပ်မြင့်မြင့်
-စာအုပ်အများကြီး ထည့်ထားတဲ့ ကျောပိုးအိတ်
-အမျိုးသားတွေ ထိုင်တဲ့အခါ ဘောင်းဘီ အနောက်ဘက်အိတ်ထဲ ပိုက်ဆံအိတ် ထည့်ထားခြင်း
-နိမ့်လွန်းတဲ့ ကွန်ပျူတာ ဖန်သားပြင်
-ထိုင်ခုံနဲ့ စားပွဲ အနိမ့်အမြင့် နေရာတကျ မရှိခြင်း
-နောက်မှီမပါတဲ့ ထိုင်ခုံ

ထိုင်သည့်အခါ

-ခြေဖဝါး နှစ်ဖက်စလုံး ကြမ်းပြင်ပေါ် ချထားလို့ရကာ ဒူးအမြင့်က တင်ပါးနဲ့ အညီ ထိုင်လို့ရတဲ့ ထိုင်ခုံကို ရွေးထိုင်ပါ။

-ထိုင်ခုံ နောက်မှီနဲ့ ကျောတစ်ပြင်လုံး ကပ်နေအောင် ထိုင်ပါ။ လိုအပ်ပါက ခါးနောက်ဘက် အကွေးနေရာမှာ ကူရှင်သေးသေးလေး တစ်လုံး ဒါမှမဟုတ် မျက်နှာသုတ်ပဝါလိပ်ပြီး ခုထားပေးပါ။

-လျော့တိလျော့ရဲ မထိုင်ပါနဲ့။ ထိုင်ခါစက လူသက်သာသလို ထင်ရပေမယ့် တကယ်တမ်းမှာ ဒီလို ထိုင်ပုံထိုင်နည်းက ခါးနာစေနိုင်ပါတယ်။

-ခါးကြီးကုန်း၊ ပခုံးကြီးကွေးကာ စာကို ကုန်းဖတ်၊ ကုန်းရေးခြင်း၊ ကွန်ပျူတာ ဖန်သားပြင်ကို ကုန်းကြည့်နေခြင်းမျိုး မလုပ်ပါနဲ့။ ဘယ်အချိန်မှာမဆို မတ်မတ်ထိုင်ဖို့ သတိရပါ။

-အချိန်အကြာကြီး မထိုင်ပါနဲ့။ ၄၅ မိနစ်ကြာတိုင်း မတ်တတ်ရပ်ကာ ဟိုနား၊ ဒီနား လမ်းလျှောက်ပေးပါ။ ထိုင်ခုံနဲ့ စားပွဲနဲ့ အကျအန ထိုင်မယ်ဆိုရင်လည်း စားပွဲအမြင့်က ရင်ဘတ်လောက်သာ ရှိသင့်ပါတယ်။

မတ်တတ်ရပ်သည့်အခါ

-ဝမ်းဗိုက်ကို ချပ်ထားပါ။ မသိမသာလေး ချပ်ထားရမှာ ဖြစ်ပေမယ့် ဝမ်းဗိုက်ကြွက်သားတွေ တောင့်နေရပါမယ်။

-အကြာကြီး မတ်တတ်ရပ်ရမယ့် နေ့မျိုးမှာ ဒေါက်မြင့်ဖိနပ် အထူကြီး စီးမလာပါနဲ့။ နှစ်လက်မလောက် ထူတဲ့ ဒေါက်ကသာ အကောင်းဆုံးပါ။ ဒေါက်လုံးဝ မပါတဲ့ ဖိနပ်ပါးကလည်း ခါးနာစေနိုင်ပါတယ်။
-ရင်ကော့ ခေါင်းမော့ကာ မတ်မတ်ရပ်ပါ။

ကိုယ်နေဟန်ထား မှန်ကန်မှု အခြေခံများ

-မတ်တတ်ရပ်တာပဲ ဖြစ်ဖြစ်၊ ထိုင်တာပဲ ဖြစ်ဖြစ် ခေါင်းထိပ်ကို မျက်နှာကြက်ကနေ ကြိုးတစ်ချောင်းနဲ့ ဆွဲထားတယ်လို့ မှတ်ယူကာ မတ်မတ်နေပါ။

-ပခုံးနဲ့ လည်ပင်းကလည်း သက်သောင့်သက်သာနဲ့ ဖြောင့်တန်းနေသင့်ပါတယ်။

-ပခုံးကို ဖြေလျှော့ထားပါ။ အပေါ်ကို တက်နေခြင်း၊ ရှေ့ကို ကုန်းနေခြင်း၊ နောက်ကို လန်နေခြင်းတို့ မဖြစ်စေပါနဲ့။ ဒါမှသာ အသက်ကို ဝဝ ရှူနိုင်မှာပါ။

-ခါးကိုလည်း မတ်မတ်ထားပါ။

နာကျင်မှု သက်သာစေရန်

-ခါးနာခြင်း၊ ဇက်ကြောတက်ခြင်း ဖြစ်ပေါ်ပါက တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားဖို့ ကြွက်သားတွေ ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ ယောဂကျင့်စဉ်ကလည်း ကြွက်သားတွေကို ပြေလျော့စေပါတယ်။

-သင့်အလုပ်စားပွဲနဲ့ ထိုင်ခုံ အနေအထား အချိုးကျမှု ရှိမရှိ စစ်ဆေးပြီး အချိုးကျအောင် ပြောင်းထိုင်ပါ။

-ကိုယ်နေဟန်ထား မမှန်ကန်မှုတွေကို သတိထားပြီး ပြုပြင်ပါ။

-အကယ်၍ နာကျင်ကိုက်ခဲမှုတွေ တော်ရုံနဲ့ မသက်သာပါက ဆရာဝန်နဲ့ ပြသကာ ကုသမှုကို ခံယူသင့်ပါတယ်..

One comment

  • Shwe Tike Soe

    June 6, 2011 at 10:09 am

    ကျေးဇူးတင်ပါတယ်.. ကျန်းမာရေးအတွက်အခုလို အသိပေးတာ အရမ်းကောင်းပါတယ်
    နောက်လဲ ဆက်ရေးပေးပါအုံးနော်

Leave a Reply