ပင်ပန်းမှုကရတဲ့ ပီတိ

“မင်းဘာမှမဝယ်ဘူးလား”
“နိုး ပိုက်ဆံကုန်မယ် သိပ်ပြီးပါတာလဲမဟုတ်ဘူး”
သူ မေးတော့ အဲဒီ သကောင့်သားနှစ်ကောင်က ဒီလိုဖြေခဲ့တယ်။ ခုတော့ကြည့်စမ်း ကချင်ရိုးရာလုံချည်ဆိုင်ကြီးမှာ အလကားပေနေတယ်လို့ထင်ရအောင် ဝယ်လို့ခြမ်းလို့။

“ဘယ်လောက်ဖိုးရှိသွားပြီလ”ဲလို့မေးကြည့်တော့ တစ်ယောက်က
“49000”တဲ့ တစ်ယောက်က”60000″တဲ့။ ကဲ။
ဝယ်ရင်းခြမ်းရင်ပိုက်ဆံတွေ ကုန်သွားလိုက်တာ။ ဒီပိုက်ဆံရဖို့ကိုပဲ တစ်နယ်တစ်ကျေးကနေ ဖားကန့်ကိုပင်ပင်ပန်းပန်းလာရှာရတယ်။ ရုန်းရတယ်။ ကန်ရတယ်။ ပိုက်ဆံအလုံးလိုက်အရင်းလိုက်ရတော့လည်းပျော်တာပါပဲ။ ဝင်ခါစကတော့ လစာက နည်းနည်း။ ခုတော့လည်းတစ်ရစ်ပြီးတစ်ရစ် တက်လာလိုက်တာ စိတ်ချမ်းသာစရာ အချိန်ကလေးပေါ့။ အခက်အခဲတွေ။ အတိုက်အခိုက်တွေကြားက သူတို့တွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ဘောနက်ကလေးပေးတော့လည်း မြိုးမြိုး မြတ်မြတ်ဆိုတော့ ပင်ပန်းတာတွေလည်းပျောက်။ စိတ်ညစ်စရာတွေလည်း ခဏတော့ ပျောက်သွားတာကလား။

အစကတော့ ဒီလောက်စိတ်ညစ်စရာကောင်းတာ ပြန်ရင်တော့ ပြန်မလာတော့ဘူးလို့ သူ့သူငယ်ချင်းတွေကပြောကြတယ်။ ခုတော့လည်း ရန်ကုန် လို မန္တလေးလို မြို့တွေမှာ လုပ်ရင်တောင် ဖားကန့်လောက်အဆင်ပြေနိုင်မ.ယ်မှန်း မသေချာတော့ပြန်လည်စဉ်းစားရပြီ။ ရန်ကုန်လို ကိုယ့်စရိတ်ကိုယ်စားရပြီး လိုင်းကားစီးရမယ်ဆို ဘယ်က ကိုယ့်အတွက်ကျန်နိုင်မလဲ။ ဖားကန့်က စရိတ်ငြိမ်း အခြေံလစာ 50000။ သုံးလပြည့်ရင် စာချုပ်ထဲကအတိုင်းလစာ တိုး။ ကဲ။ ပင်ပန်းတာကို ဒီလိုလေးတွေနဲ့ ကာကြည့်လိုက်တော့လည်း သူ့ဘက် ကိုယ့်ဘက် မျှလို့။ ခုလည်းကြည့် သူတို့သူငယ်ချင်းတွေ ခွင့်ပြန်ကြတယ်။နယ်ဝေးမှာလုပ်ပြီး ကိုယ့်အိမ်ကိုတော့ ငွေကလေး နည်းနည်းပါးပါးတော့ ပါချင်ကြတာပဲ။ ရန်ကုန်လို မျိုးမှာတော့ အချိန်တန်လစာထုတ် ဟိုဖိုး ဒီဖိုးနုတ်ရင်ပဲ ကိုယ့်လက်ထဲ ဘာမှမကျန်။ဖားကန့်လို့ ကျောက်စိမ်းနယ်မှာတော့ စရိတ်ငြိမ်း လစာထုတ်ရင်တော့ နှစ်လပေါင်း 60000-70000 လောက်တော့ ငွေလွှဲနိုင်တာချည်းပဲ။

ခုကြည့် ဝယ်ချင်တာ ဝယ်ခြမ်းရလို့ စိတ်ကျေနပ်တဲ့ ပီတိဟာ မြို့ကြီးမှာဆိုရင် မိသားစု ဝမ်းရေးကိုငဲ့နေတာနဲ့တင် အကျီတစ်ထည် ကောက်မကိုင်ရဲတာနဲ့စာရင် နည်းနည်း ကျေနပ်စရာမဟုတ်ဘူးလား။ ဒါပေမယ့်လို့ စိတ်ပင်ပန်းမှုဒဏ်၊ အတိုက်အခိုက်ဒဏ်တွေကိုတော့ ခံခဲ့ရမှာပေါ့။ခံရဲရမှာပေါ့။ အချိန်တန် ရာသီသိမ်းလို့ ဘောက်ဆူးကလေး လေးငါးဆယ်သိန်းလောက်ရရင်ပဲ ကျေနပ်လောက်စရာကောင်းပါပြီ။ ခုတော့
“မင်းတို့ ပြန်လာဦးမှာလား”လို့မေးရင်
“လာမှာ”ဆိုတဲ့အဖြေတစ်ခုဟာ ဘိုင်သေ သေချာပြီးသား။

အစကတော့ အလုပ်တစ်ခုကိုပြောင်းမယ်လို့ ပြောကြတာ။ ခုတော့ အခြေအနေကိုကြည့်ပြီး ခြေလှမ်းတွေကိုပြန်ရုတ်ရပြီ။ ဘယ်အလုပ်မဆိုတော့ အဆင်ပြေ ချောမွေ့ပြီး အကောင်းဆုံးတွေချည်းပေးမနေနိုင်ပါဘူး။ ကိုယ့်နဲ့အဆင်ပြေရာ သင့်သင့်လျှောက်ပတ်ရာကိုသာ ရွေးလုပ်ရတာပါ။ အနည်းအငယ် အဖုအထစ်တွေကလွဲလို့ ကျန်တာတွေဟာ ဖြေရှင်းယူလို့ရတဲ့ ပြဿနာ အသေးအမွှားလေးတွေမဟုတ်ဘူးလား။

စိတ်ညစ်ညူးမှုကင်းကင်းနဲ့ ဈေးဝယ်နေကြတဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး သူ ပြုံးပြုံးယောင်ယောင်လေးဖြစ်သွားသေးတယ်။ ဒါဟာလည်း သူ့စိတ်ထဲကနေ ဝမ်းသာပီတိဖြစ်ခြင်းတစ်မျိုးပါ။သူကတော့ လက်တွဲခေါ်သူ သူငယ်ချင်းအဖြစ်နဲ့ ရပ်တည်ခွင့်ရရင်ပဲ ကျေနပ်နေမယ့်ကောင်။
“ဟေ့ကောင်တွေ မပြီးသေးဘူးလား”
“ပြီးတော့မယ် ဒါလေး လှလားကြည့်ပေးဦး”
သူကတော့ ဝယ်လို့ခြမ်းလို့မပြီးနိုင်သေးတဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး သူ့လက်ထဲလည်း ပစ္စည်းတွေပြည့်လာတာကို သတိထားမိတယ်။ သူလည်း တစ်ချိန်တုန်းကတော့ သူတို့လိုပဲ ………….။.

4 comments

  • kai

    June 6, 2011 at 8:09 am

    အင်း..
    ဈေးဝယ်ထွက်ရတယ်ဆိုတာလည်း… အင်မတန်အရသာရှိတဲ့ ပီတိတမျိုးပါပဲ..။
    မယုံရင်.. အမျိုးသမီး..ပျိုပျို..အိုအို..တွေမေးကြည့်…။

  • hmee

    June 6, 2011 at 8:33 am

    အမျိုးသမီးတွေဟာ ရှော့ပင်ထွက်တဲ့အချိန်မှာ (အမှား၊ အမှန်) ခွဲခြားနိုင်တဲ့ ဆင်ခြင်တုန်တရား ခဏပျောက်သွားတယ်လို့ ဖတ်ဖူးတယ် ဟုတ်လားမသိ။

  • weiwei

    June 6, 2011 at 8:58 am

    ခဏတာပီတိတော့ဖြစ်တယ် …. အိမ်ပြန်ရောက်လို့ ကုန်ကျစရိတ်ကို ပြန်တွက်မိရင်တော့ သွေးကျဆေးသောက်ရတယ် … 😛

  • ကျနော်ကတော့ ဖားကန့်ဘက်မှာကျောက်အတူးလိုက်ရင်း ကံမကောင်းအကြောင်းမလှလို့ ငှက်ဖျားရောဂါနဲ့ဘဝဆုံးသွားရှာတဲ့လူငယ်ပေါင်းများစွာကို သွားသတိရမိတယ်။

Leave a Reply