ယနေ့ယောဂီများ၏ ယေဘူယျတရားအားထုတ်ပုံ နှင့် မဂ္ဂင်လမ်း နှိုင်းယှဉ်ချက်ပြဇယား အပိုင်း(၁၊၂)

True AnswerJune 6, 20112min1220

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား-

ဆူနာမီ ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေရန် အတွက် သက်သက် သာ ကျွန်ုပ်ဉာဏ်မီသလောက် တင်ပြခြင်းဖြစ်ပါသည်။ ဆရာတော်မှ တည်းဖြတ်ခြင်း ဖတ်ရှုခြင်းမပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါကစာရေးသူ ၏ တင်ပြချက် အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။
တင်ပြထားသော အချက်တချို့ မှာ ထပ်သယောင် ထင်ရသော်လည်း ပိုမိုရှင်းလင်းရန်အတွက် တင်ပြခြင်းဖြစ်ပါသည်။
ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ open-minded စိတ်ထားဖြင့် နှလုံးသွင်းမှန်မှု တကယ်ဟုတ်မဟုတ် တကယ်ဖြစ်မဖြစ် ကိုယ်တိုင်စမ်းသပ်ကြည့်ပါကုန်။
အမှန်တရားအတွက် မှတ်ကျောက်သည် မိမိ လောဘ-ဒေါသ-မောဟ (ပညတ်များကို အဟုတ်ထင်ငြိတွယ်မှု) မည်မျှ ကင်းနေ (သို့) မည်မျှ ကင်းလာသလဲ ဆိုသောအချက် ကိုတော့ ကျွန်ုပ်တို့ မမေ့ရန် အထူးလိုအပ်လှပေသည်။

ခြားနားချက် (၁)။

မိရိုးဖလာ။ အရှုခံ (သို့) သတိထား ရှုမှတ်မည့် အရာသည်
ပညတ်အာရုံ တစ်ခုခု၊ ဖြစ်နေခြင်း။
ဥပမာ။ ဝမ်းဗိုက်၊ အသက်ရှူခြင်း၊ ခန္ဓာကိုယ်၊ နာမှု၊ ကျင်မှု
ပူမှု၊ အေးမှု၊ အတွေးစိတ်၊ မြင်မှု၊ ကြားမှု တစ်ခုခု။

မဂ္ဂင်လမ်း။
အရှုခံ (သို့) သတိထား၊ မမေ့ရမည့်တရား သည်
ပညတ်အာရုံတစ်ခုခု မဟုတ်ပဲ သစ္စာတရား(သို့)
အမှန်တရား၏ စွမ်းရည်သတ္တိများဖြစ်ခြင်း။
————————————————————————————————————–

ခြားနားချက် (၂)။

မိရိုးဖလာ။ ထူးခြားမှုတစ်ခုခု၊ ထူးခြားတဲ့ ပုဂ္ဂိုလ်
တစ်ယောက်ယောက် ဖြစ်ဖို့ (သို့)
သောတာပန်၊ သကဒါဂမ် စသော ပုဂ္ဂိုလ်ထူး
တစ်ဦးဦး ဖြစ်ဖို့ ရည်မှန်းချက်ထား။

မဂ္ဂင်လမ်း။ တစ်ခုခု၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်၊ သတ္တဝါ.. ဟူသည် သတ်မှတ်ထားသော ပညတ်တရားသာဖြစ်သဖြင့် ပယ်ခြင်း၊ တွယ်ခြင်းမပြုပဲ ယခုဘဝကိုရော၊ တရား ကြောင့် ဖြစ်လာမည့်ဘဝကိုရော.. တွေ့ကြုံရုံ သက်သက်သာ ဖြစ်စေဖို့ အဓိက ရည်မှန်းချက်ထား။
————————————————————————————————————–

ခြားနားချက် (၃)။

မိရိုးဖလာ။ ဒါန၊ သီလ၊ ဘာဝနာ ကို များများပြုလုပ်ရန်။

မဂ္ဂင်လမ်း။
ဒါန၊ သီလ၊ ဘာဝနာ ပြုလုပ်မှုအခြေအနေကို
(ငါ့ဒါန၊ ငါ့သီလ၊ ငါ့ဘာဝနာအဖြစ်) မဆုပ်ကိုင်ဘဲ..ပြုလုပ်ရုံသက်သက် ပြုလုပ်ဖို့ အဓိကထား။ ဒါန၊ သီလ၊ ဘာဝနာ များပြုလုပ်ခွင့် မသာသေးသော အခြေအနေကိုလည်း တွေ့ကြုံရုံသက်သက် ဖြစ်စေဖို့ သာ အဓိကထားခြင်း။
————————————————————————————————————–

ခြားနားချက် (၄)။

မိရိုးဖလာ။ ဆိုးသောအတွေ့အကြုံများကို ပယ်၍ ကောင်းသောအတွေ့အကြုံများ ပိုမို ဖြစ်ပေါ်နေစေရန် အဓိကထား။
ဥပမာ။ အတွေးစိတ်များ မဖြစ်ပေါ်စေရန်။
တည်ငြိမ်သောစိတ်များ ကြာရှည်ဖြစ်နေစေရန်။
ပူလောင်သောကစိတ်များ မဖြစ်ပေါ်စေရန်။
အာရုံတစ်ခုခု၌ တည်ကြည်နေစေရန်။
နာမှု၊ ကိုက်မှု ဝေဒနာများ ချုပ်ရန်။

မဂ္ဂင်လမ်း။ အကောင်းအဆိုး အတွေ့အကြုံများကို
ကောင်းကောင်း ဆိုးဆိုး ..အတည်မယူဘဲ…
တွေ့ကြုံရုံသက်သက်သာ ဖြစ်စေရန်။
တည်ငြိမ်သောစိတ်ဖြစ်စေ၊ အတွေးစိတ်များဖြစ်စေ။ ဒုက္ခဝေဒနာဖြစ်စေ။ ဥပေက္ခာဝေဒနာဖြစ်စေ။
တွယ်ခြင်း-ပယ်ခြင်းမပြုပဲ
တွေ့ကြုံရုံသက်သက်သာ ဖြစ်စေရန်သာ
အဓိကထား။
—————————————————————————————————–

ခြားနားချက် (၅)။

မိရိုးဖလာ။
အပါယ်လေးဘုံဘဝများကို မလိုချင်။
လူနတ်ချမ်းသာဘဝကို လိုချင်။

မဂ္ဂင်လမ်း။ ကောင်းသောဘဝဖြစ်စေ၊ ဆိုးသောဘဝဖြစ်စေ
လိုချင်မှု(လောဘ)-မလိုချင်မှု(ဒေါသ)မဖြစ်စေပဲ၊ တွေ့ကြုံရုံသက်သက်ဖြစ်စေဖို့သာ ရည်ရွယ်ချက်ထား။
————————————————————————————————————

ခြားနားချက် (၆)။

မိရိုးဖလာ။ လောကီအလုပ် နှင့် တရားအလုပ်
ခွဲခြား သတ်မှတ်။

မဂ္ဂင်လမ်း။
လောကီအလုပ်ဖြစ်စေ၊ တရားအလုပ်ဖြစ်စေ၊ လုပ်ရုံသက်သက် လုပ်တတ်ဖို့သာ အဓိက။
——————————————————————————————————-

ခြားနားချက် (၇)။

မိရိုးဖလာ။
မိမိနားလည်တဲ့ ရုပ်၊ဝေဒနာ၊စိတ်၊တို့၏ ဖြစ်ခြင်းကိုလည်း အဟုတ်ထင်၊
ပျက်ခြင်းကိုလည်း အဟုတ်ထင်။
ပညတ် အဖြစ်-အပျက်များ ကို အတည်ယူ-အဟုတ်ထင်။

မဂ္ဂင်လမ်း။ ပညတ်တရားများသည် မတည်မြဲသောကြောင့်
ဖြစ်ပြီး ပျက်နေသောကြောင့်
အတည်ယူလို့ မရ ။ အဟုတ်ထင်လို့မရပါ။
ထို့ကြောင့် ပညတ်ဖြစ်ပျက်များကို အတည်မယူပဲ၊ တွေ့ကြုံရုံသက်သက်သာဖြစ်စေဖို့ သာ အဓိကထား။
————————————————————————————————-

ခြားနားချက် (၈)။


မိရိုးဖလာ။
ပူမှု၊ အေးမှု၊ တင်းမှု၊ လျော့မှု၊ နာကျင်မှု၊ သက်သာမှု၊ လှုပ်မှု၊ ငြိမ်မှု၊ စသည့် ပညတ်တရားများ၏ ဖောက်ပြန် ပြောင်းလဲမှုများ ကို တရားအဖြစ်ယူ။
– ဘာမှ မတည်မြဲခြင်း၊
– တစ်ခုခု မတည်မြဲခြင်း၊
– အရာရာ မတည်မြဲခြင်း ၊ ပြောင်းလဲခြင်း၊
ကို အနိစ္စတရား အဖြစ်ယူ။

မဂ္ဂင်လမ်း။ ပူမှု၊ အေးမှု၊ တင်းမှု၊ လျော့မှု၊ နာမှု၊ မနာမှု၊
စသည့် ပညတ်တရားများကို (တစ်ခုခု၏ ဖြစ်ခြင်း ပျက်ခြင်း၊ ပြောင်းလဲခြင်းများကို )
အဟုတ်ထင်အောင်…တကယ်ထင်အောင်…နောက်ကွယ်မှ -လှည့်စား ပြုလုပ်နေသော…
မပြောင်းမလဲ – မဖောက်မပြန် အမြဲမှန်ကန်နေတဲ့ –
တည်မြဲနေတဲ့ …တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု။
(ဒုက္ခသစ္စာအမှန်တရား) ကိုသာ အနိစ္စတရား အဖြစ်ယူ။
————————————————————————————————————–

ခြားနားချက် (၉)။

မိရိုးဖလာ။ ပူမှု၊ အေးမှု၊ ဖျားမှု၊၊ နာမှု၊ ကျင်မှု၊ ရောဂါဖြစ်မှု၊
အိုမှု၊ နာမှု၊ သေမှု၊ ပြဿနာဖြစ်မှု၊ စိတ်သောကရောက်မှု၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာကြီး ပြုပြင် ထိန်းသိမ်းရမှု စသည့် ပညတ်ဒုက္ခများကို
ဒုက္ခတရား အဖြစ် ယူ။

မဂ္ဂင်လမ်း။ ပူမှု၊ အေးမှု၊ ဖျားမှု၊၊ နာမှု၊ ကျင်မှု၊ စသော
ပညတ်ဒုက္ခများကို တကယ့်ဒုက္ခအဖြစ် အထင်မှားနေစေရန်
ဖန်တီးပြုလုပ်နေသော ပညတ်ဒုက္ခများ နောက်ကွယ်မှ…
မပြောင်းမလဲ – မဖောက်မပြန် အမြဲမှန်ကန်နေသော
တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု။ (ဒုက္ခသစ္စာအစစ်)
သင်္ခါရဒုက္ခအစစ်ကိုသာ – ဒုက္ခတရား အဖြစ် ယူ။
————————————————————————————————————-

ခြားနားချက် (၁၀)။

မိရိုးဖလာ။
မိမိ(ငါ့)အလိုဆန္ဒ အတိုင်း မဖြစ်သောကြောင့် အနတ္တတရား ဟု ယူ။

မဂ္ဂင်လမ်း။ မိမိ(ငါ)သည် လည်းကောင်း၊ ငါ့ အလိုဆန္ဒ သည် လည်းကောင်း၊ သတ်မှတ်ထားသော အမှန်တရား (သမုတိသစ္စာ) သာဖြစ်သဖြင့် ထိုသမုတိသစ္စာများနှင့် အနတ္တတရားကို မချိန်ထိုးဘဲ – ထို သမုတိသစ္စာ တရားများ နောက်ကွယ်မှ
သတ်မှတ်ထားသောအမှန်တရားများကို
အဟုတ်ထင်-ငြိတွယ်နေအောင် ဖန်တီးပြုလုပ်နေမှုသည် ဆုပ်ကိုင်လို့မရသောသဘာဝ ဖြစ်သဖြင့် အနတ္တတရား။
(တနည်းအားဖြင့်)
– တစ်ခုခု၊ တစ်ယောက်ယောက် မဟုတ်သော အကြောင်း အကျိူးဖြစ်စဉ် သဘာဝ ဖြစ်သဖြင့် အနတ္တတရား ဟု ယူ။ (နိဗ္ဗါန် (တည်မြဲမှုအစစ်) နှင့် စိတ်၊ စေတသိက်၊ ရုပ်(မတည်မြဲမှုအစစ်) ဟူသည့် သဘာဝတရား လေးခု သာလျှင် မဖောက်မပြန် အမြဲမှန်ကန်နေသော ဆုပ်ကိုင်လို့မရသော သဘာဝ ဖြစ်သဖြင့် အနတ္တ ဟုယူ ။ )

အပိုင်း(၂) ကို ဇယားပုံစံ နှိုင်းယှဉ်မှုဖြင့် အောက်တွင် ဖတ်ရှုပေးပါရန်။

http://www.scribd.com/doc/57181217/%E1%80%99%E1%80%AD%E1%82%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%95%E1%80%B6%E1%80%AF-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%82%E1%81%A2%E1%80%84%E1%80%B9%E1%80%9C%E1%80%99%E1%80%B9%E1%80%B8-%E1%82%8F%E1%80%AD%E1%82%88%E1%80%84%E1%80%B9%E1%80%B8%E1%80%9A%E1%80%BD%E1%80%A5%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%BB%E1%80%95%E1%80%87%E1%80%9A%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82