လမ်းဘေးဆိုင် ၊ လမ်းဘေးကား နဲ့ လမ်းဘေးလူ (၅)

 

လူ…

ခြောက်သန်း…

သူတို့ဝယ်ဘို့ (က) (ခ) (ဂ) အဆင့်ဈေးက ၁၆၈ ဈေး

တဈေးကို ပျှမ်းမျှ လူသုံသောင်းခွဲ ဝယ်ရမယ်  ဆိုရင် ….

(ဒီတော့ တချို့ဈေးကြီးတွေမှာ  လူတသိန်းကျော် ဝယ်ရမယ်ဆိုရင်)

ဈေးတခုဆီဦးတည်ပြီး ဆိုက်ကားပေါင်းဘယ်လောက် ပြေးဆွဲရမလဲ ?

အဲသလောက်ဆိုက်ကားတွေ တနေရာထဲဗဟိုပြု သွား လာရင်

အဲဒီနား  လမ်းပေါ်ကားမောင်းလို့ကော  ရပါတော့မလား ..

အဲ .. တော်ပြီ  ..

အမြည်း ဆိုတာ  တတို့လောက်ပဲကောင်းတယ် ..။

ဒီတချက်ထဲနဲ့တင်  ခေါင်း ဆင်နင်းသွားဘို့ များတယ် ။

ဒါကြောင့်  နေရာအနှံ့ မှာ ဖြန့်ကျက်ပြီးရှိနေတဲ့

လမ်းဘေးဈေးသည်တွေ   ပျံကျဈေးတန်းတွေဟာ

သင့်တော်တဲ့ အချိန်   သင့်တော်တဲ့နေရာ   တွေမှာ

သင့်တော်တဲ့ ဦးရေကန့်သတ်မှု တွေနဲ့သာ ထိမ်းသိမ်းနိုင်မယ်ဆိုရင်

(လူညံ့တွေ ဘာမှမလုပ်တတ်လို့ ထိုင်ကြည့်နေစေဦး)

မြို့ပြလည်ပတ်မှု့  အချိုးတကျဖြန့်ကျက်ဘို့  –  ကို

သဘာဝအလျှောက် ဖန်တီးပေးရာရောက်တယ်။

ဒါဖြင့်  လမ်းဘေးဈေးသည်တွေက  အမှိုက်တွေမထွက်ဘူးလား ?

ထွက်တယ်လေ –  အဲဒါသိမ်းပေါ့။

သူတို့လမ်းဘေးမရောင်းလို့ ဈေးထဲသွားရောင်းရင်လဲ

ဒီအမှိုက်ပမာဏပဲ ထွက်မယ့်ဥစ္စာ ။

ဒါဖြင့်လမ်းဘေးဈေးသည်တွေက  လမ်းမပိတ်ဘူးလား ?

ပိတ်တယ်လေ –  အဲဒါကြောင့်  အစကတည်းက  သင့်တော်တဲ့နေရာမှာ သင့်တော်တဲ့ဦးရေ သင့်တော်တဲ့ဧရိယာ ကန့်သတ်မှု့တွေ ထားရမှာပေါ့။

ဒါဖြင့်လမ်းဘေးရောင်းတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား ?

ညီညွတ်အောင် စည်းကမ်းသတ်မှတ်ပြီး – စည်းကမ်းဖေါက်ဖျက်တဲ့အခါ

ပိုက်ဆံမတောင်းပဲ မှန်မှန်ကန်ကန် အရေးယူပေါ့။

ဥပမာ – အစားအသောက်ရောင်းရင် –

ဖုံးအုပ်ထားရမယ် ။ လက်နဲ့မကိုင်ရဘူး ။ အမြင့် ၃ ပေခွဲ ရှိတဲ့ ခုံပေါ်တင်ရောင်းရမယ် ။ ရောင်းတဲ့သူဟာ ကူးစက်ရောဂါတွေ ကင်းရှင်းရမယ့်အပြင် မျက်မြင်မှာလဲ ပုံမှန်ကျန်းမာသန့်ရှင်းတဲ့ အခြေအနေရှိရမယ်။

စသည် … စသည် ….  ဖြင့်ပေါ့ ..။

ဒါဖြင့် လမ်းဘေးဈေးတန်းတွေ ပျံကျဈေးတန်းတွေဟာ

မြို့တော်ကြီးရဲ့ ဂုဏ်ကျက်သရေကို မထိခိုက်ဘူးလား ?

မြို့တော်ကြီးရဲ့ ဂုဏ်ကျက်သရေဆိုတာက-

ကွန်ကရိတုံးတွေနဲ့ မှန်တွေ သံတိုင်တွေ  ထက်

ပြုံးနေတဲ့မျက်နှာတွေ ၊ ပျော်နေတဲ့မျက်လုံးတွေ

အပူအပင်အနှောက်အယှက်ကင်းတဲ့ ရယ်မောသံတွေက

ပို  အဓိကကျတယ်။

ဈေးသည်  ဈေးဝယ်တွေ…..

လမ်းလျှောက်သူတွေ  ကားမောင်းသူတွေ ….

အနှေးယာဉ်တွေ   အမြန်ယာဉ်တွေ .…

အဲသည်မြို့တော်သားတွေအားလုံး ….

မြို့တော်ကြီးရဲ့ ဖြည့်ဆည်းနိုင်သမျှကို

ရှဉ့်လဲလျှောက်သာ  ပျားလဲစွဲသာအောင်

စည်းကမ်းတကျဝေမျှသုံးစွဲစေဘို့  စီမံပေးရမှာ။

ဖိနပ်နဲ့မတော်လို့  ဆိုပြီး  ဖနှောင့်ကိုလှီးပြီး

ဖြေရှင်းရမှာ မဟုတ်ဘူးနော် …။

 

သတိပြုစရာရှိပါတယ် ။

စီမံခန့်ခွဲတယ်ဆိုတာရဲ့ အဓိကအပိုင်းက  …

ကြိုမြင်ပြီး   ကြိုလုပ်ရတာ ….။

ဥပမာလေးပေါ့   –

မနေ့က စ ရောင်းတဲ့ လမ်းဘေးဈေးသည်ကို

ဒီနေရာမှာမရောင်းနဲ့  လို့တားမြစ်တာဟာ

တခြား ရောင်းခွင့်ရှိတဲ့နေရာမှာသွားရောင်းလို့ …

နေရာပြောင်းခိုင်းရာရောက်တယ်။

ဒါပေမယ့် … လွန်ခဲ့တဲ့ငါးနှစ်လုံး ဒီနေရာမှာရောင်းနေတဲ့ဈေးသည်ကို

အခုမှ  – ဒီနေရာမှာမရောင်းနဲ့  လို့တားမြစ်တာကျတော့ –

စီးပွားပျက်ပြီး ငတ်ပေတော့ …လို့ စီရင်ချက်ချရာရောက်လိမ့်မယ်။

လွန်ခဲ့တဲ့ တစ်ပတ်က အများဆိုင်နေရာမှာ ဝင်ရောက်ကျူးကျော်နေသူကို

ဒီနေရာမှာမနေနဲ့ …လို့  ပိတ်ပင်တာဟာ

သူ့အိမ်သူပြန်ခိုင်းတာ ဖြစ်ပေမယ့် ….

လွန်ခဲ့တဲ့  ဆယ်နှစ်လုံး ဒီနေရာမှာကျူးကျော်နေသူကို

အခုမှ  – ဒီနေရာမှာမနေနဲ့  လို့တားမြစ်တာကျတော့ –

ဘဝပျက်ပြီး  ဒုက္ခရောက်ပေတော့လို့  … စီရင်လိုက်သလိုဖြစ်လိမ့်မယ်။

လွန်ခဲ့ပြီပဲထား  … မြို့တော်ကြီး သန့်ရှင်းသာယာလှပစေဘို့

မြို့တော်သားအများစု နေထိုင်သွားလာမှု့အဆင်ပြေစေဘို့

လုပ်စရာရှိတာတော့လုပ်ရမှာပေါ့ ..လို့ ……ဆိုခဲ့ရင်….

အဲဒီလုပ်စရာတွေထဲမှာ –

အခုမှထိခိုက်ပျက်စီးသွားမယ့် ဘဝလေးတွေအတွက်ရော

“ ထည့် စဉ်းစား ထားရဲ့လား ….”

 

(ဒါနဲ့လဲ မပြီးနိုင်သေးပါ)

2 comments

  • MaMa

    June 10, 2011 at 1:25 am

    မြန်မာ့အစားအစာ ညဈေးတန်းလုပ်ဖို့နဲ့ မြန်မာ့အစားအစာအဆင့်အတန်းမီဖို့၊ စားသုံးသူတွေယုံကြည်မှုရဖို့အတွက် အသင်းအဖွဲ့တွေ ဖွဲ့နေပါပြီ။ ဘယ်နေရာမှာ လုပ်ဖြစ်မယ်တော့ မသိ။ လုပ်ဖြစ်ပြီး မြန်မာ့အစားအစာ အဆင့်မီလာရင် ကောင်းသောအလားအလာတစ်ခုပဲပေ့ါ။

  • လင်းဝေကျော်

    June 14, 2011 at 4:19 am

    နေရာ အစားထိုးစီစဉ်ပေးသင့်တယ်။
    လမ်းဘေးဈေးသည်ကနေပြီး ဈေးတန်း ဈေးသည်ဖြစ်အောင် လုပ်ပေးသင့်တာပေါ့။
    လူတွေရဲ့ ပြုံးနေတဲ့မျက်နှာ၊ အပူအပင်ကင်းနေတဲ့ မျက်နှာ။
    နောက် ဈေးဝယ်သူတွေရဲ့ အလေးအခိုးမခံရတာ၊ အတုတွေကို ဈေးတင်ရောင်းတာမခံရအောင်၊
    စသည် စားသုံးသူများရဲ့ အပျော်လေးတွေလည်း ရှိနေအောင်..

Leave a Reply