လူတွေများ သူများ အသားလေး စားရလျှင် မြိန်ရေ ယှက်ရေ စားသောက်လိုက်ကြတာ … ယခင်ကဆို မစားကောင်းတဲ့အသား ၊ စားကောင်းတဲ့အသား … ခွဲသေးတယ်…။ အခုများတွေ အိမ်မွေးတိရိစ္ဆာန်ပါမကျန် ချက်ပြုတ်စားသောက်နေကြတာ အတော့်ကို လွန်လွန်းပါပြီ … ။ ကိုယ့်လျှာရင်း မျက်မျက်လေး စားရဖို့ အတွက် အလကားနေရင်း သတ်ဖြတ်စားသောက်နေတာ …. လူစိတ်ပေါက်ပြီး ဘီလူးစိတ်ဝင်နေသလားတောင် ထင်မိပါရဲ့… ကျွန်မလည်း ကြားကြားချင်း အတော်လေး အံ့အားသင့်ပြီး စိတ်မကောင်းဖြစ်မိသွားတယ်… ။

%%%%%%%%%%%%%%%%%

” ဆရာ ဒီခွေးက ဘာခွေးလဲဟင် … အင်းခွေး အမျိုးစားထင်တယ် … ဆရာတို့ ပြန်လျှင် သူ့ကို ဒီမှာ ထားခဲ့တာလား …”

ကျွန်မတို့ ဆေးခန်းကို လာတဲ့ အဒေါ်ကြီးတယောက်က  အပြင်ဘက် ထိုင်ခုံအောက်မှာ အိပ်နေတဲ့ အုန်းခွံရောင်ခွေးကို လက်ညှိုးထိုးပြီး မေးတာပါ… ။

“အဲ့ဒါဘာခွေးမှ မဟုတ်ဘူး လမ်းဘေးကခွေး … ၊ အရောင်က သူ့ဘာသာသူလှတာ … ။ ကျွန်မတို့ အဲ့ဒီခွေးကို မွေးထားတာ မဟုတ်ပါဘူး ၊ ညတိုင် ဆေးခန်းပိတ်လျှင် သနားလို့ ထမင်းဆိုင်မှာ ၀ယ်ကျွေးနေကြမို့ ထမင်းတစ်ထုပ်စားရဖို့ စောင့်နေတာပါ … နောက်ခွေးထီးကြီးတကောင်လည်း ဆေးခန်းပိတ်ခါနီးလာစောင့်နေတတ်တယ် …. သူတို့ နှစ်ကောင်ကိုတော့ ညတိုင်း တနပ်စာ ကျွေးတယ်လို့ ပြောပြတော့ … သူက အံ့သြစွာနဲ့ … ဒီခွေးတွေ အတော်ကံကောင်းတယ်တဲ့လေ… ။

သူ့စကား အသွားလာကို နားထောင်ပြီး ကျွန်မစိတ်ထဲ ဇဝေဇ၀ါနဲ့ပေါ့… ခွေးတွေ ညတိုင်း တနပ်စားရတာ ကံကောင်းတယ် ဆိုတော့ အဲ့ဒီနားက လူတွေက ခွေးတကောင်ကျွေးဖို့တောင် စေတနာမရှိကြဘူးလား ၊ ဆင်းရဲ မွဲနေသလား တွေးမိပါတယ်… ။ ဘာလို့ ကံကောင်းတယ်ပြောရတာလဲလို့ ကျွန်မသိချင်စိတ်နဲ့ ရိုးရိုးပဲ ဒဲ့မေးမိပြန်တယ်… ။

သူကဆက်ပြောတယ်… ကံကောင်းတယ်ဆိုတာ သူတို့ ဘေးကင်းကင်းနေနိုင်ပြီး တနပ်စာ မှန်နေတာကို ဆိုလိုတာပါတဲ့ ။

စပ်စုတတ်တဲ့ ကျွန်မမှာ သိချင်စိတ်တွေ များပြီး … လမ်းပေါ်ကခွေးကို ဘေးမကင်းလို့ ဘယ်သူလိုက်ဖမ်းနေလို့လဲ ပြန်မေးတော့ ….။ ဒီလိုပါတဲ့ … ။

အဲ့ဒီအမျိုးသမီးနေထိုင်ရာက ကျွန်မတို့ ဆေးခန်းနဲ့   ဆယ်အိမ် ၊ ဆယ့်ငါးအိမ့်ခန့် ဝေးတဲ့ တလမ်းထဲကပါ …။ သူမနေတဲ့ အိမ်ဘေးမှာ အရက်ဆိုင်ဖွင့်ထားပါတယ် … ။ သူမကလည်း ကျွန်မလို စပ်စုတတ်တဲ့သူမို့ စပ်စပ်စုစု အမြဲ လေ့လာနေတာဖြစ်ကြောင်း သူမနှင့် စကားပြောနေတုန်းမှာ ကျွန်မရိပ်စားမိခဲ့တယ်… ။

ညနေစောင်းနေကွယ်တာနဲ့  ….. စက်ဘီးလေးတွေနဲ့ အရက်ဆိုင်ထဲ ၀င်လာလိုက်ပြန်ထွက်နဲ့ မို့ သူမစိတ်ထဲ ထူးခြားနေတယ်ထင်မိတယ် ဆိုပဲ… အရက်ဆိုင် လူဝင်လူထွက်များတာ မဆန်းပါဘူး လို့ ကျွန်မက အရစ်ရှည်တော့ … ။ သူပြန်ပြောပြပြန်တယ်… ။ အရက်သောက်တဲ့လူက အအေးဆိုင်ထိုင်သလိုမဟုတ်ပါဘူးတဲ့….အမြည်းကို တမြေ့မြေ့စားပြီး အရက်လေး လျှာဖျားပေါ် တင်လိုက် အမြည်းစားလိုက် စိမ်ပြေနပေလုပ်တာပါတဲ့ … ။ ပြောမယ်ဆိုလျှင် အချိန်အတော်ကြာယူပြီးမှ အရက်သောက်လေ့ရှိတယ်ဆိုပဲ … ။ အ ခုလာတဲ့ စက်ဘီးလေးတွေနဲ့ လူတွေက ခဏလေးဝင်လာလိုက် … ငါးမိနစ်လောက်ဆို ပြန်ထွက်သွားလိုက်နဲ့ … တကယ့်ကို စိတ်ဝင်စားစရာကောင်းလို့ သူမစောင့်ကြည့်ခဲ့တယ် … တချို့ လူတွေဆို လမ်းလျှောက်လာတာတောင်ရှိပါသေးသတဲ့… ။ ခဏလေးလာပြီး ပြန်ထွက်သွားတဲ့ လူတွေက လမ်းမှာ လေလွင့်နေတဲ့ ခွေးတွေ ၊ ကြောင်တွေကို သတ်ပြီး အရက်ဆိုင်ကို ပြန်သွင်းတာပါတဲ့… ။ အရက်သမားတွေ အတွက် ခွေးသား ၊ ကြောင်သားဟာ အလွန်စားကောင်းတယ်ဆိုပဲ … ။ ကောက်ဈေး ခွေးတကောင်မှာ တပိတ်သာ ၈၀၀ ကျပ်ခန့်ဖြစ်ပြီး ၊ ခွေးတကောင်လုံးဆိုလျှင် ၄ပိသာခန့်ကနေ… အလွန်ဆုံး ၆ပိသာခန့်အထိ အလေးစီးပါတယ်တဲ့ … ။ ကြောင်တကောင်သွင်းဈေးမှာ ကောင်လုံးပြတ် ၃၀၀၀ ကနေ ၄၀၀၀ အထိ အစားစားရှိပါတယ်တဲ့ … ။ ခွေးသားကို ဆေးဖက်ဝင်တယ်လို့ ဘယ်အရက်သမားက မူးပြီး ပြောမိမှန်းမသိဘူး အဲ့ဒီနားက ဖျားတဲ့လူတွေ ၊ နာတာရှည်သမားတွေ ၀ယ်စားကြပါတယ်တဲ့ … ဒါကြောင့်လည်း အဲ့ဒီဟင်းကို ဟောင်ကောင်သား ဟင်း… ၊ ကျန်းမာရေး အသား ဟင်း ၊ စသည်ဖြင့် အရက်သမား ခေါ်တွင်ကြပါတယ်… ။ ဟင်းတပွဲ ၂တုံးလောက်ပါတာကို ၁၀၀ လောက်နဲ့ ရောင်းနိုင်ပါတယ်တဲ့ … ။ စပ်စပ်စုစု ကျွန်မက ချက်ပြုတ်နည်းပါမေးတော့….. သုံးမျိုး ချက်စားပါသတဲ့ … ကင်လို့လည်းရတယ်… ၊ ကြော်လို့လည်းရတယ်… ၊ ဆီပြန်လည်း ချက်လို့ရပါသတဲ့… ။ ကြောင်သားကိုတော့ တကောင်လုံး သီတံနဲ့ ထိုးကင်ပြီး ရောင်းတာပါတဲ့… ။ လမ်းပေါ်က ခွေးတွေဆို နေစရာမရှိအောင်ပဲ တွေ့တဲ့နေရာမှာ ဖမ်းကြပါတယ် ပြီးတော့ အရက်ဆိုင်မှာ လာသွင်းကြပါသတဲ့… ခွေးတကောင် ကိုသုံးထောင်ကျော်လောက်ရတော့ …. အလကား အလုပ်မရှိလျှင် ခွေးဖမ်းကြတယ်ပေါ့… ။ ငရဲကြီးတာတွေ သေးတာတွေလည်း မတွေးတတ်တော့ဘူး ထင်ပါရဲ့ … ။ ကြောင်ဆိုလျှင်လည်း အိမ်မွေးကြောင်တောင် လမ်းမလျှောက်သွားနေလို့ကတော့ နှာခေါင်းကို ကြမ်းနဲ့ ပွတ်တိုက်သတ်ခံရပြီး အရက်ဆိုင် ရောက်ရရှာပါတယ်… ။ ကျွန်မကြားရတဲ့ သတင်းက ရင်နာစရာကောင်းပါတယ် … ကျွန်မတို့ ချစ်လို့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးတဲ့ ကြောင်လေးတွေကို စားတဲ့လူကလည်း စားရက်သလို … သတ်ရောင်းတဲ့ လူကလည်းသတ်ရောင်းရက်ပါတယ်… ။ ခွေးတွေခမျာလည်း အလေလွင့်ဘ၀တောင် ကောင်းကောင်းမနေရရှာပဲ … ဒီလို သတ်ဖြတ်တဲ့လူတွေရဲ့ဒဏ်ခံနေကြရတာပါ … ။ တယ်ဆို ဈေးမှာ ၀ယ်လို့လွယ်တဲ့ အသားမျိုးပဲ အရက်ဆိုင်က ရောင်းသင့်တာပါ … ။ သတ်သမျှကောက်နေတော့လည်း ဒီလူတွေ ပိုက်ဆံရမှန်းသိလို့ အလကားနေရင်း လိုက်ဖမ်းနေကြတာပေါ့ … ။ အရက်ဆိုင်မို့လို့ အရက်သမားကလွဲလို့ ကျန်တဲ့ လူတွေ အဖတ်မလုပ်ပေမဲ့ … ရပ်ကွက်လူကြီးတွေ ၊ နယ်မြေခံရဲတွေက ဒီလို တိရိစ္ဆာန်ညှင်းပန်း သတ်ဖြတ်မှူမျိုးကို တားဆီးသင့်တယ်လို့ ထင်မိပါတယ်… ။ အနီးပတ်ဝန်းကျင်ကလည်း သိနေကြပြီး ဘာမှ တားဆီးမှူမလုပ်နိုင်ကြတာမို့ ဒီလို အလုပ်တွေ ဆက်လုပ်ကိုင်နေပါသေးတယ်။ ကျွန်မကိုယ်တိုင်ကလည်း … အဒေါ်ကြီးပြောပြပြီး သိလို့ ပြန်ပြောပြကာ၊ စိတ်မကောင်းဖြစ်ယုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလေ … ။ ။

 

 

 

 

 

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!