ရန်သူအစစ်

True AnswerJune 7, 20111min731

ကျွန်ုပ်တို့ကို ယောက်ယက်ခတ်အောင်၊ ပူပန်မှုများဖြစ်အောင်၊ စိတ် သောကရောက်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ကျွန်ုပ်တို့၏ သတ်မှတ်ချက်အစွဲများက ပြုလုပ်နေပါသည်။ သတ်မှတ်ချက်အစွဲများ တရစပ် ဖြစ်ပေါ်နေအောင် ပြုလုပ်နေသော အဓိကတရားခံ real Criminal မှာ ဖြစ်ပေါ် နေတဲ့ စိတ်အမျိုးမျိုး- ဝေဒနာအမျိုးမျိုး တို့အပေါ် ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက်တွေ ဟု အထင်မှားအောင် (အဝိဇ္ဇာ)စိတ်၏ ပြုလုပ်နေမှု၊ ဖန်တီးနေမှု ပဲ ဖြစ်ပါသည်။ `ငါ့ကိုယ်၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက် ဟု သတ်မှတ်နေမှု၊ အဟုတ်ထင်နေမှု၊ အတည်ယူနေမှု´ ဟာ ကျွန်ုပ်တို့ အတွက် တကယ့်ကို ပြဿနာကောင်အစစ် ဖြစ်ပါသည်။

၁။ အရှုံးအစစ်

ဥပမာအနေနဲ့ ဘောလုံးပွဲတစ်ပွဲကိုကြည့်မိပြီဆိုပါစို့။ ဒီဘောလုံးတစ်ပွဲမှာ အနီအသင်းနဲ့ အပြာအသင်းကန်ကြပါတယ်။ ပွဲအပြီးမှာ အနီအသင်း ရှုံး၍ အပြာအသင်းနိုင်ပါတယ်။ ကြည့်နေတဲ့သူ ရင်ထဲ ဘယ်လို ခံစား ရပါသလဲဆိုရင် ဘယ်လိုမှ မခံစားရပါ။ ဒါပေမယ့် ကြည့်ရှုသူရဲ့စိတ်ထဲတွင် `ရှုံးနိမ့် သွားသော ဒီအနီအသင်းဟာ ငါအားပေးတဲ့အသင်းပဲ၊ ငါ့အသင်းပဲ´ ဟူ၍ ကြိုတင်ကာ သတ်မှတ်ထားမှု၊ ဖန်တီးထားမှု ဖြစ်ပေါ်ခဲ့ပါက ထိုအနီအသင်း ရှုံးလေ သောအခါတိုင်း စိတ်ဆိုးမှု၊ မကျေနပ်မှု တို့ ဖြစ်ရပေလိမ့်မည်။

နောက်ဥပမာတစ်ခုအနေနဲ့ – နိုင်ငံတစ်နိုင်ငံ၏ ဘာသာစကားကို နားမလည်သေးသူ လူမျိုးခြား တစ်ဦးဟာ ထိုနိုင်ငံကို ရောက်ခါစ -ရပ်ကွက်တစ်ခုမှာနေထိုင်ရပါသည်။ ရပ်ကွက်ထဲမှာ လူမျိုးခြားကို မလိုမုန်းထားသူ တချို့ဟာ ထိုလူမျိုးခြားကို လမ်းမှာဆုံတိုင်း မကြားတကြား (သို့) တမင်ကြား အောင် ဆဲသွားတတ်ကြပါသည်။

ဒါပေမယ့် လူမျိုးခြားဟာ စိတ်ဆိုးခြင်း၊ ပူပန်ခြင်းမရှိပါ။ အဘယ့်ကြောင့် ဆိုသော် သူဟာ ဆဲဆိုသူ တို့ရဲ့ဘာသာစကား ကိုနားမလည်တာကတစ်ကြောင်း၊ နောက်တစ်ကြောင်းက `ငါ့ကို ရည်ရွယ်၍ ဆဲဆိုနေသည်ဟု´ လည်း စိတ်ထဲမှ မသိရှိ မမှတ်ယူသေးပါ။

နောက်ကာလအတန်ကြာတော့ သူဟာ ထိုနိုင်ငံ၏ ဘာသာစကားများကို နားလည်လာပါသည်။ ဆဲဆိုသံများရဲ့ အဓိပ္ပါယ်ကိုလည်း သိရှိလာပါသည်။ ထိုအချိန်ထိ မကျေနပ်သူအချို့မှ သူ့ကို လမ်းမှာဆုံတိုင်း မကြားတကြား ဆဲတတ်ပါသေးသည်။ သို့သော် သူစိတ်မဆိုးသေးပါ။ ဘာကြောင့်လဲဆိုတော့ `ငါ့ကို ရည်ရွယ်၍ ဆဲဆိုနေသည်´ ဟု မမှတ်ယူသေး၍ ဖြစ်ပါသည်။

နောက်ပိုင်းတွင်မူ လူမျိုးခြားဟာ မိမိကို ရည်ရွယ်၍ ဆဲဆိုမှန်း သဘော ပေါက်ကာ စိတ်ဆိုးမှု၊ ပူပန်မှုတို့ စတင်ဖြစ်လာပါတော့သည်။ နောက်ပိုင်းတွင် ဆဲဆိုသံ ကြားတိုင်း `ငါ့ကို စောင်း၍ ဆဲဆိုတာလား´ ဟု ထင်မှတ်ကာç စိတ်ဆိုးမှု၊ ပူပန်မှုတို့ ဖြစ်နေပါတော့သည်။

တကယ်တော့ သူ ပူပန်နေရခြင်းဟာ ဘာသာစကား နားလည်လာလို့ မဟုတ်ပါဘူး။ `ငါ့ကိုစောင်း၍ဆဲနေတာလား´လို့ ထင်တဲ့အထင် က သူ့ကို ဆဲသံကြားတိုင်း ပူပန်အောင်ပြုလုပ်လိုက်ခြင်းသာ။ တနည်းအားဖြင့် ဆဲသံဟာ `ငါနဲ့ဆိုင်တယ်၊ ငါနဲ့ပတ်သက်တယ်´ နေသလားဆိုတဲ့ အတွေးစိတ်များ ဖြစ်ပေါ်အောင် (အဝိဇ္ဇာ)စိတ်၏ ပြုလုပ်နေမှုç ဖန်တီးနေမှု၊ ပြုလုပ်မှုနေများ က သူ့ကို ဆဲသံကြားတိုင်း ပူပန်စေ၊ စိတ်ဆင်းရဲစေ လေတော့သည်။

၂။ သူသတ်သမားအစစ်

ဒီနေရာမှာ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုများ စာအုပ်ထဲမှ မိမိရဲ့အစွဲ မိမိရဲ့စိတ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ တကယ့်အဖြစ်လေး တစ်ခုကို ဖော်ပြလိုပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံပြီးဖြစ်တဲ့ အကျဉ်းသားတစ်ဦးကို စိတ်ပညာရှင်တစ်စုမှ စိတ်စွမ်းအင်နှင့်ပတ်သက်၍ စမ်းသပ်မှု တစ်ခုပြုလုပ်ခဲ့ ပါတယ်။

သေဒဏ်ကျအကျဉ်းသားအား သတ်မည့်တာဝန်ခံများက လည်ပင်းအား ဓားဖြင့်လှီး၍ သေဒ ဏ်ပေးမည်ဟု ပြောထားလေသည်။ သို့သော် လည်ပင်းအား တကယ် လှီးဖြတ်၍သတ်မည် မဟုတ်ဘဲ စမ်းသပ်မှုအတွက် အကျဉ်းသား၏ စိတ်တွင် လည်ပင်းလှီး ခံရကာ သေရမည်ဟူသော စိတ်အစွဲ ဖြစ်ပေါ်အောင် ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။

ထို့နောက် စမ်းသပ်မည့်နေ့တွင် အကျဉ်းသားအား ခြေလက်တို့ကို တုပ်နှောင်လျက် လှဲအိပ်စေပါတယ်။ မျက်စိကိုလည်း မမြင်အောင် စည်းနှောင် ထားပါတယ်။ ထို့နောက် လည်ပင်း အရေပြားနာကျင်ရုံလေး- ဓားဖြင့် ကပ်လှီးချ လိုက်ပြီး အသင့်စီစဉ်ထားသော ရေပိုက်ငယ် လေးဖြင့် သူ၏လည်ပင်း အပေါ်နား မှကပ်၍ ရေများစီးကျအောင် ပြုလုပ်ပေးလိုက်ပါတယ်။ ဓါးနှင့် လှီးပြီးနောက် လည်ပင်းတဝိုက် သွေးများ ဒလဟော စီးကျလာဟန် အကျဉ်းသား၏စိတ်တွင် ထင်မြင်လာအောင် ပြုလုပ်ပေးလိုက်ပါတယ်။

အကျဉ်းသား၏ စိတ်ဝယ် လည်ပင်းအား ဓားဖြင့်လှီး၍သွေးများ ဒလဟော စီးကျနေပြီဟု စိတ်ဝယ် ထင်မြင် စွဲယူကာ ငါတော့ဖြင့် သွေးများ အထွက်လွန်ကာ သေလေပြီဟု အသိ၊ အစွဲ ကြီးမားစွာ ဖြစ်ပေါ်လေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် အကျဉ်းသား အား စမ်းသပ်ကြည့်ရာ အကျဉ်းသားမှာ နှလုံးခုန်ရပ်ကာ တကယ်ပင် သေဆုံးနေကြောင်း တွေ့ရှိရ ပါတယ်။
တကယ်တော့ မိမိရဲ့ စိတ်-အစွဲက မိမိကိုသတ်သွားကြောင်း၊ အကျဉ်းသားခမျာ သိမသွားရှာပါ။ သုတေသနပြုသူများကတော့ စိတ်စွမ်းအင်၊ စိတ်အစွဲများနဲ့ပတ်သက်ပြီးလေ့လာနိုင်ခဲ့ကြပါတယ်။

ဒါကြောင့် တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူ၊ ငါ့ကိုယ်၊ ငါ့စိတ်၊ ငါ့ခန္ဓာ၊ ငါ့ပစ္စည်း ဟူသော မိမိသတ်မှတ်ချက်များ၊ များဟာ ညီညွှတ်မျှတသော သဘောထား သာမရှိပါက၊ မှန်မှန်ကန်ကန် အသုံးမချပါက မိမိတို့ ၏ စိတ်နှလုံးကို အချိန်တိုင်း ဒုက္ခပေးနေမည့် အပူသည်စစ်စစ် ရန်သူအစစ် ဖြစ်ကြောင်း ရှေးဦးစွာနားလည်ထားရပါမယ်။

၃။ အမောဆိုက် သေပွဲဝင်ထဲထိ ယှဉ်ပြိုင်ကြ

ဒီနေရာမှာပဲ ကျွန်တော့်အနေနဲ့ နောက်ထပ်သာဓက ပုံပြင်လေး တစ်ခု ပေးချင်ပါ သေးတယ်။ တခါက ရိုးအသောမြင်းတစ်ကောင် နဲ့ ဉာဏ်များသော လိပ်တစ် ကောင် တို့ တောတွင်းတစ်နေရာ ဆုံတွေ့ကြရပါတယ်။

တွေ့ဆုံချိန်လေး၌ နှစ်ဦးသား စကားပြောရင်း စကားနိုင်လုပြောကြရမှာ မြင်းးက မိမိတို့အမျိုးမှာ အပြေးမြန်သောအမျိုးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိမြင်းဘဝက လိပ်ဘဝထက် ပိုမို ကောင်းမွန်ကြောင်း လိပ်အား မခံချင်အောင် ပြောပါတယ်။ ဒီအခါမှာ ဉာဏ်များသောလိပ်က ဒီစကားကို သူ မယုံကြည် နိုင်ကြောင်း မည်သူအပြေးသန်သလဲဆိုတာ တကယ်သိအောင် မနက်ဖြန် အပြေးပြိုင်ကြမည် ဖြစ်ကြောင်း စိန်ခေါ်စကားပြောလေသည်။

သို့သော် အပြေးပြိုင်ပွဲတွင် မိမိအား လှည့်မကြည့်ရဘဲ ကြည့်လိုပါက လမ်းဆုံလမ်းခွနေရာ ရောက်မှသာ လှည့်ကြည့် ခွင့်ရမည်ဖြစ်ကြောင်း ကတိစကား တောင်းဆိုလေသည်။ မြင်းကလည်း သဘောတူပြီး မနက်ဖြန်နံနက် အပြေး ပြိုင်ကြရန် ချိန်းဆိုလေသည်။

ဉာဏ်များသောလိပ်မှာ ပုံမှန်အတိုင်းသာယှဉ်ပြိုင်ပါက ရှုံးနိမ့်မည်မှာ သေချာပေသည်။ ထို့ကြောင့် မိမိ နှင့် ပုံစံအရွယ်အစား တူသော သူငယ်ချင်း မျိုးတူလိပ် များအား ခေါ်ယူ၍ မိမိ နှင့် မြင်းတစ်ကောင်တို့ အပြေးပြိုင်ကြ မည်ဖြစ်ကြောင်း၊ မိမိအနိုင်ရရေး ဝိုင်းဝန်းကူညီကြရရန် မိမိအစီအစဉ်အား ပြောကြားလေသည်။

အစီအစဉ်ကား မိမိနှင့် အရွယ်အစားတူသော မိတ်ဆွေ လိပ် များအား တော အတွင်းရှိ ပြေးလမ်းတလျှောက် လမ်းဆုံလမ်းခွနေရာတိုင်းတွင် စောင့်ဆိုင်း နေရန် နှင့် မြင်းလာသောအခါမှ ထွက်၍ မိမိကိုယ်စား ဟန်ဆောင်၍ ပြေးရန် မှာကြားထားလေသည်။ အခြားလိပ်များလည်း အစီအစဉ်အတိုင်း လုပ်ဆောင် ရန် သဘောတူကြ၍ ပြေးလမ်းတလျှောက်ရှိ လမ်းဆုံçလမ်းခွ နေရာတိုင်း တွင် စောင့်ဆိုင်း၍ နေကြလေသည်။

ယှဉ်ပြိုင်မည့်နေ့သို့ရောက်သောအခါ ဉာဏ်များသောလိပ်က မြင်းအား မိမိအား လမ်းဆုံလမ်းခွရောက်သောနေရာမှသာ လှည့်ကြည့်ရမည်ဖြစ်ကြောင်း ဝန်ခံ ကတိ စကားတောင်းဆိုပြီး အပြေးပြိုင်ကြလေသည်။

ပြေးပွဲတွင် မြင်းသည် တာထွက်ကတည်းက မရပ်မနားတရကြမ်း ပြေးလေ သည်။ ဉာဏ်များသောလိပ်မှာ ခဏချင်းပင် နောက်၌ ကျန်ရစ်ခဲ့လေသည်။ မြင်းသည် မရပ်မနားပြေးရင်း မိမိကတိအတိုင်း ဘေးသို့ ယောင်၍ပင် လှည့် မကြည့်ဘဲ လမ်းဆုံလမ်းခွရောက်မှသာ ဘေးသို့ လှည့်ကြည့်လေသည်။

ထိုသို့ လှည့်ကြည့်သည့် အချိန်တိုင်း လိပ်အား မိမိနဘေးတွင် ပြေးလျှက် သား တွေ့ရလေသည်။ ရိုးအ သော မြင်းသည် ပုံစံçအရွယ်အစားချင်း တူသော လိပ်များ အသစ်အသစ် အစားထိုး လိုက်ပါလာကြခြင်းကို မိမိအား စိန်ခေါ်ထား သောလိပ် တစ်ကောင်တည်း မှ တောက်လျှောက် တစ်ဆက်တည်း မိမိနှင်အတူ ဘေးတွင် လိုက်ပါလာသည်ဟု ထင်မှတ်မှားလေသည်။

အသစ်အသစ်ပြောင်းလဲကာ လိုက်ပါလာသော လိပ်များအား တာထွက် ကတည်းက တောက်လျှောက်လိုက်ပါလာသော တစ်ခုတည်း တစ်ကောင်တည်း သောလိပ်၊ အဖြစ် အထင်မှားကာ ဆက်လက်၍ တရကြမ်း ပြေး လေသည်။

လမ်းဆုံလမ်းခွ ရောက်တိုင်းတော့ လှည့်ကြည့်ရှာလေသည်။ လှည့်ကြည့် တိုင်း လိပ်တစ်ကောင်အား ပြေးလျှက်ပင် တွေ့ရလေသည်။

လမ်းဆုံçလမ်းခွ ရောက်မှ အသစ်အသစ် ထွက်ပေါ်လာနေသော လိပ်များ အား မိမိအားစိန်ခေါ် ထားသောလိပ် (တစ်ကောင်တည်းသောလိပ်) အဖြစ် အထင်မှားကာ အလိမ်ခံရမှန်းမသိပဲ ဆက်လက်၍ မရပ်မနား ပြေးလေရာ နောက်ဆုံးတွင် အမောဆို့ သေပွဲဝင်ရလေသည်။

ထိုအခါမှ ဉာဏ်များသောလိပ်နှင့် အပေါင်းအဖော်လိပ်များက အောင် သေအောင်သားစားလျှက် အောင်ပွဲခံသွားလေသည်။

ဒါဟာ ဘာကိုဖော်ပြသလဲဆိုရင် ဉာဏ်များသောလိပ် နှင့် ပုံစံအရွယ် တူသော အမျိုးတူလိပ်များ အသစ်အသစ် အစားထိုး ကာ ပြောင်းလဲလိုက်ပါ လာကြ သည်ကို မူလအစ၊ တာထွက်ကတည်းကလိပ်ç တစ်ခုတည်းသော တစ်ကောင် တည်း သောလိပ် ဟု မြင်းခမျာ အထင်မှားကာ အလှည့်စား ခံရလေသည်။

အမျိုးတူ ပုံစံတူ လိပ်များ၏ အသစ်အသစ် ပြောင်းလဲ အစားထိုးနေမှု အား နည်းနည်းလေးမှ မရိပ်စားမိ တစ်ကောင်တည်း၊ တစ်ခုတည်း ဟု အထင်မှား ကာ ယှဉ်ပြိုင်ပြေးရင်း အမောဆို့ကာ သေပွဲဝင်ရလေသည်။

၄။ အဓိကတရားခံ ၊ ရန်သူအစစ်

မြင်းကို ရိုးအလှချည်လား၊ တုံးလှချည်လား၊ ဟု ကျွန်ုပ်တို့နေနဲ့ အပြစ်တင်မိမယ်ထင်ပါတယ်။

တကယ်တော့ မြင်းအဖြစ်နဲ့ ကျွန်ုပ်တို့အဖြစ်ဟာ သိပ်မခြားပါဘူး။ ရိုးအသောမြင်းဟာ အသစ်အသစ် ပြောင်းလဲသွားနေသော အမျိုးတူလိပ်များကို တစ်ကောင်တည်း၊ တစ်ခုတည်း အဖြစ် အထင်မှားသလို ကျွန်ုပ်တို့ဟာလည်း စွမ်းရည်သတ္တိချင်းတူသည့် စိတ်၊ စေတသိက်၊ ရုပ်ဓါတ်စွမ်းအင်များ ၏ ပြောင်းလဲအစားထိုး ဖောက်ပြန်ပျက်စီးနေမှု ကို တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ခုတည်း၊ တစ်ဦးတည်း၊ တစ်ယောက်တည်း၊ ငါ ၊ ငါ့စိတ် အဖြစ်၊ မောင်ဘယ်သူ၊ ဦးဘယ်သူ အဖြစ် တောက်လျှောက်ရှိနေသည်၊ ရှင်သန်နေသည်၊ ကျင်လည်လှုပ်ရှား သွားလာနေသည် ဟု အထင်မှားပါသည်။

လိပ်များကတော့ လမ်းဆုံလမ်းခွရောက်မှ အစားထိုးသွားကြတာပါ။ စိတ်၊ စေတသိက်၊ ရုပ်ဓါတ်စွမ်းအင်များ(ခန္ဓာငါးပါး)၏ ပြောင်းလဲ အစားထိုး ဖောက်ပြန်ပျက်စီးနေမှု ကတော့ မပြတ် တရစပ် အချိန်တိုင်း တသမတ် တည်း ဖြစ်နေပါသည်။

ထိုကဲ့သို့ မပြတ် တရစပ် အချိန်တိုင်း အစားထိုး ပြောင်းလဲနေသော စိတ်၊ စေတသိက်၊ ရုပ်ဓါတ်စွမ်းအင်များ (ခန္ဓာငါးပါး)၏ ဖောက်ပြန်ပျက်စီးနေမှု ဖြစ်စဉ်ကြီး ကို ကျွန်ုပ်တို့ဟာတစ်ခုခုပဲ ၊ တစ်ဦးဦးပဲ၊ တစ်ဦးတည်းပဲ၊ တစ်ယောက်တည်း ပဲ၊ ဘာပုဂ္ဂိုလ်ပဲ၊ ညာပုဂ္ဂိုလ်ပဲ ဟု အထင်မှားကြပါသည်။

ရိုးအသော မြင်းဟာ `လိပ် တစ်ကောင်ပြီးတစ်ကောင် ပြောင်းလဲ အစားထိုးနေမှု အား လိပ်တစ်ကောင်တည်း´ ဟု အထင်မှားသလို …. ကျွန်ုပ်တို့ဟာလည်း `စိတ်၊ စေတသိက်၊ ရုပ်ဓါတ်များ(ခန္ဓာငါးပါး)၏ တရစပ် ပြောင်းလဲအစားထိုး ဖောက်ပြန်ပျက်စီးနေမှု´ အား `တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ခုတည်း၊ တစ်ယောက်တည်း၊ တစ်ဦးတည်း၊ တစ်စိတ်တည်း´ ဟု အထင်မှားပါသည်။

`မနေ့ကလည်း ငါပဲ၊ ဒီနေ့လည်းငါပဲ၊ မနက်ဖြန်လည်းငါပဲ၊ ၊ စာစောကလည်း ဒီစိတ်၊ ခုလည်း ဒီစိတ်ပဲ၊ တော်ကြာနေလည်း ဒီစိတ်ပဲ ၊ ဟူ ၍ အထင်မှားသည်။`နောက်ဘဝလည်း ငါပဲ၊ အရင်ဘဝကလည်း ငါပဲ´ စသည်ဖြင့် `တစ်ခုတည်း၊ တစ်ယောက်တည်း၊ တစ်စိတ်တည်း၊ တစ်ဝိညာဉ်တည်း´ မှ တစ်ဘဝလုံး တောက်လျှောက် ရှင်သန် သွားလာ ကျင်လည် လှုပ်ရှား လိုက်ပါ ဖြစ်တည်နေသည်ဟု အထင်ကြပါသည်။

ဤအထင်မှား၊ အမြင်မှား၊ အစွဲမှားသည် အမှားပေါင်းများစွာ အနက် အကြီးဆုံးသောအမှား ဖြစ်ပါသည်။ လောဘ၊ ဒေါသ စသောကိလေသာ အားလုံး တို့ကိုဖြစ်ပေါ်စေသော အဓိကအကြောင်း- ရေသောက်မြစ် main root လည်းဖြစ်ပါသည်။

၅။ သက္ကာယဒိဋ္ဌိ (သို့) ရန်သူအစစ်

ထိုကဲ့သို့ တစ်ခုခု အဖြစ်၊ တစ်ယောက်ယောက်အဖြစ်၊ အသက်လိပ်ပြာ အဖြစ် တစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်စိတ်တည်း မှ တစ်ဘဝလုံး တောက်လျှောက် ရှင်သန်၊ သွားလာ၊ ကျင်လည်၊ လှုပ်ရှား၊ လိုက်ပါဖြစ်တည်နေသည်ဟု ထင်မြင်နေခြင်းကို သက္ကာယဒိဋ္ဌိ လို့ ခေါ်ဆို က ခေါ်ဆိုနိုင်ပါသည်။

ဗုဒ္ဓမှ ထိုသက္ကာယဒိဋ္ဌိ (အစွဲမှား၊ အယူမှား)အား မှန်မှန်ကန်ကန် လမ်းညွှန်နိုင်သော ဆရာသမား ကလျာဏမိတ္တ အကူအညီဖြင့် အမြန်ဆုံး ဖြုတ်နုတ်ပစ်ဖို့ လိုအပ်လှကြောင်း ဥပမာပေးမှာကြားထားခဲ့ပါသည်။ ရင်ဝတွင် လှံစူးနေသူတစ် ဦးအား လှံကို ဖြတ်နုတ်ဖို့အရေးထက် သက္ကာယဒိဋ္ဌိ(အစွဲမှား၊ အယူမှား)အား ဖြုတ်နုတ်ဖို့အရေးကိုသာ အရင်ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်ကြောင်း သုတ္တန်တစ်ခုတွင် သတိပေး မှာကြားထားလေသည်။

သက္ကာယဒိဋ္ဌိသည် အခြားအခြားသော အစွဲမှား၊ အယူမှား၊ အသိမှားတို့ ဖြစ်ပေါ်ဖို့ရန် အဓိကအခြေခံအကြောင်းတရားဖြစ်သလို ကျွန်ုပ်တို့အား သံသရာ ဝယ် အရေးကြီးမှုတွေနှင့် အမောဆိုက်နေအောင်၊ သောကတွေနှင့် တရစပ် မပြတ် ချာချာလည်နေအောင် သုခ အတု များ ကို သုခအစစ်များ ဟု အထင်မှားနေအောင် ဒုက္ခအတုများကို ဒုက္ခအစစ်များအဖြစ် အထင်ရောက် အောင် လှည့်စားနေသော ရန်သူအစစ်-တရားခံပင် ဖြစ်လေတော့သည်။

One comment

  • bigcat

    June 13, 2011 at 1:04 am

    လူတွေက ငါလုပ်မှ၊ ငါတကောကောမှ၊ ငါလို့ပညတ်တပ်လုပ်မှ ငါလို့ထင်တတ်ကြတယ် ။ သိမ်မွေ့ငြင်သာတဲ့ အယူအစွဲတွေကိုကြတော့ ငါလို့ထင်ရကောင်းမှန်း မသိကြဘူး။ ဒါနဲ့ပဲ အဲဒီအစွဲတန်းလန်းကြီးနဲ့ ငါစွဲဖြုတ်နေကြတယ်။ လောင်နေတဲ့မီးကို သတ်ဖို့ကြိုးစားပေမယ့် အကြောင်းခံ လောင်စာအမှိုက်တွေကို ပစ်ပယ်ထားမှတော ့ မီးကဆက်ခါဆက်ခါ လောင်နေတာပေါ့။ ယောဂီတချို့က တရားပွားများခြင်းဖြင့် အဝိဇ္ဇာအသိမှ ဝိဇ္ဇာအသိ၊ အဲဒီကမှ သဘာဝသစ္စာအသိသို့ ရောက်ရန် စွန့်ပယ်ခြင်း မပြုဘဲ အဝိဇ္ဇာအသိမှ ဝိဇ္ဇာအသိတင်ရပ်ပြီး ဝိဇ္ဇာပညတ်တွေ ထပ်ထပ်တိုးရင်း စွန့်ပယ်ခြင်းရဲ့ ဆန့်ကျင်ဖက်လားရာ တိုးပွားခြင်းအဖြစ်ကို ရောက်နေကြတာ အဟုတ်မှတ်နေကြတယ်။ ဆူနာမီ ဆရာတော်ရဲ့ တကယ်မရှိဘဲနဲ့ အဟုတ်ထင် ငြိတယ်ကပ်ညိခြင်းကို စွန့်ရမယ်ဆိုတာ နားမလည်ကြတော့ တကယ်မရှိတဲ့ ပညတ်အသိတရားတွေကို လိုက်ဖြုတ်ကြတယ်၊ တကယ်ဖြစ်နေတာက ဖြုတ်သူကိုယ့်မှာ အယူမှား အစွဲမှား တန်းလန်းကြီး။ သဲအင်းဂူဆရာတော် စကားနဲ့ပြောရရင် အကြောင်းမသတ်ဘဲ အကျိုးနောက်လိုက်နေလို့ကတော့ ကမာ္ဘသိန်းပေါင်းတသိန်းကျင့်လည်း မရဘူးဗျို့……

Leave a Reply