လမ်းဘေးဆိုင် ၊ လမ်းဘေးကား နဲ့ လမ်းဘေးလူ (၄)

ကြိုတောင်းပန်ချင်တာလေးနဲနဲရှိပါတယ်။

ကျုပ်တို့အွန်လိုင်းပေါ် တက်တဲ့အခါ ဖွင့်ချင်တိုင်းဖွင့်လို့က မဖြစ်သေးဘူးနော ။ ISP ကငြိုငြင်လို့ ဆိုက်ကိုပိတ်လိုက်ရင် ပြည်တွင်းကလူတွေ အများကြီးနစ်နာသွားမှာ။ ကျုပ်တို့မှာက ဒီသတင်းဆိုက်ဆိုတဲ့ ပြူတင်းပေါက်လေးတွေပဲရှိတာ ….။

ဆိုတော့ တချို့ဟာလေးတွေ လုံးတန်လုံး ဝါးတန်ဝါး ပစ်ရပါတယ်။ ကိုယ့်ဟင်းချက်ကလေး အစပ်တည့်နေစေဦး ရေထိုးပြီး  ပေါ့  အောင်လုပ်တန်လုပ်လိုက် ရတာမို့ … ဖတ်ရတဲ့သူဘက်က တစိတ်တပိုင်း  ဖြည့်စွက်နားလည်ပေးကြပါလို့ တောင်းပန်ရင်း ……

******************************************

ကတိအတိုင်း ပလက်ဖောင်းပေါ်ဆင်းမယ်လုပ်တိုင်းလဲ ဆင်းလို့က ရချင်မှရတာ။ ဘယ်ပလက်ဖောင်းများ ဆုံးအောင်လျှောက်လို့ ရလို့လဲ။

တလောကဆို မြို့လည်ကောင်မှာ နောက်ဆုံးပေါ်သူဌေးကြီးတဦးရဲ့ နောက်ဆုံးပေါ်ဘဏ်ကြီးလာဖွင့်တယ်။ ဘဏ်ကအကြီးကြီးဆိုတော့ မီးစက်ကလဲ အကြီးကြီးပေါ့။ အဲသည် အလျှား ၁၁ ပေ အနံ ၅ ပေလောက်ရှိတဲ့ ဧရာမမီးစက်ကြီးကို ဘဏ်ဘေးက ပလက်ဖောင်းမှာ ကန့်လန့်ကြီးချထားတယ်။ ဘဏ်အဆောက်အအုံဘေး နဲ့ ပလက်ဖောင်းထိပ်က ၁၁ ပေလောက်ပဲရှိတာဆိုတော့ အဲဒီနေရာရောက်ရင် ပလက်ဖောင်းပေါ်မှာ ကြွက်တောင် ဆက်လျှောက်လို့မရလောက်တော့ဘူး ။  လမ်းလျှောက်သူတွေ အဲသည်နေရာရောက်ရင် လမ်းပေါ်ဆင်းပြီးသာ လျှောက်ပေတော့ ။

တကယ်တော့ ဒီမီးစက်ကို ကန့်လန့်မထားပဲ လမ်းအလျှားအတိုင်း အလျှားလိုက်ထားမယ် ဆိုရင်တောင် လူသွားဖို့လေးတော့ နဲနဲကျန်ဦးမယ်။ ဒါပေမယ့် အလျှားလိုက်ထားရင် ရေမြောင်းပေါ် ထားသလိုဖြစ်မှာမို့ အဲဒီမီးစက်နေရာစာ ကလေးကို ခိုင်ခန့်အောင် လုပ်ရမယ်လေ။ ဒါကြောင့် အလုပ်မရှုပ်အောင် ကန့်လန့်ပစ်ထည့်လိုက်တာ။

ဒီသူဌေးဆိုတဲ့ကောင်နှယ် – သူ့ဘဏ်ကြီး ခမ်းနားအောင် သိန်းခြောက်ထောင် ခွန်နှစ်ထောင် အကုန်ခံပြင်ဆောက်တာ ဒီမီးစက်တလုံးစာ ထည့်ဆောက်တော့ ဘာဖြစ်မှာမို့လဲ။ အခုတော့ အဲဒီဘဏ်ကြီးမပျက်မချင်း လမ်းလျှောက်သူတွေက ပလက်ဖောင်းပေါ်ကနေ ကားလမ်းပေါ်ဆင်း လျှောက်ရမယ်ပေါ့ ။

ဒီလူတွေကပြောမယ်။ ဒါ စည်ပင်ကိုအခွန်ဆောင်ပြီးထားတာ ….လို့ …..

ကျုပ်နဲ့သိတဲ့ စည်ပင်အုပ်ချုပ်ရေးမှုးတယောက်က တကယ်ပဲ အဲသလိုပြောဘူးပါတယ်  ။

အဲသည်တော့ အဓိပ္ပါယ်က စည်ပင်ကိုအခွန်ဆောင်ရင် လူတွေကို ကားလမ်းပေါ် ဆင်းလျှောက်ခိုင်းလို့ ရတယ်ပေါ့ ။

စည်ပင်ကို အခွန်ဆောင်ရင် လမ်းလျှောက်သူတွေ အန္တရာယ် ဖြစ်ရင်ဖြစ်ပစေပေါ့  ။

စည်ပင်ကို အခွန်ဆောင်ရင် ယာဉ်တိုက်မှုတွေ ဖြစ်ရင်ဖြစ်ပစေပေါ့  ။

အဲသလိုလား ?

လမ်းဘေးဈေးသည်တွေက လမ်းပိတ်ဆို့စေတယ်ဆိုရင်

သူတို့ လာဘ်ငွေယူပြီး ခွင့်ပြုထားတဲ့ အဲဒီမီးစက်ကြီးတွေကကော ?

အဲသည်တော့ လမ်းဘေးဈေးသည်တွေကိုရှင်းလင်းမယ့် စီမံချက်ကြီးကတော့ဟုတ်ပါပြီ

မီးစက်ကြီးတွေကို ရှင်းလင်းမယ့် စီမံချက်မျိုးများ ရှိသလား ?

မီးစက်ကြီးတွေကို တော့ ဖြစ်ချင်သလိုဖြစ် ထားခဲ့ပြီး

လမ်းဘေးဈေးသည်တွေပဲရှင်းမယ်ဆိုရင်

လမ်းကိုရှင်းချင်လို့လား?    လူကိုရှင်းချင်လို့လား?

အဆုံးတနေ့မှာတော့ မနိုင်တော့တဲ့အခါ ဘာမှမရှင်းပဲ-   ဖြစ်ချင်သလိုဖြစ်ပစေ

လမ်းအသုံးပြုသူတွေ ဒုက္ခ ရောက်ချင်သလိုရောက်ကြပစေ ဆိုပြီး

ဒီအတိုင်း လွှတ်ထားဦးမှာလား ..

တကယ်တော့ လမ်းပိတ်ဆို့စေတာတွေက လမ်းဘေးဈေးသည် နဲ့ မီးစက် တွေ တင်မကဘူး ။

စည်းကမ်းမဲ့ချထားတဲ့ ရပ်ကွက်ရုံးတွေရှေ့က ခုံတန်းလျှားတွေ

အိမ်ရှေ့ လမ်းနယ်နိမိတ်တွေကိုကျူးကျော်ထားတဲ့ ဒန်းတွေ  စည်ပိုင်းပြတ်တွေ  ပန်းအိုးတွေ

စည်းကမ်းမဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်တွေရဲ့ အုတ်ပုံ ကျောက်ပုံတွေ

တိုက်ခန်းထဲကဆိုင်တွေရဲ့ အပြင်ကိုတမင်ထုတ်ခင်းထားတဲ့ ကုန်ပစ္စည်းတွေ စားပွဲကုလားထိုင်တွေ

ပုဂ္ဂလိက အမှိုက်သိမ်း တွန်းလှည်းတွေ

အဲသည်   အဲသည်   လျှောက်ပြောလို့မကုန်နိုင်တာတွေကိုကော ဘယ်လိုသဘောထားမလဲ ?

စည်ပင်အုပ်ချုပ်ရေးမှုးကတော့ ညည်းရှာတယ် ။

လူတွေကစည်းကမ်းမရှိဘူးဗျာ … တဲ့

လူတွေက အလိုလိုစည်းကမ်းရှိမှဖြင့်

သူ့လိုရာထူးမျိုးကော ရှိပါ့မလား …လို့

ကျုပ်တို့ ရန်ကုန်မြို့ကြီးဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က တည်ဆောက်ခဲ့တာပါ

လမ်းတွေကကျဉ်းတယ် ။ block တွေက ကျဉ်းတယ် ။

လက်ရှိခေတ် လူနေမှုပုံစံအတွက် သင့်တော်တဲ့ပုံစံမျိုးတော့ မဟုတ်ဘူး

ဆိုင်တွေကြိုက်သလိုဖွင့်ဖို့ လူတွေကြိုက်သလိုသွားဘို့ ကားတွေ ကြိုက်သလိုမောင်းဘို့ ဆိုက်ကားတွေ ကြိုက်သလိုနင်းဘို့  –  အဲဒါတွေအကုန်လုံး တပြိုင်နက်ထဲ  ရာနှုံးပြည့်အဆင်ပြေဘို့ မဖြည့်ဆည်းပေးနိုင်ပါဘူး။

ဒါပေမယ့် မြို့ပြတခုကိုစီမံခန့်ခွဲတယ်ဆိုတာ  ကလေးဆော့သလို  အကုန်ဖျက်ပြီး အစကပြန် စ လို့  ရကောင်းတာမျိုးမဟုတ်ဘူး။

အခုလက်ရှိမှာ ဘာတွေရှိသလဲ ?  အဲဒါက ပေးထားချက်ပဲ ။ ဒီပု စ္ဆာကို အဲသည် ပေးထားချက်အရပဲ တွက်ရမှာ။

ဒီပုစ္ဆာရဲ့ အတိမ်အနက်ကို မှန်းလို့ရဘို့  နဲနဲလောက် ဟင်းစားပေးမယ် ။

အခုလက်ရှိမှာ –  ရန်ကုန်မြို့ကြီးမှာ –

တခြား .…တခြား…တခြား ….ဟာတွေအပြင် –

သူတို့ကို –

(မိုးပေါ်က ကျလာတာမို့)  သိလဲမသိတဲ့ –

မသိလို့ –  ယုံလဲမယုံတဲ့

မယုံလို့ –  (အမြင်) ကြည်လဲမကြည်တဲ့

(အမြင်) မကြည်လို့ – မလေးစား ၊ မလိုက်နာ ၊ မပူးပေါင်း ၊ မကူညီ မယ့်

“လူခြောက်သန်းရှိတယ် “

10 comments

  • လင်းဝေကျော်

    June 8, 2011 at 6:00 am

    ကောင်းလိုက်တဲ့ တင်ပြချက်။
    မြန်မာပြည်မှာ ခင်ဗျားလို လူများများ လိုပြီး ဒီလိုများများပြောပေးနေရမှာ။
    ဒီလို အသံတွေ ကျယ်ပြီး တာဝန်ယူပြီး လုပ်ရမယ့်သူတွေ လုပ်ချင်ရာ လျှောက်ရမ်းသမ်း မလုပ်ရဲ ဖြစ်ရမယ်။

  • koyewin80

    June 8, 2011 at 9:48 am

    ဘယ်တော့များမှ … အခုလိုအဖြစ်တွေ.. မရှိတော့မှာလဲ။

  • kai

    June 8, 2011 at 10:04 am

    အဲဒီမိုးပေါ်က ကျလာတာဟာ.. ပြသနာရဲ့အခြေခံအကြောင်းတရားပဲ…
    နောက်ဆို.. မြေကြီးထဲက.. ထွက်လာအောင်လုပ်ရမယ်ထင်တယ်..။ 🙂

  • i love this

    June 8, 2011 at 10:14 am

    အို..သူကြီးရေ….ဆေးရုံ လာဘ်စား ပို့စ် ကို သူကြီးပိတ်လိုက်ပါသလားခင်ဗျာ…သိပါရစေ..၊။

  • MaMa

    June 9, 2011 at 3:37 am

    လမ်းကိုရှင်းချင်လို့လား? လူကိုရှင်းချင်လို့လား? ဆိုတော့
    ရှင်းချင်တာကို ရှင်းတာပါ။ ဖြည့်ချင်တာလေး ပြည့်ဖို့ပါ။

  • wakawaka7

    June 9, 2011 at 7:16 am

    ကောင်းလိုက်တဲ့ပိုစ်။ အကုန်လုံးအမှန်တွေကြီး။ ဆက်ရေးပါဦး။ စောင့်မျော်အားပေးနေတယ်နော်။

  • naywoonni

    June 9, 2011 at 1:44 pm

    အခုလက်ရှိမှာ – နိုင်ငံကြီးမှာ –

    တခြား .…တခြား…တခြား ….ဟာတွေအပြင် –

    သူတို့ကို –

    (မိုးပေါ်က ကျလာတာမို့) သိလဲမသိတဲ့ –

    မသိလို့ – ယုံလဲမယုံတဲ့

    မယုံလို့ – (အမြင်) ကြည်လဲမကြည်တဲ့

    (အမြင်) မကြည်လို့ – မလေးစား ၊ မလိုက်နာ ၊ မပူးပေါင်း ၊ မကူညီ မယ့်
    လူသန်းခြောက်ဆယ်ရှိတယ်….။

  • OQ23

    June 9, 2011 at 2:23 pm

    ပြောစရာရှိတာကို အားမနာတမ်းပြောပြီး လုပ်စရာရှိတာကိုလဲ အားမနာတမ်းလုပ်စေချင်တယ်။ တကယ်တမ်း ပြောရရင်အားလုံးကသူ့ အကြောင်းနဲ့သူပါပဲ။ ဘာကိုပဲကြည့်ကြည့် အကောင်းဘက်က နေမြင်စေချင်တယ်။ အပြစ်ပြစ်မြင်ကြေးဆို မြင်စရာတွေမှတပုံကြီးပါပဲ သူ့နေရာနှင့်သူ လေးစားပြီးဆက်ဆံစေချင်တယ်။

  • layla

    June 10, 2011 at 1:01 am

    U Parlayar46! I like your post much. Looking forward to your new posts…

Leave a Reply