အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၂၂)

ဆေးရုံထဲ ဝင်လိုက်တာနဲ့ ပထမဆုံး စိတ်ညစ်ရတာ အနံ့တွေပဲ။ခင်ဗျားတို့လည်း ကြုံဖူးမှာပေါ့။ပိုးသတ်ဆေး

တွေကို ညစ်ညစ်ပတ်ပတ် အဆောင်တိုင်းရဲ့ ထောင့်တွေမှာ ဖျန်းထားတာ အခန်းတိုင်း နေရာတိုင်း အဲဒီပိုးသတ်ဆေး

နံ့ကြီးက စူးအီ ပျံ့နှံ့ နေတာ ကျွန်တော်ဆို အန်တောင်အန်ချင်လာတယ်။နောက်တစ်ခုက မြင်ရတွေ့ရတာ စိတ်မချမ်း

သာစရာချည်းပဲ။လူနာတွေဆိုတာ သံကုတင်စိမ်းစိမ်းလေးတွေပေါ်မှာ ညည်းငြူအော်ဟစ်နေကြတာ။ပြုံးနိုင်ရယ်နိုင်

တဲ့သူဆိုတာ ကျွန်တော်တော့ မြင်ကို မမြင်မိတာ။အဲ..ဆရာဝန်တွေ နာစ့် တွေကတော့ အကုန်လုံး မျက်နှာတွေက

ခပ်မာမာချည်းပဲ။အဆိုးဆုံးက ဗျာ.. သူတို့(ဆေးရုံဝန်ထမ်း)တွေ ဂရုတစိုက်မရှိတာများ ဥပေက္ခာပြုနေကြတယ်

လို့တောင် ပြောလို့ရမယ်။ကျွန်တော့် စိတ်ထဲတွေးခဲ့တာက ဆရာဝန်တွေ နာစ့် တွေ ဂူဒီယာ့နားမှာ ဝိုင်းအုံပြီး

ပြုစုကုသနေကြမယ်လို့လေ။တွေ့လည်းတွေ့ရော ဂူဒီယာက သူ့ကုတင်လေးပေါ်မှာလှဲလို့။တာဝန်ယူထားတဲ့

နာစ့်တစ်ယောက်တောင်မရှိဘူး။သူ့မျက်နှာကတော့ ပတ်တီးတွေအပြည့်နဲ့ သူ့မျက်လုံးနက်နက်လေးပဲ

မြင်ရတော့တယ်။

“ဂူဒီယာ..ဒီမှာကွယ်..သမီးကို ဘယ်သူလာကြည့်လဲဆိုတာ..”

သူ့အမေက သူ့သမီးကိုပြောရင်း ကျွန်တော့်ဘက်လှည့်ပြီး ပြုံးပြလိုက်တယ်။

ကျွန်တော့် စိတ်ထဲတော့ သူနဲ့ရင်းနှီးဖို့ရာ နည်းနည်းတော့ ဖိန်းတိန်းတိန်း ဖြစ်နေတယ်။ဖိန်း တယ်ဆိုတာ

တခြားမဟုတ်ပါဘူး။ကျွန်တော်က သူတို့အခန်းဘက်ကို အမြဲချောင်းခဲ့တဲ့ ကောင်လေးတစ်ယောက်မဟုတ်လား။

အဲဒီတော့ ကိုယ့်အပြစ်ရှိသလိုဖြစ်နေတာနဲ့ စကားပြောရမှာ လိပ်ပြာမလုံသလို ဘာလိုလိုဖြစ်နေတော့တာ။

သူ့အကြောင်းတောင် သိတာမဟုတ်ဘူးလေ။ဒါပေမဲ့ ပတ်တီးအောက်က ဂူဒီယာ့ နှုတ်ခမ်းတွေက ကျွန်တော့်ကို

ပြုံးပြနေတယ်လို့ ထင်မိတယ်။အဲဒီ အပြုံးလေးကပဲ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်နည်းနည်းစိမ်းပြီး

အမ်း နေတာကို ဖြိုခွဲပစ်လိုက်တာပေါ့။

ကျွန်တော်လည်း သူ့ဘေးမှာထိုင်ပြီး ဟိုအကြောင်း ဒီအကြောင်းတွေပြောနေတာ သုံးနာရီလောက်ကြာမယ်။

သူက ကျွန်တော့်ထက်ကြီးတော့ နင် နဲ့ ငါနဲ့ပြောတာပဲ။ အင်း..နင်ငါဆိုတာလည်း ရင်းနှီးသွားပြီလို့ စိတ်ထဲခံစားမိ

လို့ပြောတာလည်းဖြစ်မှာပါ။

“ဟဲ့ နင့် နာမည်က အဆန်းပဲ..ရမ်မိုဟာမက်သောမတ်စ် လို့ပဲဟယ်..”

“ပြောရရင်တော့ တော်တော်ရှည်မယ်..အစ်မ နေကောင်းလာရင် ကျွန်တော်ပြောပြပါမယ်..”

သူကတော့ သူ့အကြောင်း ပြောပြပါတယ်။သူက အထက်တန်းအောင်ပြီးလို့ ခုမှ တက္ကသိုလ်

စတက်နေတာတဲ့။သူက ဆရာဝန်ဖြစ်ချင်တာတဲ့ဗျ။ကျွန်တော့် အကြောင်းမေးတော့ ကျွန်တော်က ခု

သတ္တုပုံလောင်းစက်ရုံမှာ လုပ်နေတဲ့ အကြောင်းလောက်ပဲပြောတာ။ကျွန်တော့် အတိတ်အကြောင်း

ဘာတစ်ခုမှ မပြောဘူး။သူက ကျွန်တော့်ကို ရွှန်းရွှန်းစားစားကြည့်ပြီး သေသေချာချာနားထောင်တော့

ကျွန်တော့်စိတ်ထဲ အရမ်းကျေနပ်မိတယ်ဗျာ။အဲ..ကျွန်တော့်လို ချာတိတ်လေးတစ်ယောက်စကားကို

ဘယ်သူအရေးလုပ်ခဲ့ဘူးလို့လဲ။အဲဒီတော့ လူတစ်ယောက်စကားပြောတာကို လေးလေးစားစား နား

ထောင်ပေးတာ အဲဒီလူအနေနဲ့ တော်တော်သဘောကျသွားမယ်ဆိုတာ ကျွန်တော် နားလည်လိုက်မိ

တယ်။ဟုတ်တယ်..ကျွန်တော်လည်း အဲဒီလိုပဲကိုယ်ပြောတဲ့ စကား သူများသေချာနားထောင်တာ

လိုချင်မိတာပဲ။အခု ပိုလိုချင်မိတယ်။

ဆရာဝန်တစ်ယောက်ရောက်လာပြီး မစ္စစ် ရှမ်တာရမ်ကို ဂူဒီယာ တော်တော်ကံကောင်းတဲ့အကြောင်း

လာပြောတယ်။သူအပူလောင်တာ သိပ်မဆိုးရွားလို့ သေရာပါ အမာရွတ်ကြီးတွေ မဖြစ်နိုင်တာတဲ့။နောက်

တစ်ပတ်လောက်တော့ ဆေးရုံက ဆင်းရမယ်လို့ပြောတာပဲ။

ဂူဒီယာနဲ့ သုံးနာရီလောက် အချိန်ဖြုန်းရင်း သူ့အဖေအကြောင်းတော့ တော်တော်လေး သိခဲ့ရသဗျ။

မစ္စစ်ရှမ်တာရမ် ပြောပြတာပါ။

“အဒေါ့်ယောက်ျားက အာကာသ သိပ္ပံပညာရှင် တစ်ယောက်ဆိုပါတော့ ။လူသိတော့အများသားပဲ။

သူက အရိယဗတ္တ အာကာသ သုတေသနဌာနမှာလုပ်တာပေါ့။အဲ့ဒီမှာက ဧရာမ တယ်လီစကုပ်ကြီးတွေရှိတော့

ကြယ်တွေကို ကောင်းကောင်း သူလေ့လာလို့ရတာပေါ့ကွယ်။အဲဒီ ဌာနဝင်းထဲမှာဘဲ ဘန်ဂလိုကြီးတစ်လုံးနဲ့

အဒေါ်တို့နေကြတာပေါ့။လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ ကြယ်အသစ်တစ်လုံးကို ရှာတွေ့တယ်

ဆိုတယ်။ဒါပေမဲ့ ဒီလိုရှာဖွေတွေ့ရှိတာကို သူ့လုပ်ဖော်ကိုင်ဖက် နတ္ခတ္တဗေဒပညာရှင် တစ်ယောက်က

ကြားထဲက အချောင် နာမည်ဝင်ယူသွားရော ပြောပါတော့။ဒါက အဒေါ့်ယောက်ျား ဘဝကို

အစိတ်စိတ်ကွဲသွားစေတာပဲ။ဒီဟာက သူတို့ အာကာသ သိပ္ပံလောကမှာ တော်တော်အရေးပါတဲ့

ရှာဖွေတွေ့ရှိမှုကြီး ဆိုတာကိုး။အဲဒီတော့ကွယ် သူလည်း စိတ်တွေဂယောက်ဂယက်ဖြစ်ပြီး အရက်တွေ

သောက်လာတယ်။လုပ်ဖော်ကိုင်ဖက်တွေကို မယုံသင်္ကာနဲ့ စကားတွေများတယ်။နောက် ဌာန

ညွှန်ကြားရေးမှူးနဲ့ အကြီးအကျယ်စကားများပြီး လက်ပါ ပါသွားတယ်။ဟို ညွှန်ကြားရေးမှူးလည်း

သေလုမျောပါး သူ ထိုးကြိတ်တာခံလိုက်ရတော့..အလုပ်လည်းချက်ချင်းပြုတ်၊ရဲကလည်း

လာဖမ်းသွားတော့တာပေါ့။အဲဒီဌာနကနေ အဒေါ်တို့ ခွာလာခဲ့ပြီး သူကတော့ ကျောင်းကောင်းကောင်း

တစ်ခုမှာ ရူပဗေဒ သင်တဲ့ ဆရာ အလုပ်ရပါရဲ့။ဒါပေမဲ့ သူက အရက်သောက်တာလည်း မလျှော့၊

သူ့ဒေါသကိုလည်း မထိန်းနိုင်ဆိုတော့ ကျောင်းသားလေးတွေကို ဘာမဟုတ်တာလေးနဲ့

ရိုက်နှက်တတ်တာပဲ။မကြာပါဘူး ခြောက်လလောက်ရှိတော့ ကျောင်းက သူ့ကန်ထုတ်လိုက်တာပေါ့

ကွယ်။အဲဒီကစလို့ ဟိုအလုပ်ပြောင်း ဒီအလုပ်လုပ်နဲ့ ဘယ်မှ မမြဲပါဘူး။နောက်ဆုံး ခုလက်ရှိလုပ်နေ

တဲ့ အထည်ဆိုင်မှာ လက်ထောက်အရောင်းမန်နေဂျာ လုပ်နေတာပဲ။အဒေါ်တို့လည်း

စုဆောင်းထားတာတွေလည်း အကုန်ကုန်ပြီ ဆိုတော့ ဒီတန်းလျားမှာ လာနေဖို့ ဖန်လာတော့တာပဲကွယ်..။”

“အဒေါ့် ယောက်ျား အရက်ကို မဖြတ်နိုင်ဘူးလား..”

“အေးကွယ်..ဖြတ်မယ် ဖြတ်မယ်နဲ့ ကျိန်တွယ်တောင်ပြောဘူးပါရဲ့။ခဏပါ..နောက်တော့လည်း

ပြန်သောက်နဲ့ ပိုပိုဆိုးလာတာပဲ..အခုအဖြစ်သာ ကြည့်ပေတော့..။”

“ဟဲ့ ရမ်မိုဟာမက် သောမတ်စ်.. ငါ့တစ်ခုလောက်တော့ လုပ်ပေးပါဦး..ငါ့ကြောင်လေး

ပလူတိုကို ငါဆေးရုံက မဆင်းခင်မှာ ကြည့်ရှု ကျွေးမွေးထားပါဦးနော်..”

“အင်း..အင်း..ကျွန်တော်ကြည့်ထားလိုက်မယ်..”

ကျွန်တော် ကတိပေးလိုက်တော့ ဂူဒီယာက ချက်ချင်းကျွန်တော့် လက်မောင်းကို ဆုပ်ပြီး..

“မင်းက ငါသိပ်လိုချင်ခဲ့တဲ့ မောင်လေးတစ်ယောက်ပါပဲကွယ်..ဟုတ်တယ်နော်..မာမာ..”

မစ္စစ် ရှမ်တာရမ် က သူ့သမီးကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ကျွန်တော် ဘာပြောရမှန်း မသိဘူး။ဒါ ကျွန်တော့်အတွက် အဆန်းတကြယ်ပဲ။အရင်ကတော့

ဟိုလူ့သား ဒီလူ့သားဖြစ်ရင် ကောင်းမယ်ဘာညာ ကျွန်တော် စိတ်ကူးယဉ်ဖူးခဲ့တာပဲ။ဒါပေမဲ့

တစ်ယောက်ယောက်ရဲ့ မောင် တွေ ညီတွေအဖြစ်တော့ တစ်ခါမှ စိတ်မကူးခဲ့ဘူးတာ။အဲဒီမှာ

ကျွန်တော်လည်း ဂူဒီယာ့ လက်ကလေးကို ပြန်ဆုပ်ထားလိုက်တယ်။ကျွန်တော်စိတ်ထဲ

ခံစားလိုက်ရတာတော့ ကျွန်တော်တို့ကြားထဲမှာ မမြင်ရတဲ့ကြိုးတစ်ချောင်း ချည်နှောင်မိသွားပြီလို့

ထင်လိုက်တယ်ဗျာ..။

 

*****************************

အဲ့ဒီနေ့ညက ထုံးစံအတိုင်း ဆာရီအဖြူဝတ် အမျိုးသမီးကို အိပ်မက်မက်တာပဲ။သူက ကလေးလေး

တစ်ယောက်ပိုက်လာပြီး ကလေးကိုအဝတ်ခြင်းထဲမှာ ထားခဲ့ပြီးထွက်သွားပါရော။ခဏကြာတော့

နောက်ထပ် အမျိုးသမီးတစ်ယောက် ရောက်လာပြန်တယ်။သူလည်း အရပ်ရှည်ရှည်

ကိုယ်နေတင့်တင့် နဲ့ပဲ။ဒါပေမဲ့ သူ့မျက်နှာတစ်ခုလုံး ပတ်တီးတွေဖုံးလို့ဗျ။သူက ကလေးကို ခြင်းထဲက

အသာပွေ့ယူပြီး ကလေးရဲ ့ပါးလေးကို အသာလေး နမ်းရှုတ်လိုက်တယ်။ပြီးတော့..သူ့နှုတ်ကလည်း

မောင်လေးရေ..တဲ့။ကလေးလေးကလည်း သူ့ကိုပြန်ကြည့်ပြီး မပီမသနဲ့- အ.အစ်..မ..ကြီး….

ညောင်!!!!

ကြောက်စရာကောင်းလှတဲ့ ကြောင်အော်သံက တိတ်ဆိတ်နေတဲ့ညကြီးမှာ စူးစူးရွားရွားပဲ ထိုးထွက်

လာတော့ ကျွန်တော်လည်း လန့်ဖျတ်ပြီးနိုးလာတယ်။ ဇဝေဇဝါနဲ ့အသံက အိပ်မက်ထဲကလား ၊ဘေးခန်းကပဲလား

ဆိုတာ ကျွန်တော် စဉ်းစားနေမိတယ်။မနက်ကျတော့ ပလူတိုကို မစ္စတာဘာ့ဗ် ရဲ့ သတင်းစာဟောင်းတွေပစ်တဲ့

အမှိုက်ပုံးထဲမှာတွေ့ရတာပဲ။မချိမဆန့် နဲ့ သေသွားတဲ့ပုံပဲဗျာ။

လည်ပင်းကျိုးသေနေတဲ့ ပလူတိုရဲ့ အမွှေးတွေကနေ ဝီစကီနံ့တောင်ရနေသေးတယ်။ဘိုးတော်က

သူ့မိန်းမကို ပလူတိုထွက်ပြေးသွားပြီလို့ ပြောနေတယ်။သူ ပလူတိုလေးကို ဘာလုပ်ပစ်တယ်ဆိုတာ

ကျွန်တော်သိတာပေါ့။ဒါပေမဲ့ သွားပြောလို့ အကျိုးမရှိဘူးလေ။ပြဿနာတောင် တက်သွားနိုင်

သေးတယ်။ဟုတ်ပါတယ်လေ..။ပလူတိုလေး က ထွက်ပြေးသွားရှာတာပဲ။တခြားကမာ္ဘကိုလေ..။

ပိုကောင်းမဲ့ တခြားကမာ္ဘတစ်ခုပေါ့ဗျာ။

 

*************************

 

“ငါတော့ ဂူဒီယာကို တော်တော်ခင်နေမိပြီကွာ..သူ့အဖေကြီး ခုလိုနောက်ထပ် သူ့ကို မလုပ်ဖို့ လိုတယ်”

ဆလင်း ကျွန်တော့်ကို ပြူးတူးကြောင်တောင်နဲ့ ကြည့်နေတယ်။ပြီးမှ-

“အောင်မာ..မင်းက ဘာလုပ်နိုင်မှာမို ့လဲ ..ဒါသူ့မိသားစု..၊သူတို့ ပြဿနာပဲဟာ..”

“အေးကွာ..ခု ဒါတို့ပြဿနာပါဖြစ်သွားပြီကွာ..ဘာပဲဖြစ်ဖြစ် တို့က အိမ်နီးချင်းတွေပဲမို ့လား။”

“အေးပါ..အေးပါ..ငါ့တုန်းက ကျတော့ သူများဓားခုတ်ရာ လက်ဝင်မလျှိုနဲ့တို့ ၊ သူများအပူကိုယ့်အပူမလုပ်နဲ ့တို့..

မင်းမပြောခဲ့ဘူးလား မိုဟာမက်။”

ကျွန်တော်ငြိမ်နေရတယ်။

2 comments

  • ဒေါ်သဲ

    June 8, 2011 at 5:18 am

    တစ်မနက်လုံး စောင့်နေတာ အခုမှပဲ ဖတ်ရတော့တယ်…. ဇာတ်လမ်းကလည်း တဖြည်းဖြည်း ဇာတ်ရှိန်တက်လာပီ… ဘာသာပြန်လည်း ညက်ပါပေ့.. 🙂

Leave a Reply