Media an Medicine – an article by Mg Moe Wai ( a UMM alumni now in UK)

alien on the planet earthJune 8, 20111min14612

Let me share this post for Positive views and Positive Outcomes..

MED(IA) Vs MED(ICINE)
ယခု ရက်ပိုင်း တွင် ကျယ်လောင်စွာ ကြားရသော အသံများမှာ မြန်မာ ဆရာဝန်များ အရည်အချင်း မပြည့်မီဟူသော စွပ်စွဲချက် များပင် ဖြစ်သည်။ ယမန် နှစ်သွေးလွန်တုပ်ကွေး ဖြစ်ကာ ဆုံးပါးသွားသော မိန်းကလေး တစ်ယောက်နှင့် ခွဲစိတ်ဆရာဝန်ကြီး ကိစ္စမှ စတင်ကာ မြန်မာ ဆရာဝန်လောက အား ကျယ်ကျယ်လောင် လောင် ပြောင်ပြောင် တင်းတင်း ဝေဖန်လာခဲ့ကြပါသည်။ မီဒီယာ များမှာ ထို ကိစ္စများအား အထူး အာရုံစိုက်လာခြဲ့ပီး မြန်မာ ဆရာဝန်များ ၏ အားနည်းချက်ကို ထောက်ပြ တည့်မတ်သည့် သဘောအနေဖြင့် ဆရာဝန်များ၏ ပေါ့လျော့မှုများ၊ ဆေးကုသစရိတ် ကြီး မြင့်မှုများကို ဆောင်းပါးများဖြင့် တစ်ဖုံ၊ ကာတွန်းများဖြင့် တစ်သွယ် ဝေဖန်လာခဲ့ကြသည်။

မီဒီယာ များနှင့် သမားတော်များ
ထိုသို့ ဖော်ပြလာခဲ့ကြရာတွင် ရန်ကုန်မြို့မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးသည် ဖိအားအမျိုးမျိုးကြောင့်ဖြစ်ဟန်တူလျက် ရာထူးမှ နှုတ်ထွက်သွားသော အခါ မီဒီယာ သမားများအပေါ်တွင် ဆရာဝန်များ စတင် အမြင် ပြောင်းလာခဲ့ကြပေသည်။ ထို ကိစ္စတွင် ထပ်မံကြားသိရသလောက် မီဒီယာ သမားများသည် သတင်းအတိ အကျ ယူခဲ့ခြင်း မရှိဘဲ(နှစ်ဖက်အမြင်-Expert Opinion and Official Response) တစ်ဖက် ပြောစကားကို အခြေတည်ကာ တရားဝင်ရေးသား တိုက်ခိုက်ခဲ့သည်။ မြန်မာ လူမျိုးများသည် ဇာတ်သဘင်များကို အလွန်နှစ်ခြိုက်ခုံမင်သည်နှင့်အညီ ထိုအချက်ကို အထူး ပါးနပ်နားလည်စွာ သိမြင်သော မီဒီယာ သမားများကလည်း ဝမ်းနည်းကြေကွဲဖွယ် ဖြစ်အောင် စီမံရေးသားခဲ့ပြီး ထို ဆရာဝန်ကြီးအားလည်း ဗီလိန်သဖွယ် ရေးသား ခဲ့သဖြင့် ထိုကိစ္စတွင် လူအများသည် ထို ဆရာဝန်ကြီးအပေါ်အမြင်တိမ်းစောင်းခဲ့ပြီး ထိုဆရာဝန်ကြီး၏ ရာထူးစွန့်လွှတ်ပေးခဲ့ရကာ မီဒီယာများ အောင်ပွဲခံနိုင်ခဲ့ပါသည်။ အောင်ပွဲဟူသည်မှာ စီးပွားရေး အကျိုးအမြတ်အပြင်၊ မီဒီယာ သမားတို့၏ စနက်ကြောင့် ဆရာဝန်ကြီးတစ်ဦး ရာထူးစွန့်လွှတ်လိုက်ရခြင်းတည်း ဟူသော အဖြစ်ပင်ဖြစ်ပါသည်။သို့သော် ထိုသူတု့ိ မမြင်သော အချက်မှာကား နှစ်ပေါင်းများစွာ အစိုးရမှ အကုန်ကျခံ သင်ကြားပေးခဲ့ရသော အရည်အချင်းပြည့် ခွဲစိတ်ပါရဂူတစ်ဦးကို မြန်မာ နိုင်ငံမှ ဆုံးရှုံးလိုက်ရခြင်း ဟူသော အဖြစ် ဖြစ်ပေသည်။ တစ်ချိန်တည်းမှာ ပင် ထို အဖြစ်အပျက်နှင့် အတူ တွဲဖက် ပါလာသော ဆိုးကျိုးကား မြန်မာ ဆရာဝန်များ သည် အလုပ်လုပ်ရန် တွန်င့်္ဆုတ် သွားခြင်း ဖြစ်ပေသည်။ အလုပ်လုပ် ရန်တွန့်ဆုန်သွား ခြင်းဟူသည်မှာ ယခင်က လူနာအကျိုးကို ရှေးရှုလျက် ဒုက္ခရောက်နိုင်မှန်းသိသော်ငြားလည်း စွန့်စားကာ ကုသပေးခြင်းမျိုး ဖြစ်သည်။ ယခု ထိုကိစ္စ ဖြစ်သွားသော အခါ ဆရာဝန်များအနေဖြင့် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ ဆိုးကျိုးကို မရှာလိုသော သဘောများကို သိ်သာ စွာ တွေ့ရှိလာရပါသည်။ ထိုအခြင်းအရာသည် Technological Resources အပေါ်ထက် Man Power အပေါ်တွင် အဓိက ထားလည်ပတ်နေရသော မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အတွက် ဆိုးကျိုး တစ်ခု ပင်ဖြစ်ပါသည်။ လူအင်အားကို အဓိက ထားလုပ်ကိုင်နေသော စံနစ်တစ်ခုတွင် ထိုလူများသည် တက်ကြွမှု သိသာ စွာ လျော့နည်းလာပါက ထိုစံနစ်သည် တုန့်ဆိုင်းလေးကန်လာမည်မှာဧ ကန်ပင်ဖြစ်သည်။ ယခုအခါ ဆရာဝန်များက ကြောက်ရွံ့လာသဖြင့် မလိုလားအပ်သော ဆိုူးကျိုးများကို ရှောင်ရန် ‘မလုပ်၊မရှုပ်” ဟူသော သဘောကို ကျင့်သုံးလာကြလျှင် မည်သူများ အရင်ထိခိုက် နစ်နာမည်နည်း။ ပြည်သူများ ပင်အရင် ထိခိုက်နစ်နာမည်ဖြစ်သည်။ ထိုကဲ့ သို့ဖြစ်လာလျှင် မည်သူက တာဝန်ယူပါမည်နည်း။

ဆရာဝန်တွေမလိုအပ်တော့ဘူးလား?
ထိုမေးခွန်းသည် ဖြေရန်မလိုအပ်သော မေးခွန်းဖြစ်ပါသည်။ သန်းငါးဆယ်သော ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လက်ရှိဆရာဝန်အင်အားသည် နည်းပါးနေပါသေးသည်။ ထို့ပြင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီသော ကျန်းမာရေး စောင့်ရှောက်မှုပေးရန်လည်း လိုအပ်နေပါသေးသည်။ ယခု လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုမှာ ရှိတာနှင့် ဖြစ်အောင် လုပ် နေရသော သဘောကို ဆောင်ပါသည်။ ထိုသို့ အနေအထားများတွင် အားနည်းချက် များစွာ ရှိမည်မှာ သဘာဝကျလှပေသည်။ သို့သော်ငြားလည်း ထိုစံနစ်သည်ပင်လျှင် တစ်နှစ်တစ်နှစ် လူပေါင်းများစွာကို ကယ်တင်လျှက်ရှိနေသေးရာ အသုံးဝင်နေသေးသည်ဟု ဆိုနိုင်ပေမည်။ ထိုသို့ ရှိတာနှင့် ဖြစ်အောင် လည်ပတ်နေရသော အချိန်တွင် မီဒီယာများက ဆေးလောက ကို ပစ်မှတ်ထားကာ ကိုယ်ကျိုးရှာမည်ဆိုလျှင် နူရာဝဲစွဲ၊လှဲရာသူခိုးထောင်း ဖြစ်သွားနိုင်သည်။ အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဆိုးကျိုးရလာဒ်များ ဖြစ်ပေါ်လာနိုင်သည်ကို သတိချပ်သင့်လှပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တစ်ချိန်က မြန်မာ ဆရာဝန်များနှင့်မလုံလောက်၍ နိုင်ငံခြားသား ဆရာဝန်များကို ငှားရမ်း ခန့်ထားခဲ့ရသည်။ ထိုနိုင်ငံခြားသားများသည ်မြန်မာ အမျိုးသမီးငယ်များအပေါ် မလိုအပ်ဘဲ အခွင့်ကောင်းယူကာ စော်ကားခဲ့ကြသည်မှာ ဒုနဲ့ဒေး ဖြစ်သည်ကို ဆရာဝန်တင်ရွှေရေးသော စာအုပ်တွင် တွေ့ရှိရသည်။ ယခု လက်ရှိ မီဒီယာများကို ထိုခေတ်သို့ ပြန်ရောက်စေလိုသလော ဟု မေးခွန်းထုတ်လိုသည်။ အကယ်တိတိ လတ်တလော ဂျာနယ်ရောင်းကောင်းရေးကို သာ ဦးတည်လျက် ရေရှည်ကို မကြည့်ဘဲ ထိုးနှက်မည်ဆိုလျှင် နောင်တစ်ချိန် မိမိ တို့ သမီးပျိုကလေးများ ကို နိုင်ငံခြားသား ဆရာဝန်များက အခွင့်ကောင်းယူနေသည်ကို ညိုးငယ်စွာ ကြည့်နေရလိမ့်မည် ဟု သတိပေးလိုသည်။

ဘာကြောင့်မီဒီယာတွေ ပစ်မှတ်ထားလာကြသလဲ?
ပုဂ္ဂလိက ဆေးခန်းကြီးများ ဖွင့်လှစ်အောင်မြင်လာခြင်းနှင့်အတူ ဆရာဝန်ကြီးများမှာလည်း အလွန်အောင်မြင်လာခဲ့ကြသည်။ ထို ပုဂ္ဂလိက ဆေးခန်းကြီးများတွင် ဆေးကုသ စရိတ်မှာ ကြီးမြင့်လှသလို အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုကလည်း မလုံ မလောက်ဖြစ်နေသေးသော အချိန်တွင် ထိုနှစ်နေရာလုံးတွင် အလုပ်လုပ်နေကြသော သူများမှာ ဒီဆရာဝန်များသာ ဖြစ်နေသဖြင့် ပစ်မှတ်ထားလိုလာကြသည်ဟုမြင်သည်။ အချိန်ကိုရောင်းနေရသည့် ဆရာဝန်ကြီးများမှာ လူနာ၏ စိတ်ကျေနပ်မှု အပြည့်အဝအတွက် အချိန်လုံလောက်စွာ မပေးနိုင်ခြင်းသည် ထိုးနှက်တိုက်ခိုက်လိုသော သူများအတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေပေသည်။ ပုထုဇဉ်လူသား ပီသစွာ၊ အသိုင်းအဝိုင်းတစ်ခု ပီသစွာ ဆေးပညာရှင် အသိုင်းအဝို်င်းတွင် လည်းငွေမက်သူ၊ ငွေမမက် သူရှိမည်မှာ မလွဲပေ။ လူနာများကို အချိန်ပေးလျက် ကောင်းမွန်စွာဆက်ဆံသော ဆရာဝန်ကြီးများ ရှိနေသလို အချိန်ရှားပါးလျက် ဂရုမစိုက်နိုင်သော ဆရာဝန်ကြီးများလည်း ရှိကြပေမည်။ထိုအကြားတွင် တူညီမှုတစ်ခု မှာ ဆရာဝန်ကြီး အများစုသည် သာမန် လူမရနိုင်သော အခွင့်အရေးများကို ပညာရပ်နှင့်လျော်ညီစွာ ရနေကြသဖြင့် မနာလို မုန်းတီးမှုများ သည် ဆရာဝန်လူတန်းစားအပေါ်တွင် ပေါက်ဖွားလာနိုင်ပေသည်။ထို မနာလိုမုန်းတီးမှုကို အခြေခံလျက် အခွင့်သာသည့်အချိန်တွင် ထိုးနှက်တိုက်ခိုက်ခြင်းသည် သာမန်လူစားများအတွက် မထူးဆန်းလှသော်လည်း စတုတ္ထမဏ္ဍိုင် ဟု ဆိုအပ်သော မီဒီယာလောက အတွက်မူ ဖြစ်သင့်သည်ဟု ယူဆအပ်ပါသလား။

မြန်မာ ဆရာဝန်တွေရဲ့ အရည်အချင်း
မြန်မာ ဆရာဝန်များသည် အခြားနိုင်ငံများကဲ့သို့ပင် (UK တွင်တက်မည်ဆိုလျှင် A Grade ဖြင့်အောင်ရမည့်အပြင် အင်တာဗျူးပါ အောင်မြင်ရသည်။)ဂုဏ်ထူးမှတ်များဖြင့် တက္ကသိုလ်ဝင်တန်းကို အောင်မြင်မှသာ တက်ရောက်ခွင့်ရနိုင်သော ဆေးသင်တန်းကို တက်ခဲ့သူများဖြစ်၍ အရည်အချင်းအားဖြင့် ပင်ကိုယ်ထက် မြင့်သူများ ဟုသတ်မှတ်ရနိုင်မည်ထင်ပါသည်။ အခြေအနေ အရပ်ရပ်ကြောင့် ထိပ်တန်း စက်ပစ္စည်းကိရိယာများကို ကိုင်တွယ်သုံးစွဲခွင့်မရခဲ့သေးကြသော်လည်း မြန်မာ ဆရာဝန်များ မအောင်မြင်သည့် ဆေးပညာ စာမေးပွဲဟူသည် ကမာ္ဘပေါ်တွင် မည်သည့်နိုင်ငံမှ မရှိသေးပါ။ထိုသို့ ဖြစ်ရာ မြန်မာ ဆရာဝန်များသည် အရည်အချင်းအားဖြင့် ကမာ္ဘပေါ်ရှိ မည်သည့်နိုင်ငံမှ မည်သည့် ဆရာဝန်များနှင့်မဆို ပခုံးချင်းယှဉ်နိုင်သော အရည်အချင်းရှိသည် ဟု အကြွင်းမဲ့ယုံကြည်သည်။ Training ကွာခြားသောကြောင့် အတွေ့အကြုံကွာခြားမှုသည် ပတ်ဝန်းကျင်နှင့်သာ တိုက်ရို်က်သက်ဆိုင်သည်။ ကြိုးစားမှု၊ အရည်အချင်းနှင့်င်္ တိုက်ရိုက်မသက်ဆိုင်ပါ။ ထို့ပြင် ဆေးကျောင်းတွင် စာသင်ကြားသော ဆရာများက လက်ရှိဆေးသင်တန်းသားများသည် အရည်အချင်းလိုအပ်သည်ဟု ပြောဆိုမှုများရှိခဲ့လျှင်ပင် ဆရာသမားတို့၏ တိုးတက်စေလိုသော စေတနာဆန္ဒနှင့် တိုက်တွန်းမောင်းနှင်မှုတစ်ခုမျှသာလျှင်ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် သိသင့် သိထိုက်သည့် ရောဂါကုထုံးများကို မသိဘဲ၊ မတတ်ဘဲ နောက်ဆုံးဆရာဝန်ဖြစ် စာမေးပွဲကို အောင်မြင်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ထို သို့အခြင်းအရာများကြောင့် မြန်မာ ဆရာဝန်များသည် အရည်အချင်းပိုင်းချို့တဲ့လျက် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် အားနည်းကြသည်ဟူသော အချက်ကို မှားယွင်းသည်ဟု သုံးသပ်ရှုမြင်သည်။

မြန်မာ့ ဆေးလောကရဲ့ ကိုယ်ကျင့်တရားပိုင်း
အကျင့်ပျက်ခြစားမှုသည် ယနေ့ကမာ္ဘတစ်လွှားတွင် ဖြစ်ထွန်းနေသော ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ မြန်မာ့ဆေးလောက တွင် ရှိသကဲ့သို့ နိုင်ငံတကာ တွင်လည်း ကင်းသော အရာမဟုတ်ပါချေ။ထို သို့အနေအထားတစ်ခုတွင် မြန်မာသမားတော် အချို့သည် ကိုယ်ကျင့်တရားဖောက်ပြန်တတ်ကြသည် မှာ များစွာ ဖြစ်နိုင်ပါသည်။ သို့သော်လည်း အခြား အသက်မွေးဝမ်းကျောင်းများနှင့်မတူသည့်အချက်မှာ မြန်မာ နိုင်ငံတွင်ဆရာဝန်တစ်ယောက်ဖြစ်ရန် ဥပဒေနှင့်အတူတွဲဖက်လျှက် ဆရာဝန်ကျင့်ဝတ်ကိုပါ ထည့်သွင်းသင်ယူရသော အချက်ဖြစ်သည်။ ထိုကျင့်ဝတ်ကို အလွတ်ရ စွဲမြဲနေအောင် အင်္ဂလိပ်လို တစ်မျိုး၊မြန်မာလိုတစ်ဖုံ လေ့လာ မှတ်သားခဲ့ရသည်။ထိုသို့ လေ့လာ ခဲ့သော သူတစ်ယောက်သည် ယေဘုယျအားဖြင့် ထိုကျင့်ဝတ်တို့၏ သတိပေးမှုကို ကျန်သောသူများထက် ရရှိသတိပြုမိနေမှာ သေချာလှပါသည်။ ဆိုလိုသည် မှာ ထိုသို့ လေ့ကျင့်မှုများဖြင့် ဘွဲ့ရခဲ့သူတစ်ဦးသည် ကျန်သော သူများထက်တော့ ပို၍ ကျင့်ဝတ်စွဲ မြဲမည်မှာ အမှန်ပါပဲ။

ကိုယ့်ဖက်ကိုယ်ယက်သလား
ယခုရေးသား ဖော်ပြခဲ့ချက်များသည် လက်ရှိ မြန်မာ့ဆေးလောက တွင်ကျင့်သုံးနေသော ကျင့်ထုံးများဖြစ်ပါသည်။ မြန်မာ့ဆေးကောင်စီသည် ကျင့်ဝတ်နှင့်ပတ်သက်၍ ကိုင်တွယ်လျက်ရှိပြီး လိုအပ်ပါက တရားဝင်ဆက်သွယ် အကြံဉာဏ်တောင်းခံနိုင်သည်။ ကျင့်ဝတ်ပျက်ပြားသော ဆေးသမားတော်များကို ထောက်ပြဝေဖန်ခြင်းသည် အလွန်ပင် ကောင်းမွန်သော အလေ့အထ ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော ဝန်းကျင်တစ်ခု ကိုဖန်တီးရာတွင် အဖျက်သမားများကို ထိန်းချုပ်ခြင်းသည် အလွန်လိုအပ်လှပါသည်။ ဆေးပညာရှင်အသိုင်းအဝို်င်းတွင် ကျင့်ဝတ်နှင့်ပတ်သက်၍ ထိန်းချုပ်ရန် ဆေးကောင်စီရှိနေသော်ငြားလည်း မီဒီယာလောက တွင် မီဒီယာ သမားများကို ကျင့်ဝတ်၊ အရည်အသွေးစံနှုန်းများနှင့် ပတ်သက်၍ ထိန်းချုပ်သည့် အဖွဲ့အစည်းတစ်ခုကို သေချာစွာ မကြားသိခဲ့ဖူးသေးပါ။ စာပေစိစစ်ရေးကလည်း ထိုကိစ္စကို ကိုင်တွယ်မည် မထင်ပါ။ သို့ ဖြစ်ရာ မီဒီယာများအနေနှင့် ဆေးလောက ကို မဝေဖန်မီ ဝေဖန်မည့် ဆောင်းပါး၏ သတင်းရင်းမြစ်တိကျမှုကို အထူးဦးစားပေး စိစစ်စေလိုပါသည်။

မီဒီယာဆိုတာ ဆေးလောကအတွက် မိတ်ဆွေပါ?
ဆေးပညာ ရှင်များသည် ရောဂါများကို ထိန်းချုပ်ကုသရာတွင် တိုက်ရိုက်ကုရုံနှင့်မရပါ။ ကျန်းမာရေးပညာပေးဟူသည့် နည်းဗျူဟာကိုလည်း ထိရောက်စွာသုံးစွဲရပါသည်။ သို့မှသာ ရောဂါများကို ထိန်းချုပ်နိုင်သည်။ ထိုသို့ ကျန်းမာရေးပညာပေးရာတွင် မီဒီယာများသည် မရှိမဖြစ် လိုအပ်လှသည်။ သို့ဖြစ်ရာ ဆေးပညာနှင့်မီဒီယာသည် အပြန်အလှန်နှီးနှောယှက်နွယ်လျက် တစ်ခုကိုတစ်ခု ထောက်ပံ့နေသော Sector များဖြစ်ကြပါသည်။ သို့ဖြစ်ရာ မီဒီယာလောက သားများအနေဖြင့် ဆေးလောက ကို သန့်ရှင်းစင်ကြယ်အောင် ထောက်ပြသည့်အပြင် မိမိတို့ သတင်းလောကသားများ၏ အရည်အသွေးကိုလည်း တိုးတက်အောင်၊ စံနှုန်းမီအောင် အထူး ဂရုပြုကြိုးစားသင့်လှပါသည်။

မောင်မိုးဝေ(ဆေး-မန်း)

12 comments

  • pooch

    June 8, 2011 at 4:20 pm

    ဆိုတော့ကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်း မှီ ပ

  • padonmar

    June 8, 2011 at 4:33 pm

    (ဆိုးကျိုးကား မြန်မာ ဆရာဝန်များ သည် အလုပ်လုပ်ရန် တွန်င့်္ဆုတ် သွားခြင်း ဖြစ်ပေသည်။ အလုပ်လုပ် ရန်တွန့်ဆုန်သွား ခြင်းဟူသည်မှာ ယခင်က လူနာအကျိုးကို ရှေးရှုလျက် ဒုက္ခရောက်နိုင်မှန်းသိသော်ငြားလည်း စွန့်စားကာ ကုသပေးခြင်းမျိုး ဖြစ်သည်။ ယခု ထိုကိစ္စ ဖြစ်သွားသော အခါ ဆရာဝန်များအနေဖြင့် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ ဆိုးကျိုးကို မရှာလိုသော သဘောများကို သိ်သာ စွာ တွေ့ရှိလာရပါသည်)
    အဲဒါ အမှန်တွေပါဘဲ။ဆေးရုံကြီးကဆရာဝန်တွေတောင် complaint တက်မှာကြောက်လို့ သိပ် risk ယူပြီးကုမပေးတော့ပါဘူး။ပု ဂ္ဂလိက ဆေးရုံတွေဆို ပိုဆိုုးတာပေါ့ ။emergency case ဆို မထိချင်တော့ပါဘူး။
    နစ်နာတာ ပြည်သူအများပါ။ဆရာဝန်တွေက ဒီမှာဆေးကုတဲ့ အလုပ်မလုပ်ရရင် နိုင်ငံခြားသွားလုပ်ရုံပေါ့။
    သိပ်မလွန်ခင် media တွေကို ထိ်န်းကြသင့်ပါပြီ။သတင်းကို သေချာစိစစ်ပြီးမှထုတ်ဖို့ပါ။

  • maungmoenyo

    June 9, 2011 at 3:29 am

    မြန်မာနိုင်ငံဆေးကောင်စီဟုခေါ်သော ဆရာဝန်များ၏လိုင်စင်ကိုကိုင်တွက်ကြိကြပ်ရသော အဖွဲ့ကြီးကား အုပ်ချုပ်ရေးပိုင်ဆိုင်ရာအစိုးရ၏လွှမ်းမိုးမှု ဒဏ်ကိုခံစားနေရသည်မှာကြာပါပကော။ ဆရာဝန်များအရည်အသွေးပြည်ဝရေး၊ စည်းကမ်းထိမ်းချုတ်ရေးဘက်ကိုခြေဦးမလှည့်နိုငသည်မှာနှစ်ပရိစ္ဆေဒကြာပါပြီ။ အစိုးရကိုဆန့်ကျင်သော၊ ရာထူးနေရာအပြောင်းအရွှေ့ကိုလက်မခံသော၊ စသည့် အရေမရအဖတ်မရ (အထက်လူကြီးမင်းများကတော့ နင့်နေအောင်ရကြပါသည်။) အရေးယူမှုသံသရာဝဲဩဂထဲ ကဒီနေ့အထိရုံးမထွက်နိုင်သေးပါ။
    ဆရာဝန်များ လက်လွတ်စပယ်လုပ်မှု၊ ခြေလွန်လက်လွန်ဖြစ်မှု၊ မတော်တဆဖြစ်မှုတွေကိုအရေးယူရာတွင်တိကျသောအရေးယူမှုဆိုင်ရာပြဌာန်းချက်များလုပ်ထုံးလုပ်နည်းများ၊ ယနေ့အထိမရှိသေးပါ။ လူရည်ချွန်(၆)ထပ်ကွမ်းရခဲ့ပြီး၊ လူထုကြားမှ တဆင့် ပြည်ထောင်စုကျန်းမာရေးဝန်ကြီးမင်းဖြစ်လာသော ဒေါက်တာဖေသက်ခင် တယောက် သည်ရာထူးကြီးမယူမှီက၊ လမ်းမတော်ဆေးကျောင်း၊ ဆေးရုံကြီးကင်တင်း၊ ကလေးဆေးရုံကြီး နားနေခမ်းတို့တွင် လုပ်ဖေါ်ခြင်း၊ လက်ရှိတိုးတက်လာသောခေတ်ကြီးထဲ အထူးကုများ (အချို့) ရမ်းကားလာကြပုံတွေ၊ လက်သီးလက်မောင်းတန်းကာဆွေးနွေးခဲ့ကြသည်တို့ကို၊ မမေ့လောက်သေးပါဟု..သတိလေးပေးလိုက်ချင်ပါသည်။

  • kai

    June 9, 2011 at 11:24 pm

    ဒီလို ဒီလိုရှိတယ် … ဆရာသမားတို့ရေ

    ကျွန်တော်ရဲ့မိတ်ဆွေကြီး ဦးခင်မောင်ချို(KMC)ရဲ့သားတော်မောင် တစ်ယောက်ဟာ မေလ (၁၇) ရက်နေ့ညနေ (၄) နာရီလောက်မှာ စကိတ်စီးရင်း ခြေချော်လက်ချော်ဖြစ်ခဲ့ရာ သတိမေ့မြောသွားလို့ မန္တလေးမြို့လည်ခေါင်က နာမည်ကျော်ပုဂ္ဒိလိကဆေးရုံကြီးတစ်ရုံကို အားကိုးတကြီးနဲ့တက်ရောက်ကုသခဲ့ပါတယ်။အဲဒီက အသစ်စက်စက် CT စကင်နဲ့ရိုက်ပြီး မေ့မြောနေတဲ့လူနာကို ရောဂါရှာဖွေရာ ဘာမှမတွေ့ရတဲ့အတွက် ဆရာဝန်ကြီးကလဲ ဘယ်ကစပြီး ဘယ်လိုကုသရမှန်းမသိဖြစ်ခဲ့ပြီး ကံတရားကို တရားခံထားကာ စောင့်ကြည့်မယ်လို့ခေါင်းစဉ်တပ်ပါတယ်။လူနာဟာ တစ်ရက်လဲ သတိမရ၊၂ ရက်လဲသတိမရတော့ ဘေးကနေ မနေသာတော့ဘဲ နိုင်ငံခြားမှာ သွားပြဖို့တွန်းအားပေးရင်း ဘန်ကောက်အဲဝေးစင်းလုံးငှားလေယာဉ်နဲ့ချက်ခြင်း ဘန်ကောက်ကိုပြေးလိုက်တယ်။အချိန်နဲ့ငွေနဲ့လဲ
    သင့်ရင်လဲရမှာမဟုတ်လား။ဟိုရောက်တော့ ဒီကဆရာဝန်တွေကရှာမတွေ့တဲ့ ဦးနှောက်ထဲသွေးခဲတဲ့နေရာတွေကို နာရီဝက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကာ Team Work အပြည့်နဲ့ကုသလိုက်လို့ မေ ၂ရ ရက်မှာ ဆေးရုံကဆင်းပြီး ဒီနေ့ ၂၈ ရက်နေ့မှာ Siam Paragon က Ocean Park မှာသွားရောက်ကာ 4D တွေဘာတွေကြည့်လို့တဲ့…ကဲ ဒီအကြောင်းအသေးစိတ်ကိုတော့ လာမယ့် လျှပ်တစ်ပြက်ဂျာနယ်မှာ ပွဲကြီးပွဲကောင်း (စိစစ်ရေးလွတ်ရင်) နွှဲထားတာ စောင့်မျှော်ဖတ်ကြည့်လိုက်ပါအုံး… ပြည်သူ့မေတ္တာကို ခံယူအုံးမယ့် ဆောင်းပါးတစ်ပုဒ်ပါ…

    http://www.imagebam.com/image/554440135568173

    ================================
    လျှပ်တစ်ပြက်ဂျာနယ်မှာ.. အဲဒီအပေါ်ကဆောင်းပါး..ပါလာပြီလားသိချင်လို့ပါ..။
    ဖေ့စ်ဘုတ်မှာတော့..အရမ်းပွဲဆူ..အုံကြွမှုဖြစ်နေလေရဲ့…။ 🙂

    • eros

      June 10, 2011 at 2:41 am

      ဘာပဲပြောပြော၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဆရာဝန်တွေမှာ အပြစ်မရှိပါကြောင်း၊ ဆရာဝန်များသာ ရာနှုန်းပြည့် မှန်ကန်ပါကြောင်း ပြောချင်ပါတယ်။

    • kkcmdy

      June 10, 2011 at 5:38 am

      ရေးသူက ဇင်မင်းဆွေ ဆိုတဲ့ မန္တလေးက တယောက်ပါ။ လျှက်တပြက်ထဲမှာ တောင်ထည့်ရေးပါသေးတယ်။ ဇွန်လ ၃ရက်ထုတ် မှာပါလာပါတယ်။ သူ့စာက သူလိုရာဆွဲပြီးရေးသွားလို ရှင်းထားပါတယ်။
      ဒီ link လေးကိုဖတ်ကြည့်ပါ။
      http://www.facebook.com/notes/zaw-min-chit/%E1%80%9C%E1%80%B0%E1%80%94%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%90%E1%80%AF%E1%80%AD%E1%82%94-%E1%80%85%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%AD%E1%80%94%E1%80%B9%E1%80%95%E1%80%B0%E1%80%95%E1%80%94%E1%80%B9%E1%80%99%E1%80%BD%E1%80%B3%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94-%E1%80%A1%E1%80%9C%E1%80%AF%E1%80%AD%E1%80%99%E1%80%80%E1%80%BA%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%BD-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%B1%E1%80%86%E1%80%B8%E1%80%80%E1%80%AF%E1%80%9E%E1%80%99/214759391891380

      ဖတ်လို့မရခဲ့ရင် ရေးထားတာကို copy n paste လုပ်ပေးထားပါတယ်။

      “လူနာရှင်တို့၏ စိုးရိန်ပူပန်မှုနှင့် အလိုမကျခြင်း မှ ဖြစ်လာသော အကုန်အကျများဆေးကုသမှုတခု”

      ဇင်မင်းဆွေ ဆိုတဲ့ နာမည်နဲ့ facebook ပေါ်က B.Arch ဘွဲ့ရတယောက်က ဒီလို ဒီလိုရှိတယ်…ဆရာသမားတို့ရေ ဆိုပြီး နုတ်(စ) တခုရေးထားတာကိုဖတ်ရလိုက်ပါတယ်။

      http://www.facebook.com/notes/zin-min-swe/%E1%80%92%E1%80%AE%E1%80%9C%E1%80%AD%E1%80%AF-%E1%80%92%E1%80%AE%E1%80%9C%E1%80%AD%E1%80%AF%E1%80%9B%E1%80%BD%E1%80%AD%E1%80%90%E1%80%9A%E1%80%B9-%E1%80%86%E1%80%9B%E1%80%AC%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%82%95%E1%80%B1%E1%80%9B/205538612815587 (ဖော်ပြပါ notes ကို ဇင်မင်းဆွေသည် ရ -၆-၁၁ ညနေပိုင်းမှာ ဖျက်လိုက်ပါတယ်။ အောက်ဘက်ကပေးထားတဲ့ link ကတော့ မဖျက်ခင် screen capture လုပ်ယူတားလိုက်တာပါ။)

      http://www.imagebam.com/image/554440135568173

      ဆရာဝန်အငယ် တယောက်က ဆရာဝန်အကြီးတယောက်ဆီ ရှင်းပေးထားဘို့ တောင်းဆိုထားတဲ လင့်ကနေတဆင့် ဖတ်ရတာပါ။ သူရေးတဲ့ message link ကိုလိုက်မိတော့ ရေးသူက တစ်ယောက် ကျွန်တော်မြင်နေရတဲ့ message board ကိုတင်သူက တယောက်ပေါ့။ စာကိုဖတ်လိုက်တာတော့ ရေးထားတာ အလွန်တိုတဲ့ message ပါ။ ဒါပေမဲ့ ဓါတ်ပုံတွေနဲ့ ပြောပြထားတော့ အားလုံးရဲ့အမြင်မှာ ဝေဆာနေတာတော့ အမှန်ပါပဲ။ ရိုက်တဲ့ဓါတ်ပုံတွေကလည်း လူနာရှင်ကိုယ်တိုင်က ရိုက်ဟန်တော့ မတူ။ ဘာလို့တုံးဆိုတော့ လူနာရှင် ဆိုတာ သူ့သပူနဲ့သူခင်ဗျ။ အကြံအစည်ရှိတဲ့ သူတယောက်ကများ သူ့အကြံနဲ့သူရိုက်တာလားတော့ ကာယကံရှင် ဓါတ်ပုံဆရာမှ သိလိမ့်မယ်ခင်ဗျ။

      ရေးထားတာကို ဖတ်ရတာတော့ တစ်ဘက်အမြင်ဆိုတာကတော့ ဖတ်မိတဲ့သူတိုင်း သတိထားမိကြမှာပါ။ စာဖတ်မိ တဲ့သူရဲ့စိတ်မှာတော့ ဒီဘက်ကဆရာဝန်တွေ မစွမ်းလို့ အသုံးမကျလို့ “ဟိုဘက်ပြေးခါမှ အသက်ချမ်းသာရသကိုး” လို့ထင်ရအောင် ဇတ်ကိုနာနာလေးခင်းပြပြီး နောက်ဆုံးမှာတော့ ဒီလိုလုပ်မိတာမှန်သွားတယ်လို့ စာဖတ်သူတွေကို ရေးပြ ထားတာကို ဖတ်ရပါတယ်။

      နောက်ဆုံးမှာတော့ လူနာက ဘယ်လိုအောင်အောင်မြင် သွားရောက်ကုသနိုင်ခဲ့တယ်ဆိုတာကို လျှပ်တပြက်ဂျာနယ်မှာတောင် ထည့်ထားသဗျလို့ဝင့်ကြွားထားပြီး စီစစ်ရေးလွတ်ရင် ဒီဆရာဝန်တွေ နာဘို့သာမှတ်လို့ မပြောရုံတမယ်ပေါ့။

      ကျွန်တော်စဉ်းစားမိတာက ကိုယ်ကမှန်နေရင်တော့ ဘာမှတုံပြန်စရာမရှိပါဘူး။ အသံကြားတိုင်းထကြည့်ရင် အိပ်ရေးပျက်တယ်လို့ပဲ ပေါ့ပေါ့တော့တွေးကြည့်မိတယ်။ ဒါပေမဲ့ ဒီ message ကိုဖတ်မိတဲ့ ပြည်သူတယောက်အတွက် အကျိုးများမများဆိုတာ စဉ်းစားကြည့်မိတော့ မများဘူးလို့ စိတ်ထဲမှာ ထင်မိတဲ့ အတွက် ဒီစာကိုထရေးတာပါ။ ကျွန်တော် ဒီလိုစာမျိုးရေးတာ ပထမဆုံးအကြိမ်ပါ။ ပြန်လည်ချေပတဲ့စာမျိုးဆိုရင်လဲ မမှားပါဘူး။ ကိုယ့်ကိုကိုယ် မီဒီယာသမားလိုမျိုးဘဝင်နဲ့စာရေးပြီဆိုရင် မျှတအောင်ရေးပြရနိုင်ပါမယ်။ ဗဟုသုတ ကြွယ်ဝရပါမယ်။ သေချာစုံစမ်းပြီး ဆွေးနွေးထားရပါမယ်။ ဒီလိုမျိုးမှ မျှတမှု့ဆိုတာရှိမပေါ့ဗျ။ အခုဟာက သူမြင်သူကြားတာလေးကို ခပ်ပေါ့ပေါ့လေးရေးပြပြီး လမ်းမှားကိုပြနေသလိုပါပဲဗျာ။

      ကျွန်တော်နဲ့တော့ ဘာမှတိုက်ရိုက် ဆက်စပ်မှုမရှိပေမဲ့ မနေနိုင်လို့ ကုသမှုပေးခဲ့တဲ့ ဆရာဝန်ကြီးဆီတိုက်ရိုက်သွားပြီး မေးမြန်းခဲ့ပါတယ်။ ဇင်မင်းဆွေရေးပြခဲ့တဲ့ စာတွေကို တစ်ခုခြင်းဖြည်ပြပါ့မယ်။

      ၁) CT မှာ ဘာမှ မတွေ့ရတဲ့အတွက်….ဆိုတာမှာ မှားယွင်းမှုရှိပါတယ်။ CT ရိုက်တဲ့အခါမှာ Normal Scan လို့တောင်ပြောလို့ရအောင်ကို result ထွက်တာမှန်ပေမဲ့ ဆရာကြီးသေသေချာချာ ကွန်ပြူတာထဲမှာသေသေချာချာ ပြန်ကြည့်တဲ့ အခါမှာ သွေးခဲသေးသေး ပါးပါးတွေရှိနေတာကို တွေရကြောင်းပါဗျား။ ကုသမှုကို ဆုံးဖြတ်တဲ့အခါ conservative management စောင့်ကြည့်ကုသမှုနဲ့ သွားဘို့ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တမ်းကြတော့ ခွဲစိတ်မှုမလိုအပ်ပါဘူး။ ဒီအတိုင်းနဲ့ပဲ တစ်ပတ်ခန့်အကြာမှာ ပြန်ကောင်းမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ “ဘယ်ကစပြီးဘယ်လိုကုသရမှန်းမသိ”ဆိုတဲ့ စာကြောင်းဟာ ဆေးလောကရဲ့ အထူးကုဆရာဝန်တွေအကြောင်းကို် ဇင်မင်းဆွေနားလည်မှုအားနည်းတဲ့ အတွက်ရေးမိတာ ဖြစ်မယ်ထင်ကြောင်းပါခင်ဗျား။

      ၂)ကံတရားကို တရားခံထားကာ….. ဆိုတာကကြတော့ ဆရာဝန်ကြီးကတော့ ပြောဟန်မတူပါ။ သို့သော် အကြမ်းဖျင်းပြောပြရရင် ဆရာဝန်များကုသမှုပေးရတဲ့ environment မှာ တိကျတဲ့ အခြေအနေရဘို့ခဲယဉ်းပါတယ်။ ဥပမာ သုံးလိုက်တဲ့ diagnostic facilities တွေရဲ့ quality ပေါ်မူတည်တဲ့ result တွေ၊ ဝိုင်းဝန်းပြုစုကုသပေးတဲ့ staff aတွေရဲ့ နားလည်တတ်ကျွမ်းမှုတွေ… ပေါ်မှာမူတည်ပြီး ဆရာဝန်ကြီးတွေ ဆုံးဖြတ်ချက်ချတွေဟာ မှန်ကန်တဲ့လမ်းကြောင်းကို ရောက်သွား၊မသွားဆိုတာမျိုးတွေ ရှိနေတဲ့အတွက် ဘယ်ဆရာဝန်ကြီးကမှ ၁၀၀% ကောင်းသွားပါမယ် အောင်မြင်ရပါမယ် ဆိုတဲ့ ကတိမျိုး ပေးရဲမှာမဟုတ်ပါဘူး။ ဒီလိုသူ့အတွက် ကန့်သတ်ချက်တွေရှိနေတာကြောင့် အတိအကျ မပြောပြတဲ့ အခါမှာလူနာရှင်တွေဘက်က မြန်မာတွေရဲ့ လက်သုံးစကားဖြစ်တဲ့ ကံတရားဆိုတဲ့ စကားလုံးကို လက်ခံသုံးစွဲကြတာ ဖြစ်မယ်ထင်ပါကြောင်း၊

      ၃) ၁ရက်လဲ သတိမရ ၂ရက်လဲသတိမရ ဆိုတဲ့အရပ်စကား ကတော့ လူနာက လုံးဝကိုသတိမရ အလွန်ဆိုးတဲ့ အခြေအနေမဟုတ်ပါ။ လူနာရဲ consciousness ဟာ ထိခိုက်ဒါဏ်ရာကြောင့် ရတစ်ချက် မရတချက်ဖြစ်နေခြင်းမျိုးပါ။ ဆရာဝန်ကြီးကတော့ အင်မတန်မှ စိုးရိန်ရတဲ့ အခြေအနေလို့ မသုံးသတ်ပါ။ ဆေးရုံမှာ တရုတ်ဆိုင်ကယ်တွေရဲ့ အကျိုးကြောင့် ဒီထက်ပိုဆိုးတဲ့ ခေါင်းဒဏ်ရာလူနာတွေကို အပတ်စဉ် ရာနဲ့ချီပြီး ဆယ်စုနှစ်တခုနီးပါး ကြည့်နေတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ သုံးသတ်ချက်ပါ။ ရရက်နဲ့ ၁ဝရက်ကြားမှာ သူ့ကုထုံး နဲ့ ကောင်းမယ်လို့ ဆုံးဖြတ်ထားခဲ့ပါ ကြောင်းပါခင်ဗျား။

      ၄) ဘေးကနေ မနေသာတော့ပဲ နိုင်ငံခြားမှာသွားပြဘို့တိုက်တွန်းအားပေး…. ဆိုတာကကြတော့ လူနာရှင်မိသားစု နဲ့ သူ့ပတ်ဝင်းကျင်ရဲ့ ဆုံးဖြတ်ချက်ပါ။ ဆရာဝန်ကြီးကိုတိုင်ပင်ပြီး ဆရာဝန်ကြီးသွားခိုင်းလို့သွားတာ မဟုတ်ပါ။ ဆရာဝန်ကြီးကိုယ်တိုင်က သွားစရာ လိုသည်ဟုမှတ်ချက်မပေးခဲ့ကြောင်းပါ။ ဆရာဝန်ကြီးကိုယ်တိုင် လူနာသွားဘို့ကြံတာကို Hospital agent ဆရာဝန်က လှမ်းပြောမှ စတင်သိရှိရကြောင်းပါခင်ဗျား။ လူနာရှင်မိသားစုက ကြေးရတတ်များလည်းဖြစ်၊ တစ်ဦးတည်းသောသား ကို လက်လွတ်ဆုံးရှံးမဲ့ အရေးကိုပူပင်သောက များ၊ ဘေးကလည်းတိုက်တွန်း ဆိုတော့ သွားချင်ကြတာကို ဆရာဝန်ကြီးကတော့ သဘောထားကြီးစွာခွင့်ပြုခဲ့ပါတယ်။ ထိုင်းရောက်လျှင်လည်း မိမိကုထုံး ဆန်ဆန်ပဲကုသလိမ့်မယ်လို့ ပြောပေးခဲ့ပါတယ်။ ထိုင်းရောက်လို့ ပြန်ကောင်းတဲ့ အခါမှာ လူနာဖခင်က ဆရာပြောတာမှန်ကန်ကြောင်း ကျေးဇူးတင်ကြောင်းကို မန္တလေးကနေ ငွေထိုင်လွဲပေးနေတဲ့ မိခင်ကနေတဆင့် ဖုန်းဆက်ပြောခဲ့ပါကြောင်း။

      ၅) အထူးကုဆေးရုံက အသစ်စက်စက် CT …..ဆိုတာ နဲ့ ပက်သက်လို့ကတော့ ဘယ်လို့လုပ်ပြီး အသစ်လို့ပြောနိုင်ရတာဆိုတာကတော့ ကျွန်တော်စဉ်းစားလို့မရပါ။ ကျွန်တော်နားကြားမမှားရင် လူနာကုသွားတဲ့ဆေးရုံက CT ကတွေ့နေရတာကြာပါပီ။ အသစ်စက်စက်ဆိုလို့ ပြောရရင် မြန်မာပြည်က ကားအသစ် စက်စက် model ်လိုပုံစံမျိုးကိုသာ ပြေးမြင်လိုက်ကြပါတော့။ မြန်မာပြည်အသိုင်းအဝိုင်းက တတ်နိုင်တဲ့ငွေကြေးနဲ့ အသစ်စက်စက်ဆိုတာမျိုးဆိုတာ technology is …?? Years behind the current situation ဆိုတာမျိုးပါ။ ဒါကြောင့် သွေးခဲပါးပါးသေးသေးကို ထင်ထင်ရှားရှားမြင်နိုင်၏ မမြင်နိုင်၏ ဆိုတာ machine ရဲ့ advance ဖြစ်ချင်း မဖြစ်ချင်းဆိုတာမျိုး ဖြစ်မည်ဟုထင်ပါသည်။

      ၆)မေ ၂ရမှာ ဆေးရုံဆင်း မေ၂၈ မှာ 3D ပါတွေကြည့်ဆိုတာ ကတော့ အစကတည်းကို ကဆိုးဆိုးရွားရွား မဖြစ်ခဲ့ကြောင်းကို ပြနေတာပါခင်ဗျား။ ဘာခွဲစိတ်မှုမှ မယူထားဖူးဆိုတာကတော့ ပုံကိုကြည့်ပေါ့ဗျာ။ ခေါင်းမှာဘာပါတ်တီး မှမရှိ ဆံပင်ကလည်း ဒီတိုင်းဆိုတော့ “The patient was suffering minor head injury which was totally not life endangering since from the beginning” လို့ ပြောရင်ရပါတယ်။ ဒါဖြင့်ရင်ဘာလို့ ဘန်ကောက်ရောက်မှ ပြန်ကောင်းရတာလဲလို့မေးရင် ကောင်းချိန် ရ ရက်စောင့်နေတဲ့ အခါဘန်ကောင်ရောက်နေလို့ ဖြေရင်တောင်ရပါတယ်။ ကုသမှုကွာလား မကွာလားဆိုတာကတော့ အရာကြီးနဲ့ ဘာဘူကြီးပါ။ သူတို့လည်းဒီလိုအခြေအနေမျိုးမှာ ဒီ treatmentပဲပေးရမှာပါ။ ဆေးကုသမှုမှတ်တမ်း နှစ်ခုကို ယှဉ်ကြည့်လို့ရပါတယ်။

      ၇) ဟိုဆေးခန်း ဒီဆေးခန်းပြေးမထိုင်ဘူး… team work အပြည့်အဝ ရှိတယ်ဆိုတာကတော့ …. စနစ်ကိုပဲ အပြစ်တင်ပါ။ ဟိုက စနစ်ကို သေချာလေ့လာပါ။ ပြီးရင် မြန်မာပြည်က စနစ်ကိုမေးကြည့်ပါ။ ရှည်ရှည်ဝေးမေးစရာ မလိုပါဘူး။ ကိုဇင်မင်းရဲ့ အဖေကို မေးကြည့်ပါ။ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ You will get the answer. လို့ထင်ပါတယ်။ ဒီလိုစနစ် မကျလို့ အပြင်ကျမ်းမာရေးလောကတောင် အဆင်မပြေဘူးဆိုရင် ကိုယ်ရောက်နေတဲ့လောက၊ ပညာရေး၊ …အစရှိတာတွေကိုသုံးသတ်ကြည့်ပါ ဘယ်ဟာကများစိတ်တိုင်းကျအောင် စနစ်ကျပါသလဲဆိုတာ စဉ်းစားကြည့်ပါ။ Please remember you r living in one of least developing countries.

      ရှင်းရတဲ့ အကြောင်းရင်းကတော့ “လျှောမွေးကို ဗာရာဏသီချဲ့” ဆေးကုဇာတ်လမ်းကို “ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ’ ရေးထားတဲ့ ဇာတ်လမ်းကို လျှတ်တပြက်ကနေ လွမ်းဇာတ်ခင်းမဲ့ပုံစံရေးထာတာကို ဖတ်မိတဲ့သူတွေ မြန်မာပြည်ဆေးလောကကို အထင်အမြင်မှားမှာကို ကာကွယ်ချင်လို့ဖြစ်ပါတယ်။

      ဆေးလောကမှာ ကောင်းတာတွေရှိပါတယ်။ အားနည်းချက်တွေလဲရှိပါတယ်။ ဒါပေမဲ့ အနိမ့်ဆုံး ဘာမှ မရှိတဲ့သူတွေ အတွက် “Something is better than nothing” ဆိုတာလေးကို သတိရစေချင်ပါတယ်။ အစိုးရ ဆေးရုံကလည်း သူအတိုင်းနဲ့သူ ပြင်ပဆေးရုံ ကလည်း သူ့ အထွာနဲ့သူ ပေးရတာနဲ့ တန်တဲ့ ဝန်ဆောင်မှု့ အသီးသီးကို ပေးနေတယ်လို့ ယုံကြည်မိပါကြောင်းဗျား။

      ဘန်ကောက်ကဆေးရုံတွေမှာ ကုသတယ်ဆိုတာ မြင်သာထင်သာရှိအောင်ပြောရရင် ဘယ်လောက်ကုန်သလဲဆိုတာက စပြီး စုံစမ်းကြည့်ပါ။ အခု case မှာ အနည်းဆုံး သိန်း ၄၀ဝလောက်ကုန်နိုင်ပါတယ်။ မြန်မာပြည်မှာဆိုရင် သိန်း၄ဝ တောင်မကုန်ပါဘူး။ တချို့ တချို့သော ရောဂါတွေက ဒီမှာရှိတဲ့ လူ၊ ပညာ၊ ပစည်းရင်းမြစ်နဲ့တင် ကုသနိုင်ပါတယ်။ မြန်မာမှာ ကုသမှုကောင်းကောင်းပေးနိုင်တဲ့ရောဂါတစ်ခုကို ဟိုသွားကုမှ ဒီသွားကုမှဆိုရင်ဖြင့် ပြည်သူတွေ တစ်သက်ရှာသမျှကို တစ်ခါတည်းနဲ့ကုန်ရမလို ဖြစ်နေမှာပေါ့ဗျာ။

      အများအတွက်ရေးချင်တယ်ဆိုရင် အများအတွက် အသုံးကျမဲ့ သတင်းအချက်အလက်ကိုသာ သေချာစဉ်းစားရေးသင့်ပါကြောင်းကိုတင်ပြအပ်ပါတယ်ခင်ဗျား။

  • MaMa

    June 10, 2011 at 1:13 am

    Team Work တဲ့။ စည်းလုံးခြင်းဖြင့် အောင်မြင်ရာ၏။

  • windtalker

    June 10, 2011 at 6:19 am

    ဒီသတင်း ကို 9.6.2011 က အသိဆရာဝန် ၃ ယောက် နဲ ့အတွေ ့မှာ သူတို ့ပြောနေကြလို ့သိရတယ်ဗျာ ။ 10.6.2011 ကြ သူငယ်ချင်း ဆရာဝန် တစ်ယောက် က နယ်ပြောင်းမှာမို ့လာနှုတ်ဆက်တော့ မေးကြည့်မိတော့ သူက ဆေးပညာဆိုင်ရာ အသုံးအနှုန်းတွေ နဲ ့ ရှင်းပြသွားပါတယ် ။ နောက်ပြီး သိရတာ က အခု မြန်မာနိုင်ငံမှာ ကုခဲ့တဲ့ ဆရာဝန်ကြီး ဘက်က တရားစွဲ ဖို ့ပြင်ဆင်နေပြီ တဲ့ ။ ဒေါ ်လာ သန်းချီ လျော်ကြေး တောင်းမယ် လို ့ပြောသံကြားပါတယ် ။ ဘယ်ဟာ က အမှန် ဆိုတာ မသိလို ့ပို ့စ် အနေနဲ ့မတင်ပဲ ဒီမှာပဲ နဲနဲ ဝင်ရေးလိုက်ပါတယ် ။ MMA မြန်မာ နိုင်ငံ ဆရာဝန်များ အသင်း က ဒီကိစ္စ ကို အသေးစိတ် လိုက်နေပြီလို ့လည်း သိရပါတယ် ။ မကြာမှီ ပွဲဆူတဲ့ သတင်းတွေ ဂျာနယ်တွေ မှာ ဖတ်ရဦးမှာ အသေ အချာ ပါပဲ ။ ဘာပဲ ဖြစ်ဖြစ် ဦးခင်မောင်ချို ရဲ ့သားတော်မောင် အသက်ဆက်လက် ရှင်သန်နိုင်ခဲ့တာ က တော့ မင်္ဂလာ တစ်ပါး ပါပဲ ဗျာ ။

  • windtalker

    June 10, 2011 at 6:24 am

    ဦးခင်မောင်ချို တို ့မိသားစု အနေ နဲ ့တောင်းပန်နေပြီ ဆိုတဲ့အကြောင်း ကို လည်း ကြားရပါတယ် ။ ဦးခင်မောင်ချို ရဲ ့အမျိုးသမီး ကိုယ်တိုင် ဟာ ဆရာဝန် တစ်ဦး ဖြစ်တဲ့ အကြောင်း ကို လည်း သိရပါတယ် ။

  • kai

    June 10, 2011 at 8:18 am

    အခုလာမဲ့.. စနေမှာ.. တောင်ပိုင်းကယ်လီဖိုးနီးယား..ဆရာဝန်အသင်းရဲ့.. ညစာစားပွဲရှိတယ်..။
    ဒီပြဿနာတွေကို.. လိုက်ကိုပြောဦးမှာ…။ 🙂

  • Myanmar

    June 10, 2011 at 8:52 am

    This is an official response from Myanmar Medical Association (Mandalay) on that article appeared in လျှက်တပြက်. It is posted in FB. It has been sent to to Union Ministers of Health and of Information, Myanmar Medical Council, Myanmar Medical Association (Central) and the media. Please read and appreciate the truth.
    မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက် နေ့စွဲ – ၆.၆. ၂၀၁၁ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)၊ မန္တလေးမြို့ ၁။ အဖိုးတန်သောလူ့အသက်များစွာကို ကယ်တင်ရသည့် ဆေးပညာရှင်ဆရာဝန်များအဖို့ို့ ဆေးပညာရှင်ဆရာဝန်တစ်ဦးအဖြစ် လူနာအများကို ကျန်းမာရေးစောင့်ရှောက…်မှုပေးနိုင်ရန်မှာ ဆေးပညာအတတ်ကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဖြစ်သည်ဟု နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံဆေးကောင်စီတို့က အသိအမှတ်ပြုရန် လိုအပ်ပေရာ ဆေးပညာရှင်များသည် ကောင်းမွန်စွာ လေ့လာဆည်းပူးထားသော အတတ်ပညာရှင်များ(Professionals)ဖြစ်ကြောင်း ထင်ရှားပါသည်။။ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) သည် ဆေးပညာရပ်များကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဟု အသိအမှတ်ပြုထားခြင်းခံရပြီးသောဖြစ်သော အဖွဲ့ဝင်ဆရာဝန် များ ဖြင့်ဖွဲ့စည်းထားသောအသင်းကြီးဖြစ်ပါသည်။ ၂။ ၂၀၁၁ခု၊ ဇွန်လ (၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါးသည် အယူအဆမှား၊ အချက်အလက်မှား၊ အတွေးအခေါ်မှားတို့ဖြင့် ဆရာဝန်နှင့်လူနာအကြား၊ ဆေးပညာရှင်များနှင့် ပြည်သူလူထုအကြား အခိုင်အမာတည်ဆောက်ထားရှိပြီးဖြစ်သည့် ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က ယူဆပါသည်။ ၃။ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) အနေနှင့် ပြည်သူလူထုအား ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရေးသာမက ယခုကဲ့သို့ ပြည်သူအများ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် အခြေအနေကိစ္စရပ်များတွင် မှန်ကန်သော၊ တိကျသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ပေးအပ်ရန်လည်း တာဝန်ရှိသည်ဟု ခံယူပေရာ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးနှင့် စပ်လျဉ်း၍ အခိုင်အမာထားရှိသည့် ကုသချက်မှတ်တမ်းများ၊ သက်ဆိုင်ရာဆရာဝန်ကြီးကိုယ်တိုင် ထုတ်ဖော်ပြောကြားချက်များကို ကိုးကားပြီး ပြည်သူအများ၏ အကျိုးကို ရှေးရှုရည်ရွယ်၍ ဤသဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာပါသည်။ ၄။ ဆောင်းပါးရှင် သံလျက် ရေးသားသော ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ရည်ညွှန်းဖော်ပြထားသည့် လူနာသည် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုသို့ ၁၇.၅.၂၀၁၁ ညနေ ၆း၄၅ နာရီတွင် ခေါင်းထိခိုက်ဒဏ်ရာ(Head Injury)ဖြင့် လာရောက်ပြသသည်။ ထိုခေါင်းထိခိုက်ဒဏ်ရာ ရရှိသည့်အချိန်မှာ ထိုနေ့ ညနေ (၃းဝ၀) နာရီတွင်ဖြစ်သည်။ ဖြစ်ပွားခဲ့သည့်နေရာမှာ ပြင်ဦးလွင်မြို့ဖြစ်သည်။ ထိုခေါင်းထိခိုက်ဒဏ်ရာရရှိသည့်အချိန်မှစ၍ ထိုဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူသည့်အချိန်အထိ လူနာမှာ သတိလစ်မေ့မြောနေသည်။ သက်ဆိုင်ရာဆရာဝန်ကြီး၏ စစ်ဆေးစမ်းသပ်ချက်အရ ဆရာဝန်ကြီးက ဦးနှောက်ဓာတ်မှန်ရိုက်ရန် (Computerized Tomographic Scan) ရိုက်ရန် ညွှန်ကြားသည်။ သက်ဆိုင်ရာဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီးကိုယ်တိုင် ထိုဦးနှောက်ဓာတ်မှန်ကို ကြည့်ရှုစစ်ဆေး၍ ၁။ ဦးနှောက်အတွင်း တုန်ခါခြင်း (Cerebral Concussion) ၂။ ဦးနှောက် လှုပ်ရွေ့ခြင်း (Cerebral Distorsion) ၃။ (ညာဘက်အခြမ်း)ဦးနှောက်အတွင်း သေးငယ်သော သွေးခဲဖြစ်ပေါ်ခြင်း (Intracerebral Small Haematoma) ဟု ရောဂါအမည်တပ်သည်။ ထို့နောက် ရောဂါနှင့်စပ်လျဉ်း၍ ခွဲစိတ်ကုသရန်မလိုအပ်ကြောင်း၊ အနီးကပ်ကြည့်ရှုစီမံမှုဖြင့် လိုအပ်သည့်ဆေးချက်များ၊ ကုသထုံးများနှင့် ကုသသွားမည်ဖြစ်ကြောင်း လူနာရှင်အား ရှင်းလင်းပြောကြား၍ လိုအပ်သော ဆေးချက်များ၊ ကုထုံးများကို ညွှန်ကြားကုသသည်။ ထို့ကြောင့် ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် “ဒါပေမဲ့လည်း အသစ်စက်စက်လို့ဆိုတဲ့ CT Scan နဲ့ ဦးနှောက်ကို ရိုက်ကြည့်လိုက်တော့ အဖြေက ဘာမှမတွေ့ဟု ဆေးစာထွက်လာပါတယ်။ ကဲ… ဘယ်လိုလုပ်မလဲ။ (ပေ) အခုလို CT Scan မှာ ဘာမှမတွေ့ရဘူးဆိုတဲ့ အဖြေထွက်တဲ့အပေါ် ယုံကြည်မှုအရ ဆရာဝန်တွေကလည်း စောင့်ကြည့်အနေအထားပဲ ထားလိုက်တော့တယ်။” ဟူသော ဖော်ပြချက်သည် လုံးဝမှားယွင်းပါသည်။ ၅။ အနီးကပ်ကြည့်ရှုစောင့်ရှောက်မှု (Under Close Supervision) ကို တစ်နည်းအားဖြင့် Masterly Inactivity ဟုလည်း ဆေးပညာရပ်တွင် သုံးစွဲပါသည်။ ခွဲစိတ်ကုသမှုတိုင်းတွင် ခွဲစိတ်ကုသမှုအန္တရာယ်များ၊ မေ့ဆေးထုံဆေးအန္တရာယ်များ ရှိကြသည်သာ ဖြစ်ပါသည်။ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုများမှာမူ မလိုအပ်ဘဲပြုလုပ်ပါက အသက်အန္တရာယ်စိုးရိမ်ရသည်အထိ မလိုလားအပ်သောအကျိုးဆက်များ ထွက်ပေါ်နိုင်ပါသည်။ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ညွှန်းဆိုသည့် လူနာမှာ ခွဲစိတ်ကုသရန်မလိုအပ်ဘဲ ဆေးဝါးဖြင့်ကုသရန်သာ လိုအပ်သောကြောင့် အနီးကပ်ကြည့်ရှုစောင့်ရှောက်မှု (Under Close Supervision) ထား၍ လိုအပ်သော ဆေးဝါးကုထုံးများ၊ ဆေးချက်များပေး၍ ကုသရန် သက်ဆိုင်ရာဆရာဝန်ကြီးက ဆုံးဖြတ်ခြင်း ဖြစ်သည်။ ၆။ လူနာ၏ ရောဂါနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ကုသရာတွင် အသုံးပြုမည့် ဤကုသထုံးနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ခွဲစိတ်ကုသရန်မလိုဘဲ ဆေးဝါးများဖြင့်သာ ကုသရန်သာလိုအပ်ကြောင်းကိုလည်းကောင်း၊ လူနာ၏ အခြေအနေမှာလည်း အသက်အန္တရာယ်စိုးရိမ်ရန် မရှိကြောင်းနှင့် ကုထုံးအလားအလာ(Prognosis) အနေနှင့် ရက်သတ္တပတ်ခန့်ကြာလျှင် ပြန်လည်ကောင်းမွန်လာမည်ကိုလည်းကောင်း စိုးရိမ်ရန်မရှိကြောင်းဖြင့် သက်ဆိုင်ရာဆရာဝန်ကြီးကိုယ်တိုင် လူနာရှင်မိသားစုကို သေချာစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၇။ ကုသချက်မှတ်တမ်းများအရ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ရည်ညွှန်းဖော်ပြထားသည့် လူနာသည် ၁၉. ၅. ၂၀၁၁ နံနက် ရး၃ဝ နာရီတွင်လည်းကောင်း၊ ၂၀. ၅. ၂၀၁၁ နံနက် ၁ဝး၃ဝ နာရီတွင်လည်းကောင်း ဦးနှောက်ထိခိုက်ဒဏ်ရာတို့၏ သဘာဝအရ နှလုံးခုန်နှုန်းများ တစ်မိနစ် ၅၄ ကြိမ် နှင့် တစ်မိနစ် ၅၂ ကြိမ်တို့သို့ အသီးသီးကျဆင်းသွားရာ သက်ဆိုင်ရာဆရာဝန်ကြီးက အခြားအရေးကြီးသော လက္ခဏာရပ်များဖြစ်ကြသည့် လူနာ၏ သိ-ခံစား-လှုပ်ရှားမှုစွမ်းရည်များကို တိုင်းတာအကဲဖြတ်သည့်စနစ် (Glasgow Coma Scale)ရမှတ်၊ သွေးဖိအား (Blood Pressure)၊ အသက်ရှုနှုန်း (Respiratory Rate)၊ ခန္ဒာကိုယ်အပူချိန် (Body Temperature) တို့နှင့် ညှိုနှိုင်းစဉ်းစားလျက် ၎င်းအရေးကြီးလက္ခဏာရပ်များ ကောင်းမွန်စွာ ရှိနေကြသည့်အလျောက် လိုအပ်သော ဆေးဝါးကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲကုသစေခဲ့ပါသည်။ လူနာအခြေအနေကို စောင့်ကြည်နိုင်ရန် ဆရာဝန်ကြီးကိုယ်တိုင်လည်း လူနာကို နေ့စဉ် ကြည့်ရှုခဲ့ပေသည်။ လူနာ၏ သိ-ခံစား-လှုပ်ရှားမှုစွမ်းရည်များကို တိုင်းတာအကဲဖြတ်သည့်စနစ် (Glasgow Coma Scale) မှာလည်း လွန်စွာ ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်ကျန်းမာသောလူတစ်ဦးတွင် ရှိသည့် အမှတ် ဖြစ်သော တစ်ဆယ့်ငါးမှတ်အဖြစ်သာ သတ်မှတ်အကဲဖြတ်ပါသည်။ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် လူနာအနေအထား(General Condition)မှာ ပုံမှန်(Normal)၊ အနည်းငယ်မှိန်း (Slightly Drowsy)နှင့် မူးဝေမှိန်း(Drowsy) ဟူသော အခြေအနေများ ဖြစ်ပေါ်နေခြင်းသာ ရှိပါသည်။ သို့ဖြစ်ရာ ဆောင်းပါးရှင်သံလျက်၏ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင်“ ဒီကြားထဲ လူနာက နှလုံးခုန်နှုန်းတွေ တဖြည်းဖြည်းထိုးကျလာတာ တစ်မိနစ်ကို အကြိမ် (၄၀) နဲ့ (၅၀)ခန့်သာရှိတော့တယ်။ (ပေ) ဒီအတိုင်း လူနာကုတင်ပေါ်မှာ သတိရတချက် မရတစ်ချက်ဖြစ်နေပြီး ကံကြမ္မာကို စောင့်နေတာထက်စာရင် နိုင်ငံခြားကိုသွားပြကြည့်ပါလား။ ဟိုမှာတစ်ခုခုအဖြေပေါ်ပြီး တစ်နည်းနည်းနဲ့တော့ကုနိုင်မှာပါ” ဟူ၍ ဖော်ပြထားခြင်းသည် အဖြစ်မှန်ကို ဖုံးကွယ်၍ လွဲမှားစွာ ရေးသားဖော်ပြထားခြင်းသာဖြစ်သည်။ ၈။ ၂၀.၅.၂၀၁၁ ညပိုင်းတွင် လူနာရှင်က လူနာဖြစ်သူအား ထိုင်းနိုင်ငံရှိ ဆေးရုံကြီးတစ်ခုသို့ သွားရောက်ပြသရန်စီစဉ်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာဆရာဝန်ကြီးက သိရှိရသောအခါတွင်လည်း သဘောထားကြီးစွာ သွားရောက်ခွင့်ပြုခဲ့ပါသည်။ လိုအပ်သော ဆေးကုသမှုမှတ်တမ်းများနှင့် စမ်းသပ်တွေ့ရှိချက်အပြည့်အစုံတို့ကို ရေးသားပေးလိုက်ပြီး လူနာရှင်နှင့်အတူ ယူဆောင်သွားစေခဲ့ပါသည်။ လူနာအား လေဆိပ်သို့ပို့ဆောင်ရာတွင်လည်း ဆေးရုံတွင် လူနာအသုံးပြုဆဲဖြစ်သော အောက်ဆီဂျင်စက်ကိရိယာများ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းစက်များဖြင့် ဂရုတစိုက် ပို့ဆောင်စေခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ဆောင်းပါးရှင် သံလျက်၏ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် “ လေဆိပ်မှာလာကြိုတဲ့ကားနဲ့ မန္တလေးမြို့တွင်းရှိပုဂ္ဂလိကဆေးရုံကြီးအထိ လူနာကို(ပေ) မန္တလေးဆေးရုံပေါ်မှာပဲ သူတို့ရဲ့ ဆေးပစ္စည်းကိရိယာတွေကို စိတ်တိုင်းကျပြောင်းလဲတပ်ဆင်ပြီးမှ လေဆိပ်ကိုလူနာနှင့်အတူ ပြန်လည်လိုက်ပါလာပါတယ်။” ဟုဖော်ပြထားခြင်းမှာ လုံးဝမှားယွင်းပါသည်။ ၉။ ထိုင်းနိုင်ငံသို့ သွားရောက်ကုသရန် မထွက်ခွာမီကပင် သက်ဆိုင်ရာဆရာဝန်ကြီးက ထိုင်းနိုင်ငံရှိဆေးရုံကြီးတွင်လည်း မိမိကုသသည့် ကုသထုံးအတိုင်းပင် ကုသမည်သာဖြစ်ကြောင်း၊ ခွဲစိတ်ကုသရန် မလိုအပ်ပါကြောင်း၊ ယခုကဲ့သို့ လေယာဉ်စင်းလုံးဌားရန်လိုအပ်သည်ထိ အခြေအနေမဆိုးရွားပါကြောင်းဖြင့် လူနာရှင်အား ထပ်မံရှင်းလင်းခဲ့သည်။ စီစဉ်ပြီးဖြစ်သည့်အလျှောက် ထိုင်းနိုင်ငံသို့ ရောက်ရှိ၍ စမ်းသပ်စစ်ဆေးကြသောအခါတွင်လည်း မိမိတို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာဆရာဝန်ကြီး ကြိုတင်ရှင်းလင်းပြောဆိုထားသကဲ့သို့ပင် ခွဲစိတ်ကုသရန်မလိုအပ်ဘဲ ဆေးဝါးဖြင့်သာ လူနာကို ကုသခဲ့ပေသည်။ ဤသည်ကို ဆောင်းပါးရှင်သံလျက်က ထိုလျှပ်တစ်ပြက်ဂျာနယ်ဆောင်းပါးတွင် “ဒီကိုရောက်တာ အချိန်မီတဲ့အတွက် ခွဲစိတ်ကုသဖို့မလိုဘဲ ပျောက်ကင်းနိုင်တယ်ဆိုပြီး အားပေးစကားပြောတယ်” ဟူ၍ ဖော်ပြထားရာ ဤသည်မှာ ထင်ရှားသောအမှန်တရားတစ်ခုကို တမင်ဖုံးကွယ်လိုသောစိတ်ထားဖြင့်၊ ဆောင်းပါးရှင်သာ သိနိုင်မည်ဖြစ်သောရည်ရွယ်ချက်မျိုးဖြင့် ရေးသားထားခြင်းဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ၁၀။ သို့ဖြစ်ရာ ၂၀၁၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင် ဖော်ပြပါရှိသည့် ဆောင်းပါးရှင် သံလျက်၏ ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ ဆောင်းပါးသည် မှားယွင်းသောအချက်အလက်များ၊ မှားယွင်းသောအယူအဆများ၊ အမှန်ကိုဖုံးကွယ်၍ လိုရာဆွဲသော အရေးအသားများအပေါ် အခြေခံထားသည့်အလျောက် ပြည်သူလူထုနှင့် ဆေးပညာရှင်များအကြား နားလည်မှုလွဲမှားနိုင်စေခြင်း၊ ဆေးပညာရှင်များ၏ ဂုဏ်သတင်းကို ထိခိုက်ပျက်ပြားနစ်နာစေလိုသည့် ရည်ရွယ်ချက်ထင်ရှားနေခြင်းတို့ကြောင့် ဆောင်းပါးရှင် သံလျက်၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါးနှင့် ထိုဆောင်းပါးဖော်ပြပါရှိသည့် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃) အမှတ် (၃၉) တို့ကို သက်ဆိုင်ရာဆရာဝန်ကြီးနှင့် ဆေးပညာရှင်များကိုယ်စား မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က ပြင်းထန်စွာ ရှုံ့ချကန့်ကွက်လိုက်သည်။ ၂၀၁၁ခုနှစ်၊ ဇွန်လ (6)ရက် တင်္နလာနေ့တွင် ကျင်းပသော အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ (ပုံ) ပါမောက္ခ သစ်လွင် ဥက္ကဋ္ဌ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)

Leave a Reply