လူလွတ်တစ်ယောက်ဖြစ်ပေမယ့် တူမလေးတွေကို ကျွေးမွေးထိန်းကျောင်းလာတဲ့ကျမ ကလေးတွေကိုသိပ်ချစ်တယ်။ ကလေးတွေမြင်ရင် ချမ်းသာတဲ့ကလေးဖြစ်ဖြစ် ဆင်းရဲတဲ့ကလေးဖြစ်ဖြစ် အလိုလိုနေရင်းသနားတတ်တာ။ သွားရင်းလာရင်း တောင်းစားတဲ့ကလေးတွေ မိုးရွာနေပူထဲမှာ ပင်ပန်းနေတဲ့ကလေးတွေမြင်ရင် မျက်ရည်အလိုလိုဝဲလာရော။ အလုပ်လုပ်နေတဲ့ကလေးဆိုရင် ပိုသနား ပို ချစ်တယ်။ တတ်နိုင်သလောက်လည်းအမြဲကူညီအားပေးခဲ့တယ်။

ပြီးခဲ့တဲ့ရုံးပိတ်ရက် မေမေခေါ်လို့ဈေးလိုက်သွားတယ်။ ဟင်းသီးဟင်းရွက်အဓိကထားရောင်းတဲ့ဈေးပါ။ ဈေးထဲဝင်ဝင်ချင်းမှာပဲ သမီးလေး ၃ ယောက် ကွမ်းရွက် ဗန်းကလေးတွေကိုင်ပြီး ကွမ်းရွက် ရောင်းနေတာ တွေ့တယ်။ ကလေးလေးတွေက အလည်လေးတွေ ၁၀ နှစ် ၁၁ နှစ်လောက်ရှိမယ်။  အိမ်က တူမအကြီးလေးနဲ့ရွယ်တူလောက်ပဲ။ သူတို့ကို ကျမစိတ်ဝင်တစားကြည့်လိုက်တာသူတို့သိတယ် ။ သမီးလေးတစ်ယောက်ပြေးလာပြီး အန်တီ ကွမ်းရွက် ဝယ်ပါတဲ့။ အိမ်မှာ ကွမ်းရွက်မလိုပေမယ့် ကျမထုံးစံအတိုင်း တတ်နိုင်သလောက်လေး အားပေးကူညီချင်လို့ဈေးဝယ်ပြီးပြန်လာမယ်နော်လို့ပြောပြီး မေမေဝယ်ချင်တာ တွေအရင်လိုက်ဝယ်ပေးလိုက်တယ် ။   ပြန်ထွက်လာတော့ ခုနကသမီးလေး ပြေးထွက်လာတယ်။ ကျမနားရောက်တော့ ကွမ်းရွက် တစ်ထပ် ယူလိုက်ပြီး အန်တီ ၁၀၀ ပဲပေးပါတဲ့။ ကျမက တစ်ဗန်းလုံးယူမယ် သမီး ဆိုတော့ ၂၀၀ ပေးပါတဲ့။ အေး အေး ဆိုပြီး ပိုက်ဆံပေး ကွမ်းရွက်ယူပေါ့။ မေမေကတောင် ဒီလောက် ကွမ်းရွက် အများကြီး ဘာလုပ်မှာတုန်းတဲ့။ အိမ်နားမှာဝေလိုက်မှာပေါ့မေမေရယ် ကလေးတွေရောင်းတဲ့ပစ္စည်းမြန်မြန်ကုန်တော့ အိမ်မြန်မြန်ပြန်နားရတာပေါ့လို့ပြောပြီး အဲဒီကလေးတွေကို မျက်စိဝဲကြည့်လိုက်မိတာ……အဲဒီမှာတွေ့တာပဲ။

ကွမ်းရွက်ရောင်းတာ ကျမပြောတဲ့ ကလေး ၃ ယောက် ကတစ်ဖွဲ့ ၊ သူတို့ကထိုင်ရောင်းတာမဟုတ်ဘူး ဗန်းကလေးတွေကိုင်ပြီး မတ်တပ်ရောင်းတာ။ သူတို့ကျော်ကျော်လောက်မှာက ထိုင်ရောင်းတဲ့ ကွမ်းရွက်သည်ရှိလိမ့်မယ်။ တောင်းကလေးမှောက်ပြီး ကွမ်းရွက်ဗန်းကြီးတင်ထားတယ်။ ရောင်းတဲ့သူကတစ်နေရာရာသွားနေတယ်ထင်တယ် မရှိဘူး။ ကျမကြည့်လိုက်တဲ့အချိန်မှာ ကလေး ၃ ယောက်ထဲကတစ်ယောက်က လက်ကလေးပိုက်ပြီး ကွမ်းရွက်ဗန်းကြီးနားကိုရွေ့ရွေ့သွားနေတယ်။ ကျန်နှစ်ယောက်က ဆော့တာလိုလို ရန်ဖြစ်တာလိုလိုနဲ့အော်ပြီး ပြေးလွှားနေတယ်။ (ကျမအထင်လူတွေကသူတို့နှစ်ယောက်ကိုအာရုံစိုက်ပြီး ကွမ်းရွက်ဗန်းကြီးနားက ကလေးကိုသတိမထားမိအောင်လုပ်နေတာလို့ထင်တယ်)။ အဲဒီမှာ ကွမ်းရွက်ဗန်းကြီးနားက ကလေးက ကိုယ်ကိုနည်းနည်းစောင်းလိုက်ပြီး  လက်ပိုက်တားတဲ့အနေအထားနဲ့ပဲ ကွမ်းရွက်တစ်ထပ်ကို ဆတ်ကနဲကောက်ယူလိုက်တယ်။ ပြီးတာနဲ့ လက်ကလေးပိုက်ရက်နဲ့ပဲ ပြေးနေတဲ့ကလေးနှစ်ယောက်ဆီကို သူကပါပြေးသွားပြီး ကလေးတစ်တစ်ယောက်ကိုင်ထားတဲ့ ကွမ်းရွက်ဗန်းကလေးထဲ သူယူလာတဲ့ကွမ်းရွက်ကိုထည့်လိုက်တယ်။  သူတို့ mission complete ။  မဆော့ကြတော့ပဲကျမခုနကဈေးထဲဝင်လာတုန်းကလို တန်းစီပြီးဟန်မပျက်ဈေးဆက်ရောင်းနေလေရဲ့။

အစအဆုံးမြင်လိုက်ရတဲ့ ကျမကတော့ ဒီသမီးလေးတွေရဲ့အနာဂါတ် ကိုမြင်ယောင်ကြည့်ရင်း သက်ပြင်းပဲတွင်တွင်ချမိတော့တယ်။ စာသင်ရမဲ့အရွယ်မှာ ဝမ်းစာရှာရင်း ဒီလိုအတတ်တွေ မသင်ယူရပဲတတ်မြောက်နေတဲ့ကလေးတွေအတွက် ကျမတို့တစ်ခုခုတော့ဆောင်ရွက်သင့်ပြီထင်ပါတယ်။

About Pearl May

has written 11 post in this Website..