အများသိကြတဲ့အတိုင်း ဒေါက်တာဦးမြင့် ဆိုတာ စီပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး သမ္မတရဲ့ စီးပွားရေးအကြံပေး ခေါင်းဆောင်လည်းလုပ်နေပါတယ်။
အမှန်ကို ရှင်းရှင်းပြောတတ်တဲ့ သူတစ်ဦးဖြစ်တယ်လို့လည်း သတင်းထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အဆက်အသွယ်ရှိဘူးတယ်လို့လည်း သိရပါတယ်။

အခုအကြောင်းအရာကတော့ ပြီးခဲ့တဲ့ လတုန်းက ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆွေးနေ

 

ကျနော်တို့လမ်းမှာ ပိတ်ရပ်မနေပါနှင့်။ တတ်နိုင်သမျှ ကူညီပေးပါ။

ဦးမြင့် | ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၀၁ မိနစ်
မဇ္ဈိမသတင်းဌာန ။       ။ ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို မြန်မာအစိုးရသစ်က
နေပြည်တော်၌ မေလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ စီးပွားရေး ပညာရှင်ဖြစ်ပြီး၊ ဦးသိန်းစိန်အစိုးရ၏ စီးပွားရေး အကြံပေးဖြစ်သူ ဒေါက်တာ ဦးမြင့်က ဆင်းရဲမွဲတေမှု လျှော့ချရေး လမ်းပြစာတမ်းတရပ် တင်သွင်းခဲ့သည်။ 

၎င်းစာတမ်းကို မဇ္ဈိမ အင်္ဂလိပ်ပိုင်းတွင် မေလ ၂၄ ရက်နေ့တွင် တင်ပြခဲ့ရာ သံအမတ်ဟောင်းတဦးဖြစ်သူ မစ္စတာ ရူးဒေါ့ဖ် Rudolf က ‘‘ဦးမြင့်၏ အသုံးမကျသည့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးလျှော့ချရေး လမ်းပြစာတမ်း’’ ဟူသည့် ခေါင်းစဉ်ဖြင့် ဝေဖန်ဆောင်းပါး ရေးခဲ့သည်။ ထိုဆောင်းပါးကို မဇ္ဈိမအင်္ဂလိပ်ပိုင်းတွင် မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုတဖန် ဒေါက်တာ ဦးမြင့်က မစ္စတာ ရူးဒေါ့ဖ်ထံ ပြန်လည်ချေပသည့် ပေးစာတစောင် Don’t get in our way … do whatever you can to help us’ ရေးသားလာသည်ကို မြန်မာဘာသာဖြင့် ပြန်ဆိုကာ ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါသည်။

မစ္စတာ ရူးဒေါ့ဖ် (Mr. Rudolf) ခင်ဗျား …
အကြောင်းအရာ ။      ။ ဦးမြင့်၏ အသုံးမကျသည့် “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လမ်းပြစာတမ်း” U Myint’s useless paper on reducing poverty in Myanmar: the way forward နှင့် ပတ်သက်၍ 

၁။ ၂ဝ၁၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မဇ္ဈိမသတင်း၌ ဖော်ပြခဲ့သည့် အထက်ခေါင်းစဉ်ပါ စာနှင့်ပတ်သက်၍
အောက်ဖော်ပြပါ အချက်များကို သင်သိစေရန် တုံ့ပြန်လိုပါသည်။

၂။ ယခုစာသည် အလွန်အမင်း အသုံးမကျသည့်၊ ဆန့်ကျင်ဘက်ရလဒ် ဖြစ်စေသည့် စာတမ်းဖြစ်သည်။ မိမိ၏ စာတမ်းတွင် မည်သည့်အချက်ကြောင့် သင့်ကို အလွန်အကျူး ထိခိုက်စော်ကားသည့်နှယ် ဖြစ်ခဲ့ရသည်၊ ရန်ကုန် ငါးဈေးတန်းရှိ ငါးစိမ်းသည်ပင် ရှက်ရွံ့စေရမည့် စကားလုံးများဖြင့် ချက်ချင်းတုံ့ပြန်ရစေသည့် အဖြစ်ကို တိတိကျကျ ဖော်ပြပေးနိုင်ပါက မြန်မာပြည်သူများအတွက် ပို၍ အကျိုးရှိစေလိမ့်မည် ဖြစ်ပါသည်။

၃။ သံဝန်ထမ်းနှင့် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သင်၏ သံဝန်ထမ်းနှင့် သံအမတ်ကြီး ဘဝအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ရသည်ကို မဇ္ဈိမထံ ပေးပို့သည် စာတွင် ထင်ဟပ်မနေသည့်အတွက် မိမိအနေနှင့် များစွာ ဝမ်းနည်းမိပါသည်။ သင့်နိုင်ငံရှိ လုပ်ဖော်ကိုင်ဘက်များထံ ဆက်ဆံဖော်ပြသည့် ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုများအတိုင်း၊ သင်က နကန်းတလုံးမျှ မသိနားမလည်ဟု ယူဆထားသည့် မြန်မာနိုင်ငံသားများကို ဆက်ဆံပါရန် ကျနော် လိုလားမိပါသည်။

၎။ ဖွံ့ဖြိုးရေးနယ်ပယ် နိုင်ငံရေးတွင် ကျွမ်းကျင်သူတဦး ဖြစ်သည်။ သင်က ကျွမ်းကျင်နှံ့စပ်သူတဦးဟု ဆိုထားသည့် ဖွံ့ဖြိုးရေးနယ်ပယ် နိုင်ငံရေး ဘာသာရပ်ကို ကျနော်တို့ မသိရှိပါ။ ၎င်းဘာသာရပ်နှင့် ပတ်သက်၍ မြန်မာကျောင်းသားများက ဂျာမန်တက္ကသိုလ်တွင် သင်ကြားလေ့လာနိုင်မည်ကို ညွှန်ပြပေးပါက ကျနော် အထူးကျေးဇူးတင်ရှိမည် ဖြစ်ပါသည်။

၅။ ဆင်းရဲမှုနှင့် ပတ်သက်၍ အပိုဒ် ၃၃ ပိုဒ် ပါရှိသည်။ မိမိတို့နိုင်ငံတွင် သင်တို့သံရုံး၌ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က သော်လည်းကောင်း၊ မကြာသေးမီကာလအထိ သော်လည်းကောင်း Poverty ဟူသည့် စာလုံး ၇ လုံးမှာ တီးတိုးပြော၍ပင် မရနိုင်သည်ကို သင်သတိမမူမိခြင်း ဖြစ်ပါလိမ့်မည်။ စာတမ်းရေးရန်၊ နိုင်ငံ၏ ဆုံးဖြတ်ချက် ချမှတ်မည့် ခေါင်းဆောင်များရှေ့တွင် ပြောရန် ဝေးစွပင်။ ကျနော်က ယခုလိုအစွဲကို တကြိမ်တည်းနှင့် ချွတ်လိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူများ ရှိနေသည်ကို ဝန်ခံပြောဆိုသည့်အတွက် အန္တရာယ် မရှိကြောင်း၊ ဤပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်းကိုလည်း ပြသလိုသည်။ သို့အတွက်ကြောင့် စာပိုဒ် ၂၇ ပိုဒ် (၃၃ ပိုဒ် မဟုတ်ပါ) ကို ဤကိစ္စအတွက် အသားပေး ရေးခဲ့ရပါသည်။ 

၆။ ကံကောင်းသည်မှာ ကျနော်က မြန်မာတဦး မဟုတ်ခြင်းပင်။ ဤနေရာတွင်တော့ သင်နှင့် လုံးဝ သဘောတူညီပါသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာနရှိ သံဝန်ထမ်းအများအနေဖြင့်လည်း သင့်အနေဖြင့်
မြန်မာလူမျိုးတဦး မဟုတ်သည့်အတွက် ကံကောင်းလှပေသည်ဟု ခံယူကြမည် ဖြစ်ပါသည်။ အကြောင်းမှာ ကျနော်က သူတို့၏ လမ်းညွှန်ဆရာ ဖြစ်ခဲ့ဖူးပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆရာဖြစ်ခဲ့ဖူးပါသည်။ အကယ်၍ သင်သာ သံဝန်ထမ်းအဖြစ် အသက်မွေး တက်လမ်းရှာမည့်သူ ဖြစ်ပါက၊ မဇ္ဈိမထံ ရေးသည့်စာကြောင့် သူတို့အားလုံး အရှက်ရကြမည် ဖြစ်ပါသည်။

၇။ အခွန်ဘဏ္ဍာငွေများ သုံးသည့်အတွက် ဒေါသဖြစ်ရသည်။ ကုလသမဂ္ဂတွင် မြန်မာအစိုးရ၏ တိုက်တွန်းမှုဖြင့် တာဝန်ယူရသည့်အခါ ဝန်ကြီးအဖွဲ့ ဆုံးဖြတ်ချက် လိုအပ်ပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးတက္ကသိုလ် သုတေသနဌာနတွင် သုတေသနလက်ထောက်အဖြစ် သော်လည်းကောင်း၊ ပညာရေးတက္ကသိုလ်တွင် စီးပွားရေးဌာန- ဌာနမှူးအဖြစ် သော်လည်းကောင်း၊ နိုင်ငံခြားရေးဌာနတွင် စီးပွားရေးဌာန တာဝန်ခံအဖြစ် သော်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သော နှစ်များအတွက် ခံစားခွင့်ရှိသည့် ပင်စင်လစာငွေကို စွန့်လွှတ်ခဲ့ရပါသည်။ ယခုအခါ ကျနော်က ကုလသမဂ္ဂ ပင်စင်လစာဖြင့် နေထိုင်နေပါသည်။ မြန်မာအစိုးရထံမှ ပင်စင်လစာ တပြားတချပ်မှ မရရှိပါ။

မိမိတွင် ရုံး၊ အတွင်းရေးမှူး၊ သုတေသန လက်ထောက်များဟူ၍လည်း မရှိပါ။ အချိန်များစွာတွင် အိမ်တွင်ပင် ထိုင်၍ အလုပ်လုပ်ရပါသည်။ မိမိကို သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့တွင် တာဝန်ယူရန် တောင်းဆိုလာသည့်အခါ၊ ယခုတာဝန်ကို အခြေအနေတခု သတ်မှတ်၍ လက်ခံခဲ့ပါသည်။ မိမိအတွက် အခွင့်ထူး၊ မည်သို့သော ခံစားခွင့်မျိုး ဟူသည်မဆို လက်မခံပါဟု ပြောခဲ့ပါသည်။ သမ္မတရုံးကလည်း မိမိဆန္ဒကို လေးစားလိုက်နာပါသည်။ ယခုအခါ မိမိက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၏
တောင်းဆိုမေတ္တာရပ်ခံမှုကြောင့်သာ အကြံပေး တာဝန်ယူခဲ့ခြင်း ဖြစ်ပါသည်။ ဤတာဝန်အရ မိမိ၏ ခရီးစရိတ်များ၊ အစားအသောက်၊ အစည်းအဝေးတက်ရန် နေထိုင်စရိတ်နှင့် နေပြည်တော်တွင် စီးပွားရေး အကြံပေးအဖြစ် တာဝန် ထမ်းဆောင်နေချိန် ကုန်ကျစရိတ်များကို မြန်မာနိုင်ငံ စီးပွားရေး အသိုက်အဝန်းက တာဝန်ယူထားပါသည်။

သို့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲခြင်း မရှိသလို၊ မိမိ၏ လက်ရှိလုပ်ငန်းများဖြစ်သည့် သုတေသီ၊ ဆရာနှင့် စီးပွားရေးအကြံပေး လုပ်ငန်းများနှင့်လည်း သက်ဆိုင်ပတ်သက်မှု မရှိပါ။ သို့အတွက်ကြောင့် မစ္စတာရူးဒေါ့ဖ်အနေဖြင့် မိမိက အခွန်ဘဏ္ဍာများ ဖြုန်းတီးနေသည်ဟု ဒေါသဖြစ်ရန် မလိုအပ်သလို၊ မိမိ၏ ဆင်းရဲမှုဆိုင်ရာ စာတမ်းကို
ပြင်ဆင်ရေးသားနေချိန်၊ ထုတ်လုပ်၊ တင်ဆက်နေချိန်၊ ဖြန့်ဖြူးမှုများတွင်လည်း အခွန်ဘဏ္ဍာများ ဖြုန်းတီးခဲ့မှု မရှိပါ။ ၎င်းအစား သင်၏ ဒေါသများကို (သင်အပါအဝင်) အခွန်ပေးနေသူများ၏ ဘဏ္ဍာငွေကြေး ယူရိုငွေ သန်းထောင်ချီ၍ သုံးစွဲနေသည့် အချို့သော အစိုးရများ၊ စီမံခန့်ခွဲမှု လွဲမှားနေသည့်၊ အရည်အချင်း မပြည့်မီသည့် အစိုးရများနှင့် စီးပွားရေး ကုမ္ပဏီများကို ပံ့ပိုးပေးပြီး ဖြုန်းတီးနေသည့် ကိစ္စများအပေါ် အာရုံလွှဲခဲ့ပါက ပို၍ အကျိုးရှိလိမ့်မည် ဖြစ်ပါသည်။

၈။ မြန်မာနိုင်ငံတွင် ဆင်းရဲမှုလျှော့ချရေးမှာ အလွန်ရိုးရှင်း လွယ်ကူလှပါသည်။ နောက်တကြိမ် သင် ရန်ကုန်ရောက်သည့်အခါတွင်၊ တက္ကဆီကားမောင်းသူကို “ဓာတ်ဆီဈေး မည်မျှ ရှိပါသနည်း” ဟု မေးကြည့်ပါ။ ဤမေးခွန်းကြောင့် သူ့ကိုလှုပ်လှုပ်ရှားရှား ဖြစ်စေမည်ကို ကျနော် အာမခံပါသည်။ သင့်ကို တက်ကြွစွာနှင့်
ထွေပြားသော အဖြေကို ပေးပါလိမ့်မည်။ ဓာတ်ဆီဈေးကိစ္စတွင် မည်သို့မှားယွင်းနေသည်ကို သင့်ကို ရှင်းပြသိစေမည်သာမက၊ စီးပွားရေးစနစ်တွင် မည်သည့်ကိစ္စများ မှားယွင်းနေသည်၊ ဤနိုင်ငံတွင် ဆင်းရဲမှု
လျှော့ချရေးသည် မည်သည့်အတွက်ကြောင့် လွယ်ကူရိုးရှင်းသည့်ကိစ္စ မဟုတ်သည်ကို ရှင်းပြပါလိမ့်မည်။ ထိုကားဆရာ၏ ဘဝတသက်တာတွင်ပင် မြင်ရချင်မှ မြင်ရပါလိမ့်မည်။

၉။ ဘဏ်စနစ်၊ ငွေကြေးလဲလှယ်မှုနှုန်း၊ လက်ဖက်ရည်ဖိုး၊ ပွင့်လင်းမြင်သာသည့် ဘတ်ဂျက်၊ ကျန်းမာရေး-ပညာရေး ကိစ္စများကို တည်ဆောက်ပေးခြင်း… စသဖြင့်။ ဤနေရာတွင် မိမိရှုပ်ထွေးသွားပြီ ဖြစ်သည်။
သေချာပြန်ဖတ်ပါက မိမိ စာတမ်းတွင် ဤကိစ္စများအားလုံးကို ဖော်ပြထားသည်ကို တွေ့ရပါမည်။ အကယ်၍ သင်က ဤစာတမ်းတွင် တန်ဖိုးရှိသည့် အရာကိစ္စများ မပါဝင်ဟုဆိုပါက၊ လုံးဝ အသုံးမကျ၊ ဆန့်ကျင်ဘက် အပျက်သဘော ဖြစ်ရပါတော့မည်။ ကျနော်က နိုင်ငံတခုတွင် ဆင်းရဲမှုလျှော့ချရေးနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရမည်ဟု စာတမ်းတွင် ဖော်ပြပြီးသော ကိစ္စများကို သင်က မည်သည့်အတွက်ကြောင့် ထပ်၍ပြောနေရပါသနည်းဟုသာ မေးချင်ပါတော့သည်။

၁ဝ။ ရန်ကုန်ဘူတာကြီး မည်သည့်အတွက်ကြောင့် ညစ်ပတ်နေသည်ကို ရှင်းပြထားသည့် ပညာရှင် သုတေသနများ မရှိပါ။ မည်သို့ အခက်အခဲများရှိစေ၊ မြန်မာပြည်သူများ၏ အရေးပါလွန်းသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပြဿနာများအတွက် ယခုအခါ တက်ကြွစွာ ငြင်းခုံမှုများ၊ အမြင်ဖလှယ်မှုများ၊ ဒေသတွင်းနှင့်
ပြည်ပရှိ မြန်မာသတင်းမီဒီယာများတွင် ဆောင်းပါးများ၊ စူးစမ်းတင်ပြမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ အစိုးရဝန်ဆောင်မှုများ ညံ့ဖျင်းနေသည့်ကိစ္စများနှင့် အလျင်အမြန် ကျဆင်းနေသည့် လူမှုရေး၊ ရုပ်ဝတ္ထု အခြေခံအဆောက်အအုံ ကိစ္စများလည်း အပါအဝင် ဖြစ်သလို၊ မည်သို့ ပြုပြင်ရမည်ဆိုသည့် အကြံပေးချက်များ၊ စဉ်းစားချက်များလည်း ပါဝင်ကြပါသည်။

သို့သော်လည်း ၎င်းကိစ္စများသည် မြန်မာဘာသာစကားနှင့် ရေးသားဆွေးနွေးနေကြခြင်း ဖြစ်ရာ၊ နိုင်ငံခြားသား အများအတွက် လက်လှမ်းမမှီကြပါ။ ရန်ကုန်ဘူတာကြီးကို မည်သို့သန့်ရှင်းအောင် လုပ်မည်ဆိုသည့် ပညာရှင်စာတမ်း မရှိဆိုသည်ကတော့ မှန်ကန်နိုင်ပါသည်။ ဖြစ်နိုင်သည်မှာ နိုင်ငံတွင်းရှိ လူထုများက လက်ရှိကာလတွင် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စမဟုတ်ဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

၁၁။ ရန်ကုန်ရှိ ပင်မရထားစနစ်မှာ ညစ်ပတ်၊ စနစ်မကျ၊ ဖရိုဖရဲနှင့် အလွန် အခြေအနေ ဆိုးနေပါသည်။ ရန်ကုန်ဘူတာကြီးရှိ ညစ်ပတ်ပေရေနေသည့်၊ စနစ်တကျ မရှိသည့် အခြေအနေအပေါ် သင်စိတ်ပျက်မိမည်ကို မိမိ နားလည်သဘောပေါက်နိုင်ပါသည်။ သို့သော်လည်း သင်နှင့် ကျနော် ပို၍ စိတ်ပျက်ဒေါသဖြစ်ဖွယ်ကောင်းသည့် အခြားကိစ္စများ နိုင်ငံအတွင်း ရှိနေသေးသည်ဟုဆိုလျှင် သင်လည်း သဘောတူညီနိုင်မည် ထင်ပါသည်။

ဥပမာတခုအဖြစ် ဖော်ပြရလျှင် –

လူငယ် ၂၁ ဦးက အပူပိုင်းခြောက်သွေ့ဇုန်သို့ကျေးလက်စစ်တမ်း ကောက်ယူရန် ယခုကျေးလက်စစ်တမ်း ကောက်ယူရန် ယခု ခရီးထွက်ခဲ့ကြပါသည်။ သင်က ‘လုံးဝ အသုံးမကျ’ ဟု မြင်သည့် စာတမ်းအတွက် ထိုသူများ လုပ်ဆောင်ချက်က ကူညီပေးခဲ့ကြပါသည်။ ၎င်းတို့အနက် ၁၄ ဦးမှာ မိန်းမပျိုများ ဖြစ်ပါသည်။ သူတို့ရောက်သည့် ရွာတွင် ည၌ လျှပ်စစ်မီး မရှိပါ။  ကိုယ့်လက်ကိုယ် မမြင်ရလောက်အောင်
မှောင်မဲပါသည်။ မိန်းကလေးများနှင့် အဖော်များက ရွှံ့ကြမ်းခင်းတွင် အိပ်ကြရပါသည်။ သူတို့အားလုံး ပင်ပန်းနွမ်းနယ်နေကြပြီး၊ သူတို့အပေါ် သဲနေကြသည့် ခြင်များကိုပင် မမှုကြတော့ပါ။ 

သူတို့အားလုံး စိုးရိမ်နေကြသည်မှာ တပေမျှရှိမည့် တောက်တဲ့များဖြစ်ပြီး၊ သူတို့အိပ်နေရာသို့ မျက်နှာကျက်မှ၊ နံရံမှ ဆင်းလာတတ်ကြပါသည်။ ညတွင် ခြင်များကို စားသောက်ရန် ဆင်းလာခြင်းလည်း ဖြစ်နိုင်ပါသည်။ ကျေးရွာလူထုများ ကလည်း သူတို့ အကြောက်ပြေစေရန် ကြက်သွန်ကိုထား၍ အိပ်ပါက တောက်တဲ့မလာဟု အားပေးကြပါသည်။ မနက်တွင် မိန်းမပျိုလေးများ ကြောက်လန့်စရာ တောက်တဲ့က ကြက်သွန်ကို စားနေသည်ကို မြင်ခဲ့ကြရပါသည်။ ရွာသားများကတော့ ခပ်အေးအေးပင်။ သူတို့က ခပ်တည်တည်နှင့်ပင် မိန်းကလေးများကို ပြန်ပြောပြပါသည်။ ယခုတောက်တဲ့များသည် တပေမျှ ရှိသည်ဆိုစေကာမူ တောက်တဲ့ပေါက်စများ ဖြစ်ကြောင်း၊ ကမ္ဘာကြီး အကြောင်း ကောင်းစွာ မသိကြသေးကြောင်း ဆိုကြပါသည်။

၁၂။ တောက်တဲ့ကြောက်ရသည့်အပြင် ရွာတွင် အိမ်သာမရှိပါ။ ရွာသားများက အခင်းကြီးငယ်ကို ‘တောထိုင်’ ၍သာ ဖြေရှင်းကြပါသည်။ ညအခါတွင် တောထိုင်ရသည့် ကိစ္စမှာလည်း ပျော်ပိုက်စရာ မဟုတ်ပါ။
မြွေပါးကင်းပါး မျှော့ပါးကျွတ်ပါး အကုန်တွား၍ လာနေကြပါသည်။

၁၃။ လူငယ်များ ကြုံရသည့် ဤဒုက္ခများအပြင် ရွာတွင် လမ်းကောင်းကောင်း မရှိသလို၊ တောလမ်းကြမ်းသာ တိုးရပါသည်။ ဤတောလမ်းတွင် တခုတည်းသော အားကိုးအားထားရာယာဉ်မှာ လူငယ်အချို့ မောင်းနှင်သည့် ‘ဝစ်သောက်’ (without) ဆိုင်ကယ်တက္ကစီများ ဖြစ်ပါသည်။ ထိုဆိုင်ကယ်တက္ကစီ ဆရာများက မူးယစ်ဆေးတခုခု သုံး၍သော်လည်းကောင်း၊ ဂျိမ်းစ်ဘွန်းကို အားကျ၍သော်လည်းကောင်း မိုးပျံမလောက် မောင်းနှင်သည်ကို စီးနင်းလိုက်ပါခဲ့ကြရသည်။ မိမိတို့နိုင်ငံတွင် ‘ဝစ်သောက်’ ဆိုသည့် စကားလုံးမှာ နယ်စပ်ကိုဖြတ်၍ ခိုးသွင်းလာသည့် လိုင်စင်မဲ့ယာဉ်၊ အခွန်ပေးဆောင်ထားခြင်း မရှိသည့် ယာဉ်ကို ဆိုခြင်း ဖြစ်ပါသည်။ ၎င်းယာဉ်များကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အချို့ တောလမ်းကြမ်းကဲ့သို့သော ကန့်သတ်နေရာများတွင် သုံးခွင့်ပြုထားခြင်း ဖြစ်ပါသည်။ ဤသို့ ယာဉ်ပြေးဆွဲရန်လည်း ဒေသခံအာဏာပိုင်များကို တစုံတရာကြေးများ ပေးထားကြရပါသေးသည်။ ‘ဝစ်သောက်’ ဆိုသည့် ဝေါဟာရမှာ ယာဉ်သာမက၊ ယာဉ်မောင်းသူအတွက်လည်း အကြုံးဝင်နေတတ်ပါသည်။ ဂျိမ်းစ်ဘွန်း ဇာတ်လိုက်က လူသတ်လိုင်စင် ရှိထားသလို၊ မိမိတို့ ဆိုင်ကယ်ဆရာများကလည်း ကိစ္စအရာအားလုံး လုပ်ဆောင်ခွင့်လိုင်စင် ရှိနေတတ်ကြပါသည်။ ဆိုလိုသည်မှာ မိမိတို့လူများ အချိန်မရွေး ဒုက္ခကြုံရနိုင်ပါသည်။

၁၄။ မကြာသေးမီက မိုးကြီးရွာချလိုက်သည်နှင့်အညီ ဒုက္ခဆပိုးတိုးရတော့သည်။ မိုးရေကြောင့် တောလမ်းကြမ်းမှာ ဗွက်ထခဲ့ရပြီး၊ ဆိုက်ကယ်ဘီးမှာ ရွှံ့ညွံထဲ တဝက်မျှ နစ်နေရပါတော့သည်။ ရေညင်ညင်သာသာ စီးဆင်းနေသည့် ချောင်း၊ စမ်းချောင်းငယ်များမှာလည်း ရေထိုးကျ၍ ရေပြည့်လျှံ၍ နေပါတော့သည်။ ကျေးရွာစစ်တမ်း
ကောက်ယူသည့် အဖွဲ့ကို ဦးဆောင်သူ မိမိ မိတ်ဆွေက ပြောပြရာတွင်၊ ပြီးခဲ့သည့် အပတ်ကပင် သူက ဆိုင်ကယ်ဆရာကို တင်းတင်းဖက်၍၊ အသံကုန်အော်ဟစ် အကူအညီတောင်းပြီး၊ တောင်ကျချောင်းရေ ဆန်တက်၍ ပြန်ခဲ့ရပါသည်။ သူ့အသက် နောက်ဆုံး အချိန်ဟု ထင်ရမလောက် အခြေအနေ ကြုံခဲ့ရပါသည်။ မိမိတို့ မျှော်လင့်ထားသည့်အတိုင်း မတော်တဆ ထိခိုက်မှုအချို့လည်း ရှိခဲ့ပါသည်။ မိန်ကလေးငယ်တဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ သူ၏ ခမောက်လည်း ရိုက်မိသည့် ဒဏ်ကြောင့် တစစီ ကျေကွဲခဲ့ရပါသည်။ တယောက်မှာ ပြုတ်ကျ၍ စုတ်ပြဲဒဏ်ရာများ ရခဲ့ပါသည်။ အခြား မတော်တဆမှုတခုတွင် မိန်းကလေးတဦးက ရွှံ့ဗွက်ထူသည့် လမ်းပေါ်ပြုတ်ကျ၍ ဆိုင်ကယ်ပိနေခဲ့ပါသေးသည်။ ကံကောင်း၍သာ အပြင်းအထန်ဒဏ်ရာ မရခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် မိမိတို့ လူငယ်များအဖို့ မည်မျှကြာကြာ ကံကောင်းနေဦးမည်နည်းဟု မေးစရာ ရှိပါသည်။

၁၅။ သံအမတ်ကြီးခင်ဗျား … ယခုကိစ္စများအားလုံး ပြောပြနေခြင်းမှာ ကျနော်က မိုက်မဲစွာ နိုင်ငံခြားသားများကို
ဒေါသအမျက် ထွက်စေရန် ယခုစာတမ်းကို ရေးသားနေခြင်း မဟုတ်ကြောင်း ဖော်ပြလို၍ ဖြစ်ပါသည်။ ပို၍ ပွင့်လင်းမြင်သာမှု ရှိစေရန်၊ တာဝန်ယူ တာဝန်ခံမှုရှိစေရန် ကတိကဝတ်များ ပြုထားသော်လည်း၊ ပြည်တွင်းနှင့် ပြည်ပရှိ မိမိအပါအဝင် လုပ်ဖော်ကိုင်ဘက်များမှာ မိမိတို့နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ယူဆထားသည့် ကိစ္စများစွာကို အာရုံစိုက်လာအောင် မစွမ်းဆောင်နိုင်ကြသေးပါ။ ထို့အပြင် ဖြည့်စွက်ပြောလိုသည်မှာ ယခုကိစ္စများအားလုံး ရေးသားနေရခြင်းမှာ လက်ရှိအခြေအနေကို သဘောပေါက်နားလည်စေရန် ဖြစ်ပါသည်။ အိမ်သာ လုံးဝ မရှိသည်နှင့် စာလျှင်၊ အနည်းဆုံး ညစ်ပတ်နေသည့် ဘူတာရုံတွင် ညစ်ပတ်နေသည့် အိမ်သာရှိလာစေရန်၊ မိမိတို့၏ သားများ၊ သမီးများက နိုင်ငံအတွက် တခုခုအကျိုးဖြစ်ပါစေဟူ၍ တောထိုင်၊ အမှောင်ထဲသွား၊ မြွေပါးကင်းပါးမရှောင် စွန့်စားဆောင်ရွက်ခဲ့ကြပါသည်။

၁၆။ ရထားဘူတာရုံတခုကို အုပ်ချုပ်ပုံနှင့် နိုင်ငံတခု အုပ်ချုပ်ပုံ အခြေခံမှာ အတူတူပင် ဖြစ်ပါသည်။ ထူးကဲလှသည့် အဆို ဖြစ်ပါသည်။ ရထားဘူတာရုံတခုကို မည်သို့လည်ပတ်ရမည်ဆိုသည့် အခြေခံကို ဤနိုင်ငံတွင် ပြသပြီးဖြစ်သည်ဟု ကျနော်ထင်ပါသည်။ သင်က သံသယရှိနေသေးပါက နေပြည်တော်သို့ သွားရောက်လည်ပတ်ပါရန် တိုက်တွန်းလိုပါသည်။ နေပြည်တော်ဘူတာရုံမှာ သစ်လွင်တောက်ပြောင်နေပြီး၊ သင်စိတ်တိုင်းကျနိုင်မည့် စံနှုန်းအတိုင်း ရှိပါလိမ့်မည်။ ရထားဘူတာရုံသာမက၊ အခြားတောက်ပြောင်နေသည့် အဆောက်အအုံ စုလစ်မွန်းချွန်များ၊ အစိုးရရုံးများ၊ ဇိမ်ခံဟိုတယ်ကြီးများ၊ အဆင့်မြင့် စားသောက်ဆိုင်များ၊ စူပါမားကက်များ၊ ခေတ်ပေါ် ညီလာခံခန်းမများ၊ သေချာတိကျ ရိပ်သိမ်းထားသည့် မြက်ခင်း၊ ဥယျာဉ်များဖြင့် ရှိနေပါသည်။ ၎င်းတို့အားလုံးက နိုင်ငံတကာ စံချိန်စံနှုန်းမှီစွာ ရှိနေသည်ဟု ကျနော်ယုံကြည်မိပါသည်။ သို့အတွက်ကြောင့် သင့်အနေနှင့် ဆိုလိုသည်မှာ မိမိတို့နိုင်ငံကို ယခုနေပြည်တော်ရှိ ဘူတာရုံ လည်ပတ်အုပ်ချုပ်ပုံအတိုင်း ဆောင်ရွက်သင့်သည်ဟု ဆိုလိုပါသလားဟု မေးရန်သာ ရှိပါတော့သည်။

၁၇။ မိမိကိစ္စ မဟုတ်ပါ သံတမန်များက ဝင်ရောက်မစွက်ဖက်ကြပါ။ အလွန်ကောင်းသည့် အကြံဖြစ်ပါသည်။ သို့သော် သင်ကိုယ်တိုင် မလိုက်နာသည့်အတွက် ဝမ်းနည်းမိပါသည်။ ယခုတော့ အလွန်နောက်ကျကုန်ပါပြီ။ သံအမတ်ကြီးခင်ဗျား … သင့်ကို သိစေလိုသည်မှာ မိမိတို့ လူမှုအဖွဲ့အစည်းတွင်၊ အစိုးရနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် ရှေးရိုးဆန်သော လူများ ရှိနေကြဆဲဖြစ်ပါသည်။ ထိုသူများက “ကြည့် … နိုင်ငံခြားသားတွေက တို့ကို အထင်သေးနေကြတယ်။ တို့က တောသားငတုံးတွေ၊ ဘယ်ကိစ္စတွေ ကောင်းတယ်ဆိုတာ မသိတဲ့ လူတွေလို့ ထင်နေကြတယ်။ တို့အတွက် ဘာက အသင့်တော်ဆုံးဆိုတာ သူတို့က ပိုသိသလို လုပ်နေကြတယ်။ သူတို့က ဆရာကြီးလုပ်ပြီး၊ အကြံမတောင်းဘဲ ပေးချင်နေကြတယ်။ ဒီလူတွေက ရိုင်းတယ်၊ မာနထောင်လွှားတယ်။ တို့ကို အထင်သေးဆက်ဆံပြီး၊ အပေါ်စီးက အမြဲ ဆရာလုပ် ဆက်ဆံချင်နေကြတယ်။ ဒီလူတွေက ယုံကြည်စရာ မကောင်းဘူး။ သူတို့နဲ့ ဆက်ဆံရင် သတိသာထား” ဟု ဆိုကြပေလိမ့်မည်။ မဇ္ဈိမတွင် ဖော်ပြခဲ့သည့် သင်၏ စာသည်လည်း မိမိတို့ လူမှုအဖွဲ့အစည်းရှိ ၎င်းရှေးရိုးစွဲလူများ၊ ခေါင်းမာဂိုဏ်းသားများ၏ အမြင်ကို အားဖြည့်ပေးသည့်နှယ် ရှိပါလိမ့်မည်။ 

၁၈။ နိဂုံးချုပ်အနေဖြင့် ဖော်ပြရလျှင် မိမိအပေါ် သင်ရေးသားခဲ့မှုအပေါ် မည်သို့မျှ စိတ်မကွက်မိပါ။ မိမိအနေဖြင့် သင့်အပေါ် မလိုမုန်းထားစိတ် မရှိကြောင်းလည်း အာမခံပြောလိုပါသည်။ သင့်ကို မသိသည့်အတွက်ကြောင့်လည်း ဤသို့ ဖြစ်စရာအကြောင်း မရှိပါ။  သို့သော် သင့်ကို ပြောပါရစေ။ ယခု သင့်စာအပေါ် မိမိက တုံ့ပြန်ရေးခြင်းမှာ မိမိအတွက် မဟုတ်ပါ။ ကျေးရွာသို့ ဆင်းခဲ့ကြသည့် လူငယ်လေးများ၊ သတင်းထောက်များ၊ ပညာရှင်များ၊
နိုင်ငံအတွင်း ပြင်ပရှိ အလွှာပေါင်းစုံမှ လူထုများအတွက် မမျှတဟု ထင်၍သော်လည်းကောင်း၊ သူတို့စွမ်းဆောင်မှုများကို မသိတတ်ရာ ရောက်လေခြင်းဟု ခံစားမိ၍ တုံ့ပြန်ရခြင်း ဖြစ်ပါသည်။ ထိုသူများက ယခု စင်မြင့်ပေါ်မှ ဇာတ်ကောင်များ၏ အတွင်းသဘောကို စိတ်ကို ပြောင်းလာစေရန်၊ ဤနိုင်ငံကြီး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ပြောဆိုရေးသားနေကြပါသည်။ ဤသို့ကြိုးပမ်းနေမှုများ အားလုံးကို အလဟဿဟု ပြောလျှင် မတရားပါ။

မိမိတို့က ပွင့်လာသည့် ရနိုင်စွမ်းသမျှသော နေရာကွက်လပ်လေးကို သုံး၍ တတ်စွမ်းသမျှ ကြိုးပမ်းနေကြပါသည်။ ထင်ရှားနာမည်ရှိသူ ခေါင်းဆောင်များကလည်း သူတို့ကိုယ်တိုင် စွန့်စား၍ ယခုလုပ်ငန်းစဉ်ကို
ဆောင်ရွက်နေကြပါသည်။ သံတမန် တဦးအနေဖြင့်၊ သံအမတ်ကြီး တဦးအနေဖြင့် ကလောင်သွားသည် ဓားသွားထက် ထက်သည်ဟု သင်သိပါလိမ့်မည်။ သို့အတွက်ကြောင့် မိမိတို့၏ လမ်းတွင် မရှုပ်ပါနှင့်၊ ဖြစ်နိုင်သမျှ ကူညီပါရန် မေတ္တာရပ်ရပါကြောင်း။

တည်ကြည်စွာဖြင့်

ဦးမြင့်
ရန်ကုန်
(ဇွန်လ ၈ ရက်၊ ၂ဝ၁၁)

ဦးမြင့်၏ တုံ့ပြန်ချက် ‘Don’t get in our way … do whatever you can to help us’ ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

 

http://mizzimaburmese.com/edop/songpa/7697-2011-06-09-08-44-19.html

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism