မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက်

EndlessJune 10, 20111min20515

မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက်

နေ့စွဲ –  ၆.၆. ၂၀၁၁

မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)၊ မန္တလေးမြို့

 

၁။ အဖိုးတန်သောလူ့အသက်များစွာကို ကယ်တင်ရသည့် ဆေးပညာရှင်ဆရာဝန်များအဖို့ို့ ဆေးပညာရှင်ဆရာဝန်တစ်ဦးအဖြစ် လူနာအများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်မှာ ဆေးပညာအတတ်ကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဖြစ်သည်ဟု နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံဆေးကောင်စီတို့က အသိအမှတ်ပြုရန် လိုအပ်ပေရာ ဆေးပညာရှင်များသည် ကောင်းမွန်စွာ လေ့လာဆည်းပူးထားသော အတတ်ပညာရှင်များ(Professionals)ဖြစ်ကြောင်း ထင်ရှားပါသည်။။ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) သည် ဆေးပညာရပ်များကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဟု အသိအမှတ်ပြုထားခြင်းခံရပြီးသောဖြစ်သော အဖွဲ့ဝင်ဆရာဝန် များ ဖြင့်ဖွဲ့စည်းထားသောအသင်းကြီးဖြစ်ပါသည်။

၂။ ၂၀၁၁ခု၊ ဇွန်လ (၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါးသည် အယူအဆမှား၊ အချက်အလက်မှား၊ အတွေးအခေါ်မှားတို့ဖြင့် ဆရာဝန်နှင့်လူနာအကြား၊ ဆေးပညာရှင်များနှင့် ပြည်သူလူထုအကြား အခိုင်အမာတည်ဆောက်ထားရှိပြီးဖြစ်သည့် ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က ယူဆပါသည်။

၃။ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) အနေနှင့် ပြည်သူလူထုအား ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရေးသာမက ယခုကဲ့သို့ ပြည်သူအများ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် အခြေအနေကိစ္စရပ်များတွင် မှန်ကန်သော၊ တိကျသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ပေးအပ်ရန်လည်း တာဝန်ရှိသည်ဟု ခံယူပေရာ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးနှင့် စပ်လျဉ်း၍ အခိုင်အမာထားရှိသည့် ကုသချက်မှတ်တမ်းများ၊ သက်ဆိုင်ရာဆရာဝန်ကြီးကိုယ်တိုင် ထုတ်ဖော်ပြောကြားချက်များကို ကိုးကားပြီး ပြည်သူအများ၏ အကျိုးကို ရှေးရှုရည်ရွယ်၍ ဤသဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာပါသည်။

၄။ ဆောင်းပါးရှင် သံလျက် ရေးသားသော ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ရည်ညွှန်းဖော်ပြထားသည့် လူနာသည် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုသို့ ၁၇.၅.၂၀၁၁ ညနေ ၆း၄၅ နာရီတွင် ခေါင်းထိခိုက်ဒဏ်ရာ(Head Injury)ဖြင့် လာရောက်ပြသသည်။ ထိုခေါင်းထိခိုက်ဒဏ်ရာ ရရှိသည့်အချိန်မှာ ထိုနေ့ ညနေ (၃းဝ၀) နာရီတွင်ဖြစ်သည်။ ဖြစ်ပွားခဲ့သည့်နေရာမှာ ပြင်ဦးလွင်မြို့ဖြစ်သည်။ ထိုခေါင်းထိခိုက်ဒဏ်ရာရရှိသည့်အချိန်မှစ၍ ထိုဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူသည့်အချိန်အထိ လူနာမှာ သတိလစ်မေ့မြောနေသည်။ သက်ဆိုင်ရာဆရာဝန်ကြီး၏ စစ်ဆေးစမ်းသပ်ချက်အရ ဆရာဝန်ကြီးက ဦးနှောက်ဓာတ်မှန်ရိုက်ရန် (Computerized Tomographic Scan) ရိုက်ရန် ညွှန်ကြားသည်။ သက်ဆိုင်ရာဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီးကိုယ်တိုင် ထိုဦးနှောက်ဓာတ်မှန်ကို ကြည့်ရှုစစ်ဆေး၍ ၁။ ဦးနှောက်အတွင်း တုန်ခါခြင်း (Cerebral Concussion) ၂။ ဦးနှောက် လှုပ်ရွေ့ခြင်း (Cerebral Distorsion) ၃။ (ညာဘက်အခြမ်း)ဦးနှောက်အတွင်း သေးငယ်သော သွေးခဲဖြစ်ပေါ်ခြင်း (Intracerebral Small Haematoma)  ဟု ရောဂါအမည်တပ်သည်။ ထို့နောက် ရောဂါနှင့်စပ်လျဉ်း၍ ခွဲစိတ်ကုသရန်မလိုအပ်ကြောင်း၊ အနီးကပ်ကြည့်ရှုစီမံမှုဖြင့် လိုအပ်သည့်ဆေးချက်များ၊ ကုသထုံးများနှင့် ကုသသွားမည်ဖြစ်ကြောင်း လူနာရှင်အား ရှင်းလင်းပြောကြား၍ လိုအပ်သော ဆေးချက်များ၊ ကုထုံးများကို ညွှန်ကြားကုသသည်။ ထို့ကြောင့် ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင်  “ဒါပေမဲ့လည်း အသစ်စက်စက်လို့ဆိုတဲ့ CT Scan နဲ့ ဦးနှောက်ကို ရိုက်ကြည့်လိုက်တော့ အဖြေက ဘာမှမတွေ့ဟု ဆေးစာထွက်လာပါတယ်။ ကဲ… ဘယ်လိုလုပ်မလဲ။ (ပေ) အခုလို CT Scan မှာ ဘာမှမတွေ့ရဘူးဆိုတဲ့ အဖြေထွက်တဲ့အပေါ် ယုံကြည်မှုအရ ဆရာဝန်တွေကလည်း စောင့်ကြည့်အနေအထားပဲ ထားလိုက်တော့တယ်။” ဟူသော ဖော်ပြချက်သည် လုံးဝမှားယွင်းပါသည်။

၅။ အနီးကပ်ကြည့်ရှုစောင့်ရှောက်မှု (Under Close Supervision) ကို တစ်နည်းအားဖြင့် Masterly Inactivity ဟုလည်း ဆေးပညာရပ်တွင် သုံးစွဲပါသည်။ ခွဲစိတ်ကုသမှုတိုင်းတွင် ခွဲစိတ်ကုသမှုအန္တရာယ်များ၊ မေ့ဆေးထုံဆေးအန္တရာယ်များ ရှိကြသည်သာ ဖြစ်ပါသည်။ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုများမှာမူ မလိုအပ်ဘဲပြုလုပ်ပါက အသက်အန္တရာယ်စိုးရိမ်ရသည်အထိ မလိုလားအပ်သောအကျိုးဆက်များ ထွက်ပေါ်နိုင်ပါသည်။ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ညွှန်းဆိုသည့် လူနာမှာ ခွဲစိတ်ကုသရန်မလိုအပ်ဘဲ ဆေးဝါးဖြင့်ကုသရန်သာ လိုအပ်သောကြောင့် အနီးကပ်ကြည့်ရှုစောင့်ရှောက်မှု (Under Close Supervision) ထား၍ လိုအပ်သော ဆေးဝါးကုထုံးများ၊ ဆေးချက်များပေး၍ ကုသရန် သက်ဆိုင်ရာဆရာဝန်ကြီးက ဆုံးဖြတ်ခြင်း ဖြစ်သည်။

၆။ လူနာ၏ ရောဂါနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ကုသရာတွင် အသုံးပြုမည့် ဤကုသထုံးနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ခွဲစိတ်ကုသရန်မလိုဘဲ ဆေးဝါးများဖြင့်သာ ကုသရန်သာလိုအပ်ကြောင်းကိုလည်းကောင်း၊ လူနာ၏ အခြေအနေမှာလည်း အသက်အန္တရာယ်စိုးရိမ်ရန် မရှိကြောင်းနှင့် ကုထုံးအလားအလာ(Prognosis) အနေနှင့် ရက်သတ္တပတ်ခန့်ကြာလျှင် ပြန်လည်ကောင်းမွန်လာမည်ကိုလည်းကောင်း စိုးရိမ်ရန်မရှိကြောင်းဖြင့် သက်ဆိုင်ရာဆရာဝန်ကြီးကိုယ်တိုင် လူနာရှင်မိသားစုကို သေချာစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။

၇။ ကုသချက်မှတ်တမ်းများအရ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ရည်ညွှန်းဖော်ပြထားသည့် လူနာသည် ၁၉. ၅. ၂၀၁၁ နံနက် ရး၃ဝ နာရီတွင်လည်းကောင်း၊ ၂၀. ၅. ၂၀၁၁ နံနက် ၁ဝး၃ဝ နာရီတွင်လည်းကောင်း ဦးနှောက်ထိခိုက်ဒဏ်ရာတို့၏ သဘာဝအရ နှလုံးခုန်နှုန်းများ တစ်မိနစ် ၅၄ ကြိမ် နှင့် တစ်မိနစ် ၅၂ ကြိမ်တို့သို့ အသီးသီးကျဆင်းသွားရာ သက်ဆိုင်ရာဆရာဝန်ကြီးက အခြားအရေးကြီးသော လက္ခဏာရပ်များဖြစ်ကြသည့် လူနာ၏ သိ-ခံစား-လှုပ်ရှားမှုစွမ်းရည်များကို တိုင်းတာအကဲဖြတ်သည့်စနစ် (Glasgow Coma Scale)ရမှတ်၊ သွေးဖိအား (Blood Pressure)၊ အသက်ရှုနှုန်း (Respiratory Rate)၊ ခန္ဒာကိုယ်အပူချိန် (Body Temperature) တို့နှင့် ညှိုနှိုင်းစဉ်းစားလျက် ၎င်းအရေးကြီးလက္ခဏာရပ်များ ကောင်းမွန်စွာ ရှိနေကြသည့်အလျောက် လိုအပ်သော ဆေးဝါးကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲကုသစေခဲ့ပါသည်။ လူနာအခြေအနေကို စောင့်ကြည်နိုင်ရန် ဆရာဝန်ကြီးကိုယ်တိုင်လည်း လူနာကို နေ့စဉ် ကြည့်ရှုခဲ့ပေသည်။ လူနာ၏ သိ-ခံစား-လှုပ်ရှားမှုစွမ်းရည်များကို တိုင်းတာအကဲဖြတ်သည့်စနစ် (Glasgow Coma Scale) မှာလည်း လွန်စွာ ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်ကျန်းမာသောလူတစ်ဦးတွင် ရှိသည့် အမှတ် ဖြစ်သော တစ်ဆယ့်ငါးမှတ်အဖြစ်သာ သတ်မှတ်အကဲဖြတ်ပါသည်။ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် လူနာအနေအထား(General Condition)မှာ ပုံမှန်(Normal)၊ အနည်းငယ်မှိန်း (Slightly Drowsy)နှင့် မူးဝေမှိန်း(Drowsy) ဟူသော အခြေအနေများ ဖြစ်ပေါ်နေခြင်းသာ ရှိပါသည်။ သို့ဖြစ်ရာ ဆောင်းပါးရှင်သံလျက်၏ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင်“ ဒီကြားထဲ လူနာက နှလုံးခုန်နှုန်းတွေ တဖြည်းဖြည်းထိုးကျလာတာ တစ်မိနစ်ကို အကြိမ် (၄၀) နဲ့ (၅၀)ခန့်သာရှိတော့တယ်။ (ပေ) ဒီအတိုင်း လူနာကုတင်ပေါ်မှာ သတိရတချက် မရတစ်ချက်ဖြစ်နေပြီး ကံကြမ္မာကို စောင့်နေတာထက်စာရင် နိုင်ငံခြားကိုသွားပြကြည့်ပါလား။ ဟိုမှာတစ်ခုခုအဖြေပေါ်ပြီး တစ်နည်းနည်းနဲ့တော့ကုနိုင်မှာပါ” ဟူ၍ ဖော်ပြထားခြင်းသည် အဖြစ်မှန်ကို ဖုံးကွယ်၍ လွဲမှားစွာ ရေးသားဖော်ပြထားခြင်းသာဖြစ်သည်။

၈။ ၂၀.၅.၂၀၁၁ ညပိုင်းတွင် လူနာရှင်က လူနာဖြစ်သူအား ထိုင်းနိုင်ငံရှိ ဆေးရုံကြီးတစ်ခုသို့ သွားရောက်ပြသရန်စီစဉ်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာဆရာဝန်ကြီးက သိရှိရသောအခါတွင်လည်း သဘောထားကြီးစွာ သွားရောက်ခွင့်ပြုခဲ့ပါသည်။ လိုအပ်သော ဆေးကုသမှုမှတ်တမ်းများနှင့် စမ်းသပ်တွေ့ရှိချက်အပြည့်အစုံတို့ကို ရေးသားပေးလိုက်ပြီး လူနာရှင်နှင့်အတူ ယူဆောင်သွားစေခဲ့ပါသည်။ လူနာအား လေဆိပ်သို့ပို့ဆောင်ရာတွင်လည်း ဆေးရုံတွင် လူနာအသုံးပြုဆဲဖြစ်သော အောက်ဆီဂျင်စက်ကိရိယာများ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းစက်များဖြင့် ဂရုတစိုက် ပို့ဆောင်စေခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ဆောင်းပါးရှင် သံလျက်၏ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် “ လေဆိပ်မှာလာကြိုတဲ့ကားနဲ့ မန္တလေးမြို့တွင်းရှိပုဂ္ဂလိကဆေးရုံကြီးအထိ လူနာကို(ပေ) မန္တလေးဆေးရုံပေါ်မှာပဲ သူတို့ရဲ့ ဆေးပစ္စည်းကိရိယာတွေကို စိတ်တိုင်းကျပြောင်းလဲတပ်ဆင်ပြီးမှ လေဆိပ်ကိုလူနာနှင့်အတူ ပြန်လည်လိုက်ပါလာပါတယ်။” ဟုဖော်ပြထားခြင်းမှာ လုံးဝမှားယွင်းပါသည်။

၉။ ထိုင်းနိုင်ငံသို့ သွားရောက်ကုသရန် မထွက်ခွာမီကပင် သက်ဆိုင်ရာဆရာဝန်ကြီးက ထိုင်းနိုင်ငံရှိဆေးရုံကြီးတွင်လည်း မိမိကုသသည့် ကုသထုံးအတိုင်းပင် ကုသမည်သာဖြစ်ကြောင်း၊ ခွဲစိတ်ကုသရန် မလိုအပ်ပါကြောင်း၊ ယခုကဲ့သို့ လေယာဉ်စင်းလုံးဌားရန်လိုအပ်သည်ထိ အခြေအနေမဆိုးရွားပါကြောင်းဖြင့် လူနာရှင်အား ထပ်မံရှင်းလင်းခဲ့သည်။ စီစဉ်ပြီးဖြစ်သည့်အလျှောက် ထိုင်းနိုင်ငံသို့ ရောက်ရှိ၍ စမ်းသပ်စစ်ဆေးကြသောအခါတွင်လည်း မိမိတို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာဆရာဝန်ကြီး ကြိုတင်ရှင်းလင်းပြောဆိုထားသကဲ့သို့ပင် ခွဲစိတ်ကုသရန်မလိုအပ်ဘဲ ဆေးဝါးဖြင့်သာ လူနာကို ကုသခဲ့ပေသည်။ ဤသည်ကို ဆောင်းပါးရှင်သံလျက်က ထိုလျှပ်တစ်ပြက်ဂျာနယ်ဆောင်းပါးတွင် “ဒီကိုရောက်တာ အချိန်မီတဲ့အတွက် ခွဲစိတ်ကုသဖို့မလိုဘဲ ပျောက်ကင်းနိုင်တယ်ဆိုပြီး အားပေးစကားပြောတယ်” ဟူ၍ ဖော်ပြထားရာ ဤသည်မှာ ထင်ရှားသောအမှန်တရားတစ်ခုကို တမင်ဖုံးကွယ်လိုသောစိတ်ထားဖြင့်၊ ဆောင်းပါးရှင်သာ သိနိုင်မည်ဖြစ်သောရည်ရွယ်ချက်မျိုးဖြင့် ရေးသားထားခြင်းဖြစ်ကြောင်း ပေါ်လွင်ပါသည်။

 

၁၀။ သို့ဖြစ်ရာ ၂၀၁၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင် ဖော်ပြပါရှိသည့် ဆောင်းပါးရှင် သံလျက်၏ ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ ဆောင်းပါးသည် မှားယွင်းသောအချက်အလက်များ၊ မှားယွင်းသောအယူအဆများ၊ အမှန်ကိုဖုံးကွယ်၍ လိုရာဆွဲသော အရေးအသားများအပေါ် အခြေခံထားသည့်အလျောက် ပြည်သူလူထုနှင့် ဆေးပညာရှင်များအကြား နားလည်မှုလွဲမှားနိုင်စေခြင်း၊ ဆေးပညာရှင်များ၏ ဂုဏ်သတင်းကို ထိခိုက်ပျက်ပြားနစ်နာစေလိုသည့် ရည်ရွယ်ချက်ထင်ရှားနေခြင်းတို့ကြောင့် ဆောင်းပါးရှင် သံလျက်၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါးနှင့် ထိုဆောင်းပါးဖော်ပြပါရှိသည့် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃) အမှတ် (၃၉) တို့ကို သက်ဆိုင်ရာဆရာဝန်ကြီးနှင့် ဆေးပညာရှင်များကိုယ်စား မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က  ပြင်းထန်စွာ ရှုံ့ချကန့်ကွက်လိုက်သည်။

 

၂၀၁၁ခုနှစ်၊ ဇွန်လ (6)ရက် တင်္နလာနေ့တွင် ကျင်းပသော အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ

 

(ပုံ) ပါမောက္ခ သစ်လွင်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)

( လျှပ်တပြက် ပေါ်မှ….  ဆောင်းပါးအား…  မြန်မာနိုင်ငံ ဆရာဝန် အသင်း ဧ။် တုံပြန်ချက် )

15 comments

  • shweminthar

    June 10, 2011 at 12:14 pm

    ကျနော်တို့ နေမကောင်းလို့ ဘဲဖြစ်ဖြစ် ဖျားလို့ နာလို့ ဘဲဖြစ်ဖြစ် ဆေးခန်း ၊ ဆေးရုံကို သွားရပါတယ်။
    ဆရာဝန်တိုင်းကို မဆိုလို…. ကိုယ်က နေမကောင်းလို့ သွားပြတာ ဆေးမကုတတ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အသိ နည်းလို့ ဆေးရုံ ၊ ဆေးခန်း တွေ ကို သွားပြ ရတာ ပါ။ တချို့ ဆရာဝန်တွေ က တခုခု မှားတာ တွေ့ တာ နဲ့ လူနာကို စီးဟောက်တတ်ကြပါတယ်။
    အဲလို အခါမျိုးတွေ မှာ လူနာ တစ်ယောက် နေရာက ပြန်စဉ်းစားပေးစေလိုပါတယ်။
    ဆရာဝန်လောက် ကျန်းမာရေးဗဟုသုတမရှိတာကို မေ့ထားပြီး လူနာကို လိမ့်ဟောက်တတ်ကြပါတယ်။
    ဝန်ဆောင် မှု အပြည့် နဲ့ ကျန်းမာရေး ကုသမှုပေးစေချင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ပေးစေလိုပါတယ်။ လူနာတယောက် အနေနဲ့ ဖျားနာနေချိန်မှာ ဂရုတစိုက် စောင့်ရှောက်တယ်ဆိုရင် ကျေနပ်မှာ သေချာပါတယ်.။
    အဲဒါလေး အကြံပြုလိုပါတယ်။
    နောက်တခု ရှိသေးတယ်။
    ဆရာဝန်ငယ် တွေ ၊ သူနာပြု တွေ က ဆရာဝန်ကြီးတွေ ဆီ သတင်းပို့ ရမှာ အလွန်အကြောက်ပိုကြပါတယ်။
    လိုအပ်တာ ထပ်ပိုပြီး အကြောက်ပို တယ် လို့ ထင်ပါတယ်။

  • Myanmar

    June 10, 2011 at 1:45 pm

    @Shweminthar: I agree with you that medical professionals have no right to shout at the patients. I used to teach my students (medical students and interns) not to shout at the patients and to do whatever they can for the patients. After all , they are coming to hospital because of the trust to medical professioals and health care facilities. That should be improved on the medical professional side.
    On the other hand, patients and attendants should abide the hospital regulations. Their action and worries should not obstruct the proper medical care. They should not physically or verbally abuse the medical staff. It is not tolerate in the UK (Zero tolerance) and even in Singapore. In Myanmar, there is no such thing to protect medical professionals from abuses. Patients and attendants should respect the professional advice and care by medical staff even though they have the right to consult and to be counselled.
    Reluctance to report to superior may be partly lack of proper reporting system protocol and partly due to arrogance of ‘some’ senior doctors. It is noteworhty that there is a heirachy in management. Therefore, it is not appropriate to expect to be seen by the most senior doctors in the first place.
    After all, building a good rapport between patients and doctors will lead to a win-win situation. Thanks.

  • eros

    June 10, 2011 at 2:54 pm

    ဘယ်လိုပြောရမလဲ။ ဆရာဝန်ဆိုတာ… လူထဲက လူ တစ်ယောက်ပါပဲ…. ဆရာဝန်ဆိုတာ မှားနိုင်ပါတယ်…. ဂရုမစိုက်ပေါ့ဆတဲ့ အမှား၊ မဖြစ်သင့်တဲ့ အမှား ၊ ငါတကောကောတဲ့ အမှား ၊ မကျွမ်းကျင်တဲ့ အမှားမဖြစ်သင့်ဘူးလေ။ အကယ်လို့ အမှားလုပ်မိသွားရင် အမှားကို ဝန်ခံရဲ တာဝန်ယူရဲတဲ့ တောင်းပန်ရဲတဲ့ သတ္တိရှိရမယ်။ ကိုယ့်အမှားမပေါ်အောင်၊ ကိုယ်မကောင်းမဖြစ်အောင် တခြားသူ ထိခိုက်နစ်နာဆုံးရှုံးရင်ဆုံးရှုံးပစေ ဖုံးနိုင်အောင်ကြိုးစားမယ်။ ဘာပဲဖြစ်ဖြစ် ငါမှန်တယ်လုပ်နေရင် အဆင်မပြေနိုင်ပါဘူး။ မိမိဝန်းကျင်နယ်ပယ် အလုပ်တူလို့ ဘာပဲဖြစ်ဖြစ် မှားလဲ မှန်တယ်ဆို ဝိုင်းလိမ်လည် ဖုံးဖိပေးတာမျိုး ပြန်ပြီးကူတိုက်တာမျိုးမလုပ်သင့်ပါဘူး။ အမှန်၊အမှားကို မှန်ကန်တဲ့အတိုင်းရပ်ပေးရမှာပါ။ မိမိရဲ့ ဝန်းကျင်နယ်ပယ်ထဲမှာလဲ မဟုတ်မမှန်တာတွေရှိနေတာကို ဝေဖန်ရင်လဲ အရှိအတိုင်းလက်ခံပြီး ဝေဖန်မှု၊ အကြံပြုမှုကို လက်ခံရမှာပါ။ မျက်စိမှိတ်ပြီး မဟုတ်ဘူး မရှိဘူးမအော်သင့်ပါ။ သေချာတာတခုရှိပါသည် မည်သည့် ဝန်းကျင်နယ်ပယ်မဆို မမှန်တဲ့ သူတွေသေချာပေါက်ရှိမှာပါ။ ဒါကိုလဲ မမှန်သူများက မည်သို့မည်ပုံ ဆိုတာ၊ မှန်သူများက မည်သို့မည်ပုံဆိုတာ ပြောပြရမှာပါ။

    အဲကိုယ့်ဘက်ကမှန်နေတယ်ဆိုရင်လဲ မှန်ကန်တိကျယုတ္တိရှိတဲ့ သက်သေခံချက်နဲ့တကွ သေသေချာချာ ရှင်းလင်းရမှာပါ။ အခု hot နေတဲ့ ကိစ္စမှာ တောင်းပန်လိုက်လို့ ဘာမှမလုပ်ဘူးကြားပါတယ်။ တကယ်က ကိုယ်မှန်နေရင် တောင်းပန်မှုကို လက်မခံသင့်ပါ။ ဘာလို့လဲဆိုတော့ တောင်းပန်ရုံနဲ့ ကြေအေးရမည့်ကိစ္စမဟုတ်ပါ။ risk များပါတယ်။ အမှားကို တာဝန်ယူရမှုရှိရမှာဖြစ်ပြီး ငါတကောကောလို့ မရပါဆိုတာ သိစေရမှာဖြစ်ပါတယ်။ နောက်ဆိုမှားလိုက် တောင်းပန်လိုက်ဖြစ်နေမှာပါ အမှားလုပ်ရင် တာဝန်ယူမှု ပေးဆပ်မှုရှိရမယ်ဆိုတာ သိရမှာဖြစ်တယ်။(ဒီနေရာမှာ ဆရာဝန်များရော မီဒီယာများနှင့်တကွ အခြားနယ်ပယ်များကိုပါ ဆိုလိုပါတယ်)။

    နောက်တခုက ဆရာဝန်(တချို့၊များ) ဝန်ဆောင်မှုအပိုင်းတွင် ပိုတိုးတက်သင့်ပါသည်။ ဝန်ဆောင်မှုကောင်းသော ဆရာဝန်များလည်းရှိပါသည်။ မြင်ပါသည်။ shweminthar ရဲ့

    ကျနော်တို့ နေမကောင်းလို့ ဘဲဖြစ်ဖြစ် ဖျားလို့ နာလို့ ဘဲဖြစ်ဖြစ် ဆေးခန်း ၊ ဆေးရုံကို သွားရပါတယ်။
    ဆရာဝန်တိုင်းကို မဆိုလို…. ကိုယ်က နေမကောင်းလို့ သွားပြတာ ဆေးမကုတတ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အသိ နည်းလို့ ဆေးရုံ ၊ ဆေးခန်း တွေ ကို သွားပြ ရတာ ပါ။ တချို့ ဆရာဝန်တွေ က တခုခု မှားတာ တွေ့ တာ နဲ့ လူနာကို စီးဟောက်တတ်ကြပါတယ်။
    အဲလို အခါမျိုးတွေ မှာ လူနာ တစ်ယောက် နေရာက ပြန်စဉ်းစားပေးစေလိုပါတယ်။
    ဆရာဝန်လောက် ကျန်းမာရေးဗဟုသုတမရှိတာကို မေ့ထားပြီး လူနာကို လိမ့်ဟောက်တတ်ကြပါတယ်။
    ဝန်ဆောင် မှု အပြည့် နဲ့ ကျန်းမာရေး ကုသမှုပေးစေချင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ပေးစေလိုပါတယ်။ လူနာတယောက် အနေနဲ့ ဖျားနာနေချိန်မှာ ဂရုတစိုက် စောင့်ရှောက်တယ်ဆိုရင် ကျေနပ်မှာ သေချာပါတယ်.။
    အဲဒါလေး အကြံပြုလိုပါတယ်။

    ကွန်မန့်မှာမြင်နိုင်ပါတယ်။ နောက်တခုက သေသေချာချာ မရှင်းပြချင်တာ စိတ်မရှည်တာပါပဲ။ လူဆိုတာကတော့ ကိုယ်ဖြစ်နေတာ၊ ကိုယ်နဲ့ သက်ဆိုင်သူဖြစ်နေတာဆိုတော့ စိုးရိမ်တကြီးသိချင်တာပါပဲ။ ဆေးပညာ နားမလည်သူများဖြစ်လေတော့ ကိုယ်နားလည်သလို ကိုယ့်လို မဟုတ်ပဲ လက်ဝင်ဝင်ရှင်းပြရမယ် ဆိုတာ နှလုံးသွင်းပြီး သေသေချာချာ စိတ်ရှည်ရှည်ရှင်းပြရမှာ ဖြစ်ပါတယ်။ ပြောလို့သာပြောရတယ် မြန်မာမှာ ဘယ်နေရာမှာ ဝန်ဆောင်မှုကောင်းတာ မဟုတ်ဘူး။ မြန်မာတွေ က စားသုံးသူအခွင့်အရေး၊ ဝန်ဆောင်မှု မသိ၊ မရှိ၊ မကောင်းလို့ လဲ မတိုးတက်တဲ့ တချက်ဖြစ်နိုင်တယ်။ ဝန်ဆောင်မှုပေးတာလား အောက်ကျို့တာလား မခွဲနိုင်။ ဝန်ဆောင်မှုရယူတာလား တင်စီးတာလားမသိ။

  • unclegyi1974

    June 10, 2011 at 3:43 pm

    ဖြစ်စဉ်ကိုအသေးစိတ်မဖတ်လိုက်ရသော်လည်း
    ကြော်ငြာစာတမ်းပါအတိုင်းမှန်ရင်
    ဂျာနယ်ကိုတောင်းပန်ခိုင်းသင့်တယ်လို့မြင်ပါတယ်
    ဂျာနယ်ကိုတောင်းပန်ခို်င်းခြင်းမလုပ်တာက
    ဘေးအမြင်နဲ့ကြည့်ရင်တမျိုးဖြစ်နေသလားလို့

  • Endless

    June 11, 2011 at 3:24 am

    ကွန်မန့် ပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်…. မန်းလေး… ဂေဇက်မှာ ရှိတဲ့ ကွန်မန့်တွေကို… ကျွန်တော်တို့ ဆေးပညာမိသားစုမှာ ပြန်လည် ဖော်ပြပါ့မယ်… အားလုံး သဘောတူညီမှု ရှိမယ် ဆိုရင်ပေါ့ ဖေစ့်ဘွတ်ပေါ်မှာ လည်း ဝင် လေ့လာလို့ ရပါတယ်… ကျေးဇူးတင်ပါတယ်….
    http://www.facebook.com/home.php?sk=group_155874187793170&id=193708747343047&notif_t=group_activity
    Myanmar ဆရာက မန်းလေးကလား… ရန်ကုန်ကလား… ဆရာ ကျွန်တော်တို့ ထက် စီနီယာ ကျမယ်လို့ ထင်ပါတယ်…. ကျွန်တော်က မန်းလေးကပါ… ၂၀၀၉ ဘွဲ့ ရပါဆရာ…..

  • Endless

    June 11, 2011 at 3:55 am

    ကိုမိုးဝေ ဆေးမန်းရဲ့… ပိုစ့်လေးကို.. အားလုံး ဖတ်လို့ ရအောင် ပြန်ပြီး Share လိုက်တာပါ… ပွိုင့် လိုချင်လို့ မဟုတ်ပါ….

    MED(IA) Vs MED(ICINE)
    ယခု ရက်ပိုင်း တွင် ကျယ်လောင်စွာ ကြားရသော အသံများမှာ မြန်မာ ဆရာဝန်များ အရည်အချင်း မပြည့်မီဟူသော စွပ်စွဲချက် များပင် ဖြစ်သည်။ ယမန် နှစ်သွေးလွန်တုပ်ကွေး ဖြစ်ကာ ဆုံးပါးသွားသော မိန်းကလေး တစ်ယောက်နှင့် ခွဲစိတ်ဆရာဝန်ကြီး ကိစ္စမှ စတင်ကာ မြန်မာ ဆရာဝန်လောက အား ကျယ်ကျယ်လောင် လောင် ပြောင်ပြောင် တင်းတင်း ဝေဖန်လာခဲ့ကြပါသည်။ မီဒီယာ များမှာ ထို ကိစ္စများအား အထူး အာရုံစိုက်လာခြဲ့ပီး မြန်မာ ဆရာဝန်များ ၏ အားနည်းချက်ကို ထောက်ပြ တည့်မတ်သည့် သဘောအနေဖြင့် ဆရာဝန်များ၏ ပေါ့လျော့မှုများ၊ ဆေးကုသစရိတ် ကြီး မြင့်မှုများကို ဆောင်းပါးများဖြင့် တစ်ဖုံ၊ ကာတွန်းများဖြင့် တစ်သွယ် ဝေဖန်လာခဲ့ကြသည်။

    မီဒီယာ များနှင့် သမားတော်များ
    ထိုသို့ ဖော်ပြလာခဲ့ကြရာတွင် ရန်ကုန်မြို့မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးသည် ဖိအားအမျိုးမျိုးကြောင့်ဖြစ်ဟန်တူလျက် ရာထူးမှ နှုတ်ထွက်သွားသော အခါ မီဒီယာ သမားများအပေါ်တွင် ဆရာဝန်များ စတင် အမြင် ပြောင်းလာခဲ့ကြပေသည်။ ထို ကိစ္စတွင် ထပ်မံကြားသိရသလောက် မီဒီယာ သမားများသည် သတင်းအတိ အကျ ယူခဲ့ခြင်း မရှိဘဲ(နှစ်ဖက်အမြင်-Expert Opinion and Official Response) တစ်ဖက် ပြောစကားကို အခြေတည်ကာ တရားဝင်ရေးသား တိုက်ခိုက်ခဲ့သည်။ မြန်မာ လူမျိုးများသည် ဇာတ်သဘင်များကို အလွန်နှစ်ခြိုက်ခုံမင်သည်နှင့်အညီ ထိုအချက်ကို အထူး ပါးနပ်နားလည်စွာ သိမြင်သော မီဒီယာ သမားများကလည်း ဝမ်းနည်းကြေကွဲဖွယ် ဖြစ်အောင် စီမံရေးသားခဲ့ပြီး ထို ဆရာဝန်ကြီးအားလည်း ဗီလိန်သဖွယ် ရေးသား ခဲ့သဖြင့် ထိုကိစ္စတွင် လူအများသည် ထို ဆရာဝန်ကြီးအပေါ်အမြင်တိမ်းစောင်းခဲ့ပြီး ထိုဆရာဝန်ကြီး၏ ရာထူးစွန့်လွှတ်ပေးခဲ့ရကာ မီဒီယာများ အောင်ပွဲခံနိုင်ခဲ့ပါသည်။ အောင်ပွဲဟူသည်မှာ စီးပွားရေး အကျိုးအမြတ်အပြင်၊ မီဒီယာ သမားတို့၏ စနက်ကြောင့် ဆရာဝန်ကြီးတစ်ဦး ရာထူးစွန့်လွှတ်လိုက်ရခြင်းတည်း ဟူသော အဖြစ်ပင်ဖြစ်ပါသည်။သို့သော် ထိုသူတု့ိ မမြင်သော အချက်မှာကား နှစ်ပေါင်းများစွာ အစိုးရမှ အကုန်ကျခံ သင်ကြားပေးခဲ့ရသော အရည်အချင်းပြည့် ခွဲစိတ်ပါရဂူတစ်ဦးကို မြန်မာ နိုင်ငံမှ ဆုံးရှုံးလိုက်ရခြင်း ဟူသော အဖြစ် ဖြစ်ပေသည်။ တစ်ချိန်တည်းမှာ ပင် ထို အဖြစ်အပျက်နှင့် အတူ တွဲဖက် ပါလာသော ဆိုးကျိုးကား မြန်မာ ဆရာဝန်များ သည် အလုပ်လုပ်ရန် တွန်င့်္ဆုတ် သွားခြင်း ဖြစ်ပေသည်။ အလုပ်လုပ် ရန်တွန့်ဆုန်သွား ခြင်းဟူသည်မှာ ယခင်က လူနာအကျိုးကို ရှေးရှုလျက် ဒုက္ခရောက်နိုင်မှန်းသိသော်ငြားလည်း စွန့်စားကာ ကုသပေးခြင်းမျိုး ဖြစ်သည်။ ယခု ထိုကိစ္စ ဖြစ်သွားသော အခါ ဆရာဝန်များအနေဖြင့် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ ဆိုးကျိုးကို မရှာလိုသော သဘောများကို သိ်သာ စွာ တွေ့ရှိလာရပါသည်။ ထိုအခြင်းအရာသည် Technological Resources အပေါ်ထက် Man Power အပေါ်တွင် အဓိက ထားလည်ပတ်နေရသော မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အတွက် ဆိုးကျိုး တစ်ခု ပင်ဖြစ်ပါသည်။ လူအင်အားကို အဓိက ထားလုပ်ကိုင်နေသော စံနစ်တစ်ခုတွင် ထိုလူများသည် တက်ကြွမှု သိသာ စွာ လျော့နည်းလာပါက ထိုစံနစ်သည် တုန့်ဆိုင်းလေးကန်လာမည်မှာဧ ကန်ပင်ဖြစ်သည်။ ယခုအခါ ဆရာဝန်များက ကြောက်ရွံ့လာသဖြင့် မလိုလားအပ်သော ဆိုူးကျိုးများကို ရှောင်ရန် ‘မလုပ်၊မရှုပ်” ဟူသော သဘောကို ကျင့်သုံးလာကြလျှင် မည်သူများ အရင်ထိခိုက် နစ်နာမည်နည်း။ ပြည်သူများ ပင်အရင် ထိခိုက်နစ်နာမည်ဖြစ်သည်။ ထိုကဲ့ သို့ဖြစ်လာလျှင် မည်သူက တာဝန်ယူပါမည်နည်း။

    ဆရာဝန်တွေမလိုအပ်တော့ဘူးလား?
    ထိုမေးခွန်းသည် ဖြေရန်မလိုအပ်သော မေးခွန်းဖြစ်ပါသည်။ သန်းငါးဆယ်သော ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လက်ရှိဆရာဝန်အင်အားသည် နည်းပါးနေပါသေးသည်။ ထို့ပြင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီသော ကျန်းမာရေး စောင့်ရှောက်မှုပေးရန်လည်း လိုအပ်နေပါသေးသည်။ ယခု လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုမှာ ရှိတာနှင့် ဖြစ်အောင် လုပ် နေရသော သဘောကို ဆောင်ပါသည်။ ထိုသို့ အနေအထားများတွင် အားနည်းချက် များစွာ ရှိမည်မှာ သဘာဝကျလှပေသည်။ သို့သော်ငြားလည်း ထိုစံနစ်သည်ပင်လျှင် တစ်နှစ်တစ်နှစ် လူပေါင်းများစွာကို ကယ်တင်လျှက်ရှိနေသေးရာ အသုံးဝင်နေသေးသည်ဟု ဆိုနိုင်ပေမည်။ ထိုသို့ ရှိတာနှင့် ဖြစ်အောင် လည်ပတ်နေရသော အချိန်တွင် မီဒီယာများက ဆေးလောက ကို ပစ်မှတ်ထားကာ ကိုယ်ကျိုးရှာမည်ဆိုလျှင် နူရာဝဲစွဲ၊လှဲရာသူခိုးထောင်း ဖြစ်သွားနိုင်သည်။ အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဆိုးကျိုးရလာဒ်များ ဖြစ်ပေါ်လာနိုင်သည်ကို သတိချပ်သင့်လှပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တစ်ချိန်က မြန်မာ ဆရာဝန်များနှင့်မလုံလောက်၍ နိုင်ငံခြားသား ဆရာဝန်များကို ငှားရမ်း ခန့်ထားခဲ့ရသည်။ ထိုနိုင်ငံခြားသားများသည ်မြန်မာ အမျိုးသမီးငယ်များအပေါ် မလိုအပ်ဘဲ အခွင့်ကောင်းယူကာ စော်ကားခဲ့ကြသည်မှာ ဒုနဲ့ဒေး ဖြစ်သည်ကို ဆရာဝန်တင်ရွှေရေးသော စာအုပ်တွင် တွေ့ရှိရသည်။ ယခု လက်ရှိ မီဒီယာများကို ထိုခေတ်သို့ ပြန်ရောက်စေလိုသလော ဟု မေးခွန်းထုတ်လိုသည်။ အကယ်တိတိ လတ်တလော ဂျာနယ်ရောင်းကောင်းရေးကို သာ ဦးတည်လျက် ရေရှည်ကို မကြည့်ဘဲ ထိုးနှက်မည်ဆိုလျှင် နောင်တစ်ချိန် မိမိ တို့ သမီးပျိုကလေးများ ကို နိုင်ငံခြားသား ဆရာဝန်များက အခွင့်ကောင်းယူနေသည်ကို ညိုးငယ်စွာ ကြည့်နေရလိမ့်မည် ဟု သတိပေးလိုသည်။

    ဘာကြောင့်မီဒီယာတွေ ပစ်မှတ်ထားလာကြသလဲ?
    ပုဂ္ဂလိက ဆေးခန်းကြီးများ ဖွင့်လှစ်အောင်မြင်လာခြင်းနှင့်အတူ ဆရာဝန်ကြီးများမှာလည်း အလွန်အောင်မြင်လာခဲ့ကြသည်။ ထို ပုဂ္ဂလိက ဆေးခန်းကြီးများတွင် ဆေးကုသ စရိတ်မှာ ကြီးမြင့်လှသလို အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုကလည်း မလုံ မလောက်ဖြစ်နေသေးသော အချိန်တွင် ထိုနှစ်နေရာလုံးတွင် အလုပ်လုပ်နေကြသော သူများမှာ ဒီဆရာဝန်များသာ ဖြစ်နေသဖြင့် ပစ်မှတ်ထားလိုလာကြသည်ဟုမြင်သည်။ အချိန်ကိုရောင်းနေရသည့် ဆရာဝန်ကြီးများမှာ လူနာ၏ စိတ်ကျေနပ်မှု အပြည့်အဝအတွက် အချိန်လုံလောက်စွာ မပေးနိုင်ခြင်းသည် ထိုးနှက်တိုက်ခိုက်လိုသော သူများအတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေပေသည်။ ပုထုဇဉ်လူသား ပီသစွာ၊ အသိုင်းအဝိုင်းတစ်ခု ပီသစွာ ဆေးပညာရှင် အသိုင်းအဝို်င်းတွင် လည်းငွေမက်သူ၊ ငွေမမက် သူရှိမည်မှာ မလွဲပေ။ လူနာများကို အချိန်ပေးလျက် ကောင်းမွန်စွာဆက်ဆံသော ဆရာဝန်ကြီးများ ရှိနေသလို အချိန်ရှားပါးလျက် ဂရုမစိုက်နိုင်သော ဆရာဝန်ကြီးများလည်း ရှိကြပေမည်။ထိုအကြားတွင် တူညီမှုတစ်ခု မှာ ဆရာဝန်ကြီး အများစုသည် သာမန် လူမရနိုင်သော အခွင့်အရေးများကို ပညာရပ်နှင့်လျော်ညီစွာ ရနေကြသဖြင့် မနာလို မုန်းတီးမှုများ သည် ဆရာဝန်လူတန်းစားအပေါ်တွင် ပေါက်ဖွားလာနိုင်ပေသည်။ထို မနာလိုမုန်းတီးမှုကို အခြေခံလျက် အခွင့်သာသည့်အချိန်တွင် ထိုးနှက်တိုက်ခိုက်ခြင်းသည် သာမန်လူစားများအတွက် မထူးဆန်းလှသော်လည်း စတုတ္ထမဏ္ဍိုင် ဟု ဆိုအပ်သော မီဒီယာလောက အတွက်မူ ဖြစ်သင့်သည်ဟု ယူဆအပ်ပါသလား။

    မြန်မာ ဆရာဝန်တွေရဲ့ အရည်အချင်း
    မြန်မာ ဆရာဝန်များသည် အခြားနိုင်ငံများကဲ့သို့ပင် (UK တွင်တက်မည်ဆိုလျှင် A Grade ဖြင့်အောင်ရမည့်အပြင် အင်တာဗျူးပါ အောင်မြင်ရသည်။)ဂုဏ်ထူးမှတ်များဖြင့် တက္ကသိုလ်ဝင်တန်းကို အောင်မြင်မှသာ တက်ရောက်ခွင့်ရနိုင်သော ဆေးသင်တန်းကို တက်ခဲ့သူများဖြစ်၍ အရည်အချင်းအားဖြင့် ပင်ကိုယ်ထက် မြင့်သူများ ဟုသတ်မှတ်ရနိုင်မည်ထင်ပါသည်။ အခြေအနေ အရပ်ရပ်ကြောင့် ထိပ်တန်း စက်ပစ္စည်းကိရိယာများကို ကိုင်တွယ်သုံးစွဲခွင့်မရခဲ့သေးကြသော်လည်း မြန်မာ ဆရာဝန်များ မအောင်မြင်သည့် ဆေးပညာ စာမေးပွဲဟူသည် ကမာ္ဘပေါ်တွင် မည်သည့်နိုင်ငံမှ မရှိသေးပါ။ထိုသို့ ဖြစ်ရာ မြန်မာ ဆရာဝန်များသည် အရည်အချင်းအားဖြင့် ကမာ္ဘပေါ်ရှိ မည်သည့်နိုင်ငံမှ မည်သည့် ဆရာဝန်များနှင့်မဆို ပခုံးချင်းယှဉ်နိုင်သော အရည်အချင်းရှိသည် ဟု အကြွင်းမဲ့ယုံကြည်သည်။ Training ကွာခြားသောကြောင့် အတွေ့အကြုံကွာခြားမှုသည် ပတ်ဝန်းကျင်နှင့်သာ တိုက်ရို်က်သက်ဆိုင်သည်။ ကြိုးစားမှု၊ အရည်အချင်းနှင့်င်္ တိုက်ရိုက်မသက်ဆိုင်ပါ။ ထို့ပြင် ဆေးကျောင်းတွင် စာသင်ကြားသော ဆရာများက လက်ရှိဆေးသင်တန်းသားများသည် အရည်အချင်းလိုအပ်သည်ဟု ပြောဆိုမှုများရှိခဲ့လျှင်ပင် ဆရာသမားတို့၏ တိုးတက်စေလိုသော စေတနာဆန္ဒနှင့် တိုက်တွန်းမောင်းနှင်မှုတစ်ခုမျှသာလျှင်ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် သိသင့် သိထိုက်သည့် ရောဂါကုထုံးများကို မသိဘဲ၊ မတတ်ဘဲ နောက်ဆုံးဆရာဝန်ဖြစ် စာမေးပွဲကို အောင်မြင်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ထို သို့အခြင်းအရာများကြောင့် မြန်မာ ဆရာဝန်များသည် အရည်အချင်းပိုင်းချို့တဲ့လျက် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် အားနည်းကြသည်ဟူသော အချက်ကို မှားယွင်းသည်ဟု သုံးသပ်ရှုမြင်သည်။

    မြန်မာ့ ဆေးလောကရဲ့ ကိုယ်ကျင့်တရားပိုင်း
    အကျင့်ပျက်ခြစားမှုသည် ယနေ့ကမာ္ဘတစ်လွှားတွင် ဖြစ်ထွန်းနေသော ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ မြန်မာ့ဆေးလောက တွင် ရှိသကဲ့သို့ နိုင်ငံတကာ တွင်လည်း ကင်းသော အရာမဟုတ်ပါချေ။ထို သို့အနေအထားတစ်ခုတွင် မြန်မာသမားတော် အချို့သည် ကိုယ်ကျင့်တရားဖောက်ပြန်တတ်ကြသည် မှာ များစွာ ဖြစ်နိုင်ပါသည်။ သို့သော်လည်း အခြား အသက်မွေးဝမ်းကျောင်းများနှင့်မတူသည့်အချက်မှာ မြန်မာ နိုင်ငံတွင်ဆရာဝန်တစ်ယောက်ဖြစ်ရန် ဥပဒေနှင့်အတူတွဲဖက်လျှက် ဆရာဝန်ကျင့်ဝတ်ကိုပါ ထည့်သွင်းသင်ယူရသော အချက်ဖြစ်သည်။ ထိုကျင့်ဝတ်ကို အလွတ်ရ စွဲမြဲနေအောင် အင်္ဂလိပ်လို တစ်မျိုး၊မြန်မာလိုတစ်ဖုံ လေ့လာ မှတ်သားခဲ့ရသည်။ထိုသို့ လေ့လာ ခဲ့သော သူတစ်ယောက်သည် ယေဘုယျအားဖြင့် ထိုကျင့်ဝတ်တို့၏ သတိပေးမှုကို ကျန်သောသူများထက် ရရှိသတိပြုမိနေမှာ သေချာလှပါသည်။ ဆိုလိုသည် မှာ ထိုသို့ လေ့ကျင့်မှုများဖြင့် ဘွဲ့ရခဲ့သူတစ်ဦးသည် ကျန်သော သူများထက်တော့ ပို၍ ကျင့်ဝတ်စွဲ မြဲမည်မှာ အမှန်ပါပဲ။

    ကိုယ့်ဖက်ကိုယ်ယက်သလား
    ယခုရေးသား ဖော်ပြခဲ့ချက်များသည် လက်ရှိ မြန်မာ့ဆေးလောက တွင်ကျင့်သုံးနေသော ကျင့်ထုံးများဖြစ်ပါသည်။ မြန်မာ့ဆေးကောင်စီသည် ကျင့်ဝတ်နှင့်ပတ်သက်၍ ကိုင်တွယ်လျက်ရှိပြီး လိုအပ်ပါက တရားဝင်ဆက်သွယ် အကြံဉာဏ်တောင်းခံနိုင်သည်။ ကျင့်ဝတ်ပျက်ပြားသော ဆေးသမားတော်များကို ထောက်ပြဝေဖန်ခြင်းသည် အလွန်ပင် ကောင်းမွန်သော အလေ့အထ ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော ဝန်းကျင်တစ်ခု ကိုဖန်တီးရာတွင် အဖျက်သမားများကို ထိန်းချုပ်ခြင်းသည် အလွန်လိုအပ်လှပါသည်။ ဆေးပညာရှင်အသိုင်းအဝို်င်းတွင် ကျင့်ဝတ်နှင့်ပတ်သက်၍ ထိန်းချုပ်ရန် ဆေးကောင်စီရှိနေသော်ငြားလည်း မီဒီယာလောက တွင် မီဒီယာ သမားများကို ကျင့်ဝတ်၊ အရည်အသွေးစံနှုန်းများနှင့် ပတ်သက်၍ ထိန်းချုပ်သည့် အဖွဲ့အစည်းတစ်ခုကို သေချာစွာ မကြားသိခဲ့ဖူးသေးပါ။ စာပေစိစစ်ရေးကလည်း ထိုကိစ္စကို ကိုင်တွယ်မည် မထင်ပါ။ သို့ ဖြစ်ရာ မီဒီယာများအနေနှင့် ဆေးလောက ကို မဝေဖန်မီ ဝေဖန်မည့် ဆောင်းပါး၏ သတင်းရင်းမြစ်တိကျမှုကို အထူးဦးစားပေး စိစစ်စေလိုပါသည်။

    မီဒီယာဆိုတာ ဆေးလောကအတွက် မိတ်ဆွေပါ?
    ဆေးပညာ ရှင်များသည် ရောဂါများကို ထိန်းချုပ်ကုသရာတွင် တိုက်ရိုက်ကုရုံနှင့်မရပါ။ ကျန်းမာရေးပညာပေးဟူသည့် နည်းဗျူဟာကိုလည်း ထိရောက်စွာသုံးစွဲရပါသည်။ သို့မှသာ ရောဂါများကို ထိန်းချုပ်နိုင်သည်။ ထိုသို့ ကျန်းမာရေးပညာပေးရာတွင် မီဒီယာများသည် မရှိမဖြစ် လိုအပ်လှသည်။ သို့ဖြစ်ရာ ဆေးပညာနှင့်မီဒီယာသည် အပြန်အလှန်နှီးနှောယှက်နွယ်လျက် တစ်ခုကိုတစ်ခု ထောက်ပံ့နေသော Sector များဖြစ်ကြပါသည်။ သို့ဖြစ်ရာ မီဒီယာလောက သားများအနေဖြင့် ဆေးလောက ကို သန့်ရှင်းစင်ကြယ်အောင် ထောက်ပြသည့်အပြင် မိမိတို့ သတင်းလောကသားများ၏ အရည်အသွေးကိုလည်း တိုးတက်အောင်၊ စံနှုန်းမီအောင် အထူး ဂရုပြုကြိုးစားသင့်လှပါသည်။

    မောင်မိုးဝေ(ဆေး-မန်း)

  • bigcat

    June 11, 2011 at 4:15 am

    အဲဒီတော့ ကျုပ်တို့က ဆရာဝန်တွေကို ဦးသုံးကြိမ်ချ ထိုင်ရှိခိုးနေရမှာလား….
    ဆရာဝန်တွေဟာ ရစ်ပါဘိ
    ဆရာဝန်တွေဟာ ညစ်ပါ၏
    ဆရာဝန်တွေမှာ မေတ္တာမရှိ

    • Teacher

      June 12, 2011 at 8:15 am

      U can act as u desire, Buddha says action-reaction…..

  • Endless

    June 11, 2011 at 5:05 am

    ကိုကြောင်ကြီး ကုို ဘယ်သူ မှ ဦးသုံးကြိမ်ချဖို့ မပြောပါဘူး…. အချင်းချင်း… Respect တစ်ခု ရှိရင် တော်ပါပြီ 🙁

  • shwemanthar

    June 11, 2011 at 7:13 am

    မြန်မာနိုင်ငံကဆရာဝန်တွေဟာ
    နိုင်ငံတကာနဲ.ရင်ဘောင်တန်းနိုင်ပါတယ်
    သူတို.ရဲ.အတွေ.အကြုံ အသိပညာတွေကို နိမ့်တယ်လို.ပြောလို.မရပါဘူး
    ဒါပေမယ့်သူတို.မတတ်နိုင်တဲ့အခြေအနေတွေလဲရှိမှာပါ
    အဲဒါတွေကိုပဲထောက်ပြနေရင်တော့ မီဒီယာသမားတွေဟာပြည်သူလူထုကိုအသိပညာပေးတဲ့လူတွေလို.ပြောလို.မရတော့ပါဘူး
    လူတစ်ယောက်ရဲ.အားနည်းချက်ကိုပဲအမြဲတမ်းထောက်ပြမနေသင့်ပါဘူး
    သူတို.တွေမှာအားသာချက်တွေလဲအများကြီးရှိမှာပါ

  • Endless ရေ
    ဆရာဝန်တွေနဲ့ ပါတ်သက်တဲ့ပိုစ်ကို ကျနော် (အကယ်၍သာ)ဆိုတာကတပုဒ်၊
    (မလွဲစကောင်း လွဲစကောင်း)ကတပုဒ် နှစ်ပုဒ်ရေးပါတယ်။
    ဒီရေးလိုက်တဲ့ နှစ်ပုဒ်စလုံးမှာ ပါသောအဖြစ်အပျက်အားလုံးသည် တကယ်ဖြစ်ပျက်ခဲ့တာအမှန်ပါဘဲ။
    အပြင်ဂျာနယ်တွေမှာဖြစ်နေတာကတော့ ကျနော်မသိလိုက်တာအမှန်ပါဘဲ။
    ကျနော်စာရေးတဲ့အခါမှာ လူတန်းစာတစ်ရပ်ကို ထိခိုက်အောင်ရေးလေ့မရှိပါ။
    တတ်နိုင်သလောက် မျှတအောင်ရေးပါတယ်။
    ကျနော်ရေးတဲ့ပို့စ်အတော်များများသည် ကောင်းစေချင်ပြုပြင်စေချင်သော စိတ်နဲ့သာရေးပါတယ်။
    ဘာလို့အခုလိုပြောနေရသလဲဆိုရင် စင်္ကာပူရောက် မြန်မာများဆိုတဲ့ဆိုက်မှာ ကျနော်ရေးတာကို
    (ကောလဟာလ)လို့ပြောလာလို့ပါ။
    အဲဒီဆို်က်မှာလဲ အကျိုးအကြောင်းပြန်လည်ရေးပြီးသားဖြစ်ပါတယ်။
    ကျနော်ရေးသောအကြောင်းများကို ခို်င်လုံမူ့ရှိမှသာရေးလေ့ရှိပါတယ်။
    မှန်ပါတယ် လူတန်းစားတိုင်းမှာ ကောင်းသူညံ့သူရှိစမြဲပါ.။
    အားလုံးကောင်းပါတယ်မပြောနိုင်သလို ဆိုးပါတယ်လို့လဲမပြောနို်င်ပါဘူး။
    ဆရာဝန်မှားနိုင်သလို လူနာဘက်ကမှားတာလဲရှိနိုင်ပါတယ်။
    ဒါပေမယ့် ဆရာဝန်ဆိုကတာကို လူမမာက တကယ့်ကိုဆရာတင်ပြီးအသက်ကိုဝကွက်အပ်ကြတာပါ။
    လျှပ်တစ်ပြက်မှာပါတဲ့ဆောင်းပါး ဘယ်သူမှန်တယ် မမှန်ဘူးကတော့ ကာယကံရှင်တွေအသိဆုံးဖြစ်ပါလိမ့်မယ်။
    အခုဂေဇက်ထဲမှာ ကော်မင်းတွေပေးကြတဲ့သူတွေအားလုံးသည် ကောင်းစေချင်သော အပြုသဘောဆောင်သော ရည်ရွယ်ချက်နဲ့ရေးကြ ကော်မင်းတွေပေးတာများပါတယ်။
    ကျနော်ရေးခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်စလုံးအတွက် ကျနော်ကတော့ စိတ်သန့်ပါတယ်.။
    ဘာလို့လဲဆိုတော့ ကျနော်မှာ တစ်စုံတစ်ယောက်ကို ထိခိုက်စေလို့သောဆန္ဒမရှိဘူးဆိုတာသေချာလို့ပါဘဲ။
    ညီလေးက မန်းလေးကိုဆိုရင် မန်းလေးမှာနေတဲ့ ကိုပေါက်က ညီလေးကိုတွေ့ချင်ပါတယ်။
    မိတ်ဖြစ်ဆွေဖြစ် စကားပြောကြရအောင်လို့ပါ။
    ကျေးဇူးပါ။

  • padonmar

    June 11, 2011 at 1:29 pm

    ဆရာဝန်တွေရဲ့ အမှားတွေလည်းရှိပေမယ့် ဆရာဝန်တိုင်း မရစ်ပါ။မညစ်ပါ။
    ဝေဖန်ရေးမှာ မျှတဖို့ လိုပါတယ်။
    fair ဖြစ်ဖို့ ဆရာသစ်တို့ရဲ့ ကြေငြာချက်ကိုလည်း ဂျာနယ်တွေမှာ ဖော်ပြပေးဖို့လိုပါတယ်။

  • unclegyi1974

    June 12, 2011 at 5:04 pm

    endless က ဆေးမန်းရဲ့စာကိုအများဖတ်နိုင်ရန်တင်ပြလို့ဖတ်လိုက်ရပါတယ်
    မြန်မာဆရာဝန်တွေအရည်အချင်းပြည့်တယ်မပြည့်ဖူးမငြင်းလိုပါ
    သိို့သော်အဓိကအချက်ကအရည်အချင်းမပြည့်သောသူများ
    အရည်အချင်းပြည့်သော်လည်းငွေမျက်နှာတခုတည်းကြည့်နေသာသူများ
    ပါနေသည်ဟုပြောလျင်..
    ဆရာဝန်ဖြစ်သွားပြီးကလေးမမွေးဖူးသောဆရာဝန်တွေ့ဖူးပါသလား
    အကြောဆေးသွင်းရင်ဖြေးဖြေးသွင်းရတာထုံးစံပါ ဟုတ်တယ်နော်
    အကြောဆေးသွင်းတာအသားဆေးသွင်းတဲ့စံနှုံးလောက်သွင်းတာမြင်ဖူးပါသလား
    ပန်းနာလူနာအဖွားကြီးကိုအကြောဆေးသွင်းပေးတာဒုံးပျံလောက်နှုံနဲ့သွင်းပေးတော့
    လူနာမျက်ဖြူဆိုက်သလောက်ဖြစ်သွားတာကိုဆေးနဲ့ရောဂါတွေ့တာလို့ပြောတာ
    ကြားဖူးပါသလား
    ဆေးရုံကြီးကသားအိမ်ကင်ဆာကိုကုမရလက်လွှတ်လိုက်တဲ့လူနာ
    ခွဲစိတ်မပေးတော့တဲ့လူနာကို
    ခွဲထုတ်လိုက်ရင်ပျောက်တယ်အချိန်မှီသေးတယ်၁ သိန်းပဲကုန်မယ်ပြောပြီး
    ခွဲပြီးတော့မှ၁ သိန်းဆိုတာခွဲခကိုပြောတာနောက်ဆက်တွဲကုသဖို့ငွေထပ်လိုတယ်
    ဆိုပြီးလူသေပါးစပ်ကပိုက်ဆံအတင်းနှိုက်ယူတဲ့ဆရာဝန်တွေရှိတယ်ဆိုရင်
    လုပ်ကြံပြောတယ်လို့ပြောမလား
    ဆိုလိုတာက
    လူနာအပေါ်စေတနာထားတဲ့ဆရာဝန်တွေလည်းအများကြီးပါ
    အကယ်ဝါသနာပါပြီးတကယ်ကုနေတဲ့ဆရာဝန်တွေလည်းအများကြီးပါ
    ငွေနောက်ကိုသဲသဲမဲမဲလိုက်နေတဲ့ဆရာဝန်တွေလည်းရှိပါတယ်
    အခုအင်တာနက်ခေတ်မှသတင်းတွေမြန်ဆန်ပြီးသိကုန်ကြလို့
    စွမ်းတဲ့လူတွေလည်းဖြစ်ကြလို့လူသိကုန်တာပါ
    မြန်မာလူမျိုးတွေကဆရာဆိုကတည်းကလေးစားမှုရှိကြပြီးသားပါ
    သေသွားလည်းကံတရာအတိုင်းပဲဆိုပြီးပြီးလိုက်ကြတာပါ
    အများစုဆရာတွေကိုပြောရန်မရှိသော်လည်း
    အနည်းစုဆရာများကိုပြောရန်ရှိနေပါကြောင်း
    စေတနာ ဝါသနာ ပါသောဆရာဝန်များ များများပေါ်ထွန်းပါစေ
    အနစ်နာကိုတမင်ဖြုတ်ထားခဲ့ပါတယ်

  • Endless

    June 13, 2011 at 4:25 am

    ဆေးလောက ကိုဗဟိုပြု၍တိုက်ခတ်နေသောလေပြင်းများ

    ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဤ ရက်ပိုင်းအတွင်း ဆေးလောကနှင့်ပတ်သက်၍ ဝေဖန်သံများ ဆူညံနေသည်။ အွန်လိုင်းစာမျက်နှာများတွင် လွတ်လပ်စွာရေးခွင့်ရသမို့ အွန်လိုင်းတွင် ပိုကြမ်းပါသည်။ အဓိက ရသော အကြောင်း(Message)မှာ ဆရာဝန်များ ပေးသော အချိန်သည် နည်းပါးလွန်းသဖြင့် ကျေနပ်မှု မရှိဟူသော ကိစ္စနှင့် ငွေကုန်ကြေးကျများသော ကိစ္စ နှစ်ခုကို ဦးတည်လျက် ဝေဖန်ကြခြင်းဖြစ်သည်။ ကျေနပ်မှုဟူသည်မှာ စိတ်ကျေနပ်မှုနှင့် ရောဂါ ပျောက်ကင်းသာသာရာမှ ရသော ကျေနပ်မှုနှစ်မျိုးခွဲခြားကြည့်သည်။ လက်ရှိ တုန့်ပြန်သံများကို ကြားရသည်မှာ ရောဂါ ပျောက်ကင်းသက်သာမှု မရှိခြင်းထက် လူနာ၏ ခံစားရချက်များကို လစ်လျူရှုသည်၊ အချိန်ပေးနည်းလွန်းသည် ဟူ၍ ဖြစ်ရာ Customer Service ပိုင်းနှင့်ပတ်သက်၍ မကျေနပ် ဟု ယေဘုယျသဘောယူဆပါသည်။

    ဒါအပြစ်လားကွယ်

    လက်ရှိ စာရေးသူတို့ ကျင်လည်ဖြတ်သန်းခဲ့သော ဆေးလောက အသိုင်းအဝိုင်းတွင် အလွန့်အလွန်နည်းပါးလှသော Elite(လက်ရွေးစင်) ဆရာဝန်ကြီး အချို့မှလွဲ ၍ ကျန်သော ဆရာဝန်ကြီးငယ် အတော်များများသည် လူနာတစ်ယောက်လျှင် ကြည့်ရှုစမ်းသပ်ခ ငါးရာကျပ်မှ ငါးထောင်ကျပ်အထိသာ ယူကြပါသည်။ အီလစ်များကိုတော့ ထည့်မပြောစေချင်ပါ။ လက်ရွေးစင်ဟုပြောလျှင် လက်ချိုးရေ၍ ရကြောင်း သတိမူမိ မည်ထင်ပါသည်။ ကျန်သော ဆရာဝန်ကြီးများမှာ အထက်က ဆိုခဲ့သော ပမာဏကိုသာလျှင် ဆေးဝါးကုသခ အဖြစ် ယူကြပါသည်။ စာရေးသူ၏ ဆရာရင်းအချို့ဆိုလျှင် ထိုမျှထက်နည်းပါးသော ပမာဏဖြင့် လူနာများကို ကြည့်ရှုကုသပေးနေကြပါသည်။ (ထိုဆရာကြီးများမှာ နိုင်ငံခြားမှ ဘွဲ့များစွာ ရယူထားသူများဖြစ်ပါသည်။) ထိုဆရာကြီးများတွင် အလွန့်အလွန်ကောင်းမွန်သော ကားများလည်း မရှိပါ။ သူလိုငါလို သာမန်စီးပွားရေးသမား တစ်ယောက်စီးသော ကားမျှသာရှိပါသည်။ကောင်းမွန်ထည်ဝါလှပသော ကားကြီးများသည် ဆေးခန်းဆေးရုံများရှေ့တွင်သာ ရှိပါသည်။ ထိုကားများမှာ လာရောက်ပြသသော သူဌေးလူနာများ၏ စီးတော်ယာဉ်များသာ အများအားဖြင့် ဖြစ်ကြပါသည်။ ထိုဆရာကြီးများသည် လက်ရှိပိုင်ဆိုင်ထားသော ဘွဲ့များကို ရရှိရင် နှစ်ပေါင်းများစွာ အပတ်တကုတ်အားထုတ်ခဲ့ကြရသည်။ဆယ်စုနှစ်အနည်းဆုံးနှစ်စု ရင်းခဲ့ရသည်။ ထိုမျှအားထုတ်ထားသော ဆရာဝန်ကြီးများသည် ‘ကြိုးစားမှုနှင့် ညီမျှသော” ခံစားခွင့် ကိုရယူလိုကြမည်မှာ သာမန်လူသားများသာဖြစ်ကြ၍ ထူးဆန်းလှသည်ဟု ဆိုနိုင်ပါသလား။ ထို့အပြင် ကျန်းမာရေးဝန်ဆောင်မှုကို ဈေးကွက်တစ်ခုအနေဖြင့်ရှုမြင်ပါက မြန်မာနိုင်ငံသည်ကြွယ်ဝသောာ နိုင်ငံတစ်ခု မဟုတ်သည့်အားလျော်စွာ လွန်စွာ မြင့်မားသော ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးပါက လူနာများလက်လှမ်းမှီမည်မဟုတ်ပေ။ ထို့ကြောင့် လူနာများလက်လှမ်းမှီလောက်သော ဈေးနှုန်း(ကျပ်ငါးထောင်ခန့်) ဖြင့် ကြည့်ရှုလျှင် မိသားစု သားသမီးများကို လူတန်းစေ့အောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် တစ်ရက်လူနာမည်မျှကြည့်ရပါမည်နည်း။ ဝေဖန်သမှု ပြုကြကုန်သော လူတို့ကိုလည်း မေးခွန်းတစ်ခုကို ရိုးသားစွာ မေးလိုပါသည်။ အကယ်၍ ဝေဖန်သူများသည် အနှစ်နှစ်ဆယ်ခန့် ဆင်းရဲပင်ပန်းစွာ ရုန်းကန်ခဲ့ရပြီး ‘ကိုယ့်ခေတ်’ရောက်သော အချိန်တွင် မည်သို့ ပြုကြပါမည်နည်း။ စာရေးသူ ဆိုလိုသည်မှာ လက်ရွေးစင် အခွင့်ထူးခံဆရာဝန်ကြီးများကို မဆိုလိုပါ။ သာမန် လူနာကြည့်ရှုနှုန်းဖြင့် ကြည့်နေကြသော ကိုးဆယ့်ငါးရာနှုန်းခန့်သော ဆရာဝန်များကိုသာရည်ရွယ်ပါသည်။ ဆိုက်ကားဆရာများသည် ပင် ခရီးတစ်ခေါက်အတွက် အနည်းဆုံး လေးငါးရာ ခန့်တောင်းဆိုပါသည်။ သာမန် ဂျီပီဆေးခန်းတစ်ခုတွင် ဆရာဝန်ငယ်တစ်ယောက်သည် ထိုမျှသာယူရပါသည်။ ဝေဖန်ကြသူတို့အား ဝေဖန်ကြချိန်တွင် လူမှုဖူလုံရေးအတွက် ဆေးခန်းငယ်ကလေးများတွင် ရုန်းကန်လှုပ်ရှားနေကြသော ဆရာဝန်ငယ်များကို မြင်ယောင်ကြပါသလားဟု မေးခွန်းထုတ်လိုသည်။စီးပွားရေး သမားတစ်ယောက်ဖြစ်ရန်၊ ကျန်သော ပညာရှင် တစ်ယောက် ဖြစ်ရန် နှစ်ပေါင်းနှစ်ဆယ် ရင်းနှီးအားစိုက်ရပါသလား။ ဆရာဝန်များ လူနာများကို အချိန်နည်းပါးစွာ ပေးလျက် ကြည့်ရှုခြင်းမှာ ကောင်းသည်ဟု လုံးဝ မဆိုလိုပေ။ ခေတ်နှင့် စံနစ်အရ ထိုသို့ဖြစ်နေရသည်ကို သာ ထောက်ပြလိုခြင်းဖြစ်သည်။ အကယ်၍ သာ ကြွယ်ဝချမ်းသာသော နိုင်ငံကြီးများကဲ့သို့ တစ်ရက်လူနာဆယ်ယောက်ခန့် သာကြည့်ရသောငြား မိမိနှင့် မိသားစုနောင်ရေးစိတ်အေးရအောင် ထောက်ပံ့ထားပါက ထိုဆရာဝန်ကြီးငယ်အပေါင်းတို့သည် မိမိတို့ ၏ အားလပ်ချိန်များကို မိုက်မဲစွာဖြင့် ရောင်းချငွေရှာမည် ဟု ယူဆပါသလား။ တစ်ခု ထောက်ပြလိုသည်မှာ ဆရာဝန်များသည် စီးပွားရေးသမားများမဟုတ်ကြပါ။ သူတို့၏ ရည်ရွယ်ချက်သည် ဆေးကုသခြင်း၊ လူ့အသက်ကို ကယ်တင်ခြင်းဖြစ်ပြီး ထိုက်သင့်စွာပေးကမ်းအပ်သော အခကြေးငွေကိုသာ လိုချင်ကြသူများဖြစ်ပါသည်။ ဆရာဝန်များ၏ ဦးနှောက်ထဲတွင်၊ သွေးထဲတွင် စီးဆင်းနေသော ဆာလောင်မွတ်သိပ်မှုသည် ငွေကြေးမဟုတ်ပါ(အများအားဖြင့်)။ ခေတ်သစ်ဆေးပညာကုထုံးများ၊ ခေတ်ပေါ်ဆေးဗဟုသုတများကိုသာလျှင် ဆရာဝန်အများစု မက်မောကြပါသည်။လုပ်ငန်းသဘာဝအရပင်လျှင် ‘ငွေပထမ’ မဟုတ်ရာ ဆရာဝန်များသည် ငွေမက်နေကြသည်ဟု ဆိုလာလျှင် “မလုံလောက်သေး၍’ဟု ပြန်လည်ချေပပါသည်။ ‘ဘယ်တော့လုံလောက်မှာလဲ’ ဟုမေးလျှင် လူနေမှုအဆင့်အတန်းမီစွာ၊ မိသားစုအရေး၊ သားသမီးပညာရေး၊ နောင်ရေးကို စိတ်အေးရလျှင် လုံလောက်ပြီ ဟု ဖြေပါသည်။ ထိုအဖြေသည် ဆရာဝန်အများစု၏ ဆန္ဒကို ကိုယ်စားပြုသော အဖြေလည်းဖြစ်ပါလိမ့်မည်။

    ဆေးကုသစရိတ်မြင့်တယ်ဆိုတာ

    လွန်ခဲ့သော နှစ်နှစ်ခန့်က ဗြိတိန်ဆေးပညာ ဂျာနယ်(BMJ)တွင် ဆောင်းပါး တစ်ပုဒ်ဖတ်ရှုလိုက်ရသည်။ ထိုဆောင်းပါးက ဆေးပညာတွင် တကယ့်အလှအပဖြစ်သော လူနာစမ်းသပ်မှု အရည်အသွေးများ ခေတ်သစ်ဆရာဝန်များတွင် ကျဆင်းလာနေသည်ဟု ဝေဖန်ထားပါသည်။ ရင်ဘတ်ဓါတ်မှန်ရိုက်ရုံ၊ လူနာကို စမ်းသပ်ရုံနှင့် အဖြေရှာနိုင်သော ရောဂါတစ်ခုကို စီတီစကင် အဆင့်အထိ ရိုက်နေကြသည်ဟု ဝေဖန်ထားသည်။ဆရာဝန်တွေ လူနာစမ်းသပ်မှုအပိုင်းတွင် အားနည်းလာနေကြပြီဟု ထောက်ပြသည်။ သို့ရာတွင် Science of Uncertainty ဟု တင်စားကြသော ဆေးပညာတွင် ထိုအနောက်နိုင်ငံများမှာ တရားစွဲဆိုမှုများ များပြားလွန်းသဖြင့် မတို့ရဲ၊ မထိရဲ ဖြစ်နေကြရာ ကိုယ့်ဖက်က သေချာအောင်လုပ် လိုသော ဆရာဝန်များကိုလည်း အပြစ်ဆို၍ မရချေ။ အဓိက ပြောလိုသည်မှာ ဆေးပညာကုထုံးများ၏ Trend သည် လူနာကိုစမ်းသပ်ကုသမှုအပြင် ဓါတ်ခွဲစမ်းသပ်မှု၊ ဓါတ်မှန်ရိုက်စမ်းသပ်မှု စသော စမ်းသပ်မှုများ၏ အကူအညီအပေါ်တွင် ယနေ့ အထူး မှီခိုလာခြင်းဖြစ်သည်ကို ဆိုလိုပါသည်။ လူနာတစ်ဦးလာပြီဆိုလျှင် အလွန်အဆင့်မြင့်ပါသည်ဆိုသော နိုင်ငံများတွင်ပင် Baseline Investigations(အခြေခံ သွေးစစ်ဆေးမှု) စသည်ကို လုပ်ရပါသည်။ ငွေကုန်ကြေးကျခံကာ ‘အထူးကုဆေးခန်း’ ဟူသော နာမည်အောက်တွင် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ချင်သော လူနာများနှင့် တတ်စွမ်းသမျှ ပညာကို အသုံးချသော ဆရာဝန်များသည် ခေတ်သစ် မော်ဒန် ဆေးပညာ တွင် ပြုလုပ်သည့် စစ်ဆေးမှုများကို မရှိမဖြစ်အနေဖြင့်လုပ်ကြပါသည်။ ကျသင့်ငွေကို ဆေးခန်းကြီးများမှ ယူပါသည်။ထို့ကြောင့် ဆရာဝန်စရိတ်ထက် သွေးစစ်ဆေးသော စရိတ်စက များက ကြီးမြင့်နေတတ်သည်ကိုလည်း အချက်တစ်ချက် အနေဖြင့် သတိမူလိုပါသည်။ ထို့အပြင် ဆေးရုံကြီးများတွင် ပေးရသော အခန်းလခများသည် ဟိုတယ်တွင် တည်းခိုနေသကဲ့သို့ စရိတ်ကြီးမြင့်နေတတ်ပါသည်။ ထိုကိစ္စများသည် ရှယ်ယာဝင် ဆရာဝန်ကြီးအချို့မှလွဲ၍ ကျန်သောဆရာဝန်ကြီး အများစုက မစွမ်းဆောင်နိုင်သော ဆေးခန်းပိုင်ရှင်များ ကိစ္စ သာဖြစ်ပါသည်။ ထို့အပြင် ယနေ့ ခေတ်သစ် ဆေးဝါးများသည် ပြည်ပ မှတင်သွင်းလာသော ဆေးများ ဖြစ်ရာ ထိုဆေးဝါးများ၏ စရိတ်စက အထူးကြီးမြင့်ခြင်းကို အထူးပြောရန်မလိုချေ။ ထိုသို့အချက်များ ရှိနေရာ ဆေးကုသစရိတ်ကြီးမြင့်ရခြင်း၏ အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်းမရှိဘဲ ဆရာဝန်များအပေါ်သာပုံချခြင်းသည် တရားမျှတသည်ဟု မဆိုနိုင်ချေ။

    မပြည့်စုံတဲ့ Customer Service၊ နှစ်သိမ့်ဆွေးနွေးခြင်း နဲ့ မကျေနပ်မှုတွေ

    နောက်တစ်ချက်အနေဖြင့် လူနာများကို အချိန်ပေးမှုနည်းလွန်းခြင်းကြောင့် ပြဿနာများ တက်ရသည်ဟုဆိုသည်။ ဆရာကြီး မဟုတ်သေးသော အငယ်တစ်ယောက်အနေဖြင့် မြင်သည်ကို ပြောလိုပါသည်။ လူနာတစ်ယောက်ကို ရောဂါရှာဖွေရာတွင် လူနာခံစားရသည်များကို မေးမြန်းကာ လူနာကို ဆရာဝန်ကိုယ်တိုင်စမ်းသပ်ပြီးနောက် သွေးစစ်ဓါတ်ခွဲမှုများဖြင့် တိုက်ဆိုင်ညှိနှိုင်းလျက် အတည်ပြုရပါသည်။ ထိုသို့ ဖြစ်ရာ ဆရာဝန်များသည် လူနာနှင့်စကားပြောလျက် ခံစားရသည်များကို မေးမြန်းရာတွင် သင့်လျော်သော အချက်အလက်များကို ရွေးထုတ်ရပါသည်။ လက်တွေ့နယ်ပယ်တွင် လူနာများသည် ဆရာဝန်ကြီးများကို အားကိုးတကြီးဖြင့် ခံစားရသည်များကို လူသားဆန်စွာ ဖွင့်ဟ ပြောပြ လိုကြပါသည်။ သို့ရာတွင် သူတို့ပြောကြသည်များမှာ များသောအားဖြင့်ရောဂါ နှင့် ဆက်စပ်ဆီလျော်သည်မှာ နည်းပါးပါသည်။ ထိုအခါ ဆရာဝန်ကြီးများက သူတို့၏ လမ်းကြောင်းကိုတည့်မတ်ပေးကာ အဓိက အချက်အလက်များ မလွတ်သွားရလေအောင် မေးမြန်းရပါသည်။ သိလိုသော အချက်များကို ရရှိအတည်ပြုပြီးသည်နှင့် နှစ်ပေါင်းများစွာရှိထားသော အတွေ့အကြုံအရ ဆရာဝန်ကြီးများသည် အထက်တွင်ဆိုခဲ့သော စံနစ်နှင့် လိုအပ်ချက်အရ လူနာအား စကားစ ဖြတ်ရလေ့ရှိပါသည်။ ထိုအခါ လူနာက မကျေမနပ် ဖြစ်လာခြင်းမှာ အလွန်သဘာဝကျပါသည်။ လူနာများဖက်မှ အမြင်သည် ငွေကြေးများစွာ ပေးထားရပါလျက် ဂရုမစိုက် ဟူသော အမြင်ဖြစ်ပါသည်။ ဆရာဝန်ကြီးသည် စကား သေချာစွာမပြောဆိုသောကြောင့် ရောဂါကြီးကြီးမားမားများကို လွတ်သွားခဲ့လျှင် ထိုဆရာဝန်ကြီးသည် အလွန် အပြစ်ကြီးပါသည်။ သို့သော်လည်း လက်ရှိဆေးလောကတွင် လုပ်ကိုင်နေသော ဆရာဝန်ကြီးများ၏ အတွေ့အကြုံနှင့် ‘သဘာ’အရ ထိုသို့ အဖြစ်အပျက်မျိုးမှာ အလွန်နည်းပါးမည်ဟု ထင်မြင်ယူဆပါသည်။ ဥပမာ တစ်ခုကို ကိုးကားရလျှင် စာရေးသူ အလုပ်သင်ဘဝက တရုတ်ပြည် ကူမင်းမြို့ဆေးရုံကြီးတွင် ကုသမှုခံယူလာသော အမျိုးသမီးတစ်ဦး ဆေးရုံသို့ရောက်ရှိလာပါသည်။ ဝမ်းချုပ်ကာ ဗိုက်ထဲတွင် နေ၍မကောင်းဟူသော လက္ခဏာဖြင့်လာခြင်းဖြစ်သည်။ စီတီစကင်ကိုလည်း တရုတ်ဆေးရုံကြီးမှ ဆွဲပေးလိုက်ပါသည်။ တရုတ်လိုရေးထားသော ဆေးမှတ်တမ်း ကိုကြည့်လိုက်ရာ ရောဂါအမည်တွင် Lymphadenopathy(ပြန်ရည်ဂလင်းများ ကြီးသောလက္ခဏာစု) ဟု ရေးသားထားသည်ကိုတွေ့ရသည်။ ထိုအခါ မိမိ၏ အထက် အတိုင်ပင်ခံဆရာဝန်မကြီးက HIV ကိုသံသယရှိသည်။ စစ်ဆေးပါဟုဆိုသည်။ မိမိက အကြောင်းရင်းကို မေးမြန်းရာ လူနာ၏ ပိန်ခြင်းဝခြင်း၊ နယ်စပ်ဒေသမှလာခြင်း၊ စီတီကြည့်လိုက်သောအခါ ပြန်ရည်ဂလင်းများ ကြိးသည်ကိုတွေ့ရခြင်း ကြောင့်စစ်ခိုင်းသည်ဟု ပြောပါသည်။ စစ်လိုက်သောအခါ အကယ်ပင် HIV positive ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့်နှစ်ထပ်ကွမ်း ကြည်ညိုမိပါသည်။ နှစ်ထပ်ကွမ်းဟု ဆိုရခြင်းမှာ ပထမ အချက်အနေနှင့် လူနာကို ငွေကုန်ကြေးကျ အလွန်မများစေဘဲ ရောဂါကို တစ်ခါတည်း ရှာတွေ့ခြင်းနှင့်ထိုသို့ရှာနို်င်လောက်အောင် ပြည့်စုံကြွယ်ဝသော အတွေ့အကြုံ၊ဆေးပညာ ဗဟုသုတ အပြင် တရုတ်ဆေးရုံကြီးမှ သေချာစွာ ကုသမှုမပေးလိုက်သော လူနာကို အထူးဝါယမစိုက်စရာမလိုဘဲ ရောဂါတွေ့ရှိ ကုသ မှုပေးလိုက်နိုင်ခြင်းပါ။ ထို့ကြောင့် အချိန်နည်းပါးသည်ဟု စောဒက တက်သော ပုဂ္ဂိုလ်များကို ပြန်လည် တုန့်ပြန်လိုသည်မှာ အချိန်ပေးမှုနည်းပါးခြင်းသည် မကောင်းပါ။ လူနာစိတ်ကျေနပ်မှုအပြည့်ရခြင်းဟူသော ရှုထောင့်မှ သုံးသပ်သော် အလွန်ပင် အရည်အသွေးညံ့ဖျင်းသော ဝန်ဆောင်မှုဖြစ်ပါမည်။ သို့သော် ဆေးကုထုံး၏ အနှစ်သာရ ဖြစ်သော ရောဂါမှန်ကို ရှာဖွေတွေ့ရှိကာ ကုသမှုပေးနိုင်ခြင်းတည်းဟူ သော အရည်အသွေး အလွန်နိမ့်ကျနေခြင်းမရှိ သေးသောကြောင့် လူသားဆန်စွာ မိမိအရေး၊မိသားစုအရေးအတွက် အားလပ်ချိန်များကို ငွေကြေးအတွက် စတေးနေကြသော ခေတ်နှင့် စံနစ်၏သားကောင် ဆရာဝန်ကြီးများ ကိုယ်စား အနူးအညွတ်ပင် မေတ္တာရပ်ခံအပ်ပါသည်။ခေတ်ကောင်း၍ စံနစ်များ ပြောင်းလျှင်ဖြင့် ဝေဖန်သူတို့ မြင်တွေ့လိုသော ဝန်ဆောင်မှုမျိုးကို မြင်တွေ့ရမည်ဟု ရဲဝံ့စွာ ယုံကြည်ပါသည်။ ယခု ကဲ့သို့ ခနော်နီခနော်နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေချိန်တွင် တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုးမပြီးပါက ဆုတ်ယုတ်နိမ့်ကျခြင်းသည်သာလျှင် အဖတ်တင်မည်ဖြစ်ပါသည်။ ထို့အပြင် တစ်ခု ရှင်းပြလိုသည်မှာ လက်ရှိ မြန်မာပြည်တွင် အထူးကုအနေဖြင့်တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်ကြီးများသည် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် သူတို့၏အတွေ့အကြုံ၊ဘွဲ့များဖြင့် အလုပ်ရှာပါကမြင့်မားသော ကိုယ်ပိုင်ဝင်ငွေ၊ ကိုယ်ပိုင်အားလပ်ချိန်ဖြင့်နေထိုင်နိုင်မည် ဆိုခြင်းဖြစ်ပါသည်။ မိသားစုသံယောဇဉ်၊ တိုင်းပြည်အပေါ်ရှိသော မြတ်နိုးမှု၊ မြန်မာလူမျိုးကိုချစ်သော ဆန္ဒတို့ဖြင့် နေထိုင်နေခြင်း ဖြစ်သည်ကို ပြည်ပရောက် မြန်မာဆရာဝန်အများနှင့် ဆက်ဆံထိတွေ့လျက်ရှိသော စာရေးသူသည် ‘ကိုယ်တွေ့’ ဖြင့် ရည် ညွန်းပြောဆိုုလိုပါသည်။

    သစ်မရှိတော့ဝါးပေါင်းကွပ် ဆိုသလို

    သို့ဖြစ်ရာ လက်ရှိ ဆေးလောက သည် လိုအပ်ချက်များရှိနေသည့်အားလျော်စွာ အားနည်းချက်များကို ဝေဖန်လာပါက ခုခံချေပနိုင်စွမ်းနည်းလှပါသည်။ သို့သော်ငြားလည်း တစ်ခါက ဆိုခဲ့ဖူးကဲ့သို့ပင် ‘ရှိတာနှင့် ဖြစ်အောင်လုပ်” နေကြသော ခေတ်တွင် ဖေးဖေးမမ ဝေဖန်ကာ အပြုသဘောဆောင်သည့်အနေဖြင့် ထောက်ပြစေလိုလှပါသည်။ လက်ရှိဆရာဝန်ကြီးများ တာဝန်ထမ်းဆောင်ခြင်းမရှိတော့ပါက မျိုးဆက်သစ်များကို ဆေးပညာလက်ဆင့်ကမ်းမည့် သူများ ရှိတော့မည်မဟုတ်ပါ။ ထိုအခါ မြန်မာနိုင်ငံတွင်ဆရာဝန် ဆိတ်သုန်းသွားပါမည်။ ထိုသို့ အဖြစ်မျိုးကို နောင်ရေးကိုကြိုတွေးလျက် ကာကွယ်သည့်အနေဖြင့် ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသလို ပြောလည်းပြောစေချင်ပါသည်။ပြောသူ၏ စေတနာကိုလည်း မှန်စေလိုလှပါသည်။ ထိုသို့ ညီညာဖျဖျ လက်တွဲမှ သာလျှင် လိုအပ်ချက်များကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်မည်ဖြစ်ပါသည်။

    ရေးသားသူ
    မောင်မိုးဝေ(ဆေး-မန်း)

  • Endless

    June 13, 2011 at 4:37 am

    ကိုပေါက်… ရေးထားတဲ့ စာတွေကို ဖတ်ချင်ပါတယ်…. (အကယ်၍သာ၊မလွဲစကောင်း လွဲစကောင်း)
    လင့်ခ်ရှိရင် ရှယ်ပေးပါ… … ကိုပေါက်နဲ့ လည်း တွေ့ချင်ပါတယ်… အဆင်ပြေရင် … draungmoemyint123@gmail ကို အက်နိုင်ပါတယ် ကျေးဇူးတင်လျှက်….

Leave a Reply