သူများမြင်းစီးများတာကို ကိုယ်ကပြိုင်ပြီးလှေမစီးလိုက်ဖို့ပါပဲ

lapyaewonJune 10, 20111min660

အကုသလောဓမ္မော အကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော- အကုသိုလ်က အကုသိုလ်ကို ပြန်ကျေးဇူးပြုတယ်လို့ဆိုလိုပါတယ်။ဘယ်လိုကျေးဇူးပြုသလဲဆိုတော့ ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ၊ ပိသုဏံ ဘဏတိ၊ ဖရုသံ ဘဏတိ…- တဲ့အချစ်ဆိုတဲ့ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါးအသက်ကိုသတ်မယ်၊ သူတစ်ပါးဥစ္စာကိုခိုးမယ်၊လိမ်ပြောမယ်၊ ကုန်းထိုးစကားကိုပြောမယ်၊ ကြမ်းတမ်းတဲ့စကားကိုပြောမယ်စသည့်ဖြင့်ပြုမိ ပြောမိကြမယ်ဆိုရင် အချစ်ကနေ ကုသိုလ်မဖြစ်ဘဲအကုသိုလ်ဖြစ်သွားတယ်ဆိုလိုပါတယ်။ ရဟန်းသံဃာအများစုကတော့ ဒီပဋ္ဌာန်းပါဠိတော်ကိုရထားပြီး သိထားပြီးသာဖြစ်ကြပါတယ်။ စာဖတ်သူဓမ္မမိတ်ဆွေအများစုလည်းရကောင်းရပါလိမ့်မယ်။ စာရေးသူတင်ပြချင်တာက အချစ်ကြောင့် သူခိုးဖြစ်ခဲ့ရတဲ့အကြောင်းလေးကိုတင်ပြချင်တာရယ်ကိုယ်ချစ်တဲ့သူနှင့်တုပြီးတော့အကုသိုလ်မဖြစ်ပွားရအောင်
သင်္ဂဇာဆရာတော်ဘုရား၏အဆုံးမလေးကိုသိစေချင်သောကြောင့်ဒီဆောင်းပါးလေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

မြတ်ဗုဒ္ဓဒေသနာ

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုလုပ်နေစဉ် ဘုရားအလောင်းသည် အာကာသစိုးနတ်ဖြစ်ပါတယ်။ ဗာရာဏသီပြည်သူ/သားတို့သည် တန်ဆောင်မုန်းလနက္ခတ်နှင့်ယှဉ်သော ပွဲလမ်းသဘင်များ ကျင်းပရာဆင်းရဲသားလင်းမယားနစ်ယောက်လည်းရှိခဲ့ပါတယ်။ မိန်းမလုပ်သူက မောင်ရေ ကျမလေ အဝတ်အစားကောင်းကောင်းများဝတ်ဆင်ကာ မောင်နှင့်အတူလက်ချင်းတွဲပြီးပွဲလှည့်လည်ချင်တယ် လို့မိန်းမကပြောတယ်။ ယောက်ျားလုပ်သူကလည်း တို့ကမချမ်းသာဘူးလေ ရှိတဲ့အဝတ်ကိုသာဝတ်ဆင်းပြီးသွားကြအောင်ကွာဟုပြောဆိုသော်လည်း မိန်းမဖြစ်သူကလက်မခံဘဲ အဝတ်အစာကောင်းကောင်းမှမဝတ်ရရင် အဲဒီပွဲလမ်းသဘင်ကိုမောင်တစ်ယောက်ထဲသာသွားပါ၊
ကျမကတော့မလိုက်တော့ဘူးဟုစိတ်ဆိုးသောလေသံဖြင့်ပြန်ပြောပါတယ်။ မောင်! အဝတ်အစားကောင်းကောင်းတွေ မင်းကြီး၏ကုန်တိုက်မှာရှိတယ်လေ သွားပြီးတော့ခိုးပေးပါလို့တိုက်တွန်းလိုက်ပါတယ်။ ယောက်ျားဖြစ်သူကလည်း မိန်းးမဖြစ်သူကိုချစ်တော့ မကောင်းတာရယ်ကောင်းတာရယ်လို့မတွေးတော့ဘဲ သွားခိုးခဲ့ရာ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ အဲဒီခိုးခြင်းဟူသောအပြစ်ကြောင့် သူခိုးအားတံကျင်လျှို၍သတ်ရန်မင်းကအမိန့်ပေးလိုက်ပါတယ်။ ကျီးတွေက ထိုသူခိုး၏ ဦးခေါင်းပေါ်မှာနားလျှက် မျက်လုံးစသည့်ကိုနုတ်သီးဖြင့်ထိုးဖောက်ကြတယ်။ ထိုသူခိုးလည်း မိမိခံနေရတာကိုသတိမရဘဲ သူရဲ့မိန်းမနှင့်ရွှေလက်တွဲ၍ ပွဲလမ်းသဘင်မသွားခဲ့ရတာကိုပဲယူကျုံးမရဖြစ်ပြီး အဲဒီမကောင်းသောအာရုံဖြင့်သေဆုံးခဲ့ရာ ငရဲ့သို့ရောက်ရပါလေတော့သတည်း။

သင်္ဂဇာဆရာတော်ဘုရား၏အဆုံးအမဩဝါဒ

သင်္ဂဇာဆရာတော်ဘုရားဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ စာဖတ်သူတို့ သိကြသည့်အတိုင်း မင်းတုန်းမင်းကြီးမှာ မိဖုရားမောင်းမမိဿံတွေအလွန်မတန်များပြားစွာရှိသလို ညီတော်ကနောင်မင်းသားမှာလည်း မောင်းမမိဿံတွေအများကြီးရှိပါတယ်။ အခုတင်ပြမှာလေးက ကနောင်းမင်းသားရဲ့ မိဖုရားတစ်ပါး အပါအဝင်ဖြစ်သော လှိုင်ထိပ်ခေါင်တင်အကြောင်းလေးဖြစ်ပါတယ်။ ကနောင်မင်းသားက မောင်းမမိဿံတွေများတော့ လှိုင်ထိပ်ခေါင်တင်ဆီ ပုံမှန်လာရမည်ကို မလာဖြစ်ဖူးပေါ့။ လိုရင်းကတော့ မောင်းမမိဿံတွေများတော့ လှိုင်ထိပ်ခေါင်တင်မှာအလိုဆန္ဒမပြည့်ဝသဖြင့် စိတ်ဆင်းရဲပါတော့တယ်။ လှိုင်ထိပ်ခေါင်တင်မိဖုရားကလည်း သင်္ဂဇာဆရာတော်ဘုရားကို နန်းတော်သို့ပင်ပြီး ဆွမ်းကပ်ခြင်းအမူ့ကိုပြုလုပ်ခဲ့ပါတယ်။ ဆွမ်းစားလို့အဆုံးမှာ လှိုင်ထိပ်ခေါင်တင်ကဆရာတော်ဘုရားအား လျှောက်ထားပါတယ်။ ဆရာတော်ဘုရား မောင်တော်ကနောင်မင်းသား မောင်းမအငယ်တွေနှင့်ပျော်ပါးနေတယ်ဘုရား၊ အဲဒီလိုပြုနေကြတာဟာ ယောက်ျားတွေမှာအပြစ်မရှိသလိုလုပ်နေပါတယ်ဘုရား၊ ဆရာတော်ဘုရားရဲ့ ကနောင်မင်းသားကို အဆုံးအမပေးပါဘုရားလို့လျှောက်ထားပါတယ်။ အမှန်ကတော့ တပည့်တော်နှင့်ကနောင်မင်းသားအဆင်မပြေဖြစ်နေတယ်ဘုရား၊ သူက တစ်ခြားကောင်မလေးတွေနဲ့ဖောက်ပြန်ပြိးနေနေတယ်ဘုရားလို့ပြောချင်ပုံရပါတယ်။ အဲဒါကိုသင်္ဂဇာဆရာတော်ဘုရားကလည်း ရိပ်မိပုံပေါ်သဖြင့်- ဒီမှာ လှိုင်ထိပ်ခေါင်တင် တစ်ဖက်သားရဲ့အကုသိုလ်ကိုပြိုင်ပြီးများ မကျင့်လိုက်လေးနဲ့၊ ကရင်မိုက်လှေစီးသလိုဖြစ်နေလိမ့်မယ်လို့ မိန့်တော်မူပါတယ်။ လှိုင်ထိပ်ခေါင်တင်ကလည်း ဆရာတော်ဘုရားဆုံးမစကားကိုသဘောမပေါက်သဖြင့် အကျယ်ထပ်ရှင်းပြရန်လျှောက်ထားပြန်တယ်။ သင်္ဂဇာဆရာတော်ဘုရားကပုံဝတ္ထုလေးကိုအောက်ပါအတိုင်းပြောပြတယ်။ တစ်ခါတုန်းက ကရင်တစ်ယောက် မြန်မာမိတ်ဆွေတစ်ယောက်ဆီကို မြင်းစီးပြိး အိမ်အလည်သွားတယ်၊ မြန်မာမိတ်ဆွေ အိမ်ရောက်တော့ မြန်မာမိတ်ဆွေက ကရင်မိတ်ဆွေရဲ့မြင်းကိုကြည့်ပြီး မိတ်ဆွေ ကျွန်တော်မိတ်ဆွေရဲ့မြင်းကိုစီးကြည့်ချင်တယ်ဗျာလို့ပြောတယ်၊ ကရင်မိတ်ဆွေကလည်း မြန်မာမိတ်ဆွေကို ပြောရမည်သူတွေမဟုတ်ပါဘူး စီးချင်သပဆိုစီးလို့ရပါတယ်ပေါ့ ။ မြန်မာမိတ်ဆွေကလည်း ဟိုဘက်ရွာထိပ် ဒီဘက်ရွာထိပ် အပြန်ပြန်အလှန်လှန် စီးလိုက်မြင်းခမျှ ဖတ်ဖတ်ကိုမောပြီးရောက်လာတာကိုကရင်ကသိတယ်။ ကရင်မိတ်ဆွေက သူ့မြင်းမောနေတာကိုကြည့်ပြီး မြန်မာမိတ်ဆွေကိုတော့ ငါလက်စားချေမှပဲ ဆိုပြီး မြန်မာမိတ်ဆွေဆီမှာရှိတဲ့ လှေကို ဟိုဘက်ကမ်း ဒီဘက်ကမ်းအပြန်ပြန်အလှန်လှန်စီးပြစ်လိုက်တယ်၊ နောက်ဆုံးအားရတဲ့အထိစီးပြီး လှေကမမောဘဲ ကိုယ်တိုင်ပဲမောနေရတာဆိုတော့ ကရင်မိတ်ဆွေက ဘာပြောသလဲဆိုတော့- မြန်မာမိတ်ဆွေကို လက်စားချေရတာ ငါပဲ မောရတယ် လို့ ပြန်ပြောပါသတဲ့။ ဒီအတိုင်းပဲ လှိုင်ထိပ်ခေါင်တင်မိဖုရားရေ ကနောင်မင်းမြင်းစီးများနေတာကို နင့်ကိုပြန်လက်စားချေမယ်ဆိုပြီး လှေများသွားမစီးလိုက်နဲ့ ကိုယ်ပဲ မောရလိမ့်မယ်လို့ သင်္ဂဇာဆရာတော်ဘုရားက ဒီပုံပြင်လေးကိုပြောပြီး ဆုံးမခဲ့ပါတယ်။ တစ်ခါတစ်ခါ အချစ်နဲ့ပက်သက်လို့ အဆင်မပြေဖြစ်နေရင် သူခြေလှမ်းပျက်တိုင်း ကိုယ်ကလိုက်မပျက်နဲ့၊ သူဖောက်ပြန်တိုင်း ကိုယ်က လိုက်မဖောက်ပြန်နဲ့၊ သူတစ်ပါးအကုသိုလ်ကို ကိုယ်ကပြိုင်ပြီးမကျင့်ပါနဲ့၊ ပုံပြင်ထဲကလိုဆိုရင်ဖြင့်- သူများမြင်းစီးများတာကို ကိုယ်ကပြိုင်ပြီးလှေမစီးလိုက်ဖို့ပါပဲ။ ကဲစာဖတ်သူရေ မြတ်ဗုဒ္ဓဒေသနာတော်က အချစ်ကြောင့်သူခိုးဘဝကိုရောက်ခဲ့ရပြီငရဲသို့ပြေးဆင်းရပါတယ်၊ သင်္ဂဇာဆရာတော်ဘုရားရဲ့အဆုံးမလေးကတော့ ချစ်သူတစ်ယောက်ကိုချစ်တာက ချစ်လို့ရပါတယ်၊ ဒါပေမဲ့ အစွန်းမရောက်မိစေပါနှင့်။ အချစ်ပေါ်သဝန်တို့တာတိုလို့ရပါတယ်၊ ဒါပေမဲ့ သူမြင်းစီးများတာကို ကိုယ်ကလှေပြန်ပြီးတော့မစီးမိပါစေနှင့်။ လောကလူသားတိုင်းတော့ အချစ်နှင့်မကင်းနိုင်ကြပါဘူး၊ ဒါပေမဲ့ လောကလူသားတိုင်း အချစ်ကြောင့်တော့ ဘေးမရောက်ဖို့အထက်ပါဖော်ပြခဲ့သောဇာတ်လမ်းများကိုအတုယူကာ လိုက်နာကျင့်သုံးကြပါစို့။

လပြည့်ဝန်း

ကျမ်းကိုး

ပုပ္ဖရတ္တဇာတ်-၁၄၇

ရဝေနွယ်(အင်းမ)