မိုးတွေရွာနေတယ်

မိုးတွေရွာနေတယ်။ လွိုင်ကော်ကိုရောက်တဲ့မနက်တော့ မိုးက အုံ့အုံ့မှိုင်းမှိုင်း။ ခုတော့ မိုးက စွေရွာနေလိုက်တာများ အမြင်ကတ်ချင်စရာ။ တကယ်တော့ မိုးကလည်းမိုးပါပဲလေ။ အချိန်တန်ရင်တော့ရွာမှာပဲပေါ့။ အစိုးမရတဲ့အထဲမှာ မိုးလည်းပါတယ်လေ။ သူ့စိတ်ကိုတော့ သူက ပိုင်တယ်ထင်နေတာ။ တကယ်တော့ စိတ်သွားတိုင်းကိုယ်မှမပါတာ။ ခုလည်းကြည့်လေ။ အလုပ်ကနေ ခွင့်လေးတစ်လလောက်ရပါတယ်။ လုပ်စရာတွေက အများကြီး။ သင်တန်းလေးကလည်း ပြေးတတ်လိုက်ချင်သေးတယ်။ ပိုက်ဆံကလည်းတောက်တောက်လဲကုန်ဦးမယ်ဆိုတော့ကာ စိတ်ကလုပ်ချင်တစ်ခြား လုပ်လိုက်တာကတစ်ခြား။ ဝမ်းစာဆိုတာကလည်း ဖြည့်ထားမှဆိုတဲ့အတိုင်း ကိုယ့်အလုပ်လေးမှာ ကွန်ပျူတာလေး မတောက်တခေါက်တတ်ထားတာလေးနဲ့အဆင်မပြေတော့ နောက်ထပ် ထပ်ဖြည့်ရန်အလို့ငှာ သူစဉ်းစားမိတာပေါ့။

အလုပ်ကလည်း ခုလို မိုးရာသီမှ ခွင့်ကရတာကလား။ ကျန်တဲ့လတွေများဆိုရင် ခွင့်မပြောနဲ့ နေမကောင်းတောင် လုပ်နေရတာ။ ဖားကန့်ဆိုတာမျိုးက ပွင့်လင်းရာသီမှာ ဘယ်လိုမှ ခွင့်မပေး။ ကုမ္ပဏီကလည်း ရာသီချိန်လိုမျိုးခွင့်လာယူလို့ကတော့ ခံစားခွင့်တွေ လျှော့တွက်ပြီတာမှတ်။ ဒီလိုဆိုတော့ သူတို့ကလည်း ရာသီချိန်ဆိုရင် ခွင့်ယူဖို့ တုတ်တုတ်ကိုမလှုပ်ရဲ။ ဘာဖြစ်လို့လည်းမေးရင်  ဒီလိုဖြေရလိမ့်မယ်။ ရတဲ့လစာလေးနဲ့ အိမ်ကိုပို့ဖို့ရာကျတော့ မလောက်မငဖြစ်တတ်တယ်။ ရာသီချိန်အပြည့်နေလို့ကတော့ ရာသီသိမ်း ဘောက်ဆူးကလေး မြိုးမြိုးမြတ်မြတ်ရတတ်တော့ ဒီအချိန်ကိုမျှော်ရတာကလား။

ဖားကန့်ကျောက်တွင်းတွေရဲ့ ရာသီချိန်က 9လပိုင်း 10လပိုင်းလောက်ကစ…တယ်။ ရာသီသိမ်းချိန်အများစုကတော့ 5လပိုင်း မေလပေါ့။ မေလနောက်ပိုင်းကတော့ စိတ်ပျက်စရာ မိုးတွင်းကြီးပဲ။ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်မယ်။ လမ်းချော်မယ်။  ဆိုတော့ ကုမ္ပဏီအများစုက အလုပ်မဖြစ်ကြဘူး။ သူတို့ သူငယ်ချင်းတွေကလည်း မိုးတွင်းပြန်ဖို့အရေး တာစူပြီး လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေခဲ့ရတာ။ ခုတော့ အိမ်ပြန်ရောက်ပြီ။ အလုပ်ကနားတော့ အိမ်မှာ ကိုယ်က ဧည့်သည်။ စားလိုက် အိပ်လိုက် လည်လိုက် ပတ်လိုက်နဲ့ ခြေကိုများနေခဲ့တာ။ ဒါပေမယ့် လုပ်စရာလေးတွေရှိတယ်ဆိုတဲ့အတွေးနဲ့ ်လောလော လည်လိုက်ပတ်လိုက်ပေါ့။

လွိုင်ကော်ကိုရောက်ရောက်ချင်း ဘာလုပ်သလဲဆိုတော့ ခေါင်ရည်သောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကချင်ခေါင်ဆိုတာကို ပျော့ပျော့လေးပဲ မြည်းကြည့်ဖူးတော့ ကယားခေါင်လောက်တော့ အကြိုက်မတွေ့တော့။ ပါလာတဲ့ သူငယ်ချင်းတွေကလည်း ရန်ကုန်သားတွေဆိုတော့ သူတို့မြို့က ကယားခေါင်ကို မြည်းကြည့်စေချင်တယ်။ ပထမတော့ အရောင်ဖျော့လို့ သကောင့်သားတွေက အထင်သေးချင်တယ်။ နောက်တော့ ခေါင်းပါကိုက်ရော။

နောက်ရက်ကျတော့ လွိုင်ကော်က တောင်ကွဲစေတီတော်ကိုလိုက်ပို့လိုက်တယ်။ နည်းပညာတက္ကသိုလ်ကိုရောက်တယ်။ နောက်တော့ ခေါင်ရည်ဆိုင်နဲ့ ဘီယာဆိုင်မှာပဲ အချိန်ကကုန်ပြန်ရော။လွိုင်ကော်မြို့ကလည်း လည်စရာပတ်စရာက သုံးရက်လောက်လှည့်လိုက်ရင် နှံ့ပြီဆိုတော့ကာ လည်ခြင်း ပတ်ခြင်းအစီအစဉ်က တစ်ခန်းရပ်ဖို့နီးလာတယ်။ သူတို့ ဘာစဉ်းစားလည်း။ အလုပ်တွေနဲ့ လုံးချာလည်လိုက်ရင်း ဘာသာရေး ဘာမှမလုပ်ဖြစ်။ ခု ရောက်တုန်းရောက်ခိုက်ဘာလုပ်ကြမလဲ သူငယ်ချင်းတွေတိုင်ပင်လိုက်တယ်။ ပဉ္ဇင်းခံမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့ သူငယ်ချင်းတွေကပါ ခေါင်းငြိမ့်ပြီးသား။ လုပ်လိုက်လေ ကြာသလားလို့တဲ့။

ကဲ တကယ်တမ်းလည်းဆုံးဖြတ်ပြီးရော စိတ်က ဘယ်လိုဖြစ်နေတယ်မသိဘူး။ ဒါကြောင့်ပြောတာ မိုးတွေရွာနေတယ်လို့။

သော်ဇင်(လွိုင်ကော်)

3 comments

  • bigcat

    June 12, 2011 at 2:02 am

    ကိုသော်ဇင် ပဇ္ဇင်းခံလိုက်ရင် ဘီယာနဲ့ခေါင်ရည်ဆိုင် ဝင်ငွေလျော့မယ်၊ ပိုင်ရှင်အမြတ်နည်းမယ်၊ အလုပ်သမား အပိုကြေးမရဘူး၊ လူငယ်တွေ အော်ဟစ်မြူးတူး စိတ်ဖောက်ရမယ့် အချိန်မှာ ငြိမ်းအေးချမ်းသာခြင်း တရားအရသာကို ခံစားနေမယ်ဆိုရင် နိုင်ငံတော်မှာ အများကြီး နစ်နာဆုံးရှုံးမှုတွေ ဖြစ်မယ်။ ဒါကြောင့်မိုးရွာတာ မဟုတ်ဘူး၊ သဂျီးစကား နားထောင်တာ ခေါ်တယ်။ 🙄

  • တညင်သား

    June 12, 2011 at 2:49 am

    လွိုက်ကော် က ကယားခေါင်ရေက အလွန်းကောင်းဗျ….ကချင် ခေါင်ရည်ထက်ပိုကြိုက်တယ်….ဘီလူးချောင်းထဲ ရေချိုးရတာလဲ တမျိုးအရသာပေါ့.. ကားလမ်းတော်တော်ကောင်းသွားပြီလားဗျ.. တို့ဟူးကျော်နဲ့ တို့ဟူးနွေး ကိုတော့ အကြိုက်ဆုံးပဲ…..အခုတော့ အလွမ်းပြေ တိုင်းရင်သားကျေးရွာမှာ သွားကြည့် ဖြစ်တယ်. တောင်ကွဲ စေတီကို….. ဆက်ရေးပါအုံးဗျ………………

    • Thaw Zin Loikaw

      June 22, 2011 at 3:14 pm

      ဟုတ်ကဲ့ ကျနော် တောင်ကွဲစေတီသမိုင်းလေးကိုရေးဖို့ရှိပါတယ် ဒါပေမယ့် ခရီးထွက်နေရင်းမို့ မရေးအားသေးတာပါ ကြည့်ရတာ လွိုင်ကော်သား(သို့) လွိုင်ကော်ကိုရောက်ဖူးသူဖြစ်မယ်လို့ထင်ပါတယ် ကားလမ်းတွေကတော့ ထုံးစံပဲပေါ့ဗျာ တောင်ပေါ်ဒေသ အစားအစာတွေကိုကြိုက်နှစ်သက်တယ်ပြောလို့ တောင်ပေါ်သူ တောင်ပေါ်သားတွေကိုယ်စား ကျေးဇူးတင်ပါတယ်….

Leave a Reply