“နင်တို့ဟာလေ..စည်းကမ်းကိုမရှိဘူး ၊ ကိုယ့်ပစ္စည်းကိုကိုယ်နေရာတကျထားပါလား၊ အပြင် ထွက်ခါနီးမှဟိုရှာဒီရှာ ၊ ရော့ဒီမှာတွေ့ပြီ”

“အပြင်မှာစားသောက်လာတော့အိမ်ကချက်ထားတာတွေအလကားဖြစ်ပြီပေါ့ ၊ အပြင်စာ တော်တော် ကြိုက်ကြ ၊ အာဟာရှိတာဆိုမစားချင်ကြဘူး ၊ ရော့ဒီမှာ သရက်သီးလေးတော့စားလိုက်ဦး ချိုလွန်းလို့ ညည်းအတွက် ချန်ထားတာ”

“ဒါမိန်းကလေးအိမ်ပြန်ချိန်လား ၊ အလုပ်ကပြန်ဟိုဝင်ဒီထွက်နဲ့ ၊ အိမ်စောစောပြန်ပြီးနားတော့ ဘာဖြစ်မှာလို့လဲ ၊ ရော့ မအိပ်ခင်ကွေကာအုပ်လေးတော့သောက်”

“ဟဲ့ သေတော့မှာပဲ ဒီအချိန်ခေါင်းမလျှော်နဲ့လေ ၊ လာလာ အုန်းဆီလေးလိမ်းထား ၊ မနက်ထလျှော် အမေရေနွေး လုပ်ထားပေးမယ် ကြားလား”

“အဲဒီဒေါက်ဖိနပ်ချွတ်စမ်း ခါးနာတယ်လည်းဆိုသေး ၊ အင့် ဒီကတ္တပါဖိနပ် စီးသွား ပန်းလေးတွေ ထိုးထားတာလှကလှနဲ့”

“ဒီနေ့စောစောပြန်လာ အိမ်မှာထမင်းစားဖြစ်အောင်စား ညည်းကြိုက်တဲ့ မှိုကြော်ထားမယ်”

“အဝတ်အစားတွေကလည်းကိုးလို့ကန့်လန့်အေ ၊ ငါတော့ကြည့်မရပါဘူး ၊ ခါးမတ်မတ်ထားစမ်း ဟော့ရှော့ဝတ်ပြီး ခါးကြီးကကုန်းနေလို့ဘယ်လှမှာလည်း”

အမေ့ရဲ့တစ်နေ့တမျိုးမရိုးနိုင်သောမြည်တွန်တောက်တီးသံတွေ မကြားရရင် ကောင်းမှာပဲလို့ ခဏခဏတွေးမိခဲ့သလို တကယ်ကိုပဲ နိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်ဖို့ဖြစ်လာခဲ့ပြီးနောက်။

“အလုပ်သွားခါနီး ခေါင်းစည်းကြိုး နာရီ မျက်မှန် ရှာပေးတဲ့ မေမေ”

“အလုပ်ကအပြန် ထမင်းဝိုင်းနဲ့စောင့်နေတဲ့မေမေ”

“အိပ်ခါနီး အာဟာရတစ်ခုခုလုပ်ပေးတဲ့မေမေ”

“ရေချိုးဖို့ရေနွေးစပ်ပေးတဲ့မေမေ”

“ညှပ်ဖိနပ်လှလှလေးတွေဝယ်ထားပြီး ညဆိုရင်ခါးကိုဆေးလိမ်းပေးတဲ့မေမေ”

“ကိုယ်ဘာကြိုက်လည်းဆိုတာမေ့နေပြီး သမီးအကြိုက်ကိုအမြဲသတိရတဲ့မေမေ”

“အလှပြင်ထားတဲ့သမီးကိုကြည့်ပြီးကျေနပ်နေတဲ့မေမေ”

သတိရလိုက်တာမေမေရယ်။

(မေမေနဲ့ခွဲခွါပြီးနေခဲ့ရသောအချိန်များသို့ အမှတ်တရ)

 

About Pearl May

has written 11 post in this Website..