မေမေ့ကဗျာ

Pearl MayJune 13, 20111min530

“နင်တို့ဟာလေ..စည်းကမ်းကိုမရှိဘူး ၊ ကိုယ့်ပစ္စည်းကိုကိုယ်နေရာတကျထားပါလား၊ အပြင် ထွက်ခါနီးမှဟိုရှာဒီရှာ ၊ ရော့ဒီမှာတွေ့ပြီ”

“အပြင်မှာစားသောက်လာတော့အိမ်ကချက်ထားတာတွေအလကားဖြစ်ပြီပေါ့ ၊ အပြင်စာ တော်တော် ကြိုက်ကြ ၊ အာဟာရှိတာဆိုမစားချင်ကြဘူး ၊ ရော့ဒီမှာ သရက်သီးလေးတော့စားလိုက်ဦး ချိုလွန်းလို့ ညည်းအတွက် ချန်ထားတာ”

“ဒါမိန်းကလေးအိမ်ပြန်ချိန်လား ၊ အလုပ်ကပြန်ဟိုဝင်ဒီထွက်နဲ့ ၊ အိမ်စောစောပြန်ပြီးနားတော့ ဘာဖြစ်မှာလို့လဲ ၊ ရော့ မအိပ်ခင်ကွေကာအုပ်လေးတော့သောက်”

“ဟဲ့ သေတော့မှာပဲ ဒီအချိန်ခေါင်းမလျှော်နဲ့လေ ၊ လာလာ အုန်းဆီလေးလိမ်းထား ၊ မနက်ထလျှော် အမေရေနွေး လုပ်ထားပေးမယ် ကြားလား”

“အဲဒီဒေါက်ဖိနပ်ချွတ်စမ်း ခါးနာတယ်လည်းဆိုသေး ၊ အင့် ဒီကတ္တပါဖိနပ် စီးသွား ပန်းလေးတွေ ထိုးထားတာလှကလှနဲ့”

“ဒီနေ့စောစောပြန်လာ အိမ်မှာထမင်းစားဖြစ်အောင်စား ညည်းကြိုက်တဲ့ မှိုကြော်ထားမယ်”

“အဝတ်အစားတွေကလည်းကိုးလို့ကန့်လန့်အေ ၊ ငါတော့ကြည့်မရပါဘူး ၊ ခါးမတ်မတ်ထားစမ်း ဟော့ရှော့ဝတ်ပြီး ခါးကြီးကကုန်းနေလို့ဘယ်လှမှာလည်း”

အမေ့ရဲ့တစ်နေ့တမျိုးမရိုးနိုင်သောမြည်တွန်တောက်တီးသံတွေ မကြားရရင် ကောင်းမှာပဲလို့ ခဏခဏတွေးမိခဲ့သလို တကယ်ကိုပဲ နိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်ဖို့ဖြစ်လာခဲ့ပြီးနောက်။

“အလုပ်သွားခါနီး ခေါင်းစည်းကြိုး နာရီ မျက်မှန် ရှာပေးတဲ့ မေမေ”

“အလုပ်ကအပြန် ထမင်းဝိုင်းနဲ့စောင့်နေတဲ့မေမေ”

“အိပ်ခါနီး အာဟာရတစ်ခုခုလုပ်ပေးတဲ့မေမေ”

“ရေချိုးဖို့ရေနွေးစပ်ပေးတဲ့မေမေ”

“ညှပ်ဖိနပ်လှလှလေးတွေဝယ်ထားပြီး ညဆိုရင်ခါးကိုဆေးလိမ်းပေးတဲ့မေမေ”

“ကိုယ်ဘာကြိုက်လည်းဆိုတာမေ့နေပြီး သမီးအကြိုက်ကိုအမြဲသတိရတဲ့မေမေ”

“အလှပြင်ထားတဲ့သမီးကိုကြည့်ပြီးကျေနပ်နေတဲ့မေမေ”

သတိရလိုက်တာမေမေရယ်။

(မေမေနဲ့ခွဲခွါပြီးနေခဲ့ရသောအချိန်များသို့ အမှတ်တရ)