ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များ လွှဲပြောင်းရယူလုပ်ကိုင်မှု ခေတ္တဆို်င်းငံ့ထား

klnMay 3, 20101min481

မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို အများဆုံးကိုင်တွယ်ဆောင်ရွက်နေသည့်အဓိက ဆိပ်ကမ်းဖြစ်သော ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ လက်ရှိတွင် ပုဂ္ဂလိကမှ ဆိပ်ကမ်းလွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း ဆိပ်ကမ်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်ရှိ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ပန်းဆိုးတန်းနန်းသီတာဆိပ်ကမ်းနှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းများ၏ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ B.O.Tစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပြီးနောက်တွင် ဗိုလ်အောင်ကျာ်ဆိပ်ကမ်းအား ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်အတူ ဧပြီလ ၁ရက်နေ့တွင် ပူးတွဲစီမံခန့်ခွဲမှု စတင်ခဲ့ကြောင်း သိရသည်။ သို့သော် လက်ရှိအချိန်တွင်မူ အကြောင်းကြောင်းကြောင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းလွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း သိရှိရသည်။ ထိုသို့ ဆိုင်းငံ့ထားချိန်ကို အနည်းဆုံးဧပြီလကုန်အထိထားရှိပြီး အချိန်သုံးလနီးပါးခန့်လည်း ကြာသွားနိုင်ကြောင်း အဆိုပါအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။ “ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ သေချာမသိပါဘူး။ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ပုဂ္ဂိကကို ဦးဆုံးလွှဲပြောင်းပေးတာပါ။ အခုဗိုလ်အောင်ကျော်ဆိပ်ကမ်းလွှဲပြောင်းမှု ဆိုင်းငံ့နေတော့ နောက်လာမယ့်ဆိပ်ကမ်းတွေလွှဲပြောင်းဖို့က ဘယ်လိုလဲဆိုတာ မသိသေးပါဘူး”ဟု ၎င်းကဆိုသည်။ ၂၀၁ဝဧပြီလ ၁ရက်နေ့တွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား ပုဂ္ဂလိကနှင့် ဆိပ်ကမ်းအာဏာပိုင်ပူးပေါင်းလုပ်ဆောင်မှု၌ အုပ်ချုပ်မှုပိုင်းအား ပုဂ္ဂလိကမှ တာဝန်ယူပြီး လုပ်ငန်းလုပ်ဆောင်မှုအပိုင်းအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ယူကာ လုပ်ငန်းများဆောင်ရွက်ရန်ရှိခဲ့သော်လည်း ဧပြီလနောက်ဆုံးပတ်အတွင်း သတင်းများအရ ထိုသို့ဆောင်ရွက်နေမှုများပင်မရှိတော့သည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။ ထို့အပြင် ကွန်တိန်နာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကလည်း “မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဘက်က လွှဲတာရပ်ထားတာမဟုတ်ဘူး၊ ပုဂ္ဂလိကလွှဲယူနေတာကို ခေတ္တရပ်ထားတာလို့သိရတယ်”ဟု သိရှိရပါသည်။