ဗုံးပေါက်ကွဲမှုနှင့် ကောလဟာလများထွက်ပေါ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိလူစည်ကားသောဈေးကြီးများ၊ ရှော့ပင်းစင်တာအချို့တွင် လာရောက်ဝယ်ယူသူသိသိသာသာလျော့ကျ

klnMay 3, 20101min642

ဗုံးပေါက်ကွဲမှုနှင့် ကောလဟာလသတင်းများထွက်ပေါ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ လူစည်ကားသောဈေးကြီးများနှင့် ရှော့ပင်းစင်တာအချို့သို့ လာရောက်သူနှင့် လာရောက်ဝယ်ယူသူဦးရေ သိသိသာသာလျော့ကျလာကြောင်း အဆိုပါနေရာများမှ စုံစမ်းသိရှိရသည်။ ဈေးကြီးများတွင် လာရောက်ဈေးဝယ်သူလျော့ကျလာသည်ဟုဆိုရာတွင် အခြေခံစားသောက်ကုန်နှင့် အသင့်စားသောက်ကုန်ပစ္စည်းရောင်းချသော ဈေးကြီးများတွင် လျော့နည်းသွားချင်းမျိုးမဟုတ်ဘဲ အဝတ်အထည်နှင့် အခြားလူသုံးကုန်များရောင်းချသော ဈေးများတွင်သာ လျော့ကျသွားသည်ဟု သိရှိရသည်။ ညောင်ပင်လေးဈေးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုက “ကျွန်မတို့ဈေးကတော့ စားသောက်ကုန်ပစ္စည်းရောင်းတဲ့ဈေးဆိုတော့ လူမပြတ်ပါဘူး။ ဗုံးပေါက်ကွဲမှုတွေ၊ ကောလဟာသတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမှာ ဈေးကိုလူလာတာ သိသိသာသာကြီးနည်းသွားတာမျိုးမရှိပါဘူး။ ဗုံးပေါက်ကွဲမှုမဖြစ်ခင်ကတည်းက ဈေးထဲမှာ တချို့ရက်တွေဆို လူနည်းပြီး အရောင်းအဝယ်အေးနေကျမို့လို့ပါ။ ကိုယ့်ဈေးက စားသောက်ကုန်ပစ္စည်းရောင်းတဲ့ဈေးဆိုတော့ ခါတိုင်းတစ်ပတ်သုံးခါလာတဲ့သူက အခုဆိုရင် နှစ်ခါလောက်ပဲလာတာမျိုးတော့ရှိပါတယ်။ စားသောက်ကုန်ပစ္စည်းဆိုတော့ အဝတ်အထည်တို့လို တစ်ခါတလေမှ ဝယ်ရတာမျိုးမဟုတ်ဘူးလေ”ဟု ဆိုပါသည်။ ရန်ကုန်မြို့ရှိ ဈေးကြီးများတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်အတူ လုံခြုံရေးကိုပါ တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။ “အခုလက်ရှိမှာ ကျွန်တော်တို့မင်္ဂလာဈေးအနေနဲ့ လုံခြုံရေးကို အရင်ကထက် တိုးထားပါတယ်။ ဒီလိုတိုးတာဟာလည်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့်လည်းပါသလို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့လည်း ရည်ရွယ်ပါတယ်”ဟု မင်္ဂလာဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။ “အခုရက်ပိုင်းတော့ ကျွန်တာ်တို့ဈေးမှာ လူနည်းနည်းခြောက်သွားတယ်။ ခါတိုင်းလတွေ အရောင်းအဝယ်အေးတာတောင် ဒီလိုလူမရှိတာမျိုးမဟုတ်ဘူး။ လူနည်းနည်းရှိသေးတယ်။ အခုဆိုရင် လူကိုသိပ်မရှိတာ။ အရောင်းအဝယ်ကလည်းတော်တော်ကိုအေးနေတယ်”ဟု သိမ်ကြီးဈေးဘီရုံမှ ပုဆိုးအရောင်းဆိုင်တစ်ခုကပြောပြခဲ့သည်။ “ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ကျွန်မတို့ယုဇနပလာဇာမှာလည်း လုံခြုံရေးကို သူ့ဟာနဲ့သူတော့ ပိုပြီးတင်းကြပ်လာတယ်လို့ သိရပါတယ်။ အရင်ကဆို ပလာဇာက စနေနဲ့တနင်္ဂနွေနေ့ဆိုရင် လူအရမ်းစည်တယ်။ အခုနောက်ပိုင်း စနေ၊ တနင်္ဂနွေလိုနေ့မျိုးတောင် လူသိပ်မရှိဘူး။ ပြီးတော့ဟိုရက်ပိုင်းက မင်္ဂလာဈေးတု့ိ၊ လပြည့်ဝန်းပလာဇာတို့မှာ ဗုံးပေါက်တယ်ဆိုတဲ့ ကောလဟာလသတင်းတွေထွက်ပြီးနောက်ပိုင်း ပလာဇာမှာလူပိုနည်းသွားတယ်”ဟု ယုဇနပလာဇာရှိ ဖက်ရှင်ဆိုင်တစ်ခုမှ တာဝန်ရှိသူကပြောပြခဲ့သည်။ “ကျွန်တော်တို့ရန်ကင်းစင်တာမှာလည်း သင်္ကြန်ပြီးနောက်ပိုင်း လူအလာနည်းနည်းလေးပါးသွားတယ်လို့ ပြောရပါမယ်။ ဒီလိုလူအလာနည်းသွားတာက ပွဲတော်ရက်တွေပြီးဆုံးသွားတာအပြင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့်လည်း ပါမယ်လို့ထင်ပါတယ်”ဟု ရန်ကင်းစင်တာမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့ကြောင်း သိရသည်။

2 comments

  • susunosuki

    May 3, 2010 at 11:59 am

    ဗုံးကွဲပြီးနောက်ပိုင်း ကန်တော်ကြီး(မျှော်စင်ကျွန်း)မှာ လူဝင်တော်တော်နည်းသွားလို့ စားသောက်ဆိုင်တွေ ညည်းကြတယ်
    မေ ၁၅ ရက်ပွဲရှိပေမယ့် သိပ်တော့မျှော်လင့်လို့မရ ဘူးလို့ ပြောတဲ့ဆိုင်က ပြောတယ်

  • intro

    May 7, 2010 at 11:09 am

    အိမ်က အစ်မတွေလဲ အပြင်သွားလို့ ရန်ကင်းစင်တာ သွားမလား? ဆိုရင် ဗုံးပေါက်မှာကြောက်တယ်!! လှည်းတန်းကို ခဏလောက်လိုက်ခဲ့ပါ ဆိုရင် ဗုံးပေါက်မှာ ကြောက်တယ် ကြောက်တယ်နဲ့ ဘယ်မှ ခေါ်လို့မရတော့ဘူး….

Leave a Reply