မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အစည်းအဝေးအား စာနယ်ဇင်းများ တက်ရောက်ခွင့်ပြု

pitiJune 13, 20111min540

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်ဟာ စာနယ်ဇင်းများနဲ့ အပတ်စဉ်တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးနိုင်ခြင်း မရှိသေးပေမယ့် ဝန်ကြီးချုပ်ရဲ့ အစည်းအဝေးများမှာ မန္တလေးအခြေစိုက် စာနယ်ဇင်းများ တက်ရောက်သတင်းယူခွင့်ကို ဇွန်လ (၁၃) ရက်နေ့က စတင်ပြီးခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဇွန်လ (၁၃) ရက်နေ့ မွန်းလွဲ (၁း၃၀) နာရီ အချိန်မှာ အထွေထွေအုပ်ချုပ်ရေးမှူးများနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ စတင်တက်ရောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပထမဆုံးစာနယ်ဇင်းသမားများကို တက်ရောက်ခွင့်ပြုခဲ့တာဖြစ်လို့ အားနည်းချက် အချို့တော့ ရှိသေးတယ်လို့ဆိုပါတယ်။ စာနယ်ဇင်းသမားများအတွက် နေရာအခက်အခဲ တွေ ရှိခဲ့တဲ့အတွက် သတင်းသမားအချို့ တက်ရောက်ဖို့ အနှောက်အယှက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အစည်းအဝေးကို ဖိတ်ကြားတာကအစ ပထမဆုံးအစီအစဉ်ဖြစ်လို့ ကပ်ပြီးဖိတ်ကြားတဲ့အတွက် ဂျာနယ်လစ်အချို့ တက်ရောက်သတင်းရယူဖို့ အချိန်မမှီဖြစ်ခဲ့ရပါတယ်။  နောက်ထပ်ပြုလုပ်တဲ့ အစည်းအဝေးများမှာတော့ ပိုမိုအဆင်ပြေစွာ သတင်းယူနိုင်ခွင့် ရနိုင်မယ်လို့ ယူဆရပါတယ်။ အပတ်စဉ်သတင်းစာရှင်းလင်းပွဲကိုလည်း ပုံမှန် ပြုလုပ်သွားမယ့်အနေအထား ရှိတယ်လို့ ဝါရင့်ဂျာနယ်လစ်များက သုံးသပ်နေပါတယ်။

အခက်အခဲအဆင်မပြေမှုအချို့ရှိပေမယ့် ဒီအစီအစဉ်ကို ကြိုဆိုနေကြပါတယ်။ မန္တလေး ဂျာနယ်သမားတွေနဲ့ သတင်းသမားတွေဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုံမှန် သတင်းစာ၊ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပပေးသလိုမျိုး မန္တလေးမြို့မှာလည်း ကျင်းပပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရနိုင်မယ်လို့ ယုံကြည်နေကြကြောင်း သိရပါတယ်။