ယူအေအီး ကြမ်းပိုး

zoxnetMay 3, 20101min1073
FORPOST-2

ပြောမယ် ပြောမယ်နဲ့ ကျွန်တော်လည်း မပြောဖြစ်ခဲ့ဘူးဗျ။ ပြောချင်နေတာ ကတော့ တော်တော်ကြာပြီ။ ပထမဆုံး ကျွန်တော် ယူအေအီးကို အလုပ်ရှာဖို့ သွားတဲ့အခေါက်က အကြောင်းလေးပါ။ အစဆုံး အခေါက်လည်း ဖြစ်၊ အလည်ဗီဇာ နဲ့ သွားတာကလည်း ဖြစ်၊ အလုပ်ရှာဖို့ အတွက်လည်း ဖြစ်တော့ အလုပ်မရခင် စပ်ကြားမှာ နေဖို့ထိုင်ဖို့ အခန်းတစ်ခုကို မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့ ကြိုတင် ငှားခိုင်းခဲ့ပါတယ်။ နေရာကတော့ အဘူဒါဘီမြို့ရဲ့ ဟမ်ဒါးန် လမ်းမမှာပါ။ ရောက်တဲ့ နေ့မှာပဲ အဲဒီအခန်းကို ပါလာတဲ့ အထုပ်အပိုးတွေ သယ်ပြီး တခါတည်း သွားနေဖြစ်ပါတယ်။ ရပ်ကွက်နေရာ ကတော့ နေရာကောင်း လေးပါ။ ဆိုးတာက ကျွန်တော်နေထိုင်ရတဲ့ ငှားရမ်းခဲ့တဲ့ အဲဒီတိုက်ပါပဲ။ အဲဒီ တိုက်ကြီးမှာ ကျွန်တော့်အထင် နိုင်ငံခြား အလုပ်သမား ၂၀ဝ ကျော်၊ ၃၀ဝ လောက် နေမယ်လို့ ထင်ပါတယ်။ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ အင်းဒီးယန်း ကရလာ လူမျိုးတွေပါ။ ဗမာဆိုလို့ ကျွန်တော် တစ်ယောက်တည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော် နေမယ့် အခန်းကို ဝင်တော့ ၂ ထပ်ကုတင် ၆ လုံး နဲ့ ကျွန်တော့်ကို ဝိုင်းကြည့်နေတဲ့ အင်ဒီးယားသား တွေကို တွေ့ပါတယ်။ အဲဒီ့အခန်းရဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့ အဘိုးကြီးက လွတ်နေတဲ့ ကုတင်တစ်ခုကို ညွှန်ပြပြီး ကျွန်တော့်အတွက် ဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ အခန်းမှာ လူဦးရေ စုစုပေါင်း ၁၆ ယောက်နေကြပါတယ်။ ကုတင်ကိုယ်စီနဲ့ ဖြစ်သလို လွတ်နေတဲ့ ကြမ်းခင်းမှာလဲ မှို့ယာချပြီး အိပ်ကြပါတယ်။ တရေးနိုး အိမ်သာထ သွားရင် ကြမ်းပေါ်မှာ အိပ်နေတဲ့ သူတွေကို ကျော်ခွပြီး သွားရပါတယ်။ ဒါကတစ်ဒုက္ခပါ။ ဒါပေမယ့် သိပ်တော့ မပြောပလောက်ပါဘူး။ ပြောပလောက်တာက လာပါမယ်။ ကျွန်တော် ရောက်ရောက်ချင်း နေ့ကတော့ ခရီးကလည်းပန်း၊ လူကလည်းနွမ်း နေတော့ အထုပ်အပိုးတွေ ချပြီး တိုက်အောက်က ဆိုင်မှာ အာလူးပူရီလောက်ပဲ ဝယ်စား၊ ရေတောင် မချိုးဖြစ်တော့ပဲ အိပ်ဖို့ အရှိန်ယူပါတယ်။ ည ၁၁ နာရီလောက်မှာ အိပ်ဖြစ်တယ် ဆိုပါတော့ဗျာ။ အဲဒီညက နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်မောကြခဲ့ပါတယ်။ နောက်နေ့ မိုးလင်းတော့လည်း တိုက်အောက်က ဆိုင်မှာ အာလူးပူရီပဲ ဝယ်စား အနီးအနားကို လျှောက်ကြည့်ရုံလောက်သာ လုပ်ပြီး အလုပ်ရှာဖွေရေး ကိစ္စကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီနေ့ညလည်း စောစောပဲ အိပ်ယာဝင်ဖြစ်ပါတယ်။ အဲဒီလို အိပ်ယာဝင်ပြီး မကြာခင်မှာပဲ ကျွန်တော်ဟာ တိုက်ပွဲကြီး တစ်ခုကို စတင်ရင်ဆိုင်ရပါတော့တယ်။ ယူအေအီး ကြမ်းပိုးတွေဟာ ကျွန်တော့်အိပ်ယာ ဘေးနံရံကနေ အလုံးအရင်းနဲ့ ဆင်းလာပါတယ်။ ကျွန်တော်ကတော့ မသိပါဘူး။ ကိုယ်ပေါ် သူတို့တက်လို့ ရွစိရွစိဖြစ်မှပဲ ပါလာတဲ့ မိုဘိုင်းလ်ရဲ့ မီးလေးနဲ့ ကြည့်တော့မှ အနည်းဆုံး ကြမ်းပိုး ၁၄ ကောင်လောက် ရှိမယ်ခင်ဗျ။ ကျွန်တော် ကိုယ်ပေါ်မှာ နေရာယူနေကြပါတယ်။ ကျွန်တော်လည်း တွေ့တာနဲ့ ကြောက်အားလန့်အား ခါချလိုခါချ၊ ဖိသတ်လိုသတ်နဲ့ ပြန်လည် ခုခံရပါတော့တယ်။ ဒါပေမယ့် ယူအေအီး ကြမ်းပိုးတွေဟာ တပ်ဆုတ်ခြင်း မရှိပဲ အရေအတွက် ပိုတိုးလာပြီး ကျွန်တော့်ကို ဆက်လက်တို်က်ခိုက်ပါတယ်။ မီးရောင်နည်းနည်း ရှိရင် အဲဒီ မီးရောင်အောက်မှာ မနေပဲ အမှောင်ထဲကနေ တိုက်ခိုက်ပါတယ်။ ဒီဘက်ကို သတ်ရင်၊ ဟိုဘက်ကလာ၊ ဟိုဘက်ကို သတ်ရင် ဒီဘက်ကလာနဲ့ လက်မလည်အောင် ဖြစ်နေပါတယ်။ အဲဒီလို ကျွန်တော် တိုက်ပွဲဆင်နွဲချိန်မှာ အခန်းဖော် တခြားလူတွေကို ကြည့်တော့ သူတို့ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပါတယ်။ ယူအေအီး ကြမ်းပိုးတွေကတော့ သူတို့ ကိုယ်တွေပေါ်မှာ ပျော်ပျော်ပါးပါး သွားလာနေကြပါတယ်။ တချို့အကောင်လေးတွေဆို ကိုယ်လုံးတွေတောင် တော်တော်ဖောင်းကားနေပါတယ်။ ဒီလိုနဲ့ မတတ်နိုင်တဲ့ အဆုံး ကျွန်တော်လည်း အိပ်ယာက တိုက်အောက်ပြေးဆင်းပြီး လမ်းဘေးက ခုန်တန်းတစ်ခုမှာ ထိုင်ရင်း ယူအေအီး ရောက်ခါစ ပထမညများကို ကုန်လွန်စေခဲ့ပါတယ်။ အဲဒီညတွေမှာ ညရောက်ခါနီးဆိုရင် ကျွန်တော်စိတ်ထဲမှာ ဝမ်းနည်းသလိုလိုနဲ့ ငိုချင်ခဲ့ဖူးပါတယ်။ နောက်အခန်း တစ်ခုမရမချင်း ……………………………………

3 comments

  • susunosuki

    May 3, 2010 at 11:54 am

    အင်
    ကြမ်းပိုးကို နိုင်တဲ့ ပိုးသတ်ဆေးမရှိဘူးလား
    ကျွန်တော်တို့ငယ်ငယ်ကလဲ ကြမ်းပိုးတွေ သောင်းကျန်းဖူးပါတယ်
    သန့်သန့်ပြန့်နေပြီး ပိုးသတ်ဆေးနဲ့ တုိုက်လို်က်တာ နောက်ပိုင်းမရှိတော့ဘူး

  • sithuthu

    May 3, 2010 at 12:04 pm

    ဟုတ်တယ်ဗျ ယူအေအီးမှာ ကြမ်းပိုး အရမ်းပေါတယ်
    အထူးသဖြင့် ကုလားတွေက အအေးအရမ်းကြောက်ပြီး အပူူဒဏ်ခံနိုင်ကျတယ်လေ အဲလ်ယားကွန်း အေးရင် ကြမ်ပိုး ရန်က သက်သာတယ်ဗျ

  • etone

    May 4, 2010 at 3:50 am

    အင်း နော် မုန်းစရာကြီးနေမှာ ။

Leave a Reply