ပြည်ပ မြန်မာ ပုံရိပ်များနှင့်အနေအထားများ

လင်းဝေJune 14, 20111min765

နိုင်ငံခြားမှာ သွားအလုပ်လုပ်နေကြတဲ့ အထူးသဖြင့် မလေးရှား နဲ့ ထိုင်းမှာ သွားအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား တွေရဲ့ အနေအထားနဲ့ ဘဝ ကို မြန်မာပြည်က လူတွေ၊ ဟိုးတောကနေ သွားလုပ်ချင်ပါတယ်ဆိုတဲ့သူတွေ၊ တောကနေ ရန်ကုန်ရောက်ပြီး သွားလုပ်ဖို့ ပြင်နေသူတွေ၊ အဓိကအားဖြင့် စာဖတ်ပေဖတ်နည်းသူတွေ၊ ဗဟုသုတ နည်းသူတွေ ကိုသိစေချင်တာပါ။ ဒီပေါ်လာတင်တော့ သူတို့ဘယ်သိမှာလဲ လို့ မေးရင် ဟုတ်ပါတယ်။ ဖတ်မိသူများ နီးစပ်ရာ ထဲက မလေးတို့ ထိုင်းတို့မှာ အလုပ်သွားလုပ်မယ်ဆိုရင် တားဖို့၊ ရှင်းပြနိုင်ဖို့၊ ဒီသတင်းတွေ အခြေအနေတွေကို ဆက်လက်ဖြန့်ဖြူးရင်း သူတို့တွေဆီရောက်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ကျွန်တော်အတွက်တော့ အဲဒီလူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်နေတော့( တစ်ခါတစ်လေ ဟိုမှာဝေပေးတဲ့ လက်ကမ်း ပညာပေး စာစောင်တွေကို ဒီကနေ ကူညီပြီး ဘာသာပြန်ပေးရ၊ သူတို့ ဒုက္ခရောက်တဲ့အကြောင်းတွေ့ဆုံမေးမြန်းထားတာလေးတွေဖတ်ရ၊ ဟိုကိုတစ်ခေါက်သွားတိုင်း စိတ်မသက်သာစရာ ဇာတ်လမ်းတွေကြားရ။ တစ်ခေါက်ဆိုရင် လေယာဉ်ပေါ်မှာ ဘေးကကောင်လေးက ပြောနေတာ။ သူ အခုမှ ငရဲက လွတ်လာတယ်ခံစားရတယ်တဲ့။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ငရဲတွင်းသွားဆင်းမိတာတဲ့။ ကံကောင်းလို့ အခုလိုပြန်လာနိုင်တာ ဆိုပြီး အထပ်ထပ်ပျော်တဲ့အကြောင်း ပြန်လာနိုင်မယ်မထင်ပဲ ပြန်လာဖြစ်လို့ စိတ်ထဲ မြူးနေတဲ့အကြောင်းပြောတာ နားထောင်ရင်း အခုသူပြန်လာတဲ့ လေယာဉ်နဲ့ ထောင်ချောက် ငရဲတွင်းထဲ သွားဆင်းဖို့ ပြန်လိုက်မယ့် သူတွေ ရန်ကုန်လေဆိပ်မှာ စောင့်နေတာ ဘယ်လောက်ရှိမလဲလို့လည်းတွေးမိပါတယ်။

ကဲ သတင်းလေတွေဖတ်ပြီး အခြေအနေတွေကို မြင်ယောင် လို့ ရှင်းပြနိုင်ကြပါစေ။

ထိုင်းနိုင်ငံ၊ စမွန်စာခွန် ခရိုင်၊ မဟာချိုင်မြို့၊ ခုန်ခူး ရပ်ကွက်တွင်ရှိသော ထိုင်းယူနီယံ ပုဇွန်ကုမ္ပဏီ လမ်းထိပ်ရှိ ထမင်းဖြူရောင်းသည့် ဆိုင်မှ ထိုင်းအမျိုးသားက ထမင်းလာဝယ်သော ကိုယ်ဝန်ရှစ်လရှိ မြန်မာအလုပ်သမား အမျိုးသမီးအား ရိုက်နှက် ကန်ကျောက်သဖြင့် ဆီဝိချိုင်(၅)ဆေးရုံတွင် နှစ်နာရီကြာ ဆေးဝါးကုသ ခဲ့ရကြောင်း သိရသည်။

ရိုက်နှက် ခံရသူမှာ အသက် (၂၈)နှစ်အရွယ် မအေးမြတ်သူ ဆိုသူဖြစ်ပြီး ယမန်နေ့ နံနက် (၆)နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ထမင်းဖြူ နှစ်ထုပ်အတွက် ကျသင့်သည့် ဘတ်ငွေ (၆)ဘတ်အား ထမင်းရောင်းသည့် စာပွဲပေါ်ရှိ ဗူးခွံ တစ်ခုပေါ်တွင် တင်ပေးထားပြီး အများနည်းတူ တန်းစီ စောင့်နေခဲ့သည်။

မအေးမြတ်သူက “သမီးက ပြောတယ်။ ပိုက်ဆံတင်ထားပြီ ထမင်းပေးပါ ဆိုတော့ သူက အဲဒီမှာ ပိုက်ဆံ မတင်ရဘူး၊ မသိဘူးလား ဆိုပြီးတော့ ကျွဲလို၊ နွားလို အဲဒီထမင်းရောင်းတဲ့ ထိုင်းက ဆဲတယ်။ သမီးကလည်း တစ်ခါမှ ဒီဆိုင်မှာ မဝယ်ဖူးဘူးဆိုတော့ ပိုက်ဆံကို တင်ရမှန်း၊ မတင်ရမှန်း မသိဘူးလေ။ သမီးကတော့ ကျသင့်ငွေကို ပေးပြီးလို့ ထမင်းထုပ်ကို တောင်းတာပေါ့နော်။ ထွက်လာပြီးတော့ ပထမ သမီးခေါင်းကို ရိုက်တယ်။ ပြီးတော့ မျက်နှာကို ရိုက်တော့ သမီးလက်နဲ့ ကာတယ်။ လက်နာသွားတယ်။ သမီးကို တွန်းလှဲပြီး ကြောနဲ့ တင်ပါးကို ခြေထောက်နဲ့ ပိတ်ကန်တယ်။ သမီးလည်း မျက်လုံး ဝေပြာသွားတယ်။ လူတွေ အော်ကြလို့ ရပ်သွားတယ်” ဟု ပြောသည်။

ပြဿနာ ဖြစ်ပြီးနောက် မဟာချိုင် အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သည့် အန်ဂျီအို အဖွဲ့တစ်ခုသို့ ဆက်သွယ်ပြီး အကူညီ တောင်းခံ ခဲ့သော်လည်း ကူညီ ဆောင်ရွက်မှု မရှိခဲ့ပေ။ ကာယကံရှင် ဇနီးမောင်နှံ ကိုယ်တိုင် နယ်မြေ ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့် တိုင်ကြားခဲ့သည်။

ခင်ပွန်းဖြစ်သူ ကိုဇော်မျိုးက “ဒီထမင်းဖြူ ရောင်းတဲ့လူဟာ ကျနော့်မိန်းမ မတိုင်ခင်လည်း မြန်မာအလုပ်သမား လေးယောက်လောက်ကို ဒီလို ရိုက်ဖူးတယ်လို့ သိရတယ်။ အခု ကျနော့်မိန်းမက ကိုယ်ဝန် အရင့်အမာနဲ့ ဆိုတော့ မရိုက်သင့် ဘူးပေါ့နော်။ ဒီလို လက်ရဲ ဇက်ရဲ ရိုက်ချင်သလို ရိုက်နေတာမျိုး နောက်ခါ ထပ်မဖြစ်ဖို့ အတွက်တော့ ကျနော် ဖြစ်စေချင်တယ်”ဟု ပြောဆိုသွားသည်။

ယနေ့ နံနက်ပိုင်းက မဟာချိုင်ရှိ အလုပ်သမားအရေး ဆောင်ရွက်သည့် နောက်ထပ် အန်ဂျီအို အဖွဲ့တစ်ခုအား ဆက်သွယ် အကူအညီ တောင်းခံခဲ့ပြန်သည်။ အဆိုပါ အန်ဂျီအို၏ လမ်းညွှန်မှုဖြင့် ရဲစခန်းသို့ ဒုတိယအကြိမ်မြောက် သွားရောက် ခဲ့ရာ ရဲစခန်းက ရိုက်နှက်သည့် ထိုင်းလူမျိုး ထမင်းဖြူ ရောင်းချသူနှင့် ညနေပိုင်းတွင် တွေ့ဆုံ ပေးမည်ဖြစ်ကြောင်း သိရသည်။

————————-

သစ်သီးများ တင်ဆောင်လာသည့် ကားပေါ်မှ မြန်မာ(၂၁) ဦး ဖမ်းမိ

20110530aထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းမြို့မှ ချွန်ဖွန်မြို့သို့ ထွက်ခွာလာသော သစ်သီးတင် ကားပေါ်တွင် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား (၂၁)ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းရုပ်မြင်သံကြားလိုင်း အမှတ်(၃)မှ ယမန်နေ့က ထုတ်လွှင့်ခဲ့သည်။

ယမန်နေ့က ရနောင်းမြို့ စုတာဖွန် နယ်မြေ (၃)၊ နအုံ ကျေးရွာရှိ ထုံ့တာပွန် ဂိတ်အမှတ် ၂၅၂၁ တွင် နယ်ခြားစောင့် စစ်တပ်က သစ်သီးတင်ကား ဟိုင်းလတ်အမျိုးအစား အမှတ် ၉၇၀၁ အား စစ်ဆေးစဉ် မြန်မာ အလုပ်သမား အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၇)ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာ အလုပ်သမားများကို ရနောင်းမြို့၊ ကမ်းနားလမ်းရှိ စုန်ပက် ဘုန်းတော်ကြီးကျောင်း အနောက်မှ တင်ဆောင်လာခြင်း ဖြစ်ပြီး ယာဉ်မောင်းသူမှာ ထိုင်းလူမျိုး အသက် (၃၃)နှစ် အရွယ်နှင့် ယာဉ်နောက်လိုက်မှာ အသက် (၂၂)နှစ် အရွယ်များ ဖြစ်သည်။

သယ်ယူ ပို့ဆောင်ပေးခအဖြစ် လူတစ်ဦးလျှင် ဘတ်ငွေ (၃၀၀) ရရှိကြောင်းနှင့် ယခုအကြိမ်သည် ခုနှစ်ကြိမ်မြောက် ဖြစ်ကြောင်း ယာဉ်မောင်းသူက ထွက်ဆိုသည်။ အဆိုပါ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်အား တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

——————————–
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

မလေးရှားနိုင်ငံ နီဂါရီ ဆန်ဘိလန် ပြည်နယ် စရမ်ဘန်းမြို့က စားသောက် ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးလောက်ကို မေလ ၂၈ ရက်နေ့မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေး နဲ့ အရပ်ဝတ် ပြည်သူ့စစ် RELA အဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အထဲမှာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၆ ဦး ပါဝင်ပြီး အရေအတွက် အတိအကျ မသိနိုင်တဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် NLD- LA မလေးရှား အလုပ်သမားရေးရာ တာဝန်ခံ ကိုဉာဏ်လင်းက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ဝင် ကိုအယ်လ်စိုင်းအောင်နဲ့ ရင်းနှီးတဲ့ မိန်းကလေးတယောက်က ဖုန်းနဲ့ လှမ်းအကြောင်းကြားတာပါ။ ကိုစိုင်းအောင် အပါအဝင် ၃၅ ယောက်လောက်နဲ့ ကလေးတွေကို ကို ရဲအချုပ်ကားနဲ့ တနေရာကို ခေါ်သွားတယ်တဲ့”

အလားတူ မနေ့က ည ၈ နာရီခွဲလောက်မှာ စီလန်ခေါပြည်နယ် ပူချွန်းမြို့က မြန်မာစားသောက်ဆိုင်တွေနဲ့ မြန်မာပစ္စည်း အရောင်းဆိုင်တွေကို မလေးရှား အာဏာပိုင်တွေက စီးနင်းပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၁ ရာလောက် အဖမ်းဆီးခံရတယ်လို့ ကိုဉာဏ်လင်းက ပြောပါတယ်။

မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပြီး အများစုဟာ ဒုက္ခသည်အဖြစ် နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ မလေးရှားအစိုးရရဲ့ တရားဝင် စာရင်းတွေအရ မလေးရှားမှာ မြန်မာဒုက္ခသည် ၈ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

5 comments

  • Ko Ko Aung

    June 15, 2011 at 12:33 am

    သွားချင်တဲ့သူတွေကို မသွားနဲ့လို့တော့ အကြံပေးလို့ရမှာမဟုတ်ဘူး။
    သွားရင် ကြုံရနိုင်တဲ့ အခြေအနေ အခက်အခဲတွေကို ကြိုသိထားပြီး ပြင်ဆင်ပြီးမှသွားသင့်တယ်။
    အဲသလိုပြောတော့လဲ မကြိုက်ကြပြန်ဘူး။
    ဒါမျိုးက ကိုယ်တိုင်ကြုံဘူးမှ လက်ခံမယ့်ဟာမျိုးထင်ပါရဲ့။

  • usnczn

    June 15, 2011 at 7:55 am

    မတားနဲ့ ဆရာရယ်. အပြောကောင်းတဲ့ပွဲစားတွေရဲ့ စက်ကွင်း မလွတ်နိုင်ပါဘူး။
    လူပွဲစားထဲမှာ နိုင်ငံခြား လို့ပြောပြီး ရိုက်စား လုပ်ရတာ အင်မတန် လွယ်ဆိုဘဲ။
    လုပ်သင့်တာက ပြည်တွင်းမှာ သာယာ ဝပြော စည်ပင်ဖို့ပါ။
    တာဝန်ရှိသူတွေကို အားကိုးနေ ပြောနေလို့ကတော့ ဖြစ်လာမှာမဟုတ်ဘူး။
    ကိုယ် ကိုယ် တိုင် တာဝန်ရှိတယ်လို့ယူဆပြီး ဝိုင်းဝန်းကူညီကြပါစို့။
    ကိုလင်းဝေကျော် ပြောသလို တဆင့်စကား ဖြန့်ဖြူး တာမျိုးက အစပေါ့။
    ပြည်တွင်း အလုပ်အကိုင် ပေါများလာရင် ပြည်သူလူထု ဒီအဖြစ်မျိုးက
    လွတ်ကြမှာပါ။

  • kai

    June 15, 2011 at 8:08 am

    ယူအက်စ်ရဲ့..ပါဝါနဲ့..လက်တံက..တော်တော်ရှည်ပါတယ်..။
    .ထိုင်းနဲ့.မလေးရှားအထိ.. သက်ရောက်နိုင်တယ်..။

    ဆိုတော့..
    ယူအက်စ်မှာရှိတဲ့..သိန်းချီနေတဲ့..မြန်မာ-အမေရိကန်တွေ… စုစုစည်းစည်းနဲ့..နိုင်ငံရေးအရ.. အဲဒီဆိုင်ရာအစိုးရကို… ယူအက်စ်အစိုးရကတဆင့်ဖိအားပေးတာမျိုးလုပ်ရင်ဖြစ်နိုင်တယ်…ထင်တာပါပဲ..။
    ကျုပ်တို့က..ယူအက်စ်က မီဒီယာဖြစ်နေတော့ ..အဲဒါမျိုး မြန်မာတွေဖြစ်နေတာကြားရရင်… တာဝန်ရှိသလို…အမြဲခံစားရတယ်..။
    အဖြေရှာကြည့်ချင်ပေမဲ့.. ဘယ်သူမှစိတ်မဝင်စားတာက…ခက်တာတခုပေါ့..။
    ဘာပဲဖြစ်ဖြစ်လေ… ဆက်ရေးပါဗျာ…။
    လူပိုသိလာတာလည်း ..ကောင်းတာတခုပါပဲ..။

  • R Ga

    June 15, 2011 at 11:14 am

    တစ်ရွှာမပြောင်း သူကောင်းမဖြစ်။ သေချင်တဲ့ကျားတောပြောင်း။ နောက်ရှိသေးတယ် သေနေ့စေ့မှ စစ်ထဲဝင် ဆိုလားပဲ..။ ဘာပဲဖြစ်ဖြစ် ဘယ်နိုင်ငံရောက်ရောက် ကိုယ့်လူမျိုးချင်းစုစုစည်းစည်းရှိနေရင် သိပ်ကောင်းမှာပဲ..။

  • natthamee

    June 16, 2011 at 1:26 am

    ဒီလိုစာမျိုးတွေဖတ်လိုက်ရရင် ရင်ထဲမှာ တော်တော်မကောင်းဖြစ်မိပါတယ်။ ဆိုးရွားလှတဲ့ ခေတ်စနစ်ကြီးကိုပဲ အပြစ်တင်ရမလား …….။ ကျပ်တည်းတဲ့ စားဝတ်နေရေးပြသနာကို ဖြေရှင်းဖို့ လူတွေဟာ မိသားစုနဲ့ မခွဲချင်ဘဲ ခွဲခဲ့ကြရပြီး တိုင်းတပါးကိုထွက် အလုပ်လုုပ်ကြရတာပဲလေ။

Leave a Reply