အိုင်တီခေတ်ကြီးထဲမှာ ဘာအလုပ်လုပ်မလဲ။ ကျွန်တော်စဉ်းစားပြီး..ဆုံးဖြတ်လိုက်သည်။ အင်တာနက်ဆိုင်ဖွင့်မည်။

ဒီလိုနဲ့ဇာတ်လမ်းစပါသည်။ အင်တာနက်ဆိုင်ဖွင့်ဖို့ ဘာတွေလိုသလဲ။ အရင်းအနှီး၊ နေရာ၊ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းများ၊ ဆိုင်လေးတစ်ဆိုင်…. အရေးအကြီးဆုံးက အင်တာနက်လိုင်းတစ်လိုင်း။ အင်တာနက်ဆိုင်ဖွင့်ဖို့ဆိုတာက အင်တာနက်လိုင်းရှိမှဖြစ်မှာ။ အင်တာနက်လိုင်းက ဘယ်မှာသွားရှာရမလဲ။ ဘယ်သူက ရောင်းနေတာလဲ။ ဘယ်ဈေးနဲ့လဲ….။ လဲပေါင်းများစွာနဲ့ မန္တလေးမြို့ထဲ ကျွန်တော် ယောင်လည်လည်။

တစ်လလောက်အချိန်ပေးပြီး အချက်အလက်တွေ စုဆောင်းလိုက်တော့ ကျွန်တော်သိလာရသည်။ မြန်မာနိုင်ငံမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP နှစ်ခု ရှိတယ်တဲ့။ တစ်ခုက Myanmar Teleport(Yadanabon Teleport)၊ တစ်ခုက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)။ မြန်မာနိုင်ငံမှာ အင်တာနက်လိုင်း (၄) မျိုးရှိတယ်တဲ့ (ကျွန်တော်ဆိုင်မဖွင့်ခင် အချိန်က)။ ပထမတစ်မျိုးက ADSL လိုင်း။ လူသုံးများတယ်။ လိုင်းကောင်းတယ်။ အရင်းအနှီးကလည်း (၁၀) သိန်းကျော်ကျော်လောက်ပဲရှိတယ်။ ကြိုက်သွားပြီ။ အဲဒီလိုင်း ကျွန်တော်ဝယ်မယ်။ အဲဒါနဲ့ မန္တလေးက မြန်မာ့ဆက်သွယ်ရေးရဲ့တိုင်းရုံးကို ကျွန်တော် ရောက်သွားသည်။

.. ဘာကိစ္စလဲ.. (မျက်နှာထားတင်းတင်းဖြင့်)

…ADSL လိုင်းလေးလျှောက်ချင်လို့ပါခင်ဗျာ…(အချိုသာဆုံးအပြုံးဖြင့်)

..သြော်..ရပါတယ် (မပြောချင်ပြောချင်ဖြင့်) ….ရော့..လျှောက်လွှာ

ဟူး..တော်ပါသေးရဲ့။ ဒီလိုနဲ့ ဘောလ်ပင်လေးထုတ်ပြီး ဖြည့်မလို့ရှိသေး….

…ဘယ်မြို့နယ်ကလဲ(မာကျော၏၊ စူးရှ၏)

..ခ..ခင်ဗျာ..သြော်..ပုသိမ်ကြီးမြို့နယ်ကပါခင်ဗျ..ဟဲ (တုန်တုန်ရင်ရင်ဖြင့်)

ပြောလည်းပြောလိုက်ရော..ဖျတ်ကနဲဆို လျှောက်လွှာလေးကိုပြန်ဆွဲသိမ်းလိုက်ပါတော့သည်။ ပုသိမ်ကြီးမြို့နယ်ကို ADSL လိုင်းချမပေးပါ။ ကျွန်တော် ငိုပြီးပြန်လာခဲ့ရသည်။

ဘယ်တတ်နိုင်ပါ့မလဲ။ ဒီလိုနဲ့ ဒုတိယလိုင်းအမျိုးအစာ Wimax ဆီ ဦးလှည့်ခဲ့ရသည်။ ကံဆိုးပြန်ပါသည်။ Wimax က Wireless စနစ်ဖြစ်ပြီး ကျွန်တော်ဆိုင်ဖွင့်ချင်သည့် နေရာသို့ မရောက်နိုင်ပါ။ ပြီးတော့ ၀ယ်ပြီးသားလူတွေကလည်း သိပ်စိတ်တိုင်းမကျဘူး ပြောကြတယ်။ ခဏ..ခဏ..လိုင်းကျတယ်ဆိုလား၊ ဘာဆိုလား။

တတိယလိုင်းအမျိုးအစားက IP Star။ အိုင်ပီစတားဆိုတာကတော့ မြန်မာနိုင်ငံမှာ မရနိုင်သည့်နေရာမရှိပါ။ မြောက်ဖျားပူတာအို၊ အရှေ့ဖျား လားရှိုး၊ အနောက်ဖျား စစ်တွေ သုံးတဲ့သူတွေသုံးနေကြတာပဲ။ ဟိုစုံစမ်း..ဒီစုံစမ်းနဲ့ နောက်ဆုံးမှာ ဖုန်းနံပါတ်လေး တစ်ခုရပါသည်။ ဖုန်းဆက်စုံစမ်းလိုက်တော့..လား…လား..အိုင်ပီစတားလိုင်းက သိန်း (၅၀) ကျော်ကျမည် ဆိုပါလား။ ကျွန်တော်မျက်ဖြူဆိုက်သွားပါသည်။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို (၁၀၀၀) ကျပ်နဲ့တွက်မယ်ဆိုရင် ဒေါ်လာ (၅၀၀၀) လောက်ပေါ့။ ဟယ်..အကောင်းစားကြီးပါလားဟရို့။ အင်း..အဲဒီလောက်ကြီးကောင်းနေပြန်တော့လည်း…

စတုတ္ထနဲ့နောက်ဆုံး အမျိုးအစား Broadband ကို လိုက်စုံစမ်းရပါတော့သည်။ Broadband လိုင်းတွေက မြန်မာနိုင်ငံမှာ နောက်ထပ် လိုင်းအသစ်ချမပေးပါ။ ၀န်ဆောင်မှုကို Yadanabon Teleport ကပေးပါသည်။

About yannaingech

yan naing aung has written 24 post in this Website..

Residence of Myanmar, living in Mandalay, working in an internet cafe.