ဝဋ်လိုက်ပြီထင်တယ် …. ဒေါက်တာတို့ရေလုပ်ကြပါအုံး

fattyJune 15, 20111min35235

ကျနော်အထက်တန်းကျောင်းတုန်းက တက်ခဲ့ရတဲ့ကျောင်းကြီးဟာ အင်မတန်ကျယ်ဝန်းပါတယ်။
ဧက ၃ဝ လောက်ရှိထင်ပါရဲ့ …။
ကျောင်းသားဘဝတလျှောက်မှာ တက္ကသိုလ်က ဆရာတွေနဲ့သိပ်မရင်းနှီးခဲ့ပါဘူး။
အထက်တန်းကျောင်းဆရာတွေကိုသာ ပိုလို့သံယောဇဉ် ဖြစ်ခဲ့ရတယ်။ တကယ်တော့ ၉တန်း၁ဝတန်းအရွယ်ဆိုတာ …
ဆပ်စလူးထတဲ့အရွယ် .. စိတ်ကစားတတ်တဲ့အရွယ် … ဖလန်းဖလန်းထတယ်ဆိုလားဘဲ .. အဲ .. အဲဒီလိုဖြစ်တဲ့အရွယ်လေ။
ရွပိုးထိုးတဲ့အရွယ် လို့သာပြောကြပါစို့ ….။

အဲဒါကြောင့်လားမသိဘူး အထက်တန်းကျောင်းသားဘဝက သိပ်ပျော်တာဘဲ ..။
ကောင်မလေးတွေကြိုက်တယ် ရီးစားစာပေးတယ် အတိုင်ခံရတယ် ကျောင်းအုပ်ကြီးကခေါ်တယ်
ကြိမ်လုံးနဲ့ဆော်တယ် ..။

ဆရာမငယ်ငယ်လေးတွေ မျက်နှာတင်းတင်းလေးတွေနဲ့လဲကြုံရတယ်။ ဆရာမကြီးကြီး အပေါက်ဆိုးတာတွေလဲတွေ့တယ် ..။
ပြီးတော့ အထက်တန်းစည်းကမ်းနဲ့ဆိုတော့ .. ကျောင်းသားတွေကိုမရောဘူး ဒါတောင်ဆရာမ ငယ်ငယ်ချောချောကို
စာပေးတဲ့ကောင်ကရှိသေးတယ် … ထားပါလေ အဲဒီအကြောင်းတွေပြောနေရင် ပြိးမှာမဟုတ်ဘူး …

ကျနော်တို့မှာ မုံ့စားဆင်းချိန် ထမင်းစားဆင်းချိန် ဆိုပြီး ၂ ခါအားတယ်။
အဲဒီအားတဲ့အချိန်ကျနော်တို့က ကျောင်းဝင်းအနှံ့ ပြေးကြ သစ်ပင်တက်ကြနဲ့ ပုဆိုးကွင်းသိုင်းပြီး ဆော့ကြတာဘဲ ..။
တခါတော့ သူငယ်ချင်းတယောက်က ပြပေးလို့ အပင်တမျိုးတွေ့ခဲ့ရတယ် …။

မှတ်မိသေးတယ် အဲဒီတုန်းက အင်္ဂလိပ်စာသင်တဲကဆရာမကြီးက တော်တော်အပေါက်ဆိုးတယ် ..။
မီးနင်းမှားရင် မရိုက်ဘဲ လက်ကို ဆူးနဲ့ထိုးတယ် .. ဘယ်လိုသဘောလည်းမသိဘူးနော် …။
ကျနော့လက်ဆို အပေါက်ချည်းဘဲ …။

တနေ့တော့တွေ့ကြပြီပေါ့ ….. ဆရာမကစာသင်ဖို့ အတန်းထဲဝင်လာပြီး ရှေ့ကခုံမှာထိုင်လိုက်တယ် …။
ဆရမ တချက်တွန့်ကနဲဖြစ်သွားတာတွေ့လိုက်ရတယ် .. အဟဲ ….။
နောက်တော့ ဆက်ဆက်ပြီးတွန့်နေတယ် လက်နောက်ပစ်ပြီး မသိမသာ ကုတ်နေတယ် ..။
မရတော့ပါဘူး … ဆရာမ မျက်ရေဝဲပြီး အခန်းထဲက အမြန်လစ်သွားရတော့တယ်လေ ..။

ကျနော်လိုက်ကြည့်တာပေါ့ ဆရာတွေနားနေခန်းဘက် မသိမသာသံားချောင်းတော့ …
ဆရာမတွေရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေပြီ … အဲဒီဆရာမကိုဝိုင်းပြီးကုတ်ပေးနေကြလေရဲ့ …။
အဲဒါက ကုတ်လို့ပျောက်တဲ့ဟာမဟုတ်ဘူး ကုတ်လေဆိုးလေ လေ ..။

ခွေးလျှားသီး အမှုန့် ယူလာပြီး ဆရမထိုင်မဲ့ခုံမှာ မသိမသာသွားဖြူးထားလိုက်တာက ကျနော် ..။

…………………………………………………………………………………………………………………………..။

ကယ်ကြပါအုံးဗျာ …. ဘတ်ကေဗီလိမ်းလို့လဲမပျောက်ဘူး ခရင်တွေလိမ်းလို့လဲ မပျောက်နိုင်တော့ဘူး …။ လုပ်ကြပါအုံးဒေါက်တာတို့ရဲ့ ..။

35 comments

  • weRone

    June 15, 2011 at 4:34 am

    ဒါပဲလေ .. ဝဋ္ဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတာပေ့ါ.. 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 15, 2011 at 4:58 am

    ၂၀၇။ ငါ့အား ကာမဝိတက် ကာမနှင့် စပ်သော ကြံစည်ခြင်း သည် ဖြစ်ပေါ်လာ၏။
    ဗျာပါဒဝိတက် သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း သည် ဖြစ်ပေါ်လာ၏။
    ဝိဟိံသဝိတက် ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း သည် ဖြစ်ပေါ်လာ၏။
    ဤကြံစည်မှုတို့သည် မိမိ ဆင်းရဲခြင်း သူတစ်ပါး ဆင်းရဲခြင်း နှစ်ဦးလုံး ဆင်းရဲခြင်းငှါ ဖြစ်၏၊
    ပညာကို တားမြစ်တတ်၏၊
    ပင်ပန်း ဆင်းရဲခြင်း အဖို့လည်း ရှိ၏၊
    နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင် ဟု ငါသည် ခွဲခြား၍ သိ၏။
    ဤကြံစည်မှုတို့သည် မိမိ ဆင်းရဲခြင်း သူတစ်ပါး ဆင်းရဲခြင်း နှစ်ဦးလုံး ဆင်းရဲခြင်းငှါ ဖြစ်၏ ဟူ၍ ဆင်ခြင်သော အခါ နေက္ခမ္မဝိတက် ကာမမှ ထွက်မြောက်မှု နှင့်စပ်သော ကြံစည်ခြင်း၊ အဗျာပါဒဝိတက် မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊
    အဝိဟိံ သဝိတက် မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့ကို ဆင်ခြင်သောအခါ၌ ငါ့အား ကာမဝိတက် ကာမနှင့် စပ်သော ကြံစည်ခြင်း ဗျာပါဒဝိတက် သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း ဝိဟိံသဝိတက် ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း
    တို့သည် ချုပ်ခြင်းသို့ ရောက်၏။
    ငါသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ကြံစည်ခြင်းတို့ ကို ပယ်စွန့်သည် သာတည်း၊
    ပယ်နှုတ်သည် သာတည်း၊
    ထိုကြံစည်ခြင်း တို့ ကို ကုန်ဆုံးအောင် ပြုခဲ့သည် သာလျှင်တည်း။
    မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန် ၂ – သီဟနာဒဝဂ် – ၉ – ဒွေဓာဝိတက္ကသုတ်

  • အာဖျံ ကွီး

    June 15, 2011 at 5:01 am

    ဟုတ်ပီ .. ဆေးစာပေးမယ် .. သံဘရက်ချ်နဲ.ခြစ်ပီး .. ဆားသံပုရာခရင်မ်လှုးပါ .. အဟီးးး

  • နွယ်ပင်

    June 15, 2011 at 5:03 am

    ဦးဖက်ဆေးလိမ်းလို့မပျောက်ရင် သံဘရပ်နဲ့ပွတ် ဒါမှ မသက်တာရင် အရေခွံသာလှန်လိုက် အယားတော့ သက်သာမှာ သေချာတယ် 🙂

  • fatty

    June 15, 2011 at 5:47 am

    သာဓု သာဓု သာဓု ပါ ကိုကိုပု ..။
    ဟိုဟာတွေ … မေတ္တာတော်ထားတယ်လား …

  • meelay

    June 15, 2011 at 6:03 am

    ဦးဖက် ဆေးလိမ်းလို့မပျောက်ရင် ဒူးရင်းသီးအခွံနဲ့ ပွတ်ရင် ယားတာတော့ သက်သာလိမ့်မယ် …. 🙂

  • zawinaing

    June 15, 2011 at 7:27 am

    အဆိပ်ကို အဆိပ်နဲ့ ပြန်ဖြေရတယ်လို့ကြားဖူးတယ် ….
    ဦးဖက် ယားတဲ့နေရာကို ခွေးလျှားသီး မှုန့် ဖြူးကြည့်ပါလာ…..
    ….. 😛

  • etone

    June 15, 2011 at 7:33 am

    ဒါလေးများ ကမာ္ဘအေးသွား… ဓါးနဲ ့မွန်းပြီး ဆားနဲ ့ဖြူးလိုက် ကျိန်းသေ အယားပျောက်တယ် .. 😛 😛 😛

  • kai

    June 15, 2011 at 7:43 am

    အနိုင်ကျင့်ပြီး..ကလေးတွေမှာ..စိတ်ဒဏ်ရာကျန်ရစ်အောင် လုပ်တဲ့ဆရာမ… အဲဒီလိုပြန်တုံ့ပြန်တာခဲ့တာလေး…ကြိုက်တယ်ဗျာ…။

    ဒါမျိုးလုပ်တာက.. တရားတာဖြစ်တာမို ့… ..ဘာဝဋ်မှ.. ပြန်လည်မလာဘူး..။
    ဆိုတော့…
    ဘာစကေဘီလိမ်းလို့မပျောက်ရင်.. အိနိ္ဒယဖက်ကလာတဲ့..ယားနာပျောက်ဆေးဝယ်သုံးလိုက်..။ 🙂

  • Endless

    June 15, 2011 at 7:49 am

    ဝဋ်လိုက်ပြီထင်တယ် ဆိုတော့….ဦးဖက် တကယ် ဖြစ်နေပုံပဲ…. ဦးဖက်ရေ ဆရာလုပ်တာ မဟုတ်ဘူးနော်.. ဆေးနည်းလေး ပေးမလို့…. ဘီတာဒင်း ကို ယားတဲ့ နေရာလိမ်း… ပါးပါးလေးပွတ်… ပြီးရင် Tridermsone ဆိုတဲ့ ခရမ်ကို (ဆေးဆိုင်တွေမှာ ရှာကြည့်ပါ) အလွှာပါးလေး ဖြစ်အောင် အပေါ်ကထပ် လိမ်း… တစ်ရက် သုံးကြိမ် လိမ်းပေးပါ…. ပျောက်မယ် လို့ အာမခံပါတယ်….
    🙂

  • shweminthar

    June 15, 2011 at 8:39 am

    ဦးဖက် အခု ဘယ်နားယားနေတာလဲ ဟင်….
    ဘာဘဲလိုလို ရန်ကုန်လမ်းညွှန်နဲ့ မန်းလေး လမ်းညွှန်ရှိတယ်။

  • fatty

    June 15, 2011 at 8:47 am

    ကျနော်လဲရန်ကုန်လမ်းညွှန်နဲ့ မန္တလေးလမ်းညွှန်ရှာနေတာ … ဘယ်နားလဲမပြောတတ်လို့ ..။
    ကျနော်ရေးတိုင်း တကယ်ချည်းလို့တော့မထင်နဲ့နော် … တခါတလေစိတ်ကူးယဉ်တာ …။
    ဟုတ်တယ်ဗျို့ …. ဘီတာဒိုင်း လိမ်းတာသက်သာတယ် … ခရင်ကတော့ ကျနော့မိန်းမ မျက်နှာ
    လိမ်းတဲ့ဟာ ခိုးခိုးလိမ်းတာ အတော်ကောင်းနေတယ် ..။

    ဓါးနဲ့မွှန်းခိုင်းတာတို့ ဆားဖြူးခိုင်းတာတို့ သံပုရာသီးညှစ်ခိုင်း တဲ့ဟာတွေ .. တွေ့မယ် ဟင်း ..။

  • cobra

    June 15, 2011 at 10:10 am

    အကို့မိန်းမကမျက်နှာလိမ်းတယ်အကိုကလည်းလိမ်းတယ်…
    ဟီးးးးဟီးးးးး

  • moethidasoe

    June 15, 2011 at 10:33 am

    ကာလာဒရိုင်း လိမ်း ဒါမှမဟုတ် မက်ဇင်ကယ်လိမ်း ကာလာမိုင်း လိုးရှင်းလို့ ပြောထားတာမှန်သမျှ လိမ်း

    သိသိချည်းနဲ့ မေးတာကို စိတ်ညစ်တယ်

  • antimoe

    June 15, 2011 at 11:02 am

    ဖက်ဖက်…Engကောင်းတာ
    ဒီဆရာမကြောင့်မဟုတ်ဘူးလား။(နဲနဲတော့ပါမှာပါ။)
    စာမရလို့ အပြစ်ပေးတာမှာ….လွန်သွားရင်တော့..မကောင်းပါဘူး။

    မြန်မာနိုင်ငံပညာရေးစနစ်အရ…အခု…
    စာမေးတဲ့…စာစစ်တဲ့..ဆရာမ..ရှားသွားပြီ။
    ဆူးနဲ့လည်းမထိုးတော့ဘူး။
    အဆိုးတွေ..ပိုလည်းထူးမလာလို့လေ။
    ….
    ဆရာမတွေ…အမုန်းမခံတော့ဘူး။
    တည့်အောင်ပဲ..ပေါင်းတော့တာလေ။

  • nature

    June 15, 2011 at 11:13 am

    ယားရင် ရေခဲကပ်ပေးရင် သက်သာပါလိမ့်မယ်။

  • winnmyo

    June 15, 2011 at 1:22 pm

    အနာကိုသွေးထွက်အောင် ကုတ်ခြစ်ပြီးရင် တမာကိုင်းကိုချိုးလို့ထွက်လာတဲ့ အစေးကို လိမ်းပေးလိုက်ပါ။ ပျောက်သွားမှာပါ။

  • ဆူး

    June 15, 2011 at 2:02 pm

    ဦးဖတ်က အခုမှ ဝဋ်လည်မှာ ကြောက်နေပြီလား။
    ဒါနဲ့ စကားမစပ် ခွေးလျှားသီး အမှုန့်ကို ဘယ်မှာ ဝယ်လို့ရလဲဟင်။

  • naywoonni

    June 15, 2011 at 2:31 pm

    ကိုကိုဖက်ရေ……… ယားတယ်ဆိုတာက ကုတ်ချင်စိတ်ကြောင့်ယားတာပါ..။ ကျွန်တော်တို့ငယ်ငယ်က ယားနာဖုလေးတွေကို ဘယ်လိုခေါ်တယ်မှတ်လဲ..။ ဖီလင်ဖုတဲ့..။ အဲဒိတော့ ကုတ်ချင်စိတ်ပျောက်အောင်ခန္ဓာကိုယ်ပေါ်မှာလည်းမယားအောင် အိပ်ယာဝင်ရင် ယားတတ်တဲ့နေရာတွေကို ကော်ထူထူသုတ်ပြီးအိပ်ကြည့်ပါ…။ မယားတော့ဘူး..။ မယားတော့ မကုတ်ဖြစ်တော့ဘူး..။ မနက်ကျတော့ ပျောက်ကရော……… ကြွက်တွေရှိရင်တော့ သတိထားပေါ့..။ ကိုယ်တွေ့နော်…………

  • fatty

    June 15, 2011 at 2:32 pm

    အောင်မလေးဗျာ … အေးရတဲ့အထဲ ရေခဲကပ်ခိုင်းနေတယ်
    တော်ကြာ ………………………………………………………………..
    အဲဒီအပင်က နယ်မှာအလေ့ကျပေါက်တာဗျ … ဆိုင်ပေါ်တင်ရောင်းမယ်မထင်ဘူး ..။
    မဟုတ်တာတွေလုပ်ဖို့စိတ်မကူးနဲ့နော် … ကျနော်က အပျော်အပျက်ရေးတာပါ။
    လိမ်းဆေးအမည်များ ပြောပေးကြတဲ့ဒေါက်တာများကိုလဲကျေးဇူးပါ။
    တမာရည်ကတော့ နယ်မှာ အနာဖြစ်ရင်ဖန်ဆေးရည်အဖြစ်သုံးကြတယ်လေ …။
    အရင်တုန်းကတော့ RASU ထဲမှာလဲရှိတယ်။ အင်းယားကန်ဘေးမှာလဲရှိနိုင်တယ် .. အတွဲချောင်းရင်း
    သွားရှာပါလား ..။
    အန်တီမိုးကြုံရင်ပညာရေးစနစ်သစ်ရဲ့ ဆုံးမပုံလေးရေးပါအုံး။
    ဘာဘဲပြောပြော အဲဒီတုန်းက ဆရာတွေ ကျူရှင်မပေးကြဘူးဗျ နားမလည်ရင်အိမ်ပါသွားမေး ကြွေးမွေး
    လွှတ်သေးတယ် ..။ အခုတောကအခြေအနေအရ … နောင်ဆို အာစရီယပူဇော်ပွဲတောင်ရှိပါတော့မလားမသိဘူး

  • MaMa

    June 15, 2011 at 2:32 pm

    ဆူးကို ဝယ်လို့ရတဲ့နေရာပြောလိုက်ရင် ရွာဆူသွားမှာ ကြောက်ရတယ်။

  • ဆူး

    June 15, 2011 at 3:08 pm

    ဝယ်လို့ ရတဲ့ နေရာ မပြောလည်း အပင်ပုံစံလေး ပြောပြပါလား ပုံနှင့်တကွ ဖော်ပြဖို့ တောင်းဆိုပါတယ်။ ဦးဖတ်တီး ရှင့်။

  • nature

    June 15, 2011 at 4:00 pm

    fatty ရေ ယားတဲ့နေရာကို ကိုင်ကြည့်ရင် ပူနေတတ်တယ်။ ရေခဲကပ်ရင် အယားသက်သာတယ်။ ကိုယ်တိုင်ကပ်ဖူးလို့ပြောတာ၊ နောက်တာမဟုတ်ဘူး။

  • shwe ni

    June 15, 2011 at 7:06 pm

    ဦးဖတ်တီးရေ
    တမာရွက်ပြုတ်ပြီးရေချိုးလဲပျောက်တယ် . မကျည်းသီးတိုက်ပြီးရေချိုးလဲပျောက်တယ်လို့ကြားဘူးတယ် .ဒုတိယနည်းကတော့အသားစပ်မယ်နဲ့တူတယ်။

  • padonmar

    June 15, 2011 at 8:11 pm

    မြန်ကောင်းသက်သာလေးပြောပြချင်ပါတယ်။ အရေပြားဆရာဝန်တိုင်းသုံးတဲ့ အခြေခံပါ။
    ပိုတက်ဆီယမ်ပါမင်းဂနိတ် ခေါ် ဖန်ရည်စိမ်တဲ့ ခရမ်းရောင်ဆေးမှုန့် ဆေးဆိုင်တွေမှာ ပုလင်းလေးနဲ့ရောင်းကြပါတယ်။ အဲဒါကို ရေထဲမှာ နဲနဲလေး (ပန်းရောင် ဖြစ်ရုံလေး)ဖျော်ပါ။ရေခဲ ပါထည့် ။စိမ်လို့ရတဲ့ နေရာဆိုရင်စိမ်။မရတဲ့နေရာဆိုရင် အဝတ်ကို ဖန်ရည်ထဲစိမ် ယားတဲ့နေရာကိုကပ်။
    အအေးပေါ့သွားရင် ခြောက်အောင်သုတ်ပြီး calamine lotion (Mezical,Caladryl) နဲ့ Zinc Oxide ရော လိမ်း။ဆေးအားလုံး ပေါင်း ကုန်ကျစားရိတ် ၁၀၀ဝ ပတ်ဝန်းကျင်ဘဲ။
    ပွေးဝဲနှင်းခူဆိုရင်တော့ ဆိုင်ရာ လိမ်းဆေးထပ်ထည့်ရမယ်။

  • bigcat

    June 16, 2011 at 12:50 am

    ခွေးလျှားသီးကိုနိုင်တာ ကြောင်လျှာသီးပဲရှိတယ်။ ကြောင်လျှာသီးမီးဖုတ်ကို ထောပတ်သုတ်၊ ပေါင်မုန့်နဲ့ ညှပ်စားကြည့်ပါလား။ စားနေတုန်း ကြောင်ကခွေးရဲ့ ကိုယ်ပေါ်မှာ ထိုင်နေရမယ်။ ပြောသလို လုပ်နိုင်ရင် ဘယ်လောက် ယားတာဖြစ်ပါစေ ယက်စ်ဖြစ်သွားစေရမယ်။

  • intro

    June 16, 2011 at 5:16 am

    ကိုဖက်ရေ…. နာနာကုတ်ပေးမယ့် တစ်ယောက်သာ ရှာထားပေတော့ဗျာ…

  • naywoonni

    January 24, 2012 at 2:02 pm

    ဘယ်လောက် ယားယား ညအိပ်ရင် ကော်သုတ်အိပ် ကော်တစ်ဗူး ကုန်ရင်ယားတာပျောက်သွားလိမ့်မယ်…။

  • zaw min

    January 24, 2012 at 2:39 pm

    ဦးဖက်က မဟုတ်မှလွှဲရော…စိန်ဂျွန်းထွက်ဖြစ်ရမယ်…ဘာကြောင့်လဲဆိုတော့ ကျနော်တို့ခေတ်အထိ ဆရာမထိုင်ခုံကို ခွေးလျှားသီးမှုန့်ဖြူးတာခေတ်စားတုံးပဲ မိလို့ကတော့ စိုင်းစိုင်းခမ်းလှိုင်လိုသေပြီဆရာပဲ…

  • fatty

    January 24, 2012 at 5:14 pm

    ကိုဇော်မင်း အဟောင်းတွေပြန်ဖတ်နေတာလား ဘယ်လိုပြန်တွေ့တာလဲ ။
    ကျနော်နယ်ကျောင်းကပါ ။ ခွေးလျားသီးရမဲ့နေရာရန်ကုန်မှာရှိရင်ဆူးဆီကိုသတင်းပို့ပေးကြပါ။

  • ခုမှ ဖတ်ရပေမယ့် အရမ်းကောင်းတဲ့ပို ့စ်ပါဗျာ ကိုဖက်တီးရာ။
    ဝဋ်လိုက်တယ်နေမှာပေါ့။ယားနေတယ်ဆိုတော့လဲ မြန်မြန်ဆေးလိမ်း၊
    ဆေးသောက်ပေါ့။ခုတော့ ပျောက်သွားရောပေါ့။

  • Thel Nu Aye

    January 24, 2012 at 9:26 pm

    ကျွန်မတို့ငယ်ငယ်တုန်းကလဲ လုပ်ဖူးတယ်။ ၄ တန်းတုန်းက။ ကိုဖက်ဘယ်မြို့ကပါလိမ့်။ ကျွန်မတို့တုန်းကတော့ဆရာကြီးပါ။ အတန်းထဲက အရွယ်ကြီးကြီးကောင်လေးတွေလုပ်တာ။ ကျွန်မတို့ကတော့ကြံရာပါပေါ့။ ကျွန်မလဲနယ်ကပါ။ ဟီးးးးးးးးးးးးးးးးးးးးးးးးး

  • zaw min

    January 24, 2012 at 9:26 pm

    ရှာဖွေသူက ကိုနီပါ၊ဦးဖက်ရေ…ကိုနီမန်းလိုက်လို့ ပေါ်လာတာကို ထပ်မန်းလိုက်တာပါ၊ကျနော်တို့ စိန်ဂျွန်းကျောင်းခြံစည်းရိုးဘေးမှာ ခွေးလျှားသီးပင်တွေပေါမှပေါပဲ…အခုတော့ရှိမရှိမသိတော့ပါဘူး..

  • fatty

    January 25, 2012 at 9:30 am

    ငုတ်လိုက်ပေါ်လိုက်ဘဲ အခုထိမပျောက်သေးဘူးဗျ အဟီးးးးးးးးးးးး

  • TTNU

    January 25, 2012 at 10:11 am

    ကိုဖက်ရယ်…
    သနားလိုက်တာ။ အတိတ်ကံမကောင်းလို့ ကင်ပေတိုင်ဆရာ/ဆရာမနဲ့တွေ့ရရှာတယ်။ (အင်္ဂလိပ်စာသင်တဲကဆရာမကြီးက တော်တော်အပေါက်ဆိုးတယ် ..။
    မီးနင်းမှားရင် မရိုက်ဘဲ လက်ကို ဆူးနဲ့ထိုးတယ် .. ဘယ်လိုသဘောလည်းမသိဘူးနော် …။
    ကျနော့လက်ဆို အပေါက်ချည်းဘဲ …။)
    အထိုးမခံရအောင်စာကျက်ပါလားကွယ်။

    ခွေးလေးယားမှုန့် နဲ့ revenge လုပ်တာကို ကိုခိုင်က အားပေးနေသေးတယ်။
    (အနိုင်ကျင့်ပြီး..ကလေးတွေမှာ..စိတ်ဒဏ်ရာကျန်ရစ်အောင် လုပ်တဲ့ဆရာမ… အဲဒီလိုပြန်တုံ့ပြန်တာခဲ့တာလေး…ကြိုက်တယ်ဗျာတဲ့။) ဒီကလေးတော့ ဖြောင်းဖြောင်းဖျဖျ
    တော့မလုပ်ဘူး။

    အခုယားတော့မှ စိတ်က ဝဋ်လိုက်တယ်နေမှာပေါ့ လို့ ထင်နေရပြီ။ ဘုရားရှိခိုးရင်းနဲ့
    “ခင်ပွန်းကြီး(၁၀)ပါးတို့အပေါ်တွင် ကာယကံ၊ ဝစီကံ၊ မနောကံ၊ ပြစ်မှားကျူးလွန်မိသော
    အပြစ်များကို ဝန်ချပါ၏၊ တောင်းပန်ပါ၏။” လို့ ရှိခိုးကန်တော့လိုက်နော်။ သူ့ဖာသာ
    ဘယ်လိုဆိုးဆိုး သူ့ အပြစ်နဲ့သူခံလိမ့်မယ်၊ ကိုယ့်ဆရာမ ဖြစ်ခဲ့တာက အမှန်ပဲလေ။

Leave a Reply