ခုနစ်ရက်သားသမီးများ ဟောစာတမ်း – ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား)

z @June 15, 20111min1859

၂၀၁၁ ခုနှစ်၊ ဇွန်လအတွက်

တနင်္လာသားသမီးများ

ဘုရားဖူးခရီးထွက်ရတတ်သည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရပါက လုပ်ငန်းအောင်မြင်မှု ရစေရန် အဓိဋ္ဌာန်ပုတီးများ စိပ်ပါ။ ငွေဝင်လာပြီး အကုန်အကျ မများစေရန် ခြိုးခြံချွေတာပါ။ စက်ပစ္စည်းများ ပျောက်တတ်၊ ပျက်တတ်ပါသည်။ သတိထားကိုင်တွယ် သိမ်းဆည်းပါ။ လူမျိုးကွဲကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။ ကျန်းမာရေးကောင်းမည်။ အိမ်တွင်းရေး အိမ်ထောင်ရေး စိတ်ချမ်းသာမှုရှိစေရန် နားလည်မှုများဖြင့် နွေးထွေးစွာဆက်ဆံပါ။ နေ့စဉ် ရွတ်ဖတ်သရဇ္ဈာယ်မှုများဖြင့် အညံ့များ လျော့နည်းသွားမည်။ ယခုလတွင် သောကြာနံသင့် လုပ်ငန်းများ အကျိုးပေးမည်။ ကြာသပတေးနံသင့် လုပ်ငန်းများ ကောင်းလာမည်။ တနင်္လာနံသင့် လုပ်ငန်းများ အဖျားရှူးသွားတတ်ပါသည်။ အခြားနံသင့် လုပ်ငန်းများ ထစ်ငေါ့နေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။  နိုင်ငံခြားခရီးထွက်ရန် စီစဉ်ထားသူများ ထစ်ငေါ့ပြီးမှ ထွက်ခွာရတတ်ပါသည်။ ပညာရေး ကောင်းမည်။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာ ကိစ္စများ မမျှော်လင့်ဘဲ စိတ်တိုင်းမကျမှုများ ရှိတတ်ပါသည်။ ခိုလေးများကို ပဲကျွေးပါ။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ သောကြာနာမည်ရှင်၊ ကြာသပတေးနာမည်ရှင်များ ဖြစ်ပါသည်။ (ခြွင်းချက်- ကြာသပတေးနှင့် တနင်္ဂနွေအတွဲ နာမည်ရှင်များ အကျိုးမပေးပါ။) အကျိုးပေးသော အရောင်များမှာ အရောင်နုနုများ၊ ပုလဲပေါက်အဆင်ဒီဇိုင်းများ ဖြစ်ပါသည်။ အကြောင်းရှိပါက ဝတ်ဆင်အကြံပြုပါ။ ထီထိုးရန်အတွက် သောကြာနေ့တွင် ကြာသပတေး သားသမီးတစ်ဦးဦးနှင့် စပ်တူထိုးပါ။ မွေးနေ့တွင် အသားစားရှောင်ပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ပေးပါ။ ဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။

ယတြာ။ ။ ဘုရားရှင်အား သစ်သီး (၆)မျိုးနှင့် မကြာခဏ ဆွမ်းတော်ကပ်လှူပါ။

 

အင်္ဂါသားသမီးများ

ငွေကြေးကိစ္စများ အခက်အခဲ မရှိစေရန် နံနက်ဝေလီဝေလင်းတွင် ဒိဝါတပတိဂါထာတော်ကြီးကို ပုတီးနှစ်ပတ်၊ သုံးပတ် ရအောင်စိပ်ပါ။ ငွေကြေးအကုန်အကျလည်း နည်းသွားပါလိမ့်မည်။ လုပ်ငန်းခွင်အတွင်း စကားမမှားအောင် ဆင်ခြင်ရပါလိမ့်မည်။ မေတ္တာသုတ်ကို နေ့စဉ် ဂြိုဟ်သက်အလိုက် ရွတ်ဖတ်ပူဇော်ပါ။ အသားစား ရှောင်ပါ။ ကျင့်ကြံအားထုတ်မှုများကြောင့် အညံ့များ လျော့နည်း သွားပါလိမ့်မည်။ ခရီးယာယီပေါ်မည်။ လူမျိုးကွဲနှင့် အကျိုးမပေးပါ။ ကျန်းမာရေး ကောင်းနေမည်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေးများ အဆင်ပြေစေရန် ကိုယ့်ဘက်ကလျှော့ပေးပါ။ ယခုလတွင် ဗုဒ္ဓဟူးနံသင့် လုပ်ငန်းများ အကျိုးပေးပါသည်။ အင်္ဂါနံသင့် လုပ်ငန်းများ၊ စနေနံသင့် လုပ်ငန်းများ အဖျားရှူးသွားတတ်ပါသည်။ အခြားနံသင့် လုပ်ငန်းများ ထစ်ငေါ့နေပါက အကျိုးပေးသော နံသင့်သူများနျင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံရပ်ခြား ခရီးသွားမည့်သူများ တစ်ကြိမ်တည်းနှင့် မအောင်မြင်ဘဲ နှစ်ကြိမ်၊ သုံးကြိမ် ကြိုးစားပြီးမှ ထွက်ခွာဖြစ်ပါမည်။ ပညာရေးကံများ ကောင်းစေရန် ဘုရားစေတီများတွင် လျှပ်စစ်မီးပူဇော်ပါ။ ဇွဲ၊ လုံ့လ၊ ဝီရိယ မလျှော့ပါနှင့်။ အောင်မြင်ပါလိမ့်မည်။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာများ စိတ်ချမ်းသာမှုရှိစေရန် ခိုလေးများကို မကြာခဏ ပဲကျွေးပါ။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ ဗုဒ္ဓဟူးနာမည်ရှင်၊ သောကြာနာမည်ရှင်များ ဖြစ်ပါသည်။ အရောင်စုံ အဆင်ဒီဇိုင်းများ ဝတ်ဆင်အကြံပြုပါ။ ထီထိုးရန်အတွက် ဗုဒ္ဓဟူးနံထီဆိုင်များတွင် (၄)ဂဏန်းနှင့် စသော ထီလက်မှတ်များ အက္ခရာစုံ မင်္ဂလာစုံတွဲ ထိုးပါ။ လက်ဝတ်ရတနာပစ္စည်း အကျိုးပေးပါသည်။

 

ဗုဒ္ဓဟူးသားသမီးများ

ဝင်ငွေများပြီး ထွက်ငွေမများစေရန် နေ့စဉ် ဒိဝါတပတိဂါထာကို အဓိဋ္ဌာန်ပုတီးစိပ်ပါ။ ဝင်ငွေကောင်းနေမည်။ လူမျိုးကွဲနှင့် အကျိုးမပေးပါ။ အလှူတော်မင်္ဂလာပွဲများ၊ မင်္ဂလာဆောင်ကိစ္စများ ပါဝင်ကူညီ ဆောင်ရွက်ပေးနေ ရတတ်သည်။ စက်ပစ္စည်းများ ထွက်တတ်၊ ပျက်တတ်ပါသည်။ လက်မများပါစေနှင့်။ လုပ်ငန်းခွင်အတွင်း စိတ်ချမ်းသာမှု ရရှိမည်။ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်မည်။ ကျန်းမာရေးကောင်းသည်ဆိုပြီး မပေါ့ပါနှင့်၊ မတည့်သော အစားအသောက်များ ဆင်ခြင်လိုက်ပါ။ ဆီး၊ ဝမ်း၊ လေ မချုပ်ပါစေနှင့်။ အိမ်တွင်းရေး အိမ်ထောင်ရေးများ ပူညံပူညံ ဖြစ်နေတတ်၍ ကိုယ့်ဘက်က စကားပြော ဆင်ခြင်လိုက်ပါ။ ယခုလတွင် တနင်္လာနံသင့် လုပ်ငန်းများ ပြန်လည်ဦးမော့လာမည်။ တနင်္ဂနွေနံသင့် လုပ်ငန်းများ ထစ်ငေါ့ပြီးမှ အောင်မြင်တတ်သည်။ ကြာသပတေးနံသင့် လုပ်ငန်းများ အဖျားရှူးတတ်ပါသည်။ အခြားနံသင့် လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံခြား ခရီးထွက်ရန်ရှိသူများ တဟိံ တဟိံ အစချီသော ဂါထာကို အဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်ပါ။ ပညာရေးကံများ ကောင်းနေသော်လည်း ဇွဲ၊ လုံ့လ၊ ဝီရိယများစွာဖြင့် ပို၍ ကြိုးစားပါလေ။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာများ စိတ်ချမ်းသာမှုရှိမည်။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ တနင်္လာနာမည်ရှင်၊ တနင်္ဂနွေနာမည်ရှင်များ ဖြစ်သည်။ အဖြူရောင်လေးများ ဝတ်ဆင်အကြံပြုနိုင်ပါသည်။ ထီထိုးရန်အတွက် ကားနှင့်ရောင်းသော ထီကားများနှင့်ကြုံပါက ဂဏန်းမရွေးဘဲ ချက်ချင်း ထိုးလိုက်ပါ။

ယတြာ။ ။ ယခုလ ဘုရား (၉)ဆူပြည့်အောင် ဘုရားဖူးလိုက်ပါ။ ဘုရားတိုင်းတွင် လျှပ်စစ်မီးအတွက် များစွာ လှူခဲ့ပါ။

 

 

ကြာသပတေးသားသမီးများ

ဝင်ငွေအသင့်အတင့် ကောင်းပါသည်။ ငွေ မကြာခဏ ဝင်လာတတ်ပါသည်။ ခရီးယာယီ နှစ်ကြိမ်၊ သုံးကြိမ် ထွက်ရတတ်ပါသည်။ လက်ဝတ်ရတနာဝင်လာလျှင် စိတ်တိုင်းမကျသောကြောင့် မကြာခဏ ပြန်လဲနေရတတ်ပါသည်။ စက်ပစ္စည်းဝင်လာလျှင်လည်း တစ်ကြိမ်တည်းနှင့် မပြီးဘဲ စိတ်တိုင်းမကျသော စက်ပစ္စည်း ဖြစ်နေတတ်သည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ မကြာမကြာ အာရုံကြောများ အနားပေးပါ။ အိမ်တွင်းရေး အိမ်ထောင်ရေးများ သာယာနေရာမှ ရုတ်တရက် အထင်အမြင်လွဲမှားမှုလေးများ ကြုံရတတ်သော်လည်း ပြေလည်သွားပါလိမ့်မည်။ ယခုလတွင် သောကြာနံသင့် လုပ်ငန်းများ အကြိမ်ကြိမ် အကျိုးပေးနေမည်။ စနေနံသင့် လုပ်ငန်းများ ပြန်လည်ဦးမော့လာမည်။ အင်္ဂါနံသင့် လုပ်ငန်းများ အဖျားရှူးတတ်ပါသည်။ အခြားနံသင့် လုပ်ငန်းများ ထစ်ငေါ့နေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံခြားခရီးထွက်မည့်သူများ ယခုလ အဆင်ပြေပါမည်။ ပညာရေးကံများ ကောင်းစေရန် စာများကို အကြိမ်များစွာ ဖတ်ရှုလေ့လာပါ။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာများ အဆင်ပြေလိုက် မပြေလိုက် ဖြစ်တတ်၍ ခို၊ ကျီး၊ ခွေးလေးများကို မကြာခဏ အစာကျွေးပါ။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ သောကြာနာမည်ရှင်၊ စနေနာမည်ရှင်များ ဖြစ်ပါသည်။ ပုလဲပေါက်အဆင်များ၊ အရောင်ရင့်ရင့်များ ဝတ်ဆင်အကြံပြုပါ။ ထီထိုးရန်အတွက် ခရီးသွားရင်း လမ်းမှာကြုံသော ထီဆိုင်တွင် မင်္ဂလာစုံတွဲများ၊ နှစ်စောင်တွဲ၊ သုံးစောင်တွဲ၊ ငါးစောင်တွဲ၊ ဆယ်စောင်တွဲများ စသည်ဖြင့် နိုင်သလောက် ထိုးထားလိုက်ပါ။

ယတြာ။ ။ ဘုရားရှင်အား ပန်းပေါင်းစုံ (၆)မျိုးနှင့် မကြာမကြာ ကပ်လှူပူဇော်ပါ။

 

သောကြာသားသမီးများ

လက်ဝတ်ရတနာ ဝင်လာတတ်သည်။ ကိုယ်ပိုင်ဝင်ငွေ ကောင်းမည်။ စက်ပစ္စည်းဝင်လာလျှင် ငွေကုန်ကြေးကျ များတတ်ပါသည်။ အများနှင့်ဆိုင်သော ငွေကြေးကိစ္စများ အရှုပ်အရှင်း ရှိတတ်၍ စာရင်းဇယားများနှင့် ပြုလုပ်ထားမှ တော်ကာကျမည်။ အလုပ်များ မနိုင်မနင်း ဖြစ်တတ်ပြီး လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေတတ်သည်။ ခရီးသွားရန် စီစဉ်ပြီးမှ မသွားဖြစ်ဘဲ ဖြစ်မည်။ ကျန်းမာရေးကောင်းမည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးမျာ ရုတ်တရက် ပူညံပူညံဖြစ်တတ်၍ စကားပြောဆင်ခြင်ရမည့်ကာလ ဖြစ်သည်။ ယခုလတွင် ဗုဒ္ဓဟူးနံသင့် လုပ်ငန်းများ၊ ကြာသပတေးနံသင့် လုပ်ငန်းများ အကျိုးပေးမည်။ တနင်္ဂနွေနံသင့် လုပ်ငန်းများ ထစ်ငေါ့ပြီးမှ အောင်မြင်နိုင်တတ်သည်။ စနေနံသင့် လုပ်ငန်းများ ပြန်လည်ဦးမော့လာမည်။ အခြားနံသင့် လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံခြား ခရီးထွက်ရန်ရှိသူများ ခက်ခဲနေပါက တဟိံ တဟိံ အစရှိသော ဂါထာကို အဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်ပါ။ ပညာရေးကံများ ကောင်းနေပါသည်။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာ ကိစ္စများ စိတ်အခန့်မသင့်မှု များနေမည်။ ခိုစာများ ကျွေးပါ။ စိတ်ချမ်းသာမှု ပြန်လည်ရရှိလာမည်။  ယခုလ အကျိုးပေး နံသင့်သူများမှာ ဗုဒ္ဓဟူးနာမည်ရှင်၊ ကြာသပတေးနာမည်ရှင်များ ဖြစ်ပါသည်။ အရောင်နုနုလေးများ ဝတ်ဆင်အကြံပြုပါ။ ထီထိုးရန်အတွက် ဗုဒ္ဓဟူးနံထီဆိုင်တွင် (၄)ဂဏန်း များစွာပါအောင် ကံစမ်းထားလိုက်ပါ။ ကျင့်ကြံအားထုတ်မှုများ မမေ့မလျော့ ဆောင်ရွက်ပါ။ ဆန္ဒများ ပြည့်လာပါလိမ့်မည်။

ယတြာ။ ။ ပဋ္ဌာန်းဥဒ္ဒေသ၊ နိဒ္ဒေသတော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ပါ။

 

စနေသားသမီးများ

မမျှော်လင့်ဘဲ စက်ပစ္စည်းဝင်မည်။ လက်ဝတ်ရတနာ အကျိုးမပေးသေးပါ။ ဝင်လာပြီး ပြန်ထွက်သွားတတ်ပါသည်။ အလုပ်များနေတတ်ပြီး ကိုယ်၊ စိတ် ပင်ပန်းနွမ်းနယ် နေတတ်သည်။ အာရုံကြော အနားပေးပါ။ လွန်စွာ အိပ်ရေးပျက် မခံပါနှင့်။ လူမျိုးကွဲကြောင့် စိတ်အခန့်မသင့်မှုများ ရှိတတ်ပါသည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးများ စိတ်ချမ်းသာမှုရှိစေရန် ကိုယ့်ဘက်ကလျှော့ပေးပါ။ မိသားစုအပေါ် နားလည်မှုများဖြင့် နွေးထွေးစွာ ပြောဆိုဆက်ဆံပါ။ ကျန်းမာရေးအတွက် ရောဂါဟောင်း ပြန်ဖြစ်တတ်ပါသည်။ မတည့်သော အစားအစာများ ရှောင်လိုက်ပါ။ ယခုလတွင် တနာင်္လာနံသင့် လုပ်ငန်းများ အကျိုးပေးမည်။ အင်္ဂါနံသင့် လုပ်ငန်းများ၊ သောကြာနံသင့် လုပ်ငန်းများ အဖျားရှူးတတ်ပါသည်။ ကြာသပတေးနံသင့် လုပ်ငန်းများ ကောင်းမည်။ အခြားနံသင့် လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံခြား ခရီးထွက်ရန်စီစဉ်နေသူများ ခက်ခဲနေပါက တဟိံ တဟိံ အစချီသော ဂါထာကို အဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်ပါ။ ပညာရေးကံများ ကောင်းစေရန် ဘာသာရေးများ မမေ့မလျော့ဆောင်ရွက်ပါ။ ဇွဲမလျော့ပါနှင့် အောင်မြင်မှု ရရှိပါလိမ့်မည်။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာများ စိတ်ချမ်းသာမှု ရှိပါမည်။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ တနင်္လာအမည်ရှင်များ ဖြစ်ပါသည်။ အဖြူရောင်လေးများ ဝတ်ဆင်အကြံပြုပါ။ ထီထိုးရန်အတွက် တနင်္လာနံထီဆိုင် (သို့) ကားနှင့်ရောင်းသော ထီကားများတွင် (၂)ဂဏန်းများစွာပါအောင် ရွေးချယ် ကံစမ်းထားပါ။

ယတြာ။ ။ ကိုယ့်မွေးနေ့နှင့် မိဘနှစ်ပါး၏ မွေးနေ့များတွင် သားစားရှောင်ကြဉ်ပြီး မေတ္တာဘာဝနာ များစွာ ပွားများပါ။

 


9 comments

  • MaMa

    June 15, 2011 at 1:05 pm

    တနင်္ဂနွေ တစ်ရက် ကျန်ခဲ့ပါသလား။

  • nature

    June 15, 2011 at 4:14 pm

    ဗေဒင်ဆရာ လိပ်စာလေးရောမသိရဘူးလား။

  • esz88

    June 16, 2011 at 4:02 am

    တနင်္ဂနွေသားသမီးများ

    ထီပေါက်ကိန်း ရှိသည်။ ရပ်ဝေးမှာရှိသော စနေသားသမီး အကျိုးပေးမည်။ ကူညီထောက်ပံ့မှုများ ရရှိမည်။ ယခင်လုပ်ခဲ့ဖူးသော လုပ်ငန်းများ ပြန်လည် အကျိုးပေးတတ်သည်။ အလုပ်လျှောက်ထားသူများ မထင်မှတ်ဘဲ ရွေးချယ်ခြင်းခံရမည်။ စက်ပစ္စည်းများအတွက် ငွေကုန်ကြေးကျ များရတတ်သည်။ လက်ဝတ်ရတနာဝင်လာလျှင် စိတ်တိုင်းမကျသော ပစ္စည်းဖြစ်နေမည်။ အများနှင့်သွားရန် စီစဉ်ထားသောခရီး မထွက်ဖြစ်ဘဲ ရက်ရွှေ့ဆိုင်းရတတ်သည်။ ကျန်းမာရေး ကောင်းနေသော်လည်း ရောဂါဟောင်းရှိသူများ ပြန်ပေါ်လာတတ်၍ မတည့်သော အစားအသောက်များ သတိထားပြီး ရှောင်လိုက်ပါ။ ယခုလတွင် စနေနံသင့် လုပ်ငန်းများ ပြန်လည်ဦးမော့လာမည်။ တနင်္ဂနွေနံသင့် လုပ်ငန်းများ ခက်ခက်ခဲခဲနှင့် အောင်မြင်မှု ရရှိသွားမည်။ ဗုဒ္ဓဟူးနံသင့် လုပ်ငန်းများ အဖျားရှူးတတ်ပါသည်။ အခြားနံသင့် လုပ်ငန်းများ ထစ်ငေါ့နေပါက အကျိုးပေးသောနံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံရပ်ခြား ခရီးသွားမည့်သူများ ယခုလ နှစ်ကြိမ်၊ သုံးကြိမ် ဆောင်ရွက်ပြီးမှ ထွက်ခွာသွားရတတ်ပါသည်။ ပညာရေးအတွက် ကြိုးစားနေသူများ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားမှုကြောင့် အောင်မြင်မှုပန်းတိုင်ရောက်မည်။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာကိစ္စများ စိတ်ချမ်းသာမှုရှိစေရန် ခိုစာ မကြာမဏကျွေးပါ။ ယခုလ အကျိုးပေးသော နံသင့်ပုဂ္ဂိုလ်များမှာ စနေနာမည်ရှင်၊ တနင်္ဂနွေနာမည်ရှင်များ ဖြစ်ပါသည်။ အရောင်ရင့်ရင့်များ ဝတ်ဆင်အကြံပြုပါ။ ငွေကြေးအကုန်အကျ နည်းစေရန် နံနက် ဝေလီဝေလင်းတွင် ဒိဝါတပတိဂါထာ ရွတ်ဖတ်ပူဇော်ပါ။

    ယတြာ။ ။ ယခုလ ဘုရား(၇)ဆူပြည့်အောင် သွားဖူးပါ။ ဘုရားစေတီတိုင်းတွင် ဖယောင်းတိုင် (၇)တိုင် ထွန်းညှိပြီး ဘုရားပူဇော်လိုက်ပါ။

    ကျန်ခဲ့လို ထပ် ထည့်ပေးထားတာပါ

  • manawphyulay

    June 16, 2011 at 7:14 am

    နေ့နံတွေထဲက အကြောင်းအရာတွေကလည်း နည်းနည်းခပ်ဆင်ဆင်တွေပဲနော်… ဗေဒင်ဆရာ နာမည်လေးလည်း သိချင်ပါတယ်…

    • etone

      June 16, 2011 at 7:42 am

      ဗေဒင်ဆရာ နာမည်က ဒေါ်အီးတုံးမဟုတ်တာတော့ သေချာတယ် ။ 😀

      • king

        June 16, 2011 at 9:10 am

        ကျွန်တော်လည်း ဟုတ်ဘူးနော်
        တော်ကြာ …………
        😀

  • cobra

    June 16, 2011 at 9:06 am

    ကျေးဇူးအများကြီးတင်ပါတယ်…။

  • နီလေး

    June 16, 2011 at 9:08 am

    ရွာထဲမှာခုလို ဝေဝေဆာဆာ စာတွေဖတ်ရတော့ ပျော်ဖို့လဲကောင်းတယ် ဗဟုသုတလဲရတယ် နောက်လဲခုလိုလေးထပ်တင်ပေးနော် မမအိတုံလေး ကိုလဲကျေးဇူးတင်ပါတယ်နော်

  • esz88

    June 16, 2011 at 10:06 am

    ဘယ်က မမအိတုံလေးလဲ မမအီးတုံး မဟုတ်ဘူး လေး လူမှားနေပြီး ESZ ပါဆိုမှာ မမအီးအက်ဇက် မှတ်ထား

Leave a Reply