ဘာဘာနီ

Good IdeaJune 15, 20111min11010

ကျနော် ဒီနေ့ အွန်လိုင်းပေါ်မှာ လျှောက်ပြီး စာဖတ်ရင်းနဲ့
ဒီဝတ္ထုတိုလေးကို ဖတ်ဖြစ်ခဲ့တယ်ဗျ။ ပထမတော့ ဘာရယ် ညာရယ်မဟုတ်ဘူး။
သာမာန်သဘောနဲ့ ဖတ်ရင်း စာရေးဆရာက အဆုံးထိ ဖတ်ချင်အောင် သူ့ရဲ့အတတ်ပညာနဲ့
ဆွဲခေါ်သွားခဲ့တယ်။ ဇာတ်လမ်းလည်းဆုံးရော ကျနော့်ရင်ထဲမှာ အလှပဆုံး
ရသတခုခံစားလိုက်ရသလို နက်ရှိုင်းတဲ့ အတွေးအမြင်တခုလည်း ရရှိလိုက်ပါတယ်။

ဒီလို စာကောင်းလေးတွေ ဖတ်ရတဲ့အခါ ရွာထဲက ကျနော့်ဘော်ဒါတွေကို
သတိရမိတာနဲ့ (http://seenbseen.blogspot.com/2008/11/bavani.html)
ဘလော့ကနေ ပြန်ကူးတင်ပေးလိုက်ပါတယ်။

အားလုံးကို လေးစားလျှက်…

Good Idea

ဘာဘာနီ

ရုံးဆင်းချိန် ရထားပေါ်မှာ အိန္ဒိယနွယ်ဖွား ကုလား (သို့) ကုလားမ
တစ်ယောက်ယောက်နှင့် နီးနီးကပ်ကပ် စီးဖူးပါသလား။ ဒါမှမဟုတ်
ငြိမ်ငြိမ်လေးရပ်ပြီးစီးရတဲ့ ရထားကြပ်ကြပ်ပေါ်မှာ မျက်နှာချင်းဆိုင်က
ကုလား လက်မြောက်လိုက်တာမျိုး ကြုံဖူးပါသလား။ အကယ်၍ မကြုံဘူးဖူးဆိုလျှင်
သင်သည် အလွန်ကံကောင်းသူဖြစ်ပေလိမ့်မည်။

လူ (၈၀) ကျော်ရှိသော မိမိလုပ်ငန်းခွင်တွင် အိန္ဒိယနွယ်ဖွား ကုလားမ ၅
ယောက်သာရှိသည်။ အများစုမှာ မလေးရှားမများနှင့် တရုတ်မများသာ ဖြစ်ကြသည်။
ထို ၅ ယောက်သော ကုလားမတို့သည် ဘုရားစူး ကုလားမ ဟုဆိုရမည်ပင်။
ကုလားစော်နံသော ကုလားမ များမဟုတ်ကြ။ သန့်ရှင်းသပ်ရပ်စွာ နေတတ်သော၊
မဆလာနှင့် နွားနို့ညှီနံ့ထွက်နေမတတ်သော ကုလားမများ ဖြစ်လေသည်။
ပတ်ဝန်းကျင်က သူတို့ကုလားမ ဆိုတာကို မေ့လျော့နေစေတတ်သော
ကုလားမများဖြစ်ကြသည်။ ဘာဘာနီ ရောက်မလာခင် အထိဆိုပါတော့လေ။

ဘာဘာနီဆိုသည့် အသက် ၂၃ နှစ်အရွယ်၊ ကုလားမ ဝ၊ ဝ လေးရောက်လာပြီး
တစ်ပတ်လောက်အကြာတွင် အားလုံးပွစိပွစိ ဖြစ်ကုန်ကြသည်။ ထမင်းစားချိန်
ပြောကြသော စကားဝိုင်းများတွင် ဘာဘာနီ က အဓိက အကြောင်းအရာ ဖြစ်လာခဲ့သည်။
စားပွဲခြင်းကပ်ရက် ထိုင်ရသော တရုတ်မလေးခမျာ ရူဆေးဗူး အမြဲရူနေရသော
အဆင့်သို့ရောက်နေချေပြီ။ သူမခမျာ ရုံးလာရမှာကို ကြောက်နေရှာလေပြီ။

ထိုသတင်းသည် ရှိနှင့်ပြီးသော ၅ ယောက်သော ကုလားမများထံ တမဟုတ်ချင်း
ကူးစက်သွားလေသည်။ ကုလားမများ ခေါင်းခဲကြလေပြီ။ “ကုလားတွေက အရမ်းနံတာပဲ”
ဆိုသောစကားသည် သူတို့ထိန်းသိမ်းခဲ့သောဂုဏ်သိက္ခ

ာကို ထိပါးနေချေပြီ။ ဘာဘာနီ
စီမံချက်ကို အမြန်ရေးဆွဲကြလေသည်။ ပထမဆုံးတာဝန်ယူလိုက်သည်က ကာရိုလိုင်း
ဆိုသည့် ကလေးသုံးယောက် အမေ ကုလားမ။ သူမအတွေးက “မိန်းမအချင်းချင်းပဲ၊
ရင်းနှီးသွားရင် သတိပေးလိုက်ရုံပေါ့” ဘာဘာနီ ပြဿနာသည် သူမအတွက်
သေးသေးမွှားမွှားပင်။

စီမံချက်အရ ကာရိုလိုင်းသည် ဘာဘာနီ နှင့် ရင်းနှီးအောင် အရင်ပေါင်းရသည်။
သူမသည် အလွန်စိတ်သဘောထားပြည့်ဝသော ကုလားမ တစ်ယောက် ဖြစ်သည်။ အလွန်
အသန့်အပြန့်ကြိုက်သည်။ လက်သည်း၊ ခြေသည်း အမြဲးဆိုးထားပြီး ဆံပင်ကိုလည်း
သပ်သပ်ရပ်ရပ် ချည်နှောင်ထားသည်။ ရှင်းရှင်းပြောရလျှင် တကိုယ်ရေ
သန့်ရှင်းမှုကို အရမ်းဂရုစိုက်သောသူဖြစ်သည်။ ကာရိုုလိုင်းသည်
နေ့လည်ထမင်းစားချိန်တွင် ဘာဘာနီ နှင့် အတူတူစားရသည်။ လက်သည်းရှည်ရှည်၊
ဂျီးအပြည့်နှင့် ဒံပေါက်ထမင်းစားနေသော ဘာဘာနီကို သူမတော်တော်
စိတ်ညစ်နေပုံရသည်။ သို့သော် ကာရိုလိုင်းသည် အလွန် စိတ်ရှည်သောသူ ဖြစ်သည်။
“ဇွန်းနဲ့ စားပါလား။ ဆာရီပေါ်ကို ကြက်သားဟင်း အနှစ်တွေ ကျကုန်ဦးမယ်။”
လို့ ချိုချိုသာသာ ပြောရှာသည်။ ဘာဘာနီ က မရိပ်မိ။ ဒံပေါက်ကို လက်နဲ့ ပဲ
စားတတ်တယ် ဟု ပြန်ပြောသည်။ ကာရိုလိုင်း လည်း ငြိမ်နေလိုက်ရသည်။ ထင်သလောက်
မလွယ်ဟု သက်ပြင်းခိုးချသည်။ ဘာဘာနီ ကား ဆပ်ပြာမတိုက်ဘဲ လက်ကို ရေနှင့်
ပွတ်ကာ ထွက်သွားလေသည်။

တစ်လခန့်ကြာသော် ကာရိုလိုင်းက သူမတွေ့ရှိသော အဖြေကို တင်ပြလာသည်။ “ဘာဘာနီ
၏ ကုလားမဝတ်စုံများသည် သူမအနားကို ဘယ်သူမှ မကပ်နိုင်သော တရားခံများ
ဖြစ်သည်” တဲ့။ ချွေးမစုတ်နိုင်သော နိုင်လွန်လဲမဟုတ်၊ ဖော့ရှန်လိုလို
ဘာလိုလို အဝတ်စများကြောင့်ဟု စွပ်စွဲသည်။ ထိုပြဿနာကို ဖြေရှင်းရန် ဘာဘာနီ
၏ ဌာနမှ အကြီးအကဲ ကုလားမက တာဝန်ယူလိုက်သည်။ သူမနာမည် က ဂျာရန်သီ။

ဂျာရန်သီကား ပိန်ပိန်သေးသေးလေးနဲ့ အရမ်းသွက်သော ကုလားမဖြစ်သည်။ အသက် ၄၀
ဟု မထင်ရအောင် နုပျိုသည်။ စကားပြောလျှင်လည်း နှစ်လိုဖွယ် ကောင်းသည်။
အားလုံးက သူမကို ခင်မင်ကြသည်။ ဘာဘာနီ ကလဲ သူမကို ခင်လေသည်။ ဂျာရန်သီက
သူ့လက်အောက်ဝန်ထမ်း အားလုံးကို တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ
ဘောင်းဘီရှည်နှင့် ရှပ်အင်္ကျ ီဝတ်ရမည်။ သောကြာနေ့တရက်သာ ကိုယ်နှစ်သက်ရာ
လွတ်လပ်ပေ့ါပါးသော အဝတ်အစား ဝတ်ရမည်ဟု “ကုလားမများအတွက်သာ”
ဟုခေါ်ဆိုနိုင်သော တစ်ခါမှ မကြားဘူးသည့် အမိန့်ကို ထုတ်ပြန်လိုက်သည်။
ထိုနေ့က ဘာဘာနီ အလွန်စိတ်တိုနေလေသည်။ သူမမှာ မရှိသော ဝတ်စုံကို
ဝတ်ခိုင်းရပါမည်လားဟု တော်တော်ခင်သော ဂျာရန်သီ ကို ဒေါသထွက်ပြီး အမိန့်အရ
ရှော့ပင်း လုပ်ရန်ဟု အကြောင်းပြကာ စောစောပြန်သွားလေသည်။

ဘာဘာနီ ၏ ပုံသဏ္ဌာန်ကို မျက်စိထဲမြင်နိုင်ရန် အနည်းငယ် ပြောပြချင်သေးသည်။
အလွန်ဝသော ကိုယ်ခန္ဓာ အမျိုးအစား ဖြစ်သည်။ ပေါင် ၂၅ဝ လောက် အသာလေးရှိသည်။
ဘယ်သူမှ ဘယ်နှစ် ပေါင် ရှိလဲဟု အသေအချာ မမေးရဲ။ အလွန်ပါး၍ ဦးရေကို
မြင်နေရသော ဆံပင်ကို အမြဲ အပြောင်သိမ်း ချည်ထားသည်။ မနက်စာအတွက် ပေါက်စီ
၄ လုံး (သို့မဟုတ်) Curry Puff ၄ ခု နှင့် မိုင်လို သံဗူး ၃ ဗူး
စားသောက်သည်။ အသီးအရွက်၊ အသီးအနှံ လုံးဝမစား။ မျက်နှာက အမြဲတမ်း
စူပုပ်နေပြီး အပေါ်အောက် ၂ ခါလောက် လှေကား ၁ဝ ထစ်လောက် တက်၊ ဆင်းပြီးလျှင်
“အရမ်းပင်ပန်းတာပဲ” ဟု ပြောပြီး ၁ နာရီလောက် ထိုင်နေတတ်သည်။ နဲနဲလေး
လှုပ်လိုက်လျှင် ချွေးအရမ်းထွက်တတ်ပြီး မခံမရပ်နိုင်လောက်အောင်
ပြန်းထန်သော အနံ့အသက်မျိုးရှိသည်။ သူမထိုင်သွားသောနေရာတွင်
နောက်တစ်ယောက်ထိုင်ဘို့ ၅ မိနစ်လောက် လေသလပ်ခံထားမှ ထိုင်နိုင်သည်။
သူမအခန်းထဲ ဝင်လာလျှင် မော့ကြည့်စရာမလို။ အားလုံးသိစေရမည်။ ဘာဘာနီ
ဝင်လာပြီဟု။ မိမိတို့နိုင်ငံတွင် အသက် ၆ဝ ကျော်တို့ တပ်လေ့ရှိသော
ကော်ကိုင်း မျက်မှန်ဝိုင်းဝိုင်းကြီး တပ်ထားလေ့ရှိသည်။ မည်သူမဆို အသက် ၃၅
နှစ်လောက်ရှိပြီး အိမ်ထောင်သည် ဖြစ်မည် ဟု ခန့်မှန်းမိကြလေသည်။

နောက်နေ့တော့ ရှပ်အင်္ကျ ီအနက်၊ ဘောင်းဘီအနက်နှင့် ဘာဘာနီ ရောက်လာချေသည်။
“လှနေလိုက်တာ” ဟု ကုလားမတသိုက်က ဝိုင်းပြီး ချီးကျူးကြသည်။
စီမံချက်အရပေါ့လေ။ ဘာဘာနီ လည်း မကျေမနပ်ဖြစ်နေတာလေး တော်တော်လျော့သွားသည်
ဟုထင်ရသည်။ အင်္ကျ ီအသစ်၊ ဘောင်းဘီအသစ်နှင့် ထိုနေ့က ဘာဘာနီ ပြုံးနေလေသည်။

သို့သော် ပြဿနာက ပိုကြီးထွားလာသည်။ ဝယ်လဲဝယ်တတ်ပါတဲ့ ဘာဘာနီ။ အင်္ကျ ီ၊
ဘောင်းဘီအားလုံး က အလတ်စတစ်ပါတဲ့ အသားမှာ ကပ်နေတတ်တဲ့ အစမျိုးတွေ
ချည်းပဲ။ ကုလားမဝတ်စုံထက် အနံ့ပိုပြင်းလာတဲ့အပြင် ပေါင် ၂၅၀
ကိုယ်လုံးဖြင့် တကိုယ်လုံး ကျပ်ထုတ်နေကာ အနံ့ အာရုံအပြင် အမြင်အာရုံကို
ပါ ထိခိုက်လာချေပြီ။ ကာရိုလိုင်းက အဆိုးဆုံး ခံစားရသူဖြစ်သည်။ သူမ
တိုက်ရိုက်ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဘာဘာနီ စိတ်ကြည်နေသည့် တနေ့
ရေချိုးပြီးရုံးလာဘို့၊ လက်သည်း ခြေသည်း ညှပ်ဘို့၊ အဝတ်အစားကို
ချည်သားလေးတွေရွေးဝတ်ဘို့၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေ သုံးဘို့
အမုန်းခံပြီး ပြောပြလိုက်သည်။ နားထောင်ပြီး ဘာဘာနီ စိတ်ဆိုးမာန်ဆိုးဖြင့်
ပြောသည်က “နင့် အပူမပါ ပါဘူး” ဟူ၏။ သို့ဖြင့် လက်လျှော့ရတော့မလိုလို
ဖြစ်နေပြန်သည်။ သူတို့ ခြင်္သေ့ကျွန်းက ဘာသာစကားနဲ့ ပြောကြသည်။ “We all
give up already” တဲ့။

လုပ်ငန်းခွင်တွင် ဘာဘာနီ နှင့် ဆိုက်တူ၊ ဂိုက်တူ ကုလားမ
တစ်ယောက်ရှိသေသည်။ သူမသည် အလွန်ပျော်တတ်သည်။ အမြဲ ရယ်နေရပြီး
တရုံးလုံးနှင့် ခင်မင်သူဖြစ်သည်။ ကာရိုလိုင်းက သူတု့ိရဲ့ မအောင်မြင်သော
စီမံချက်ကို ပြောပြသည်။ ဘာဘာနီ ၏ လက်မခံနိုင်သော၊ ခေါင်းမာသော
အကျင့်စရိုက်ကိုလည်း နားလည်းအောင်ပြောပြသည်။ ထိုအမျိုးသမီးက နားထောင်ပြီး
ပြဿနာက သေးသေးလေးပါ။ အဓိက က “ဝ သောသူကို ကြင်နာပါ” ဟု ဆိုသည်။ ဝ
သောသူအချင်းချင်း ရိုင်းပင်းကြရမည်လေ။

သို့နှင့် ဘာဘာနီကို တွေ့လျှင် ဒီနေ့လှတယ်၊ ဒီနေ့ အင်္ကျ ီက အသစ်လား။
အရောင်လေး လှတယ်။ နည်းနည်းလင်းတဲ့ အရောင်လေးတွေ ဝတ်ပါလား။ မနက် ရုံးလာရင်
တက်စီ မစီးဘဲ လမ်းလျှောက်၊ ဘတ်စ်ကားစီးပါလား။ စသည်ဖြင့် နေ့တိုင်း
သွား၊သွား ပြောပေးခဲ့သည်။ သူတို့ နှစ်ယောက် ခင်မင်မှု အတိုင်းအတာ
မြင့်မားလာသည်နှင့် အမျှ ဘာဘာနီ လည်း ပြောင်းလဲလာသည်။ အရမ်း
ဆိုးဆိုးဝါးဝါး၊ အော်ဂလီဆန်လောက်အောင် မရှိတော့။ ကုလားမ အုပ်စုလည်း
သက်ပြင်း ချနိုင်လာကြသည်။

ဘာဘာနီ ကိုယ်တိုင်လည်း ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများကို သတိထားမိစ
ပြုလာဟန်ရှိသည်။ တကိုယ်ရေ သန့်ရှင်းရေးကိုတော့ ဂရုစိုက်လာသည်။
အရင်တုန်းကလို ရူဆေးဗူး ရူနေရသော အဆင့်ထက်တော့ ကျော်လွန်လာသည်။
ကုလားရေမွှေးနံ့လေးတော့ သင်းလာသည်။ ချွေးနံ့ထက်တော့ တော်ပါသေးသည်။
သို့သော် ဘာဘာနီ ၏ တိုးတက်မှုကို စင်္ကာပူ တရုတ်မများကတော့ အသိအမှတ်
မပြုကြသေးချေ။ ဝေးဝေးကသာ ဆက်ဆံ ပြောဆို နေဆဲပင် ဖြစ်သည်။

တစ်နေ့တော့ အလုပ်ထဲမှာ “မိမိဘဝမှာ စိတ်အကျေနပ်ဆုံး အရာ” ဆိုသည့်
ခေါင်းစဉ်နဲ့ ဌာနတစ်ခုကို တစ်ယောက် Presentation လုပ်ရသည်။ တချို့သော
အမျိုးသမီးများက သူတို့ သားသမီးလေးတွေ အကြောင်း ပြောသည်။ တချို့က
သူတို့ရဲ့ မျက်နှာပေါ်က အလှပဆုံး အရာကို ညွှန်းသည်။ တချို့က သူတို့ရဲ့
လက်ရှိ အလုပ်သည် သူ့ဘဝအတွက် စိတ်ကျေနပ် ပျော်ရွှင် ဖွယ်ရာ အကောင်းဆုံး
ဟုဖွင့်ဆိုကြသည်။ ဘာဘာနီ အလှည့်ရောက်သောအခါ “သူမ၏ ရုပ်ဆိုးသော ရုပ်ရည်၊
အလွန်ဝသော ခန္ဓာကိုယ်” သည် သူမ၏ ဘဝမှာ ရှိရှိသမျှသော အရာအားလုံးထက်
ကျေနပ်စရာ အကောင်းဆုံး ပိုင်ဆိုင်မှုဖြစ်သည် ဟု ပြောလိုက်သောအခါ အားလုံး
အံ့ဩပြီး ဘာဘာနီ ကို ပြူးကြည့်ကြသည်။ သူမက ရှင်းပြသည်မှာ သူမ၏ ဖခင်သည်
ဦးနှောက်ထဲတွင်ဖြစ်ပေါ်နေသော ရောဂါတစ်မျိုးကြောင့် ဘာမှ ကိုယ်တိုင်
မလုပ်နိုင်သလို၊ သူမ၏ မိခင်မှာလည်း ကျောရိုးမကြီးရှိ
အဆစ်ရောင်ရောဂါကြောင့် ပင်ပင်ပန်းပန်း ဘာမှ မလုပ်နိုင်။ ထိုအဖိုးကြီး၊
အဖွားကြီးကို ပြုစုစောင့်ရှောက်ရန် လှပ၍ အိမ်ထောင်စောစောကျသွားသော
ဘာဘာနီ၏ အစ်မနှင့် ညီမများက အမြဲတမ်း တာဝန်မယူနိုင်။ ရုပ်ဆိုး၍ မည်သူမျှ
လာရောက် တောင်းရမ်းခြင်း မရှိသော ဘာဘာနီ ကသာ အနီးကပ်
စောင့်ရှောက်နိုင်သည်။ ဘာဘာနီသည် ရသမျှ လခအကုန် သုံး၍ မိဘကို
အိမ်ဝယ်ပေးထားသည်။ စားချင်တာ ကျွေးသည်တဲ့။ ဆေးခန်း သွားလည်း ဘာဘာနီ၊
လူမှုရေးလည်း ဘာဘာနီ သူမတို့အိမ်မှာ သူမတစ်ယောက်တည်းသာ အိမ်ထောင်ဦးစီး
ဖြစ်နေသည်တဲ့။ သူ့အတွက်၊ သူ့ကိုယ်တိုင်အတွက် ရုံးတက်ဘို့ အင်္ကျ ီ ၅ ထည်က
လွဲလျှင် ဘာမှမရှိတဲ့။ ထို့အပြင် အလှပြင်စရာမလိုသော မိမိရုပ်ရည်၊
ပေါ်သမျှ၊ ဆန်းသမျှ ဝယ်ဝတ်ရန် မဖြစ်နိုင်သော မိမိ၏ ခန္ဓာကိုယ်၊ ထိုထိုသော
ပိုက်ဆံကုန်စရာအားလုံးသည် ကျန်းမာရေး ချို့တဲ့သော မိဘနှစ်ပါးစလုံးအတွက်
ဖြစ်စေသောကြောင့် သူမဘဝ၏ အကျေနပ်ဆုံးအရာသည် သူမ၏ အရုပ်ဆိုးခြင်းပင်
ဖြစ်ပါသည်ဟု ဘာဘာနီ က နိဂုံးချုပ်လိုက်သည်။

လက်ခုပ်သံများ ခန်းလုံးပြည့် ဆူညံသွားသည်။ ရှောင်ဖယ်ဖယ် လုပ်ခဲ့သော
တရုတ်မလေးများ ပြုံးပြီး လက်မလေးတွေ ထောင်ပြကြသည်။ ထိုနေ့က ဘာဘာနီ
အလှဆုံး ဖြစ်သွားခဲ့ပါသည်။ ။

10 comments

  • nozomi

    June 15, 2011 at 11:58 pm

    မနေ့က လင့်ပေးကတဲကဖတ်ဖြစ်ပါတယ်
    အဆင်ပြေရင် တခြားပို့စ်တွေပါ ဖတ်သင့်တဲ့ ဆိုဒ်တစ်ခုပါ
    ညွှန်ပေးတဲ့ Good Idea ကို ကျေးဇူးတင်ပါတယ်

  • mnoe

    June 16, 2011 at 6:03 am

    blogspot.com ထဲကိုဝင်လိုက်တိုင်း Access has been deny ပဲဖြစ်နေတယ်။ Proxy နဲ့ဝင်လည်းမရဘူး။
    ဘယ်လိုလုပ်ရလဲသိလားဟင်။ ကျေးဇူးတင်ပါတယ်။

  • MaMa

    June 16, 2011 at 9:01 am

    ဘာဘာနီကို ဒီမှာ တင်မှပဲ ဖတ်လို့ ရတော့တယ်။ တကယ်ကောင်းတဲ့ ဇာတ်လေးပါပဲ။ တကယ့်အလှကို တွေ့မြင်သွားကြရတာပေ့ါ။

  • antimoe

    June 16, 2011 at 12:25 pm

    https://www.btunnel.com/
    ဒါလေးသုံးကြည့်။
    လောလောဆယ်တော့…သုံးလို့အဆင်ပြေနေသေးတယ်။
    URLနေရာမှာ ထည့်ရုံပဲ။

  • antimoe

    June 16, 2011 at 12:27 pm

    mnoeအတွက်ပါ.။

    • mnoe

      June 17, 2011 at 5:54 am

      ကျေးဇူးတင်ပါတယ် antimoe ။ ဝင်လို့ရသွားပြီ။ လင့်ခ်ကောင်းလေးတွေပေးတဲ့ good idea ကိုလည်းကျေးဇူးတင်ပါတယ်။

  • nature

    June 16, 2011 at 1:34 pm

    ဘာဘာနီ ကိုဘာဘာဘာမှမသိ လိုမျိုးပဲထင်ပြီးကျော်သွားတာ၊ ဖတ်ကြည့်တော့မှစိတ်ဝင်စားသွားတယ်၊ ယောနိသောမနသီကာရပေါ့။ စိတ်ထားတတ်ကမြတ်သည်တဲ့။

  • padonmar

    June 16, 2011 at 4:11 pm

    ဘာဘာနီခမျာ ဈေးပေါတဲ့ အလပ်စတစ်သားဘဲ ဝယ်ဝတ်နိုင်ရှာတာဖြစ်မှာပေါ့နော်။
    သူများကို အပြစ်မမြင်ခင် သူ့ဘဝကို ထဲထဲဝင်ဝင် ကြည့်ဘို့လိုမယ်လို့ သင်ခန်းစာရပါတယ်။

  • nature

    June 17, 2011 at 6:08 pm

    အဓိက အနီးကပ်ကိုင်တွယ်ဖြေရှင်းတဲ့သူဟာယုံကြည်လေးစား ချစ်ခင်ခံရသူဖြစ်ပြီး တဖက်လူနားဝင်စေမဲ့ ချိုသာတဲ့ စကားလုံးတွေကို တလုံးချင်း တဖြေးဖြေး သွင်းပေးတာပါပဲ။ အမြင်မကြည်လင်တဲ့သူဖြစ်ရင်တော့ ဖြေရှင်းဖို့မလွယ်ပါ။
    ရုပ်ဆိုးတာကို ရှားရှားပါးပါး အကောင်းဖက်က လှည့်တွေးတတ်တဲ့ ဘာဘာနီ ကို ချီးကျူးလေးစားမိပါတယ်။
    တကယ်လား၊ ပုံပြင်လားမသိပေမဲ့ ၊ ပုံပြင်ဆိုရင်တော့ ရေးတဲ့သူဟာ အင်မတန် စိတ်ကူးဉာဏ်ကောင်းတယ်လို့ ဆိုချင်ပါတယ်။

Leave a Reply