သတင်းများ

ဘုရားသုံးဆူကို အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်တိုက်

သန်းထိုက်ဦး Tuesday, 14 June 2011 19:24

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အိမ်နှင့်တွဲ၍ ဖွင့်ထားသော ကုန်စုံဆိုင် တဆိုင်ကို အမည်မသိ လက်နက်ကိုင် တစုက ယနေ့ ဝင်ရောက်ပစ်ခတ်၍ မီးရှို့ဖျက်ဆီး လိုက်ကြောင်း ဒေသခံများက ပြောသည်။

ယင်း လက်နက်ကိုင်များက ဆိုင်ပိုင်ရှင် ဦးတင်ဝင်း၏ နေအိမ်ကို ကားနှင့် ရောက်ရှိလာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဆိုင်အနီးအနားရှိ အိမ်၂ လုံး အနည်းအငယ် ပျက်စီးသွားကြောင်း၊ ဆိုင်ပိုင်ရှင် ဦးတင်ဝင်းသည် မြန်မာ အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။

ထိုလက်နက်ကိုင်များကို ဒေသ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ်၂၄၈ မှ တပ်ဖွဲ့ဝင်များက ပြန်လည် ခုခံတိုက်ခိုက်ခဲ့ သော ကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ယခု ပစ်ခတ်မှုသည် လတ်တလောတွင် ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သား တပ်မတော်(DKBA) ပူးပေါင်းတပ်များက မဲ့ကသာကျေး ရွာတွင် တပ်စွဲထားသော အစိုးရစစ်တပ်များကို တနင်္လာနေ့က နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရန် တောင်းဆိုချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ထိုဒေသတွင် KNU၊ အပစ်ရပ်အဖွဲ့များ ဖြစ်သော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/ KNLA အဖွဲ့၊ မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့တို့ လှုပ်ရှားနေကြသည်။

ဇွန်လ ၅ ရက်နေ့ကလည်း ဘုရားသုံးဆူ မြို့နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို မျက်နှာဖုံးစွပ် လက်နက်ကိုင် တစုက သွားရောက် တိုက်ခိုက်မှုကြောင့် စရဖ တပ်ဖွဲ့ဝင် တဦး နှင့် ကလေးငယ် တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားသည်။

မတည်မငြိမ် ဖြစ်နေသည့် ဘုရားသုံးဆူတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

အစိုးရတပ်က ဗျူဟာမှူး ဒဏ်ရာရကြောင်း KIO ပြောဆို

2011-06-14 RFA

အစိုးရတပ်တွေနဲ့ KIO ကချင်တပ်ဖွဲ့ တိုက်ပွဲ အတွင်းမှာ မနေ့က အစိုးရတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး တဥိီး ထိခိုက် ဒါဏ်ရာ ရရှိတယ်လို့ KIO ဖက်က ပြောဆိုပါတယ်။ ထိခိုက် ဒါဏ်ရာရသူ မိုးမိတ် ဗျူဟာက ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်တိုးဟာ နယ်ကျွံပြီး KIO တပ်တွေ အတွင်းမှာ ပိတ်မိခဲ့တာ ဖြစ်တယ်လို့ KIO အရာရှိတွေက ပြောပါတယ်။

မနေ့က ဗိုလ်မှုူးကြီး အောင်တိုး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး KIO အဖွဲ့ ပြောခွင့်ရ ဦးလနန်းက “ထိခိုက်ဒါဏ်ရာ ရတယ်ဆိုတာတော့ ကြားတယ်။ ကျသွားပြီဆိုတာကတော့ တဆင့်စကားနဲ့ တဆင့် ပြောတာ ဖြစ်ပါလိမ့်မယ်။ သိပ်တော့ မသေချာဘူး ထင်တယ် ထိခိုက်တယ် ဆိုတာတော့ သေချာတယ်” တဆက်တည်း KIO ဖက်က ကျဆုံးသူ ၃ဦး ရှိပြီး ၃ ဦး ဒါဏ်ရာရတယ်လို့ ပြောပါတယ်။

အစိုးရဘက်က ကျဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူများကို အတည်မပြုနိုင်ပေမဲ့ များပြားတယ်လို့ ပြောပါတယ်။ “မိုးမောက်ဖက်က ပြောလာတာရယ် တယ်လီဖုံးက တဆင့် ပြောလာတာတွေကတော့ ဆေးရုံမှာ အရေးပေါ်မှာ ဒဏ်ရာ ရတဲ့ လူနာတွေက အနဲဆုံး ၈ဝ ကနေ ၁၀ဝ နီးပါး ရှိနေပြီ လို့ ခန့်မှန်း ပြောနေကြတယ်။ ဆုံးသွားတဲ့ ရဲဘော်တွေ သွားမြုပ်နှံတယ်ဆိုတာလည်း ကြားနေရတယ်။

ထိခိုက် ဒဏ်ရာရတာ အတော်များတယ်ဆိုတာတော့ သေချာတယ်။” အစိုးရတပ်ဖက်က ထိခိုက် ဒါဏ်ရာ ရတာတွေနဲ့ ပတ်သက်ပြီး အစိုးရက တရားဝင် ထုတ်ပြန်တာ မရှိသလို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ အစိုးရတပ်ဖက်က ၃ဝ လောက် ကျဆုံးပြီး ဒါဏ်ရာရရှိသူ ၁၀ဝ လောက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကချင်နှင့်တိုက်ပွဲ အစိုးရတပ် အကျများဟု ဒေါ်ဘောက်ဂျာပြော

မျိုးသန့် | အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် မြန်မာ အစိုးရတပ်များ အကြား

ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်မှ ဗျူဟာမှူး တဦး အပါအဝင် အကျအဆုံး များပြားကြောင်း NDF ပါတီဝင် ဖားကန့်ဒေသမှ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သူ ဒေါ်ဘောက်ဂျာက ပြောသည်။

ဇွန် ၉ ရက်နေ့မှ စတင် ဖြစ်ပွားနေသည့် KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများတွင် KIA ဘက်မှ ၃ ဦးကျဆုံးပြီး တဦး ဒဏ်ရာရကာ အစိုးရတပ်မှ ဗျူဟာမှူး အပါအဝင် ၁၀ဝ ကျော် ကျဆုံးကြောင်း တိုက်ပွဲသတင်းများ

လေ့လာနေသည့် ဒေါ်ဘောက်ဂျာက ဆိုခြင်းဖြစ်သည်။

“KIO က သုံးယောက်လောက်ပဲ ကျတယ်လို့ ကြားတယ်၊ တယောက်က ဒဏ်ရာနဲ့တဲ့ စစ်တပ်ဘက်ကတော့ အများကြီးပဲလို့ ပြောတယ် ၁ဝဝ ကျော်လောက် ကျတယ်တဲ့၊ အဲဒီအထဲမှာ ဗျူဟာမှူးလည်း ပါတယ် အရင် ဗျူဟာမှူးက ဟိုတနေ့က ကျသွားတယ်၊ အဲဒီ အသစ်ပြန်လဲတဲ့ ဗျူဟာမှူးလည်း ဒဏ်ရာ အပြင်းအထန်နဲ့ သေဖို့ အဆင့်အထိတောင်

ဖြစ်နေပြီလို့ သိရတယ်”

မိုးမောက်နှင့် ဗန်းမော်ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အစိုးရဘက်မှ ဒဏ်ရာ ရသူများကို ထိုဒေသရှိ ဆေးရုံများကို ပို့ထားရပြီး ဆရာဝန် လုံလောက်မှုမရှိသောကြောင့် မြစ်ကြီးနားမှ ဆရာဝန်များကိုလည်း

ခေါ်ယူထားရကြောင်း ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

“မိုးမောက်နဲ့ ဗန်းမော် ဆေးရုံတွေမှာ တက်နေကြတယ် အဲဒီမှာလည်း ဆရာဝန် မလောက်လို့ မြစ်ကြီးနားက ဆရာဝန် ထပ်ခေါ်ရတယ်လို့ ကြားရတယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

“စစ်ပြေး ဒုက္ခသည်တွေက မနေ့က အထိတော့ ၃,၀၀ဝ ကျော်လောက် ရှိပြီလို့ သိရတယ် တရုတ်ပြည်ထဲ

ရောက်တာတွေလည်း ရှိတယ် တချို့က ကြားထဲမှာ ပျောက်နေတာတွေလည်း ရှိတယ်၊ တချို့လည်း လိုင်ဇာဘက်ကို ရောက်သွားတဲ့ လူတွေလည်း ရှိတယ် ” ဟုသူမက ထပ်ပြောသည်။

စစ်ကြောင့် KIOမှ ကျောင်းများ စတင်ပိတ်

Tuesday, 14 June 2011 13:38 KNG

ကချင်လွတ်မြောက်ရေးလွတ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ပညာသင်ကျောင်း အချို့အား ဇွန် ၁၄၊ ယနေ့မနက်မှ စတင် ပိတ်ပင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဗဟို ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့ရှိ ပညာရေးကျောင်း အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ သာသနာကျောင်းတို့အား ခေတ္တပိတ်ပင်ရန် KIO ပညာရေးဌာနမှ ကြေငြာလိုက်သည်။ ယင်းကျောင်း (၃)ကျောင်းတွင် ကျောင်းသား စုစုပေါင်း (၁) ထောင်နီးပါးခန့်ရှိကြောင်း သိရသည်။

“အထက်တန်းကျောင်းက ဒီမနက်ကတည်းက ပိတ်ထားလိုက်ပြီ။ သာသနာကျောင်းကိုတော့ ဆက်ဖွင့်ထားတယ်။ ဒါမယ့် ပညာရေးဌာနက လာပြီး ပိတ်ပေးဖို့ တောင်းဆိုတာကြောင့် ကျတော်တို့ နေ့လည်ကမှ ပိတ်လိုက်တာပါ။” ဟု သာသနာကျောင်းမှ ဆရာတစ်ဦးပြောသည်။

ထို့အတူ KIA တပ်မဟာ (၃) တည်ရှိရာ မိုင်ဂျာယန်မြို့ရှိ ကျောင်းများအားလည်း ယနေ့မနက်မှ ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ ကျောင်းသား (၇၂၈)ဦး ရှိသည့် အထက်တန်းကျောင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်ရန် ယမန်နေ့ည နေပိုင်းမှာ ကြေငြာလိုက်ခြင်း ဖြစ်သည်။ မူကြိုကျောင်းနှင့် စိုက်ပျိုးရေးလက်တွေ့ဆင်းသည့် ကျောင်းများလည်း ပိတ်ထားခြင်းဖြစ်သည်။ မိုင်ဂျာယန်မြို့ရှိ အင်္ဂလိပ် ပညာရပ်ပိုင်း သင်ကြားနေသည့် IEP (Intensive English Program) ကိုမူ တရားဝင် ပိတ်ပင်ရန် အမိန့်မထွက်ရှိသေးသဖြင့် ဆက်လက်ဖွင့်ထားဆဲ ဖြစ်ကြောင်း မိုင်ဂျာယန်ရှိ ကျောင်းဆရာတစ်ဦး ဆိုသည်။

“IEP ကျောင်းကမပိတ်သေးဘူး။ ကျောင်းသားတွေလည်းရှိနေသေးတယ်။ ကျောင်းပိတ်ရင်လည်း လမ်းခရီးက အခြေအနေ မကောင်းတော့ ပြန်ရဲကြမှာ မဟုတ်ဘူး။”

လိုင်ဇာ သာသနာ ကျောင်းဆရာကမူ ကျောင်းသားများအတွက် ပညာရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် လိုင်ဇာ တစ်ဖက်ကမ်း တရုတ်ပြည်ဘက်တွင် ကျောင်းပြန်ဖွင့်မည်ဟု ဆိုသည်။

“ကျောင်းက ပြန်မဖွင့်ခိုင်းရင်လည်း ကျတော်တို့က ခဏစောင့်မယ်။ အခြေအနေ ထူးမလာဘူးဆိုရင် ပြန်ဖွင့်မယ်။ ဒါမှ မဟုတ် ကျတော်တို့ သာသနာကျောင်းကို တရုတ်ဘက် ပြန်ဖွင့်မယ်။ ကျောင်းသားတွေအတွက် အဲ့တစ်လမ်းပဲ ရှိတော့တယ်။”

အဆိုပါ ကျောင်းများအား မည်ရွှေ့မည်မျှ ပိတ်ထားမည်ကို မသိသေးသော်လည်း စစ်ရေးအခြေအနေ မတည်ငြိမ်သ၍ ဆက်လက် ပိတ်ထားမည်ဟု သိရသည်။

KIA Bum Sen စခန်း မြန်မာစစ်တပ် လက်ထဲကျ

Monday, 13 June 2011 18:02 KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ အခိုင်အမာ တပ်စခန်း ဖြစ်သည့် ဘွမ်ဆဲန် (Bum Sen Post) တောင်အား မြန်မာစစ်တပ်မှ သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

မြှေက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အင်အား (၉၀၀)ခန့်ရှိ တပ်ရင်း (၈)ရင်း၏ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် KIA သည် ယမန်နေ့ည ရနာရီခွဲတွင် ဘွမ်ဆဲန် တောင်မှ နောက်ဆုတ်ပေးခဲ့ရခြင်း ဖြစ်သည်။

ဝိုင်းမော်မြို့နယ်ထဲ ရှေ့တန်းတစ်နေရာတွင် ရောက်ရှိနေသော KIA စစ်သားများ။

ယင်း ဘွမ်ဆဲန် သိမ်းလိုက်ခြင်းသည် KIA အဖွဲ့ကြားရှိ ဆက်သွယ်ရေးအား ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု KIA အရာရှိ တစ်ဦးပြောသည်။

“တော်တော်ခက်တယ်။ ဘယ်လိုဖြစ်နေလဲ မသိဘူး။ အဲ့တောင် ရောက်မှတော့ KIA ကို နှစ်ခြမ်း ခွဲလိုက်လို့ရပြီ။ ဘွမ်ဆဲန်က KIA ဗဟိုဌာနချုပ်နဲ့ တပ်မဟာ (၃)ကို ဆက်သွယ်တာ။ အဲ့မှာရောက်တော့ KIA ကို ဝိုင်းလိုက်သလို ဖြစ်ပြီလေ။ ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်လိုက်တာပဲ။ တပ်မဟာ (၅)နှင့် (၃)ကို ဆက်သွယ်ဖို့လည်း ခက်ပြီလေ။ သူတို့ကို လူလဲတာလည်း မရှိဘူး။ ပစ်တဲ့ သူက ပစ်နေတယ်။ အစိုးရကို ပစ်တာ လက်အသားမာတောင် တက်တယ်လို့ ပြောတယ်။”

မြန်မာစစ်တပ်သည် ဘွမ်ဆဲန် တောင်ရှိ KIA တပ်ရင်းအား ဇွန် (၁၁)ရက် မွန်းလွဲ ၁၂နာရီ နောက်ပိုင်း ရုပ်သိမ်းပေးရန် ရာဇသံပေးခဲ့သည်။ KIAမှ ရုပ်သိမ်းခြင်း မရှိသဖြင့် မြန်မာစစ်တပ်မှ အဆက်အပြတ် ပစ်ခတ်လာခြင်း ဖြစ်သည်။

ယမန်နေ့ မြန်မာစစ်တပ်မှ KIA ဘွမ်ဆဲန်တောင်ဘက်သို့ အမြောက်ကြီး ၇၅ မမ ပစ်ခတ်ရာ အမြောက်ဆံ ၁၀၀ဝ ကျော် ရှိသည်ဟု KIAမှ ဆိုသည်။

ဇွန်လ (၁၁)ရက်နေ့တွင်လည်း မြန်မာစစ်တပ်မှ ဆန်ဂန်ကျေးရွာရှိ KIO ဆက်ဆံရေးရုံးအား သိမ်းပိုက်ခဲ့သည်။

မြန်မာစစ်တပ်ဖက်မှ KIA တပ်စခန်းများရှိရာ သို့ စစ်အင်အား ထပ်ဖြည့်မှုများ ရှိနေကြောင်း သိရသည်။ KIA တပ်ရင်း (၃)ရှိ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲသို့လည်း စစ်ယဉ်တန်း (၁၀)စီး ခန့် ဦးတည်ဝင်ရောက် သွားကြောင်း မျက်မြင် ဝိုင်းမော် ဒေသခံ တစ်ဦးပြောသည်။

ရှမ်းပြည်နယ်ရှိ KIA တပ်မဟာ (၄) အနီး လားရှိုး-မူဆယ်လမ်းတစ်ဖက်တွင်လည်း တပ်ရင်း (၃)ရင်း စစ်အင်အား တိုးမြင့်ထားကြောင်း၊ ဗန်းမော်မြို့တွင်းတွင်လည်း မြန်မာစစ်တပ် အင်အား ထပ်ဖြည့်နေသည်ဟု KIAအရာရှိ တစ်ဦး ဆိုသည်။

ဇွန် (၉)ရက်မှ စတင် ပစ်ခတ်လာသည့် စစ်ရေးကြောင့် အသေအပျောက် တိတိကျကျ မသိရှိသေးသော်လည်း ဆန်ဂန်ကျေးရွာတွင် မြန်မာစစ်တပ်အလာလမ်း၌ ဗုံးထောင်ရန် သွားခဲ့သည့် KIA တပ်သား (၃)ဦးအား မြန်မာစစ်တပ်မှ ပစ်သတ်ခဲ့သည်ဟု သိရသည်။

Last Updated ( Tuesday, 14 June 2011 08:03 )

KIO ဌာနချုပ်လိုင်ဇာမှ လူငယ်များ တိုက်ပွဲအတွက် အသင့်ပြင်ဆင်

Monday, 13 June 2011 17:28 KNG

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ဒေသခံ လူငယ်များသည် တိုက်ပွဲအတွက်သာမက စစ်မျက်ကွယ်ရာအတွက်ပါ အသင့်ပြင်ဆင် ထားနေပြီ ဖြစ်ကြောင်း သိရသည်။

KIA အမြဲတမ်းတပ်ဖွဲ့ဝင် မဟုတ်သော လိုင်ဇာ လူငယ်အဖွဲ့ဝင် တို့သည် ယမန်နေ့မှ စ၍ လိုင်ဇာ အဝင်အထွက် ဂိတ်ပေါက်များသို့ အလှည့်ကျ ကင်းစောင့်နေကြသည်ဟု ဒေသခံ လူငယ်တစ်ဦး ပြောသည်။

“လိုင်ဇာလူငယ် ခေါင်းဆောင်တွေပါတယ်။ လူငယ်ခေါင်းဆောင်ဟောင်းတွေလည်းပါတယ်။ မနေ့ညလည်း တညလုံး ကင်းစောင့်ကြတယ်။ ဒီနေ့မနက် လဂျားယန်ဘက်သွားကြည့်တော့ အိပ်နေကြတယ် တညလုံးကင်းစောင့်ထားလို့တဲ့။”

အဆိုပါ အမြဲတမ်း တပ်ဖွဲ့ဝင်တွင် မဟုတ်သည့် အရေးပေါ်လူငယ်အဖွဲ့ဝင်တွင် အမျိုးသမီးအပါအဝင် စုစုပေါင်း ၆ဝ ခန့်ရှိသည်ဟု လိုင်ဇာဒေသခံလူငယ်များပြောသည်။

လဂျားယန်ကျေးရွာရှိ မြန်မာစစ်အစိုးရ တပ်စခန်းတွင်လည်း မြစ်ကြီးနားဘက်မှ တပ်ကူ ၂၀ဝခန့် ယမန်နေ့တွင် ရောက်ရှိလာပြီး ၎င်းတို့က လဂျားယန်နှင့် လဝါယန်ရှိ ဒေသခံများကို အဝင်အထွက်ကန့်သတ်ထားသည်ဟု ဆိုသည်။

လိုင်ဇာမြို့ခံလူငယ်များသည်အနီးအနားတောင်ပေါ် စစ်မျက်ကွယ်ရာဒေသများသို့ လိုအပ်သည့်ပစ္စည်းများ ရွှေ့ပြောင်းနေကြသည်။

သို့သော် KIO မူးယစ်တိုက်ဖျက်ရေးစီမံချက်မှ ဘိန်းစွဲလူငယ် ၁၀ဝ ဝန်းကျင်အား ထိန်းသိမ်းချုပ်နှောင် ထားဆဲဖြစ်ကြောင်း သိရသည်။

တာခေါ်ခ (တာပိန်မြစ်) ရေအားလျှပ်စစ်ဖက် မြန်မာ-KIA တိုက်ပွဲပြင်းထန်နေသော်လည်း KIO အရပ်ဖက် အုပ်ချုပ်ရေးဌာနကမူ လိုင်ဇာ ပြည်သူလူထုအတွက် သီးသန့် အသိပေးကြေငြာချက်ထုတ်ပြန်ခြင်း မရှိဟုဆိုသည်။

ယခုချိန် လိုင်ဇာဒေသခံများ သာမန် လှုပ်ရှားသွားလာနေကြဆဲဖြစ်သည်။

ချောင်းကူးတံတား KIA ချိုး၊ စစ်တပ် ထောက်ပံ့ရေး လမ်းကြောင်းပျက်

သန်းထိုက်ဦး Tuesday, 14 June 2011 16:44

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ နမ်ဖတ်ခချောင်း ကူးတံတားကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ ဝင်များက ယနေ့နံနက် ၃ နာရီခွဲခန့်က ဗုံးခွဲဖျက်ဆီးလိုက်သည်။

စစ်ရေးပြလေ့ကျင့်နေသည့် KIA တပ်ဖွဲ့ဝင်များကို ယမန်နှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – AP)

“အစိုးရ စစ်ကူတွေ ဘာတွေ မလာနိုင်အောင် ဆိုပြီးတော့ တာပိန်ကိုသွားတဲ့ လမ်းမှာ နမ်ဖတ်ခ ဆိုတာ ရှိတယ်၊ အဲဒါ ကြိုးတံ တားလေ ဒါပေမယ့် အဲဒီ ကြိုးတံတားက ကားတွေ ဘာတွေ ဖြတ်လို့ရတယ်၊ အဲဒါ ကျနော်တို့ ဖျက်လိုက်တယ်”ဟု ကချင်လွတ် မြောက်ရေး အဖွဲ့ (KIO) မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောဆိုသည်။

ယင်း တံတားကို ဗုံးခွဲ ဖျက်ဆီးလိုက်သောကြောင့် အစိုးရစစ်တပ်က လက်နက်ကြီးများ သယ်ဆောင်လာသည့် ကားများ အခက်အခဲ ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။

စစ်ရေး အရ နှစ်ဘက် တင်းမာနေသော်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမှုကို မကြားသိရသေးပေ။ မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်မှ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

မြန်မာ အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားသည့် နေ့မှ စတင်၍ ယမန်နေ့ အထိ KIA တပ်သား ၂ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း KIAက ဆိုသည်။

အစိုးရစစ်သားများ၏ သေဆုံးမှု စာရင်း အတိအကျကို မသိရသော်လည်း ရာနှင့်ချီ ထိခိုက် ဒဏ်ရာရရှိကြောင်း ဗန်းမော်မြို့ ဒေသခံများကို ကိုးကား၍ ဦးလနန်က ပြောသည်။

စစ်အစိုးရသည် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံ ရေးအရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး KIA ဘက်ကလည်း ကချင်ဒေသတွင်းရှိ မြန်မာ အစိုးရတပ်များအား ထွက်ခွာရန် ပြန်လည်တောင်းဆို ညှိနှိုင်းကြရာမှ မပြေလည်ဘဲ တင်းမာမှုများ စတင်ခဲ့ကြောင်း သိရသည်။

ယခုအခါ KIA ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နယ်နှင့် ဗန်းမော် – မြစ်ကြီးနား ကားလမ်း တလျှောက်တွင် မြန်မာအစိုးရ က တပ်အင်အား ထပ်မံတိုးချဲ့ထားသောကြောင့် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားလာနိုင်ကြောင်း ဦးလနန်က ဆက်ပြောသည်။

“တိုက်ပွဲဖြစ်ဖို့ အခြေအနေကတော့ ခန့်မှန်းလို့ မရတော့ဘူး၊ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပြီ၊ စိုးရိမ် ရေမှတ်ထက် ကျော်သွားပြီလို့ ပြောရမှာပဲ”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူများ ရာနှင့်ချီ၍ တရုတ်နယ်စပ်နှင့် KIA ထိန်းချုပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ် အနီးတဝိုက်တွင် ကျေးရွာ ၁ဝ ရွာခန့်ရှိပြီး အိမ်ခြေ ၃ဝ မှ ၅ဝ ခန့်ရှိ ရာ အနည်းဆုံး စစ်ပြေး ဒေသခံပြည်သူ ဦးရေ ၅၀ဝ ခန့် ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် ယခုရက်ပိုင်း လွယ်ဂျယ်မြို့နယ်အတွင်းရှိ ဘုရားကုန်းတွင် အစိုးရအမြောက်တပ်များ စစ်အင်အား တိုးချဲ့ထားသည့် အတွက် ဒေသခံတချို့က စစ်ဖြစ်မည်ဟု ထင်မြင်ချက်များရှိနေသောကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်ရှောင်နေ ကြောင်းလည်း ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြားေ

ရမခ တိုင်းအောက်အကြီးအကဲများအား သျှမ်းပြည်တိုင်းချုပ် ခေါ်ယူတွေ့ဆုံ

Tuesday, 14 June 2011 18:10 သျှမ်းသံတော်ဆင့်

သျှမ်းပြည် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (ရမခ) အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ်၌ အရာရှိ အကြီး အကဲများခေါ် ယူတွေ့ဆုံကာသျှမ်းပြည် တပ်မတော် SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက် နေမှုနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေး ဖွယ်ရှိကြောင်း စစ်တိုင်းရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

SSPP/SSAကို အပြတ်တိုက်ဖို့ရှိတယ်လို့ ထွက်နေတဲ့သတင်းအတိုင်း ဒီတပတ်နှစ်ပတ်ထဲမှာ အပြင်းအထန် တိုက် လာတာတွေ့ရတယ်။ ဘာအကြောင်းဆွေးနွေးလဲ သူတို့လျှိုု့ဝှက်ထားပေမယ့် ဝမ့်ဟိုင်းအဖွဲ့ကို ဆက်လက်တိုက်စစ် ဆင်တဲ့ ကိစ