လူရွယ် တစ်ဦးသည် အလွန် အရေးကြီးသော တာဝန်တစ်ခုကို ဆောင်ရွက်လိုသဖြင့် ချိန်းဆိုထားသော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရန် ခပ်သွက်သွက် သွားနေသည်။ လမ်းခုလတ် တစ်နေရာ ရောက်သော် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်ပန်းကြီးစွာ ဈေးတောင်း ခေါင်းပေါ်ရွက် ရောင်းစားနေသော အဘွားအို တစ်ဦးကို တွေ့မြင်ရလေသည်။ ထိုအဘွားအိုက –
“သားရယ်၊ အဘွား ဈေးတောင်းလေး ခေါင်းပေါ်ပင့်တင်ပေးပါ။ မကြာပါဘူး သားရယ်။ ကျေးဇူးတင်ပါတယ်။”
“ကျေးဇူး မတင်နဲ့ဦးဗျ။ ကျွန်တော်က ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်ချင်လို့ အရေးကြီးတဲ့ ပုဂ္ဂိုလ်နဲ့ သွားတွေ့ရမှာ။ နည်းနည်းလေးမှ အချိန်နောက်ကျလို့ မဖြစ်ဘူး”
ထိုသို့ ပြောဆိုရင်း ဆက်လက်ထွက်သွား လေသည်။
ရှေ့သို့ အနည်းငယ်သွားမိသောအခါ ရွှံ့ဗွက်အိုင်ထဲတွင် လှည်းဘီးများ နွံထဲ ကျွံဝင်နေသော နွားလှည်းတစ်စီးကို တွေ့ရသည်။ နွားအိုကြီးများဖြစ်၍ နွားလှည်း မောင်းသမားသည် နွားများကို မရိုက်ရက်ဘဲ အော်ငေါက်၍သာ မောင်းရင်း နွံထဲမှ ရုန်းထွက်နိုင်ရန် ကြိုးစားနေသည်။
လှည်းသမားသည် ခရီးသွားလူရွယ်အား မြင်ရသောအခါ –
“မိတ်ဆွေ၊ ကျေးဇူးပြုပြီး လှည်းဘီးလေးကို တွန်းပေးပါ။ နည်းနည်းလေး ရွေ့လိုက်ရုံနဲ့ မောင်းလို့ရသွားမှာ”
“ဒီမှာ လူကို သေသေချာချာ ကြည့်ပြောဗျ၊ ခင်ဗျားလှည်းဘီးကို တွန်းပေးရင် ကျွန်တော့် အဝတ်အစားတွေ ရွှံ့တွေပေလို့ ညစ်ပတ်သွားမှာ ခင်ဗျား မသိဘူးလား။ ခင်ဗျား တော်တော်မိုက်တဲ့လူပဲ။ ကျွန်တော် ဒါမျိုးအောက်ကျတဲ့အလုပ် မလုပ်ဘူး။ အများအကျိုးအောင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အလုပ်မှ လုပ်တာဗျ”
ထိုသို့ ပြောဆိုလျက် ရွှံ့နစ်နေသော လှည်းကိုရှောင်ကွင်း၍ ရှေ့ဆက်သွားလေသည်။
ထိုသို့ ခရီးဆက်လျှောက်လာရင်း တစ်နေရာ ရောက်သောအခါ တောင်ဝှေးလေးဖြင့် စမ်းကာစမ်းကာ တုန်တုန်ယင်ယင် လမ်းလျှောက်နေသော အဘွားအိုတစ်ဦးကို တွေ့မြင်လိုက်ရပြန်သည်။
မျက်စိ မမြင်သော်လည်း နားကောင်းသော အဘွားအိုသည် သူ၏အနားမှ လူတစ်ယောက် ဖြတ်လျှောက်သွားသည်ကို ကြားသိရလျှင် –
“သားရယ် အဘွားကို ဟိုဘက်က တဲအိမ်နားရောက်အောင် တွဲခေါ်ပို့ပေးပါ သားရယ်။ ကုသိုလ်ရပါတယ်”
ထိုအခါ လူရွယ်က –
“ဒီမှာအဘွားကြီး၊ ကျွန်တော်က ကြီးကျယ်မြင့်မြတ်တဲ့လူသာ လုပ်နိုင်တဲ့ အများ အကျိုးဆောင်လုပ်ငန်းကို လုပ်မလို့ သွားနေတဲ့လူဗျ။ ဒီလို သေးနုပ်တဲ့အလုပ်ကိုလုပ်လို့ ဘယ်လောက် ဂုဏ်ထိခိုက်သွားမယ်ဆိုတာ သိရဲ့လား။ ကျုပ်ရဲ့ ကြီးကျယ် မြင့်မြတ်တဲ့အလုပ် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ ခင်ဗျားကြီး သိစေချင်တယ်ဗျာ” ဟု ပြောဆိုရင်း ဆက်လက် ထွက်သွားလေသည်။
ထို့နောက် မကြာမီ သူ့ကို ဖိတ်ခေါ်ထားရာ သူတော်စင် ရာမဒေဝ၏ ကျောင်းသင်္ခမ်းသို့ ရောက်လာသည်။ သူတော်စင် ရာမဒေဝသည် တရား ကျင့်ကြံအားထုတ်ရန် စတင်ပြင်ဆင်နေရာ လူရွယ်က အပြေးအလွှား ရှေ့၌ ရောက်လာရင်း –
“သူတော်စင်ကြီးခင်ဗျား၊ ကျွန်တော် ရောက်လာပါပြီ။ မြင့်မြတ်သောသူတို့ လုပ်နိုင်တဲ့ အများအကျိုးဆောင် အလုပ်ဆိုတာ ညွှန်ကြားပေးပါခင်ဗျာ။ ကျွန်တော်နဲ့ ထိုက်တန်တဲ့ အများအကျိုးဆောင် လုပ်ငန်းကို ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ပါ့မယ်။” ဟု မာန်မာနပါသော စကားသံများဖြင့် သူတော်စင်ကို မေးလေသည်။
သူတော်စင် ရာမဒေဝသည် လူရွယ်ကိုကြည့်လျက် အဓိပ္ပါယ်ပြည့်ဝသော အပြုံးတစ်ခုကို ပြုံးပြလေသည်။ ထိုအပြုံး၌ လျှို့ဝှက်ချက်များရှိကြောင်း လူရွယ် သိရှိလိုက်လေသည်။ သူတော်စင်ကြီးက –
“သြော် ဟုတ်လား။ မနေ့က ငါဟောတဲ့ တရားပွဲရဲ့အဆုံးမှာ ငါ့ရဲ့ တွန်းအားပေးမှုကြောင့် အများအကျိုးဆောင်တဲ့ ကြီးကျယ် မြင့်မြတ်တဲ့ အလုပ်ကို လက်ခံခဲ့တဲ့လူလား”
“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်ပါပဲ”
“အေး ကောင်းပြီ။ ဒါဆို ခဏထိုင်စောင့်ဦး။ မကြာခင် မင်းလိုပဲ အလုပ်လုပ်လိုတဲ့ လူတစ်ယောက် ရောက်လာလိမ့်မယ်။ သူကလည်း မနေ့က လုပ်မယ်လို့ ကတိပေးခဲ့သော သူလာအောင် စောင့်ရဦးမယ်”
ထိုသို့ပြောဆိုရင်း လာရာလမ်းကို မျှော်ကြည့်နေသည်။ ထိုအခါ လူရွယ်က –
“ဆရာရယ် အချိန်ကို တန်ဖိုးထားပြီး လာရကောင်းမှန်း မသိတဲ့လူကို ဘာလို့ မျှော်နေရမှာလဲ။ ရောက်လာမယ့်အချိန်ကို မသိတဲ့လူအတွက် ဘယ်လိုလုပ်ပြီး အများအကျိုးဆောင်နိုင်မှာလဲ” ဟု ခနဲ့ ရွှဲ့သော လေသံဖြင့်ပြောလေသည်။
“ဘာပဲဖြစ်ဖြစ် ငါကတော့ စောင့်ရမှာပဲ” ဟု လူရွယ်၏စကားကို အမှုမထားဘဲ ဆက်၍ စောင့်နေသည်။
ထို့နောက် သိပ်မကြာမီ နောက်ထပ် လူရွယ်တစ်ယောက်သည် ရွှံ့နွံများဖြင့် ညစ်ပေနေသော အဝတ်အစားများဖြင့် ရောက်ရှိလာလေသည်။ သူတော်စင်၏ ခြေတော်အစုံကို ရှိခိုးတောင်းပန်ရင်း နောက်ကျနေသည့်အတွက် ခွင့်လွှတ်ပေးပါရန် မောပန်းနေသော အသက်ရှူသံပြင်းပြင်း နှင့်အတူ ပြောဆိုလေသည်။
“ပြောပါဦး။ ဘာကြောင့် နောက်ကျသွားရတာလဲ။ အဝတ်အစားကကော ဘာကြောင့် ညစ်ပေနေရတာလဲ”
ထိုသို့ သူတော်စင်က မေးသောအခါ နောက်မှရောက်လာသော လူရွယ်က –
“ဆရာခင်ဗျာ၊ ကျွန်တော် ကတိအတိုင်း အချိန်မီ ဆရာ့ထံကို လာခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ အရွယ်အိုနေတဲ့ အဘွားတဦးရဲ့ ဈေးတောင်းကို ကူထမ်းပေးနေရတာရယ်၊ နောက် ရွှံ့နွံနစ်နေတဲ့ နွားလှည်းကို ကူတွန်းပေးခဲ့ရတာရယ်၊ မျက်စိ မမြင်တဲ့ အဘွားတစ်ဦးကို သူ့တဲအိမ်အရောက် ပို့ပေးနေရတာရယ်ကြောင့် နောက်ကျမှ ရောက်လာရခြင်း ဖြစ်ပါတယ် ခင်ဗျား” ဟု ရိုးသားစွာ ပြောလေသည်။
ထိုအခါ ရှေးဦးစွာ ရောက်လာသော လူရွယ်က –
“မင်းက အပိုအလုပ်တွေ လုပ်နေလို့ ငါ့မှာ အချိန်ကုန် စောင့်နေခဲ့ရတာ။ မင်း ကူခဲ့တဲ့သူတွေ ငါလည်း တွေ့ခဲ့တာပဲ။ ဒါပေမယ့် အများအကျိုးကို ဆောင်ရွက်ဖို့က အရေးကြီးတယ်။ ဒီကို မြန်မြန်လာပါလား” ဟု အပြစ်တင်လေသည်။
သူတော်စင်ကြီးသည် နောက်မှရောက်လာသော လူရွယ်ကို သဘောကျစွာဖြင့် ဦးခေါင်းကို လက်ဖြင့်ပွတ်သပ်ရင်း ရှေးဦးစွာ ရောက်လာသော လူရွယ်ဘက်သို့ လှည့်ကာ –
“ကဲ … တပည့်၊ မင်းရှေ့က အရင်လာခဲ့တဲ့ လမ်းအတိုင်း သူလာခဲ့တာပဲ။ မင်းက ပရဟိတခေါ်တဲ့ အများအကျိုး သယ်ပိုးခြင်းအလုပ်ကို လုပ်ကိုင်ခွင့် အရင်ရရှိပေမယ့် ဂုဏ်မရှိဘူးဆိုပြီး လျစ်လျူရှူခဲ့တယ်။ မြင့်မြတ်တဲ့ ဂုဏ်ရှိတဲ့အလုပ်သာ မက်မောပြီး ငါ့ဆီကို ရှေးရှူလာခဲ့တယ်။ မင်း သိထားရမှာက သေးငယ်တဲ့ အလုပ်တွေဟာ ကြီးကျယ်တဲ့ အလုပ်တွေလုပ်ဖို့ ရှေးဦးစွာ လုပ်ခွင့်ပေးတာဆိုတာပဲ။ နောက် ဂုဏ်သိက္ခာကြီးမားတယ်၊ အထက်တန်း လူကြီးလူကောင်းတွေ ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ အသေးအမွှားတွေကို လျစ်လျူရှူ မထားဘူး၊ မာန်မာနကင်းပြီး သူတစ်ပါးရဲ့ ဒုက္ခကို ကြင်နာ သနားတတ်ပြီး ကူညီပေးတဲ့လူမှ မြင့်မြတ်တဲ့ အများအကျိုးဆောင်ရွက်မှု လုပ်ငန်းရဲ့ ခေါင်းဆောင်ဖြစ်နိုင်မှာ။ ဒီတော့ မင်းနဲ့ထိုက်တန်တဲ့ လမ်းကို မင်းပဲရွေးခဲ့ပြီ။ မာန်မာနကြီးပြီး မောက်မာနိုင်တဲ့လူဟာ အများအကျိုးကို လုပ်နိုင်မယ့်သူ မဟုတ်ဘူး။ ဒီတော့ ဘယ်သူ ဖြစ်ထိုက်တယ်ဆိုတာ ကိုယ့်ဘာသာ သိပေတော့”
ထိုသို့ ဆုံးမရင်း ပြန်လွှတ်လိုက်လေသည်။
နောက်မှ ရောက်လာသော လူရွယ်ကို ရေချိုး ကိုယ်လက်သန့်စင်စေပြီး အနည်းငယ် ဆုံးမ သြဝါဒပေးကာ အများအကျိုး ဆောင်ရွက်နိုင်စေရန် လူမှုဝန်ထမ်း အမတ်ကြီးထံ စာဖြင့် အပ်နှံလိုက်လေတော့သည်။

ဓမ္မာစရိယ ဦးအောင်ကျော်မိုး ရေးသားသော
ကုသိုလ်ပြုကာ ဆုတောင်းပါ စာအုပ်မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်။
အံစာတုံး
http://anzartone.freezoka.net

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။