ခေါင်းဆောင်မှု့ ပုံပြင်

 

 

တခါတုန်းက ရွာကြီးတရွာမှာပေါ့..။
ရွာဦးဘုန်းတော်ကြီးက အဲသည်ရွာမှာ အလွန်ဩဇာကြီးသတဲ့ ။

သူ့ကျောင်းမှာ ကိုရင်ငယ်တွေ ဘုန်းကြီးကျောင်းသား ငယ်တွေအပြင် အသက်နှစ်ဆယ်ကျော်ပေမယ့် ပစ္စည်းလေးပါးဒကာမရှိလို့ အခုထိရဟန်းမခံရသေးတဲ့ ကိုရင်ကြီးတယောက်(ပါး)လဲရှိသတဲ့။
တနေ့တော့ အဲဒီရွာရဲ့သူကြီးမိသားစုက အဲဒီကျောင်းမှာ အလှူကြီးလာလုပ်တယ်။

တောအလှူဆိုတာ မြို့မှာလို ရေစက်ချခါနီးမှ ကျော့ကျော့လေး ကျောင်းပေါ်တက်ပြီး လက်ဖျားလေးနဲ့ လှူတာမျိုးမဟုတ်ဘူး။ အလှူမတိုင်ခင် ရက်နဲနဲအလို လောက်ကတည်းက ကျောင်းထဲဝင်လိုက်ထွက်လိုက် ကျောင်းပေါ် တက်လိုက်ဆင်းလိုက်နဲ့ တမိသားစုလုံး အလှူဇောကပ်ပြီး ပြင်လို့ဆင်လို့ကိုမပြီးနိုင်တာ့တာ။
ကိုရင်ကြီးလဲ အခုမှပဲ သူကြီးဆိုတာကြီးကို ကောင်းကောင်းမြင်ဘူးသိဘူးတော့တာ။ တော်တော်လဲ သဘောကျသွားတယ်။
အလှူပြီးလို့ ပတ်စာခွာ ဖျာသိမ်းပြီးကတဲက အခွင့်ကြုံတိုင်း ကိုရင်ကြီးက ဘုန်းကြီးကို အမြဲလျှောက်တယ်။ သူကြီးဆိုတာ ဘာတွေလုပ်ရတာလဲ …. သူကြီးဖြစ်အောင် ဘာတွေလုပ်ရမလဲ…. စသည်စသည်ဖြင့်ပေါ့လေ။
ဘုန်းကြီးလဲ နိုင်သလောက်တော့ ငေါက်ထားပါသေးတယ်။ ဒါပေမယ့် နေ့တိုင်း တဂျီဂျီလုပ်နေတော့ …..
တနေ့မှာ ဘုန်းကြီးက ကိုရင်ကြီးကို ရွာအစွန်က ဘဲမွေးတဲ့ ဒကာတယောက်ဆီခေါ်သွားပြီး သူ့ဘဲအုပ်ကို ကိုရင်ကြီးကို တပတ်လောက် ကျောင်းခိုင်းဘို့ အပ်လိုက်တယ်။
ဘဲကျောင်းရတယ်ဆိုတာ သိပ်လွယ်တာပဲ။ ဘဲဆိုတာမျိုးက ရှေ့ကတကောင်သွားတဲ့နောက်ကို တအုပ်လုံး တစုတဝေးထဲ သွားတတ်ကြတာကိုး။ အချင်းချင်းမမှတ်မိတတ်လို့ သူများအုပ်ကဘဲတွေ လာရောသွားရင်သာ အကောင်ရေပြီး ပြန်ခွဲပေးရုံပဲလေ။
တပတ်ကြာတော့ ကိုရင်ကြီး ကျောင်းပြန်လာတယ်။ ဘဲကိုဘယ်လို ကောင်းကောင်းကြီး ကျောင်းခဲ့ကြောင်းလဲ တနေကုန် မပြီးနိုင်မစီးနိုင် ပြောနေတော့တာပဲ။
နောက်တရက်မှာ ဘုန်းကြီးက ကိုရင်ကြီးကို ရွာအောက်ပိုင်းက နွားတွေမွေးထားတဲ့ ဒကာတယောက်ဆီခေါ်သွားပြီး သူ့နွားအုပ်ကို ကိုရင်ကြီးကို တပတ်လောက် ကျောင်းခိုင်းဘို့ အပ်လိုက်ပြန်တယ်။
နွားဆိုတာကတော့ တကောင်ချင်းက သူ့အာရုံနဲ့သူ လျှောက်သွားလိုက် မျက်တွေရှာစားလိုက်ဆိုတော့ ဟိုကောင်ကိုပြေးမောင်းလိုက်ရ ဒီကောင်ကို လှမ်းဆွဲလိုက်ရနဲ့ သိပ်မချောင်ဘူးပေါ့။
တပတ်လောက်ကြာတော့ အသားမဲပြီး ပိန်သွားတဲ့ကိုရင်ကြီး ကျောင်းပြန်လာတယ်။ စကားလဲ သိပ်မပြောတော့ဘူး။
နောက်ရက်နဲနဲအကြာမှာ ဘုန်းကြီးက ကိုရင်ကြီးကို ရွာအနောက်ပိုင်းက ဆိတ်တွေမွေးထားတဲ့ ဒကာတဦးဆီခေါ်သွားပြီး သူ့ဆိတ်အုပ်ကို ကိုရင်ကြီးကိုတပတ်လောက် ကျောင်းခိုင်းဘို့ အပ်လိုက်ပြန်သတဲ့။
နောက်မနက်မှာတော့ ကိုရင်ကြီးလဲ ဆိတ်ကျောင်းဘို့ ထွက်သွားတယ်။

 

ဒါပေမယ့် ပြန်မလာတော့ဘူး …..။

 

(ဒီပုံပြင်ကလေးက weiwei ရဲ့ “ကျွန်မလေ့လောနေသောခေါင်းဆောင်မှုပညာရပ်” ဆိုတဲ့ ပိုစ့်ကို ကွန်မင့်ပေးတဲ့ သဘောပါ။ ရှည်နေလို့ ပိုစ့်အဖြစ်တင်လိုက်တာ။ ပွိုင့်ပေးရန်မလိုပါ သူကြီးခင်ဗျား။)

9 comments

  • weiwei

    June 20, 2011 at 6:57 am

    ပုံပြင်လေးက အရမ်းကောင်းပါတယ် ….
    သူကြီးလုပ်ရတာ မလွယ်ကြောင်း သိသွားတာပေါ့နော် … 😛

    ဒီရွာထဲမှာတော့ ဆိတ်ပညာနဲ့ဘွဲ့ရတဲ့ရွာသားတစ်ယောက်ရှိသတဲ့ … 🙂

  • ဆူး

    June 20, 2011 at 8:12 am

    ဒီ ဆိတ်တအုပ်နဲ့တော့ ဟိုဘက်ကမ်း ရောက်လိမ့်မယ် ထင်ဘူး ဆိုတဲ့ စကားပုံလေး သတိရမိတယ်။
    ဆိတ်တွေကို ဘေးမထားပဲ တည့်တည့် မောင်းမှ ခရီးတွင်မယ် ထင်ပါတယ်။
    လူ့ဘဝ ဆိုတာ ဆေးစက် ကျရာ အရုပ်ထင် နိုင်ဖို့ အရေးကြီးပါကြောင်း..
    စာအုပ်ထဲမှာ ထက် လက်တွေ့ ဘဝ ဆိုတာ အရမ်းကို ခက်ခဲ နက်နဲ ပါ၏

  • kai

    June 20, 2011 at 8:22 am

    အင်း…
    ဒီပို့စ်တော့ ပွိုင့်လဲမနှုတ်ပါဘူး…။ ကြိုက်ပါတယ်..။

    ပြောရရင်.. လွန်ခဲ့တဲ့.. ၁ဝနှစ်ကျော်က စရမယ်ထင်တယ်..။
    ဖိုရမ်တခုစလုပ်တယ်..။ မှတ်မိသလောက်… အဲဒီတုံးက မြန်မာတွေအတွက်ဖိုရမ်လုပ်တာမရှိသေးဘူး..။
    ကျုပ်လုပ်ပြီးနောက်မှ.. ပုဂံဖိုရမ်တို့.. ပလန်းနက်တို့ ထွက်လာတယ်ဆိုပါတော့…။
    အဲဒီတုံးကလုပ်တဲ့ ဖိုရမ်ဟာ အောင်မြင်ပါတယ်..။ မန်ဘာသောင်းချီသွားပြီး.. နောက်ပိုင်း.. ဖိုရမ်တွေ.. .အင်တာနက်တခွင် အနှံ ့ပေါ်လာတယ်ပဲဆိုပါစို့..။

    ဆိုတော့…
    ကျုပ်က..သူကြီးလုပ်တဲ့အတွေ့အကြုံမနည်းပါဘူး.။
    မနည်းဆို… တကယ်ကို မနည်းပါဘူး…လို့..။
    အဲဒါတွေမတိုင်ခင်ကလည်း… ဘဲရော..။နွားရော..ဆိတ်ရော..ကျောင်းခဲ့ဘူးပါရဲ့..။ 🙂

    • weiwei

      June 20, 2011 at 9:05 am

      သူကြီးကို စီနီယာတစ်ယောက်အနေနဲ့ လေးစားပါတယ် …
      ရွာသူရွာသားတွေကိုလည်း အချိန်ရရင် ဘဲကျောင်းတဲ့အတွေ့အကြုံ၊ နွားကျောင်း ဆိတ်ကျောင်း အတွေ့အကြုံများကို ပြောပြပေးပါအုန်း … သက်ကြီးစကား သက်ငယ်ကြားနဲ့ အတူယူနိုင်အောင်လို့ပါ …

    • ဆူး

      June 20, 2011 at 1:29 pm

      လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မြန်မာ ဖောင့် တွင်တွင် ကျယ်ကျယ် မရှိသေးဘူး ဆိုတော့ ဘိုလို ပြောရမယ် ထင်တယ်နော်။
      မြန်မာက မြန်မာလို တွင်တွင် ကျယ်ကျယ် ရေးလို့ ဖတ်လို့ ရတော့ အားရပါးရ ဆဲတဲ့ ကောင်တွေ များလာ သလို အသံတူ အဓိပ္ပါယ် မတူတဲ့ ဆဲနည်းတွေနဲ့ နည်းမျိုးစုံ အားရပါးရ ဆဲတာတွေ များလာတယ်။
      မြန်မာ လူမျိုး မြန်မာလို ပြောမှ အားရတယ် ဆိုတာမျိုးပေါ့..
      အဲဒီ ခေတ်တုန်းက လူတွေက ဒီခေတ်က လူငယ်တွေ လောက် ရိုင်းမယ် မထင်…
      ကျောင်းဘူးတဲ့ ဘဲတွေ နွားတွေ ဆိတ်တွေ အကြောင်းနဲ့ ပတ်သတ်လို့ တွေးမိတာပါ.. ဟုတ်မဟုတ်က တော့ သဂျီး အသိဆုံးပါပဲ။
      ပညာလေး မျှဝေပါအုန်း။
      ဒီဆိုက်မှာ စာရေးတာ ပညာ တခု ရလိုက်တာကတော့ တခုခု ပြသနာ တက်နေရင် နှာစေးနေပြီး ပြသနာ ပြီးမှ အားသာတဲ့ ဘက် အလို်က်သင့်လိုက်တဲ့ ပညာ တခု ရသွားတယ်။

      • king

        June 20, 2011 at 2:27 pm

        ” ဒီဆိုက်မှာ စာရေးတာ ပညာ တခု ရလိုက်တာကတော့ တခုခု ပြသနာ တက်နေရင် နှာစေးနေပြီး ပြသနာ ပြီးမှ အားသာတဲ့ ဘက် အလို်က်သင့်လိုက်တဲ့ ပညာ တခု ရသွားတယ် ” ဒီစာသားကို
        ကြိုက်သွားပြီဗျ ……. ဘာပဲဖြစ်ဖြစ် အတွေ့အကြုံဆိုတာ ငွေနဲ့ဝယ်လို့မရ ဆိုသလို
        ရတဲ့အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး အကောင်းဆုံးဆောင်ရွက်နိုင်ကြမယ်လို့
        ယုံကြည်မိပါတယ် ….
        ရုုပ်တည်နဲ့ ဝင်ရွှီးရင်း 10 ကို မလိမ့်တစ်ပတ်နဲ့ ယူသွားတယ်ဗျ
        😀

        • maythakhin

          June 20, 2011 at 4:30 pm

          “ ဒီဆိုက်မှာ စာရေးတာ ပညာ တခု ရလိုက်တာကတော့ တခုခု ပြသနာ တက်နေရင် နှာစေးနေပြီး ပြသနာ ပြီးမှ အားသာတဲ့ ဘက် အလို်က်သင့်လိုက်တဲ့ ပညာ တခု ရသွားတယ်။” ဟုတ်တယ် ဆူးရဲ့လမ်းစဉ်အတိုင်းလိုက်နာမှထင်တယ်။ အမြင်မတော်လည်း ဒီတိုင်းကြည့်နေတတ်အောင်ကြိုးစားရအုံးမယ်။

  • MaMa

    June 20, 2011 at 8:47 am

    လုပ်ချင်ဦးဟဲ့ သဂျီးလို့ ပြောလိုက်သလိုပဲ။ ကိုယ်က အိမ်မှာ အငယ်ဖြစ်နေတော့ ငါသာ အကြီးဖြစ်ရင်ဆိုပြီး အကြီးဖြစ်ချင်တယ်။ ကြီးလာတော့ လုပ်ငန်းထဲမှာ အငယ်တွေနဲ့ တွဲရတော့ ယူရတဲ့ တာဝန်တွေကို ပြန်ပေးပြီး အငယ်ပြန်ဖြစ်ချင်လာတယ်။ 🙁

  • padonmar

    June 20, 2011 at 5:42 pm

    သူကြီးမလုပ်ချင်တော့ပါဘူး၊ကြောက်ပါပြီ၊
    သူကြီးဆရာဘဲလုပ်ပါတော့မယ်။

Leave a Reply