ကျွန်မလေ့လာနေသော ခေါင်းဆောင်မှုပညာရပ် Leadership

weiweiJune 20, 20111min69828

နောက်လိုက်လုပ်ခဲ့တာ သက်တမ်းတစ်ခုရှိနေပြီဆိုတော့လဲ အခြေအနေနဲ့ အချိန်အခါအရ အဖွဲ့သေးသေးလေးတစ်ခုမှာ ခေါင်းဆောင်နေရာကို ရလာပါပြီ။ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ခဲ့မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်မယ်လို့ မှတ်သားဖူးပါတယ်။ ကျွန်မက နောက်လိုက်ကောင်းဖြစ်ခဲ့သလားလို့ ပြန်စဉ်းစားကြည့်တော့ ဝေတေဝါးတားပါပဲ။ ကောင်းလဲမကောင်း ဆိုးလဲမဆိုးနဲ့ ဘယ်လိုအချိန်တွေကုန်ခဲ့မှန်းတောင် မတွေးတတ်ခဲ့အောင် အလုပ်သိပ်မလုပ်ခဲ့သူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းတွေကို တစ်ခုပြီးတစ်ခုတက်ရင်း ဘဝရဲ့ အရေးပါတဲ့အချိန်တွေကို ပညာတွေရှာရင်း ကုန်ဆုံးခဲ့ရပါတယ်။

အခုတော့ ပညာရှာတာကိုရပ်ပြီး တကယ်အလုပ်လုပ်တော့မယ်ဆိုတော့ ဒုက္ခလှလှ တွေ့ရပါတော့တယ်။ ဘာကိုဘယ်လိုစရမှန်းမသိခဲ့သလို တပည့်လုပ်မည့်သူများကိုလဲ ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။ အရာရာကို စာအုပ်ထဲကအတိုင်း စာလိုပဲတွေးတတ်တဲ့ ကျွန်မအတွက် လက်တွေ့ပြသနာတွေက လွယ်မယောင်နဲ့ ခက်ခဲနေပါတော့တယ်။ ကျွန်မလေ့လာခဲ့သမျှ ဘာသာရပ်တွေထဲမှာ ခေါင်းဆောင်မှုပညာရပ် မပါခဲ့ပါဘူး။ လူမှုဆက်ဆံရေးလဲ မသင်ခဲ့ရပါဘူး။ လက်တွေ့လုပ်ငန်းခွင်နဲ့ စာထဲကနဲ့လဲ တစ်ခုမှ မတူပြန်ပါဘူး။

အထက်လူကြီးတွေက ကျွန်မဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲလို့ အကဲခတ်နေကြသလို တပည့်တွေကလဲ ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။ တကယ့် ကျဉ်းထဲကြပ်ထဲကို ရောက်နေသလိုဖြစ်ခဲ့ပါတယ်။ လွယ်လွယ်လေးကိစေ္စတွကို ခက်ခဲအောင် တမင်စဉ်းစားပြီး လုပ်နေသလားတောင် ကိုယ့်ဟာကိုယ် ထင်မိပါတယ်။ စနစ်တကျဖြေရှင်းချင်သော၊ သက်သေအထောက်အထားရှိမှသာ လက်ခံချင်သော၊ စည်းကမ်းကိုအတိအကျ လိုက်နာချင်သော၊ ပရောဂျက်အသေးလေးတစ်ခုကို နိုင်ငံတကာအဆင့်လောက်အထိ ကြီးကျယ်အောင် စဉ်းစားတတ်သော၊ နောက်လိုက်တပည့်များ၏ လူမှုရေးအခက်အခဲများကို နားလည်မပေးနိုင်သော၊ ကိုယ်ဖြစ်ချင်တာတစ်ခုထဲပဲသိသော …. သော … သော … စသဖြင့် မကောင်းသည့်အကျင့်များကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး စိတ်ဓါတ်တွေလဲ လေးလံထိုင်းမှိုင်းခဲ့ရပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်းချင်း လက်တွေ့နဲ့ အံဝင်ဂွင်ကျဖြစ်အောင် ကြိုးစားရင်း ခေါင်းဆောင်မှုပညာရပ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာခဲ့ရပါတယ်။
ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်အဖွဲ့ထဲကလူတွေရဲ့ အခက်အခဲနဲ့ သူတို့ရဲ့ အရည်အချင်းကို နားလည်အောင် အရင်ကြိုးစားပေးခဲ့ပါတယ်။ သူတို့တွေအချင်းချင်း မပြေမလည်ရှိနေတာတွေကို သိခဲ့ပြီးနောက် ပြေလည်သွားအောင် ပြန်လည်ရင်းနှီးသွားကြအောင် မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးနဲ့ စည်းရုံးပေးခဲ့ပါတယ်။

လူမှုရေးအဆင့်ပြေလည်အောင် အချိန်ပေးလုပ်ဆောင်နေရင်း သူတို့ကျွမ်းကျင်ရာကို တာဝန်ပေးနိုင်အောင် အလုပ်ပိုင်းမှာလဲ သတိထားအကဲခတ်ရင်း ချီးကျူးသင့်တာကိုချီးကျူးပြီး ကြိုးစားချင်စိတ်ရှိလာအောင် လုပ်ပေးခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင်လဲ အလုပ်အားလုံးကို အချိန်တိုအတွင်းနားလည်လာအောင် အမြန်ကြိုးစားလိုက်ရပါတယ်။ လုံးဝမသိတာကိုလဲ မသိဘူးလို့မပြောပဲ နဲနဲလမ်းကြောင်းပေးပြီး နားလည်တဲ့သူကို ပြောစေခြင်းနည်းနဲ့ ပြန်လည်သင်ယူခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။

ဘွဲ့တွေဘယ်လောက်ပဲရလာလာ လုပ်ငန်းခွင်မှာသုံးလို့မရပါဘူး။ သူများတွေထက် ပိုတတ်တယ်လို့လဲ ဘဝင်မြင့်လိုက်လို့ မရပါဘူး။ တစ်ယောက်တစ်မျိုး ကျွမ်းကျင်ကြပြီး အားလုံးပေါင်းမှ အလုပ်တစ်ခုအောင်မြင်နိုင်တာမို့လို့ အုပ်စုလိုက်လုပ်တတ်တဲ့စိတ်ဓါတ်ရှိအောင် တိုက်တွန်းရင်း၊ ကိုယ်တိုင်ပါဝင်လုပ်ရင်းနဲ့ အကောင်အထည်ဖော်နေရပါတယ်။

အခုအချိန်အထိတော့ ကြိုးစားဆဲအခြေအနေမှာပဲရှိနေပြီး အောင်မြင်မှုကို လှမ်းမြင်လိုက် ပြန်ပျောက်သွားလိုက်နဲ့ … ကျွန်မလဲ အားတက်လာလိုက် စိတ်ဓါတ်ကျလာလိုက်ပါပဲ …

ဒီပို့စ်ကိုရေးရတာကလဲ သူကြီးနဲ့ ရွာသားတွေအခြေအနေကိုကြည့်ရင်း ကိုယ်တိုင်ကြုံနေရတဲ့ ခေါင်းဆောင်မှုအပိုင်းမှာ အခက်အခဲတွေ့နေရတာတွေကို ပြောပြရင်းနဲ့ ရွာသားတွေရော တစ်နေရာရာမှာတော့ ခေါင်းဆောင်မှုတာဝန်ကို ယူနေကြသူများဖြစ်ကြမယ်လို့ မျှော်လင့်ရင်း ခေါင်းဆောင်မှုပညာရပ်ရဲ့ လိုအပ်ချက်တွေကို သိသလောက် ဝင်ဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ် …

28 comments

  • weiwei

    June 20, 2011 at 4:56 am

    ကျွန်မတို့ဌာနလေးကို သူများဌာနတွေက မင်းမနိုင်တိုင်းပြည်လို့ ခေါ်လေ့ရှိပြီး ခေတ်အဆက်ဆက် ဘယ်လိုဌာနမှူးမှ မနိုင်ခဲ့တဲ့ ဗိုလ်တစ်ထောင် အဖွဲ့ဖြစ်ပါတယ် … 🙂

    • maungmoenyo

      June 21, 2011 at 12:49 am

      ဘာဌာနများပါလိမ့်။

  • parlayar46

    June 20, 2011 at 5:44 am

    ဝင်ရေးချင်တာလေးက ရှည်နေလို့ ခဏနေရင် ပိုစ့်အဖြစ်ပဲ တင်လိုက်ပါတော့မယ်။

  • etone

    June 20, 2011 at 6:49 am

    လီဒါရှစ်ပ် စီးဂရက်ဆိုတဲ့ စာအုပ်တအုပ်ဖတ်ဖူးတယ်… ။ အချက် 24ချက်ကို အကျယ်ရေးထားတာ .. ဖတ်ရင်း ဖတ်ရင်း အိပ်ချင်လာလို့ … နောက်ပိုင်း ဆက်မဖတ်ဖြစ်တော့ဘူး … အွန်လိုင်းကနေ ဒေါင်းလော့လုပ်ထားတာ ကြာတောင် ကြာပြီ ။

    • eros

      June 20, 2011 at 10:06 am

      ရှိသေးရင် ဝေမျှလို့မရဘူးလား။ etone ရေ။

  • zaw min

    June 20, 2011 at 7:50 am

    ဘဝအတွေ့ အကြုံတွေက မိမိအတွက်အကောင်းဆုံး ရင်းနှီးမြှပ်နှံမူတွေပါပဲ။အတွေ့အကြုံတွေကပဲ မုဆိုးကိုဆိုင်သင်ဖြစ်လာတာပါပဲ။
    နပိုလီယန်ဟာ သာမန်စစ်သားလေးဘဝမှ ဧကရဇ်ဘုရင်တပါးဖြစ်လာတာသာဓက ရှိပါတယ်။
    အတွေအကြုံများကို အခြေခံပြီး မိမိဘဝရည်မှန်းချက်များ၊ရည်ရွယ်ချက်များကို အကောင်အထည်ဖေါ်ဆောင်နှိင်ပါစေ။

  • ဆူး

    June 20, 2011 at 8:04 am

    ခေါင်းဆောင် လုပ်မယ် ဆိုရင်တော့ အားလုံးကို တာဝန်ယူရတာပါပဲ။
    လက်အောက် ငယ်သားများကို ထိန်းကျောင်းရသလိုု သူတို့ရဲ့ အားနည်းချက် အားသာချက်ကိုလည်း တာဝန်ယူရတယ်။
    အတွင်းစည်း အနေနဲ့ ဆိုရင်တော့ လက်အောက်ငယ်သား ပြသနာ..
    အပြင်စည်း ဆိုရင်တော့ ခေါင်းဆောင် တယောက် ရှေ့ဆက်သွားရမဲ့ လမ်းစဉ်တွေပါပဲ။
    အတွင်းစည်းခိုင်မှ အပြင်စည်းကို လှမ်းကျော်လို့ ရမယ် ထင်ပါတယ်။
    တာဝန်တွေ ဝတ္တရားတွေ ဆိုတာ.. လုပ်ငန်းခွင်တိုင်းမှာ တခုပြီး တခု ဆက်တိုက် လာမှာပါ ငြင်းဆန်လို့ မရနိုင်ပါဘူး။
    တပည့် ထိန်းနည်း အမျိုးမျိုး ရှိတယ်။
    တချို့က သွေးခွဲပြီး ထိန်းတယ်။
    တချို့က မြှောက်ပေးပြီး ထိန်းတယ်။
    တချို့က အချိုသတ်ပြီး ထိန်းတယ်။
    ဆူး အမြင်ကတော့ စွန်ကြိုးလိုပဲ တင်းလိုက် လျော့လိုက် ဆိုတဲ့ စကားနဲ့ အညီ ပြတ်သားသင့်တဲ့ အခါ ပြတ်သားရမယ်။ ဒါမှ တပည့်များ ရဲရဲတောင် ဆရာကို အားကိုးချင်စိတ်ရှိမယ်။ ကိုယ်မှားရင်လည်း ဝန်ခံ ရဲရမယ်။
    သိမ်မွေ့သင့်တဲ့ အခါ သိမ်မွေ့ရမယ်။ တပည့်များ အခက်အခဲ ရှိရင် ညီရင်းအကိုလို ပွင့်ပွင့်လင်းလင်း ပြောရဲ တိုင်ပင်ရဲပြီး တဦးနဲ့တဦး အပြန်အလှန် နားလည်နိုင်မယ်လို့ ထင်ပါတယ်။

    လမ်းတိုင်းကတော့ မြေညီလမ်းမဟုတ်ပါဘူး ကမူ ရှိလို့ ဖု နေတတ်သလို ချိုင့်ခွက်တွေ ရှိလို့ နိမ့်တွေတာလည်း ရှိမှာပါ။ လူတွေ ရဲ့ စိတ်ဆိုတာ တဖြောင့်တည်း မနေတဲ့ အတွက် အချိုကြိုက်သူကို အချို အငန်ကြိုက်သူကို အငန် ပေးပြီး ဆက်ဆံရမယ် ထင်ပါတယ်။ လိုတိုင်း မပေးနိုင်ဘူး ဆိုရင်တော့ မေတ္တာ စေတနာ ပေးရင်ရပါတယ်။ ကိုယ့်က စေတနာ ထားတာ နားလည် လာတဲ့ အခါ အားလုံး အဆင်ပြေသွားမယ် ထင်ပါတယ်။

    ကိုယ်တိုင်ကလည်း အမြဲတမ်း ပြစ်ချက်မရှိ ကောင်းနေမဲ့ သူမဟုတ်လေတော့ တဦးနဲ့ တဦး အပြန်အလှန် နားလည်ပြီး အဆင်ပြေပြေ ဖြစ်နေရင် အားနည်းချက်ဆိုတာ ပျောက်သွားပြီး အားသာချက်တွေ နဲ့ စုစည်းထားတဲ့ ဆရာတပည့်တွေ အဖြစ်နဲ့ အောင်မြင်မှု ရနိုင်မယ် ထင်ပါတယ်။

    ဆူး ရဲ့ တဖက်သတ် အမြင်ဖြစ်ပါတယ်။ ဆရာ့ ဆရာကြီးများအာ လေးစားပါတယ်။

  • စုံ စုံ

    June 20, 2011 at 8:44 am

    ခေါင်းဆောင်ဆိုတာသူများတွေအတွက်တော့မသိဘူး
    ကျမအတွက်ကတော့သူဌေးရဲ့ခနခနအဆူအဆဲကိုခံနေ
    တဲ့သူတယောက်လိုဖြစ်နေပါတယ်
    တခုခုနဲနဲလေးအမှားအယွင်းဖြစ်တာနဲ့တင်
    ညည်းကခေါင်းဆောင်ဘဲဒါလေးတောင်မသိဘူးလား
    မလုပ်တတ်ဘူးလားနဲ့စသည်ဖြင့်
    အမြဲတမ်းလိုလိုအဆူအဆဲခံဖို့ချည်းဘဲဖြစ်နေတော့တာပါဘဲ
    တကယ်လို့များကိုယ်လုပ်လိုက်တဲ့အရာတခုကအဆင်ပြေပြေနဲ့
    အလုပ်ပြီးမြောက်သွားလို့ကတော့ညည်းကခေါင်းဆောင်ကောင်းဘဲ
    တော်လိုက်တာလို့တခါမှအချီးမွမ်းမခံရတာလဲကျမတယောက်ဘဲရှိမယ်ထင်ပါရဲ့

    • Ko Ko Aung

      June 20, 2011 at 9:10 am

      အများကြီးရှိပါတယ်ဗျာ-
      ခေါင်းဆောင်ငယ်တွေရဲ့ဒုက္ခတမျိုးက အဲဒါပါပဲ
      ကျွန်တော်လဲ ခေါင်းဆောင်ငယ်ဘဝက အဲသလို – အပေါ်ကဆူ အောက်ကမနာခံ အကောင်းပြောမခံရ နဲ့ ကျင်လည်ခဲ့ရပါတယ်။
      အချိန်တွေကြာလာလို့ ကျွန်တော့်လက်အောက်မှာ ခေါင်းဆောင်ငယ်တွေရှိလာတော့
      ကျွန်တော်လဲ ဆူဘို့ပဲသတိရပြီး ချီးကျူးဘို့တော့ မေ့နေတတ်ပါတယ်။
      တကယ်တော့ ကိုယ့်လက်အောက်က ခေါင်းဆောင်ငယ်တွေကို ပိုသိ ပိုတတ် ပိုပြည့်စုံ ပိုစွမ်းဆောင်ရည်ရှိ စေချင်လွန်းတော့ အားမလိုအားမရ ဖြစ်ဖြစ်နေတတ်လို့ပါ။
      အားတင်းပြီးကြိုးစားသည်းခံပါလို့ပဲ အကြံပြုပါရစေ။

    • maungmoenyo

      June 21, 2011 at 12:52 am

      ပြည်တွင်းမှာလား – သိပ်တော့နိပ်ပုံမရတဲ့ လုပ်ခွင်ပါဘဲ။
      ပြည်ပမှာလား – သည်းခံခြင်းသည် အောင်မြင်ရာ၏။

  • hmee

    June 20, 2011 at 8:44 am

    မဝေရေ တခါတခါ ရင်ဆိုင်ရတာတွေက ကျောင်းကသင်သလို လုပ်လို့ မရဘူးနော်။ အခြေအနေ အချိန်အခါကို လိုက်ပြီး ပြင်ရတာတွေ ရှိလာပြန်ရော။ ခေါင်းဆောင်ကောင်း တယောက်ဖြစ်ဖို့ တကယ်မလွယ်ပါဘူး။

  • MaMa

    June 20, 2011 at 8:49 am

    မုဆိုးကို စိုင်သင် တဲ့လား။ ကောင်းလိုက်တဲ့ ဥပမာလေး။ အဲဒါကြောင့် အလုပ်ထဲဝင်ခါစတုန်းက လူကြီးတွေပြောတဲ့ အလုပ်က သင်သွားလိမ့်မယ်ဆိုတာကို သွားသတိရမိတယ်။

  • လင်းဝေကျော်

    June 20, 2011 at 9:29 am

    ချိဖ်….ခေါင်းဆောင်မှု ဆိုတာ မလုပ်ခင်မှာ ကိုယ်ခေါင်းဆောင်ရမယ့် အဖွဲ့၊နေရာ ရဲ့ လက်ရှိအခြေအနေကို နားလည်အောင်လုပ်ပါ။ ပြီးရင် ဖွဲ့စည်းပုံအရ တာဝန်ခွဲဝေထားမှု နဲ့ တာဝန်ချမှတ်ထားမှုတွေကို လေ့လာပါ။
    အဲဒီတာဝန်ခွဲဝေထားတာတွေက ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်ပါ။ လိုအပ်ရင် မှတ်တမ်းများနဲ့ စွမ်းဆောင်ချက်တွေကို ကြည့်ပါ။ အဓိက ကတော့ အောက်လက်များမှ ကိုယ်တကယ်တတ်ကျွမ်းကြောင်း အားလုံးကို မှန်ကန်စွာဦးဆောင်ဖို့လုပ်နေကြောင်းနဲ့ လုပ်နိုင်ကြောင်း ယုံကြည်အောင် မှော်တော့ ထည့်ပေးရမယ်။
    နားလည်တယ်နော်…ချိဖ်။

  • weiwei

    June 20, 2011 at 9:32 am

    ဟုတ်ကဲ့ .. နားလည်ပါတယ် .. 😛 😛

  • eros

    June 20, 2011 at 9:53 am

    ရှိသေးရင် ဝေမျှလို့မရဘူးလား။ မဝေရေ facilitation လည်း လိုပါလိမ့်မယ်။

    • weiwei

      June 20, 2011 at 2:08 pm

      ကျွန်မက ဦးဆောင်မှုပေးရပေမယ့် ပိုင်ရှင်မဟုတ်တော့ ဖြေရှင်းလို့မရတာတွေ အများကြီးရှိပါတယ် … အဓိကက သူတို့ရဲ့ စားဝတ်နေရေး ပြေလည်မှု (လစာ) ပေါ့ … တစ်ခါတစ်လေ အလုပ်ပိုများတဲ့အခါ အထက်လူကြီးဆီကနေ အပိုကြေးတောင်းပေးရတာမျိုး … ကိုယ်က အိပ်စိုက်လုပ်ပြီး မုန့်ဝယ်ကျွေးပြီး အလုပ်ပြီးအောင် ချော့ခိုင်းရတာမျိုးလေးတွေလဲ ရှိပါတယ် … အလုပ်ကနေ မထွက်ချင်အောင်လဲ မျှော်လင့်ချက်လေးတွေပေးပြီး စွဲဆောင်ထားရတာမျိုးလဲ ရှိပါတယ် …

  • zaw min

    June 20, 2011 at 10:15 am

    THINK LIKE A LEADER Dr.Harry Alder ရေးသားခဲ့တာကို ဆရာဖေမြင့်က “ခေါင်းဆောင်စိတ်၊ခေါင်းဆောင်အတွေး ဆိုပြီးဘာသာပြန်စာအုပ်လေးရှိပါတယ်၊ဖတ်ကြည့်သင်ပါတယ်။
    ကျွန်တော်ကတော့ Donald.J.Trump ကိုယ်တိုင်မင်းသားလုပ်ထားတဲ့ “The Apprentice” ဆိုတဲ့ ရုပ်သံစီးရီးကို အရမ်းသဘောကျမိတယ်။ အဲဒီထဲမှာ ခေါင်းဆောင်ရွေးချယ်မူတွေကို သေသေချာချာသဘောပေါက်မိပါတယ်။
    မိမိအိမ်မှာမိမိက ဦးဆောင်နေရတယ်ဆိုရင်လည်း ခေါင်းဆောင်ပါပဲ။
    “မိမိဘဝမှာမိမိ သာလျှင်ခေါင်းဆောင်ဖြစ်ပါစေ။”

    • maungmoenyo

      June 21, 2011 at 12:55 am

      ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ ဝေဖန်မှုတွေ ဟာ သူရဲ့ တသက်လုံးရှိလာခဲ့တဲ့ ဂုဏ်သိက္ခာတွေကို အဝီဇိရောက်အောင်ဆွဲချလိုက်ပါပြီ။

  • fatty

    June 20, 2011 at 11:42 am

    ူLeadership သင်တန်းတက်လိုက်ပါလားဗျာ ရက်တိုပါတယ် General Management ပါပေါင်းတက်ရင်
    ကောင်းတာပေါ့ … theory နဲ့ လက်တွေ့ ကိုယ့်အတွေ့အကြုံ နဲ့ပေါင်းစပ်ပြီး လုပ်ပါ။
    အောင်မြင်ပါစေ။

    • weiwei

      June 20, 2011 at 1:58 pm

      အကြံပေးတာကို ကျေးဇူးတင်ပါတယ် … လောလောဆယ်တော့ အချိန်မရသေးလို့ ဘာသင်တန်းမှ မတက်နိုင်သေးပါဘူး …

  • king

    June 20, 2011 at 12:44 pm

    ကျွန်တော်လည်းသိသလောက် ရွှီးကြည့်လိုက်မယ်ဗျ
    အရင်ဆုံး ကိုယ်တိုင်က စေတနာထားပြီးလုပ်ပါ
    ခေါင်းဆောင်တစ်ယောက်လို ဦးစီးဦးဆောင်နဲ့ တာဝန်ယူမှုမှာ ပြတ်သားမှုရှိပါစေ
    အလုပ်မှာ ကျွမ်းကျင်ရာအခန်းကဏ္ဍအလိုက် နေရာချထားမှုမှန်ကန်ရပါမယ် …
    အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်ဖို့ အားလုံးကိုစည်းရုံးပါ ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ဆောင်ရွက်သင့်ပါတယ်
    စည်းကမ်းပိုင်းကို အဓိကထားပြီးကိုင်သင့်တယ်လို့လည်းထင်ပါတယ် (ဒါပေမယ့် တစ်ခုတော့ရှိတယ်ဗျ
    တင်းလွန်းရင်လည်း ပြတ် လျော့လွန်းရင်လည်းပတ်ဆိုတဲ့ စကားလည်းရှိတော့ သင့်သလိုသုံးပေါ့ဗျာ)
    ကျန်တာကတော့ စဉ်းစားလို့ရသေးဘူး
    ဗိုက်ဆာနေလို့ ဒီလောက်ပဲ ရွှီးလိုက်တယ်ဗျ
    😛 😀 🙂

  • ခေါင်းဆောင်ဆိုတာက
    အထက်လူနဲ့အောက်လူ နှစ်ယောက် ကြားက တံတားလို့မြင်ပါတယ်။
    နှစ်ဖက်လုံးအဆင်ပြေအောင်ဖန်တီးပေးသူ ကြားခံပစ္စည်းပါဘဲ။
    (၁) ကိုယ်ချင်းစာစိတ်ရှိရမယ် (နှစ်ဖက်လုံးအတွက်)
    (2)အထက်လူကို မှန်တာကို တင်ပြရဲသလို အောက်လူဟာကွက်ကိုလဲထောက်ပြရဲရမယ်။
    (3)အောက်လူမနနစ်နာအောင် တောင်းဆိုပေးရဲသလို မဖြစ်နိုင်တာကို အောက်က တောင်းဆိုလာရင်လဲ
    ငြင်းပယ်နိုင်စွမ်းရှိရမယ်။
    (4)မျှတစွာ စဉ်းစားနိုင်စွမ်းရှိရမယ်။
    (5) တာဝန်ယူလိုစိတ် ရှိသလို ခေါင်းခံရဲ့တဲ့စိတ်လဲရှိရမယ်.။
    (6)အောက်လူကို သင်ပြပေးနိုင်သလို အထက်လူကိုလဲ တင်ပြနိုင်ရပါမယ်။
    (7) ပြဿနာဖြစ်လာရင်ဖြေရှင်းနိုင်စွမ်းရှိရမယ်။
    (8)အောက်လူက ပြောရဲလာအောင်ဖွင့်ပေးတာ အကြံဉာဏ်ယူတာမျုးိလဲရှိရမယ်။
    ပြောရရင်အများကြီး အခုဖျတ်ကနဲပေါ်လာတာလေးရေးပေးလိုက်တာပါ။

    • weiwei

      June 20, 2011 at 1:59 pm

      ကိုပေါက်ပြောသလို ကြိုးစားဆောင်ရွက်နေပါတယ် … တော်တော်လေး အောင်မြင်လာခဲ့ပါပြီ … အခုလို ဝိုင်းဝန်းဆွေးနွေးပေးကြတာကို ကျေးဇူးတင်ပါတယ် ..

  • leonus007

    June 20, 2011 at 3:51 pm

    ဆူး၊ ကိုပေါက်၊ ကိုကိုအောင် ရဲ ့ကော်မဲန် ့ကို ထောက်ခံပါတယ်။ ကျွန်တော် တပည့် အနေနဲ ့ဆရာ တော်တော် များများ ရှိခဲ့ဖူးပါတယ်။ ကိုယ်တိုင်ခေါင်းဆောင် ရတော့ ကိုယ်တိုင် ကောင်းလား မကောင်းလား တော့ မစဉ်းစားဖူးပါဘူး။ ခံစား ခဲ့ရတဲ့ ခေါင်းဆောင်ပိုင်းရဲ ့မကြိုက်ဆုံး အပြုအမူက တော့ တရားမျှတမှု မရှိတာကိုပါ။ တခြားက တော့ တာဝန်မခံရဲတဲ့ ခေါင်းဆောင်၊ တာဝန်ဆိုတာက ကိုယ့် လက်အောက်ငယ်သား လုပ်လို ့မှားတယ်ဆို လဲ ခေါင်းဆောင် က တာဝန်မကင်း နိုင်ဘူးလေ။ နောက်တမျိုး က လူမျိုး၊ ဘာသာ ခွဲခြားတဲ့ ခေါင်းဆောင်၊ ဥပမာ ကိုယ်နဲ ့လူမျိုး တူ မှ၊ ဘာသာ တူမှ နေရာ အခွင့်အရေးပေးတာမျိုး။ နောက်ထပ်တစ်မျိုးက တစ်ဖက်ထဲ နားယောင်ပြီး ဆုံးဖြတ်တတ်တဲ့ ခေါင်းဆောင်မျိုး ၊ ဥပမာ အရင် ဆုံး သွားတိုင်တဲ့လူရဲ့စကား ကို အမှန်ဆိုပြီး ဆုံးဖြတ်တတ်တဲ့ ခေါင်းဆောင်။ နောက်တစ်မျိုးက ကိုယ့် ရဲ ့အခွင့်အာဏာ ကို ဆုပ်ကိုင်ပြီး အနိုင်ကျင့် တတ်တဲ့ ခေါင်းဆောင် မျိုး၊ ဥပမာ ဖယ်ရီ စီးရင် ဝန်ထမ်းကို စု ရပ်မှာကြိုပြီး သူ ့အိမ် ဘယ်လောက်ဝေးနေနေ ကြို ပို ့ခိုင်းတာမျိုး၊ ဝန်ထမ်းကို ကိုယ်ရေးကိုယ်တာ ကိစ္စ ခိုင်းတာမျိုး။ အလွန်ကို လေးစားရတဲ့ ခေါင်းဆောင်မျိုး လဲကြုံခဲ့ဖူးပါတယ်။
    နောက်ဆုံး နားလည်လိုက်တာကတော့ ခေါင်းဆောင်ကောင်း ဆိုတာက ပထမ အရေးကြီးဆုံးက စိတ်ဓါတ် ကောင်း ရှိဖို ့၊ ဒုတိယ အရေးကြီးတာက စိတ်ဓါတ်ကောင်းရှိဖို ့ နဲ ့တတိယ အရေးကြီးဆုံး ကလဲ စိတ်ဓါတ်ကောင်း ရှိဖို ့ပါပဲ။ နည်းစံနစ်တွေ အရမ်း နားလည် တဲ့သူတွေများ ပါတယ် စိတ်ဓါတ်က မထားတတ်တော့ နည်းစံနစ်နားလည်လဲ မအောင်မြင်နိုင်ပါဘူး။
    ရှု ထောင့် တစ်ခု ကနေတင်ပြတာပါ။ ခေါင်းဆောင်မှု ကောင်း တယ်ဆိုတာက တပည့်တွေ ပျော်ပြီး အလုပ်တွေအောင်အောင်မြင်မြင် ပီးသွား တယ်ဆိုရင် ခေါင်းဆောင်မှု ကောင်းတာ သေချာပါတယ်။

  • padonmar

    June 20, 2011 at 5:55 pm

    ထကြွ နိုးကြား၊ သနားသည်းခံ၊ဝေဖန်ထောက်ရှု ၊ ဤခြောက်ခု ကြီးသူ့ ကျင့်ရာတရားတည်း။
    (လောကနီတိ)
    ခေါင်းဆောင်မှုရှာပုံတော် (The voice ထဲက အခန်းဆက်ဆောင်းပါးလည်းကောင်းပါတယ်)

  • maungmoenyo

    June 21, 2011 at 12:58 am

    သမ္မတ ရော်နယ်ရီဂင်ရဲ့အဆိုအမိန့်လေးတခု –
    There is no limit to what you can accomplish if you don’t care who gets the credit.
    ဒီအဆိုအမိန့်က စေတနာ့ဝန်ထမ်းခေါင်းဆောင်သူတွေ (နိုင်ငံရေးသမားများအပါအဝင်) အားလုံးကိုရည်ရွယ်ထားပုံရပါတယ်။ ဒါပေမဲ့ စင်ပေါ်တက်ချင်တဲ့ ရောဂါက တယ်ကုရခက်သကိုး…။

    • weiwei

      June 21, 2011 at 3:16 am

      စင်ပေါ်တက်ချင်တဲ့ရောဂါက တကယ်ကုရခက်ပါတယ် …. ပရဟိတလုပ်နေတဲ့ အဖွဲ့ထဲမှာတောင် (ကိုယ့်အိပ်ထဲကပိုက်ဆံစိုက်ပြီး) ဥက္ကဌရာထူးအတွက် လိုချင်သူတွေများနေသေးတယ် (ကိုယ်တွေ့) … 🙂

  • bigcat

    June 21, 2011 at 2:15 am

    ဂေါင်းမရှောင်ရင်
    ခေါင်းဆောင်ခေါ်သတဲ့
    အဲဒီတော့
    ဂေါင်းပြောင်တာ
    ဘာဆန်းလဲ… 🙁

Leave a Reply