တနေ့ ကျွန်မအလုပ်တွေ ရှုပ်နေတုန်း … အီတလီက အလုပ်ပါတနာတယောက် ဂျီတော့ကနေ ပါဆယ်နယ် အင်ဖော်မေးရှင်းပေးပါတယ်… ။ သူ့ရဲ့ စာကြောင်းများကို ဖတ်ပြီး ကျွန်မ တော်တော် အံ့အားသင့်သွားပါတယ်… ။ သူကလေးယူတော့မယ်လို့ ရှင်းရှင်းလင်းလင်း ရေးထားတာပါ… … ။ သူ့မှာ အိမ်ထောင်မရှိပေမဲ့ တွဲနေတဲ့ လူပဲ ရှိတာပါ … ။ ကျွန်မလည်း သိချင်စိတ်နဲ့ … အိမ်ထောင်မပြုပဲ ကလေးမွေးမှာလားလို့ တဲ့ပဲ မေးလိုက် မိပါတယ်… ။ သူကလည်း အေးဆေးစွာပဲ … ဟုတ်တယ်တဲ့ … ကလေးတစ်ယောက်လောက် အရင်မွေးပြီးမှ အိမ်ထောင်ပြုမှာပါတဲ့လေ… ။ သိချင်စိတ်နဲ့ ထပ်မေးလိုက်ပါတယ်… ။ နင်တို့ဆီမှာ အိမ်ထောင်မပြုပဲ ကလေးမွေးလျှင် သူများတွေ မကဲ့ရဲ့ဘူးလား ၊ အမွေပြတ်စွန့်လွတ်တာတွေ မရှိဘူးလားလို့ မေးတော့… ဒါက သာမန်ကိစ္စပါပဲ တဲ့ … ။ သူတို့ နိုင်ငံမှာ လူတွေက ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတာဖြစ်ပြီး …သူများ အကြောင်းလည်း အတင်းမပြောတတ်ကြပါဘူးတဲ့ … ရှုံ့ချတာလည်း မလုပ်ကြသလို … လူကို လူအတိုင်းပဲ ဆက်ဆံပါတယ်တဲ့ … ။ အိမ်ထောင်ပြုတာ မပြုတာနဲ့ အလုပ်နဲ့ မသက်ဆိုင်သလို … ပေါင်းသင်းဆက်ဆံရေးအရလည်း ဘာမှ ထိခိုက်မှု မရှိပါဘူးတဲ့… ။

သူ့အမြင်အရ အိမ်ထောင် မပြုပဲ ကလေးမွေးတဲ့ မိခင်တွေကို လေးစားလွန်းလို့ သူလည်း အိမ်ထောင်မပြုခင် ကိုယ်ဝန်ဆောင်တာပါတဲ့ … ။ ဒီယောကျာ်းနဲ့ အိမ်ထောင်မပြုပဲ ကလေးမွေးထားပေမဲ့ ….. ချုပ်ကိုင်ထားတာမျိုးမဟုတ်ပဲ လွပ်လပ်စွာ သွားလာခွင့်ပေးထားပါတယ်တဲ့ …. တနှစ်လောက်အထိ အိမ်ထောင်ပြုဖို့ စဉ်းစားပြီးမှ အိမ်ထောင်ပြုဖြစ်ကြတာပါတဲ့ … ။

ကျွန်မတို့ နိုင်ငံမှာ ယဉ်ကျေးမှူအရ မိန်းမတယောက်ဟာ အိမ်ထောင်ပြုပြီးမှသာ ကလေးမွေးဖွားပါတယ်… ။ အိမ်ထောင်မရှိပဲ ကလေးမွေးဖွားသူ၊ ကလေး ရရှိသွားသူများကို မိဘဆွေမျိုး အသိုင်းဝိုင်းရော ၊ ပတ်ဝန်းကျင်ကပါ မိမိကိုယ်ကို မထိန်းသိမ်းသူအဖြစ်လည်းကောင်း ၊ အညှာလွယ်သူအဖြစ်ဖြင့်လည်းကောင်း ၊ ရှက်စရာ ကိစ္စအဖြစ်ဖြင့်လည်းကောင်း ၀ိုင်းပြီး ကဲ့ရဲ့ ရှုံ့ချထားခဲ့ကြပါတယ်… ။ တန်ဖိုး ကျတဲ့ တပတ်နွမ်း မိန်းမျို အဖြစ်လည်း ကျဉ်ထားကြပါတယ်… ။ ထို့ကြောင့် ကျွန်မတို့ နိုင်ငံရှိ လူမျိုးအသိုင်းဝိုင်းမှာ အိမ်ထောင်မပြုခင် ကိုယ်ဝန်ဆောင်မှူ့ကို ယုတ်ဆိုးတဲ့ အဖြစ်ပျက်အနေနဲ့ သတ်မှတ်ခဲ့ကြတာ ယနေ့တိုင်ပါပဲ …တကယ်ဆို ကိုယ်ဝန်ဆောင်တဲ့ ကိစ္စမှာ ရည်ရွယ်ပြီး ကိုယ်ဝန်ဆောင် တဲ့လူရှိသလို( အိမ်ထောင်သည်များကို ဆိုလိုပါတယ်)  … မရည်ရွယ်ပဲနဲ့ ကိုယ်ဝန်ဆောင်တဲ့လူဆိုပြီး နှစ်မျိုးရှိပါတယ်… ။ ပထမအမျိုးစားအတွက် ကိုယ်ဝန်ဆောင်ခြင်းဟာ မိသားစုတစ်ခုမှာ မင်္ဂလာ ကိစ္စအဖြစ်သက်မှတ်ခံရပြီး …အလေးထား ၊ ဦးစားပေးခြင်းလည်း ခံရတတ်ပါတယ်… ။ ဒုတိယ အမျိုးစား ကိုယ်ဝန်ဆောင်ခြင်းမှာတော့ … လိုချင်လျှက် ရလာခြင်းမဟုတ်ပဲ … အကျိုးကြောင်းမညီညွတ်စွာ အမှတ်တမဲ့ ကိုယ်ဝန်ရလာခြင်းမျိုးပါ… ။ အားလုံးသိတဲ့ အတိုင်း ယဉ်ကျေးမှူတွေ ၊ အစဉ်လာတွေ ၊ လူ့အသိုင်းဝိုင်းတွေ ကြားမှာ အိမ်ထောင်မပြုပဲ ကလေးမွေးခြင်းဟာ ရှုံ့ချစရာလို့ ခံယူထားတဲ့ မြန်မာမိန်းမများအဖို့ … တနည်းနည်းနဲ့ ကြံစည်ဖြေရှင်းကြပါတယ်… ။

အသိဥာဏ်ရင့်သန်မှူပေါ် မူတည်ပြီး ဖြေရှင်းတဲ့နည်းလမ်းကွာခြားပါတယ်…။ အဲ့ဒီအခါမှာ မလိုလားအပ်တဲ့ အသက်ဆုံးရှံးမှူတွေ ဖြစ်လာနိုင်ပါတယ်… ။ အသက်အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှူမျိုးကို အရပ်လက်သည်နဲ့ …. နပ်စ်တချို့က ရဲတင်းစွာ လုပ်ကိုင်နေကြပါတယ်… ။ မက်လောက်စရာမရှိတဲ့ အခကြေးငွေမျိုးလေးရယူပြီး လူ့အသက်တချောင်းကို ဖဲ့ချွေနေကြတာ ဘယ်လို နှလုံးသားမျိုး ပိုင်ဆိုင်ထားပါလိမ့်… ။ ဆေးဆိုင်တွေမှာလည်း ရာဂဏန်းလောက်ငွေနဲ့ … ကိုယ်ဝန်ဖျက်ချဖို့ ဆေးတွေ ရောင်းဝယ်ဖောက်ကားနေတာ … အကျိုးစီးပွား အတော်လေး ဖြစ်ထွန်းပါတယ်…. ။ရာဂဏန်းလောက်ငွေနဲ့ နှစ်အနည်းငယ်အတွင်း ကိုယ်ပိုင် အိမ်၊ခြံ ၀ယ်နိုင်လောက်အောင်ပဲ စီးပွားဖြစ်ထွန်းပေမဲ့ … ၀မ်းနည်းစရာကောင်းလောက်အောင် လူ့အသက်ပေါင်းများစွာ ဖဲ့ချွေခံနေရတာပါ… အပြစ်မဲ့တဲ့ ကလေးပေါင်းများစွာ စတေးခံနေရတာပါ… ။ ဒါတွေက ပတ်ဝန်းကျင် အသိုင်းဝိုင်းရဲ့ လှုံ့ဆော်မှူတွေကြောင့်ပါပဲ… ။   တချို့ကလည်း ကိုယ်ဝန်ရသွားလျှင် တဖက်က လူကို အဆင်ပြေအောင် ညှိကြည့်တယ်…ပြီးမှ အတိလင်း အိမ်ထောင်ပြုကြတယ်… ။ ဒီလိုဆိုတော့လည်း သာယာတဲ့ မိသားစုလေး ဖြစ်သွားပြန်ရော …

ဒီလိုကိစ္စတွေက အခုလို ကေတီဗွီတွေ ၊ တည်းခိုခန်းတွေ ၊ ဟိုတယ်တွေ မှိုလိုပေါက်နေတဲ့ ခေတ်ကြီးမှာ အဖြစ်ပျက်များစွာ ရှိမှာပါ … ။ အရွယ်မတိုင်သေးတဲ့ ကလေးသူငယ်တွေ အတွက်ကတော့ မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းပေးယုံပဲ ရှိတာပါ … ကလေးဆိုလို့ ခြေထောက်နှစ်ချောင်းပူးပြီး ကြိုးချည်ထားလို့မှ မရတာ …  ။ မိဘကပဲ အသိပညာပေးပြီး ပြောပြရမှာပေါ့ … ။ ဒါဆို သတိလက်လွတ်ကိုယ်ဝန်ရတဲ့ ကိစ္စတွေ အကုန်လုံးမဟုတ်လျှင်တောင် အနည်းငယ်တော့ ကာကွယ်သွားနိုင်မယ်ထင်တယ်… ။

လူ့ဘောင် ကျင့်ဝတ်လို့  အများလက်ခံထားကြတဲ့ … အိမ်ထောင်မပြုပဲ ကိုယ်ဝန်ဆောင်တဲ့ ကိစ္စကိုလည်း …. ရှုံ့ချ အပြစ်တင်တာမျိုး မလုပ်ပဲ … ကိုယ့်ကိစ္စမဟုတ်သလို သဘောထားပေးကြမယ်ဆိုလျှင် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရာရောက်နိုင်ပါတယ် … ။ မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှူတွေလည်း နည်းလာလိမ့်မယ်လို့ ထင်ပါတယ်… ။ ထို့ အတူ ကျန်းမာရေး ၀န်ကြီးဌာနကလည်း အရပ်လက်သည် အမည်ခံ လူသတ်သမားတွေ ၊ ဆေးဆိုင်အမည်ခံ အဆိပ်ရောင်းချနေတဲ့လူတွေကို စိစစ် ဖော်ထုတ် အရေးယူသင့်ပါတယ်လို့ တိုက်တွန်းလိုက်ချင်ပါတယ် … ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!