မော်တော်ယာဉ်ပျက်ပါက ပျက်သည့် နေရာအထိ လိုက်လံပြုပြင်ပေးမည်

klnMay 4, 20101min520

မော်တော်ယာဉ်ပျက်ပါက ပျက်သည့်နေရာအထိ လိုက်လံပြုပြင်ပေးသည့် ဝန်ဆောင်မှုကို ယခုနှစ် မေလအတွင်း စတင်ရန်စီစဉ်လျက်ရှိကြောင်း ရွှေတောင်တန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ဦးက ၂၈-၄-၂၀၁ဝရက်တွင် ပြောသည်။ အဆိုပါ ဝန်ဆောင်မှုကို ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်နှင့် ရွှေတောင်တန်းကုမ္ပဏီတို့ပူးပေါင်းဖွင့်လှစ်ထားသော Bayint Naung Atomobile Service ကဆောင်ရွက်ပေးသည်ဟုသိရသည်။ “ အခုကားပျက်ရင်ပျက်တဲ့နေရာအထိ လိုက်ပြင်ပေးတဲ့ဝန်ဆောင်မှုကို ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကုမ္ပဏီနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုပဲ လိုက်ပြင်ပေးနေတာပါ။ အပြင်မှာ ဝန်ဆောင်မှုမပေးသေးပါဘူး၊ ဘာလို့လဲဆိုတော့ ခေါ်တိုင်းပြင်ပေးနေမယ်ဆိုရင် တကယ်မပျက်ဘဲ ဖုန်းနဲ့နောက်ပြောင်ချင်တဲ့သူတွေကြောင့် ကျွန်တော်တို့အတွက် အလုပ်ရှုပ်နိုင်ပါတယ်။ ဒါကြောင့် မေလလယ်မှာဒီဝန်ဆောင်မှုကို ဆောင်ရွက်ဖို့အတွက် Member ဖိတ်ခေါ်ပွဲလုပ်ဖို့ရှိတယ်။ ဘယ်ယာဉ်ပိုင်ရှင်မဆို Member ဝင်နိုင်ပါတယ်။ Member ဝင်ပြီးရင်တော့ ဒီဝန်ဆောင်မှုကိုစတင်မှာပါ။ ကျွန်တော်တို့ဝန်ဆောင်မှုပေးမယ့် နေရာတွေကတော့ ရန်ကုန်မြို့တွင်းနဲ့ ရန်ကုန်- မန္တလေး၊ ရန်ကုန်-နေပြည်တော်စတဲ့ အဝေးပြေးလမ်းမကြီးတွေဖြစ်ပါတယ်” ဟုယင်းကပြောသည်။ Bayint Naung Automobile Service ယာဉ်ပြင်ဆင်ရေးအလုပ်ရုံကို အင်းစိန်၊ G.T. I အတွင်း ဧပြီလ ၁၁ရက်ကဖွင့်လှစ် ခဲ့ပြီး၊ ယင်း Work Shop တွင် ဂျပန်နိုင်ငံနှင့်အီတလီနိုင်ငံတို့မှ ခေတ်မီအဆင့်မြင့် ယာဉ်ပြင်ဆင်ရေးစက်ကိရိယာများကို တပ်ဆင်ထားကြောင်း၊ One Stop Service တစ်နေရာတည်း၌ ယာဉ်တစ်စီးလုံး အသေးစားနှင့်အကြီးစားပြင်ဆင်နိုင်ပြီး၊ ဌာနဆိုင်ရာ ယာဉ်များ၊ ပြင်ပပုဂ္ဂလိက ယာဉ်ကြီး၊ ယာဉ်ငယ်များကို သင့်တင့်မျှမသော ဈေးနှုန်းဖြင့် စိတ်တိုင်းကျ ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မော်တော်ယာဉ်ပျက်သည့် နေရာအထိ လိုက်လံပြုပြင်ပေးသည့် ဝန်ဆောင်မှုများ ပြည်ပနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။