သင်္ဃန်းကျွန်းမြို့နယ်မှ အနှိပ်ခန်းနှင့် စက်ရုံမီးလောင်ခဲ့-June 19 to 20 to

ဂ်စ္စူJune 20, 20111min1187
စက်ရုံ နောက်ကျောဘက်ကို မီးငြှိမ်းသတ်နေပုံ (ဓာတ်ပုံ – ဧရာဝတီ)

Monday, 20 June 2011 17:36

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့က အနှိပ်ခန်း အဆောက်အအုံတလုံး မီးလောင်ခဲ့ပြီး ယနေ့နံနက်တွင်လည်း စက်ရုံတလုံး မီးလောင်ကျွမ်းသွားသည်။

ယနေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည့် ၁၆ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ မော်တာ အထည်ချုပ် စက်ရုံမီးလောင်မှုတွင် စက်ရုံအနီး နေထိုင်သူတို့က ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ကြသည်ဟု ဒေသခံတဦးက ပြောသည်။

“မီးခိုးတွေက လုံးပြီး ထွက်လာတယ်။ စက်ရုံက အကာအရံတွေနဲ့ ဆိုတော့ ဝင်လို့မရ ဖြစ်နေတယ်။ မီးသတ်ယာဉ်တွေ မရောက်သေးတော့ ရပ်ကွက်က စက်ရုံဘေးကပဲ ဝိုင်း ပက်နေရတယ်” ဟု စက်ရုံ နောက်ဘက်တွင် နေထိုင်သူ တဦးက ရှင်းပြသည်။

မီးသတ်ကားများ ရောက်ရှိသွားပြီး နံနက် ၉ နာရီခွဲခန့်တွင် မီးညွန့် ကျိုးသွားကြောင်း၊ စက်ရုံအတွင်း လောင်စာများကို လှိုက်၍ လောင်ကျွမ်းခဲ့ပုံရပြီး ၁ဝ နာရီ ခွဲခန့်တွင် မီး လုံးဝ ငြိမ်းသွားကြောင်း  ဒေသခံတို့က ပြောသည်။

ဝန်ထမ်း ၃ဝ ကျော် လုပ်ငန်းခွင် ဝင်နေစဉ် လောင်ကျွမ်းခြင်း ဖြစ်ပြီး အထည်ချုပ်လုပ်ငန်း တည်ရှိရာ အဆောက်အအုံ ၂ လုံးတွဲအနက် လက်ယာဘက် အဆောက်အအုံ လုံးဝ ပျက်စီးသွားသည်ဟု သိရသည်။

ယမန်နေ့ည ည ရ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့်  ၁၆ ရပ်ကွက်၊ ရတနာလမ်းမကြီးပေါ်ရှိ  New Dream အနှိပ်ခန်း မီးလောင်ကျွမ်းမှုသည် အနှိပ်ခန်း အပေါ်ထပ်မှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု အိမ်နီးချင်းများက ပြောပြသည်။

 

New Dream အနှိပ်ခန်း မီးလောင်ပြီးမြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

“ရ နာရီ ၄၅ မိနစ်မှာ မီးညွန့်က အိမ်လုံးကို ကျော်နေပြီ။ မီးညွန့် အတော်ကြီးတယ်။  မီးသတ် နီးနေတာရယ်၊ ရပ်ကွက်လူထု ညီတာရယ်ကြောင့် ခုလောက်အချိန်နဲ့ ငြိမ်းတာ” ဟု ဒေသခံ တဦးက ပြောသည်။

တနာရီခန့်ကြာသော ထိုလောင်ကျွမ်းမှုကြောင့် အနှိပ်ခန်း အဆောက်အအုံ ပျက်စီးသွားပြီး အနီးရှိ ဓာတ်ပုံဆိုင်၊ KMK မိတ္တူကူးဆိုင်တို့ အနည်းငယ် မီးဟပ်ခံရသည်။

အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာများလည်း မီးငြှိမ်းသတ်ရေးတွင် ကူညီ ဆောင်ရွက်ကြသည်။

မီးလောင်မှု နှစ်ခုလုံးသည် ဝါယာရှော့ခ်ဖြစ်ရာမှ စတင်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံတို့က သုံးသပ်ကြသည်။

From:ဧရာဝတီ

7 comments

  • ဆူး

    June 20, 2011 at 4:03 pm

    မနေ့က ညက မီးလောင်တာ အိမ် ၄လုံး ပါသွားပြီး မီးသတ်ကား ၁ရစီး လာပြီး မီးငြိမ်းရတယ်လို့ နီးစပ်တဲ့ လူက ပြောတာ ကြားမိတယ်။
    မနက်က မီးလောင်တဲ့ အချိန်ကလည်း သိလိုက်တယ် သူတို့ ဆီကပဲ သတင်းကြားလို့..
    အခု တလော မီးခဏခဏ လန့်နေတယ်လို့ ပြောသလို အဲဒီမှာ မီးကွင်းပစ်တဲ့ လူ တယောက် တလောက တွေ့လို့ လိုက်ဖမ်းတာ မမိလိုက်ဘူးတဲ့.. ရှို့မီးကို ကြောက်နေရတယ်လို့ ပြောသွားတယ်။

  • etone

    June 21, 2011 at 2:14 am

    အဲ့ဒီ မီးကွင်းပစ်တဲ့ ကိစ္စကလည်းလေ … ဘယ်တော့မှ ပျောက်မှာလဲ။ အတော် အသည်းမာပြီး စာနာစိတ်မရှိတဲ့ လူမှပဲ လုပ်လို့ရမဲ့ ကိစ္စမျိုး ။ ဒီခေတ်မှာ မြေတကွက်မပြောနဲ့ ကိုယ်ခြေချတဲ့ တနေရာတောင် ဝယ်နိုင်ဖို့ မလွယ်တာ သူများတကာ အိုးအိမ်ပျက်စီးအောင် လုပ်ရက်တယ်…။ မိလျှင် ဆွမ်းကြီး ဝိုင်းလောင်းသင့်တယ်…။ တချို့ ဘုစုခရု နေရာလေးတွေဆို ပြောင်းခိုင်းတာ မရလျှင် အဲ့လို လုပ်တယ်ကြားဖူးတယ်… လူညီလျှင် ဝိုင်းဖဲ့ … ။

  • Shwe Tike Soe

    June 21, 2011 at 3:45 am

    အော် အနှိပ်ခန်းမီးလောင်သွားတာကိုးးးး သွားတောင်မသွားလိုက်ရဘူး ဟိဟိ
    နှမြောစရာကြီးနော်.. စက်ရုံကိုပြောပါတယ်….
    မီးဘေး က ကြောက်စရာကောင်းလိုက်တာနော်…….

    • etone

      June 21, 2011 at 4:23 am

      မသွားလိုက်ရသေးတာ ကံကောင်းတယ်မှတ် … အဲ့ဒီအချိန် အဲ့ဒီထဲသာ ရောက်နေလျှင် ရှင်လည်း မီးသွေးမဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ 😛

      • usnczn

        June 21, 2011 at 5:09 am

        အနှိပ်ခန်း သွားလို့ မီးလောင်ခံရတယ်ဆို ဘယ်လိုမျက်နှာ ပြရမလဲ…
        ရှက်စရာကြီး

  • moethidasoe

    June 21, 2011 at 5:30 am

    မီေးလာင်ခံရတဲ့နောက် ပြစရာ မျက်နှာ ပျက်သွားပြီပဲ .. ဘာရှက်စရာရှိတော့လို့လဲ

  • winkyawaung

    June 21, 2011 at 7:05 am

    မီးလောင်နေတုံးအချိန်မှာ အနှိပ်ခန်းရောက်နေရင် အကြောကင်ဆာ အဖြစ်ပြတ်ဖြစ်သွားမှာ သေချာပါတယ်။

Leave a Reply