အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာ (ယောနိသော မနသိကာရ)

kpJune 21, 20111min1521

ယောနိသော မနသိကာရ
ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှု ပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်း မှန်ကန်သူများဟာ စိတ်ကျေနပ်မှုကုို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများ ကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွွှင်မှုနဲ့လည်း ဝေးနေတတ်ပါတယ်၊ လောကအရေးဖြစ်ဖြစ် လောကုတ္တရာ အရေးမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကို လေ့ကျင့်ထားသင့်ပါတယ်။

ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာ အရေးမှာလည်း တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်. (ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဉာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင် ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်.. မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတာတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေ ကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ်လို့ ကဲ့ရဲ့ ပြစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်.. တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲ ပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင် ကိုယ်တိုင်လည်း အကုသိုလ် တိုးပွားရပါတယ်။ အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့ လူကတော့ မပြောခင်လည်း စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လည်း နောင်တတွေ တပွေ့တပိုက် ဖြစ်နေတတ်တယ်. ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့် ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကို ရောက်လာပါတယ်.. ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေဝတ တဲ့. ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာ နေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင် သာရိပုတ္တရာဆီ သွားပါတယ်.. အရှင် သာရိပုတ္တရာ ကတော့ အဘိဓမ္မာနဲ့ ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့.. ဒီလောက် ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလား ဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. အရှင်အာနန္ဒာဆီ ရောက်တော့ အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရား ဟောတာက တိုလိုက်တာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင် ပြန်လျှောက်ပြတော့.. ဘုရားရှင်က.. လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူးလို့ ဟောပြလိုက်ပါတယ်..

ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ.. တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ.. တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခု ကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစု အတွင်းမှာလည်း မနက်မိုးလင်း အိပ်ယာထပြီ ဆိုကတည်းက.. တပူပူ တဆူဆူ လုပ်တတ်တဲ့ သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျည်းတန်ရပါတယ်..

အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့ အတွက်ကြောင့် ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တယ်လို့ ဘုရားရှင် ဟောပြတော် မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံ လုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံ ပူညံသံပဲကြားရ.. ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလည်း သူကိုယ်တိုင် ဘဝအတွက် ယုံကြည်မှု နည်းပါး.. ယုံကြည်မှု နည်းပါးလာတော့ အာရုံ တွေ့သမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ ပါဘူး..

အာရုံတွေ အပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်..

သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..

သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ.. သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..

ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှု တိုးတက်ပါမယ်..

ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်..

အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဉာဏ်ယှဉ်နိုင်ပါမယ်..

ဒီလို ဉာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ..

ဒီလိုစောင့်စည်းနိုင်ပါမှ ကောင်းတာလုပ်နို်င် ပြောနိုင် ကြံစည်နိုင်ပါမယ်..

ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘဝလွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်..

ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။

တိုတောင်းတဲ့ ဘဝမှာ ပျော်ရွှင်အောင် နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ လိုသလို ဘဝလွတ်မြောက်ဖို့ အတွက်လည်း အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်. အတ္တ မာန လွန်ကဲလာရင် အပေါင်းအသင်းကောင်း တွေကို လက်လွတ် ဆုံးရှုံးရနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလည်း အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး. ယောနိသော မနသိကာရ မရှိလေ ဘဝဟာ ပိုပြီး အထီးကျန် ဆန်လေဖြစ်တော့မှာပါ. ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဉာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

အရှင်တိက္ခဉာဏာလင်္ကာရ
http://www.yawcommunity.com/
http://tknn.org/

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

One comment

  • nature

    June 21, 2011 at 3:26 pm

    (တိုတောင်းတဲ့ ဘဝမှာ ပျော်ရွှင်အောင် နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ လိုသလို ဘဝလွတ်မြောက်ဖို့ အတွက်လည်း အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်)…
    ယောနိသောမနသီကာရ ရှိတဲ့သူဟာ မြင်တွေ့သမျှ အာရုံတွေကို ကုသိုလ်ဖက်သို့ ပြောင်းလဲစေနိုင်ပါတယ်။

Leave a Reply