ဌက်ပျောသီး လှေကား ရေခဲရေ မျောက်များ ကျွန်တော်တို့

koooJune 21, 20111min1079

မိတ်ဆွေတို့ရေ … စမ်းသပ်ချက် တခုမှာ သိပ္ပံ ပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ် တခုထဲမှာ အတူတူ စုထား လိုက်တယ်။

ပြီးတော့ လှောင်အိမ်ရဲ့ အလယ်တည့် တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ် မှာတော့ ငှက်ပျောသီး တဖီးကို တင်ထားပေး သတဲ့ကွယ်။

တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ ကြိုးစားတဲ့အခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှ အေးစက်နေတဲ့ ရေအေးတွနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော … မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့ လေးကောင်က ဝိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့ သတဲ့ကွယ်။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်း လှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ် ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့ လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ဝိုင်း ဩမဋ္ဋ ကြသတဲ့။ (ကွိကွိ … ကွကွ … ကွိကွ … ခွေးမသားမျောက် … ဆော်ပစ် … ကွစ်ကွစ်)

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့် ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ်တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်တကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စား ဘို့ကောင်းတာက ဒုတိယ မျောက်သစ်ကို ဝိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ဝင်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ဝါသနာပါပုံရတယ်ကွဲ့။)

ဒီလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟာင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ စတုထ္ထမျောက်အသစ်တကောင် ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန် မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။

မိတ်ဆွေတို့ရေ … အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်လုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။ သူတို့အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။ ဒါပေမယ့် သူတို့ထဲက တကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့လေးကောင်က ဝိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့ကွယ်။

ကဲ … ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။

မိတ်ဆွေတို့ရေ … အဲဒီမျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို လူ့အဖွဲအစည်း အတွင်းမှာ ရော တွေ့ဘူး ကြုံဘူးပါသလား။

တဆက်တည်း မေးလိုက်ချင်သေးတာက ကိုယ်ကိုတိုင်ကော ဘယ်နှခါလောက် အဲလိုလုပ်မိပြီးပြီလဲ … ???

သူငယ်ချင်းကပို့ပေးတာပါ ဘယ်ကရမှန်းတော့မသိပါဘူး အားလုံးကိုသိစေချင်လို့ပါ

9 comments

  • ဆူး

    June 21, 2011 at 6:49 am

    သူငယ်ချင်း မေးပို့တိုင်း မတင်ပါနဲ့
    ကိုယ်ကြိုက်ရင် ကိုယ်ဖတ်ပါ.. ဒီမှာ ကိုယ့်ထက် ဦးအောင် တခြားလူတွေ တင်ပြီးသား ဖြစ်နေပါတယ်။
    မေးနဲ့ လာတဲ့ အကြောင်းအရာကို ဖော်ဝပ်မေး တင်တယ်လို့ ခေါ်တယ်။

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

    စည်းကမ်းချက် နံပါတ် ၄ ညှိနေပါတယ်။

    အသစ် တယောက်ကို အခုမှ စ လာလာချင်း ဒီလို ပြောရတာ စိတ်မကောင်းပေမဲ့..
    အရှေ့မှာ ဒီလိုပဲ ကော်ပီတွေ ဖော်ဝပ်မေးတွေ တင်တဲ့ လူတိုင်းကို ရွာမှာ ပြင်းပြင်းထန်ထန် နိပ်ကွပ်နေပါတယ်။
    စီမံချက် ရှိတုန်း အံမဝင်တာ လုပ်မိရင် ရွာကလူတွေ ဝိုင်းနိပ်ကွပ်တာ ခံရနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။
    အများ နဲ့ တယောက် မဖြစ်ရလေအောင် နောက် ဒါမျိုး မတင်ပါနဲ့။

    ကိုယ်ပိုင်အတွေးနဲ့ စာမူလေးတွေ တင်ပေးစေလိုပါတယ်။

  • etone

    June 21, 2011 at 8:59 am

    ကော်ပီ တိုက်ဖျက်ရေး စတင်နေပါပြီ ဗျို့ … သဂျီးဘက်မှ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်…။ ကော်ပီတွေဆို ပွိုင့်မပေးပါနဲ့ …. ။

  • king

    June 21, 2011 at 10:57 am

    ဖတ်ပြီးသား ဖြစ်နေပါတယ်
    ကိုယ့်ဖာသာ ရေးတင်ပါလို့ အကြံပြုပါရစေ …. 🙁

  • eros

    June 21, 2011 at 11:14 am

    ဖတ်ဘူးတာတော်တော်ကြာနေပြီး ဒီထဲမှာ တင်ဘူးပါတယ်။

  • Ko Ko Aung

    June 21, 2011 at 4:13 pm

    စောင့်ကြည့်နေတာကြာပါပြီ
    ဒီဆိုက်ရဲ့အကျိုးအတွက် အများရှေ့ထွက်ပြီး အမုန်းခံပြောပေးနေတဲ့ ဆူး ၊ etone အပါအဝင် မန်ဘာဟောင်းများကို ချီးကျူးပါတယ်။ ကိုယ်က လူဟောင်းပဲဆိုဦးတော့ နောင်အဆဲမခံရအောင် မသိချင်ယောင် ဆောင်နေလို့လဲ ရလျှက်သားနဲ့ မနေနိုင်တာကိုက ရွာအပေါ်ထားတဲ့ စေတနာကို မြင်သာစေပါတယ်။ အဲသည်လိုမန်ဘာများ ရအောင်စုဆောင်းထားတဲ့ ဆိုက် အက်ဒမင်ကိုတော့ (ဖါးတယ်ထင်ကြမှာစိုးလို့) ထည့်မချီးကျူးတော့ပါဘူး။

    တကယ်လို့များပေါ့လေ – ပညာရှင်တွေများတယ်ဆိုတဲ့ ဒီဆိုက်မှာ တင်လာတဲ့စာမူ post တွေ အရည်အသွေး အရမ်းနိမ့်နေရင် ယဉ်ယဉ်ကျေးကျေးနဲ့ ထိထိရောက်ရောက် ဝေဖန်ပေးမယ့် စေတနာရှင်တွေများရှိလာရင် ပိုစ့်တင်သူတွေက ပိုဂရုစိုက်လာမှာမို့ ဒီရွာကြီး အခုထက်ပိုပြီး လှပလာမှာပါ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 22, 2011 at 6:34 pm

      ဒဂျီးဂ တူညားနဲ့မတူအောင်မန်းချိုလို့
      တူညားနဲ့မတူအောင်မန်းပါမယ်ခည
      အဲ့သည် ဖွားလေးဆူးဂ
      ဒီဆိုက်ရဲ့အကျိုးအတွက် အများရှေ့ထွက်ပြီး အမုန်းခံပြောပေးနေတာမဟုတ်ပါဘူးခည
      စွာဒါဘာခည
      😀 😀 😀
      အယဂါး နောက်ဒါ
      အစိမ်းကတ်လေးများ ချီးမြှင့်ဂျဘာခည

      • ဆူး

        June 23, 2011 at 4:47 pm

        အစိမ်းကဒ် မပေးဘူး အနီ ပေးသွားတယ် စွာတယ်ပြောလို့..
        သူများ အကောင်းပြောနေတာ အပြု သဘော မဆောင်ပဲ အပျက်သဘော ဆောင်လို့ အနီ ပေးလိုက်တယ်။ အစိမ်းရထားလို့ အနီ ပေးတာ အစိမ်းပျောက်သွားတယ်။
        ဟွန့်.. မမပု.. မမပု နာနာထုလို့ ပုတဲ့ မမပု။

  • ဟုတ်တယ်ဗျ ဖော်ဝပ်မေးနဲ့ကိုယ့်ဆီရောက်လာတဲ့စာတွေကို မတင်သင့်ဘူး။
    တင်မယ်ဆိုရင်တောင်မှာ ဆောင်းပါးအစမှာ ကြိုပြီးဘယ်ကရလာတယ်ဆိုတာရေးသင့်တယ်။
    အားလုံးဖတ်ပြီးမှ သူများဟာတွေကူးပြီး တင်ပေးတာတွေဖြစ်နေတော့ ဖတ်ရတာအောက်တယ်။

  • juttue.gyi

    June 23, 2011 at 5:01 pm

    ဟုတ်တယ်ဗျာ အခုတလော ဖော်ဝပ်မေးတွေကို တော်တော်များတင်လာကြတယ်ဗျာ

Leave a Reply