အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၂၈)

“ဘာ..ဘာဖြစ်လို့လဲဟင်.. အဘ”

ဘိုးတော်ကြီးက မျက်နှာကိုရှုံ့ပြီး ခေါင်းခါလိုက်တယ်။ပြီးမှ-

“ဦးခေါင်းလမ်းကြောင်းကတော့ အားကောင်းပါတယ်..သို့ပေမဲ့ နှလုံးလမ်းကြောင်းတော့ အားနည်းရှာတယ်..။

ပိုဆိုးတာက အသက်လမ်းကြောင်းက တိုတာပဲ..နတ္ခတ်တွေကလည်း မညီမညွတ် မမှန်မကန်ရှိပုံပဲ။ဂြိုဟ်ခုံတွေက

လည်း အားနည်းပြီး အဆိုးဘက်ရောက်နေသကွဲ့။ကြာသပတေး ဂြိုဟ်ခုံကတော့ ကောင်းပါရဲ့ နို့ပေတဲ့လို့ ဒီမှာ

စနေဂြိုဟ်ခုံရဲ့ ဆိုးကွက်တွေက စောစောက ကောင်းတာကို ချေဖျက်ပစ်တာပဲ။ကျွန်းတွေ..အဖျက်တွေကလည်း

ပေါမှပေါပဲ..။ဒါပေသိ လူလေး ဘဝခရီး အတော်အတန် ချောမွေ့သွားအောင်အဘ ယတြာချေပေးလို့

တော့ ရပါတယ်.သို့သော်လည်း အကုန်အကျလေးကတော့ များပေမကွဲ့..”

ကျွန်တော် တင်းနေပြီ။ ဒါပေသိတွေ ဒါပေမဲ့တွေနဲ့ ဘိုးတော်ကြီး ကျွန်တော့်ကို ဖိန့်နေတာ။ခုလည်း ယတြာ တဲ့။

“ဘယ်လောက်တုန်း အဘ”

“ရူးပီး ၂၀ဝ လောက်ပါ လူလေးရဲ့..ဘာလို့ မင်း အဖေ သွားမပြောတာလဲကွဲ့..ဟို ဘတ်စ်ကားကြီးက မင်းအဖေ

ပိုင်တာမို့လား”

ထည့်ပြီ။ ဘိုးတော်ကြီးက ကျွန်တော်တို့ကို အထင်ကြီးပြီး ထည့်ဖို့လုပ်တာပဲ။ကျွန်တော် ပြုံးရုံနဲ့ မရတော့ဘူး။

ရီ ချလိုက်တယ်။

“ဟီးဟီး..ဗေဒ ကဝိ အဘရယ်..ကျွန်တော့် အနာဂတ်အကြောင်း ဖောရှော ပုံပြင်လေးနဲ့ မဖြီးခင်မှာ

ကျွန်တော်တို့ ဘယ်သူဘယ်ဝါတွေဆိုတာ အဘ အာရုံခံပြီး ကြည့်သင့်သဗျ။ကျွန်တော်တို့က လူချမ်းသာ

သားသမီးတွေ မဟုတ်ပါဘူး။ဒေလီ လူငယ်ထိန်းသိမ်းရေးဂေဟာက မိဘမဲ့လေးတွေပါ။ဒီ ဘတ်စကားက

ဘယ့်နှယ်လုပ် ကျွန်တော်တို့ ပိုင်ပါ့မလဲ။ဒါတောင် အဘက ကျွန်တော့် မုန့်ဖိုး ရူးပီးနှစ်ဆယ်ကို ညာပြီး

ယူသေးတယ်။ကိုင်း..ကိုယ်တောချော ဆလင်း ..တို့ဒီမှာ အချိန်ဖြုန်းတာ တော်လောက်ပြီ..”

ဒီတစ်ခါ ဆလင်းကို ကျွန်တော် ဆောင့်ဆွဲပြီး ခေါ်လာတယ်။ ကျွန်တော်တို့ လှည့်ထွက်သွားတော့ အဘိုးကြီးက

လှမ်းခေါ်တယ်။

“နေဦး လူလေး..အဘ လူလေးကို တစ်ခု ပေးချင်လို့..”

ကျွန်တော် ပြန်လှည့်လာတော့ အဘိုးကြီးက  အတော်ကြီး ဟောင်းနွမ်းနေတဲ့ တစ်ရူးပီးတန် အကြွေစေ့လေး

တစ်စေ့ကို ထုတ်ပေးတယ်။

“အဲဒါ ဘာလဲဗျ အဘ ..နောက်တာလား”

“မဟုတ်တာကွာ..ဒါ ကံကောင်းစေတဲ့ အကြွေစေ့လေးကွ..ယူထားချေ..မင်း လိုအပ်လိမ့်မယ်။”

ကျွန်တော် ဘာမှ မပြောတော့ဘူး။အဲဒီအကြွေစေ့လေးကို လက်ထဲ ဆုပ်ပြီး ထွက်လာခဲ့တယ်။

ရေခဲမုန့်ဆိုင်ရှေ့ရောက်တော့ ဆလင်းက ရေခဲမုန့်လေး စားချင်လိုက်တာကွာ ဆိုပြီး လုပ်သေးတယ်။

ကျွန်တော်သူ့ကို ဖျတ်ခနဲ ကြည့်လိုက်တော့ ခေါင်းလေးငုံ့သွားပြီး တခြားကလေးတွေ ရဟတ်တွေ ဘာတွေစီးပြီး

ပျော်နေကြတာကို လှမ်းငေးနေတယ်။ဒီ တစ်ရူးပီးနဲ့တော့ ဘာမှ ဝယ်စားလို့ရမှာ မဟုတ်ဘူး။ဘာရယ်တော့ မဟုတ်ဘူး

လက်ထဲဆုပ်ထားတဲ့ အကြွေစေ့လေးကို မြှောက်ပြီး ကျွန်တော် ပြန်ဖမ်းတော့ လက်ထဲက ချော်ထွက်သွားပြီး

ခုံတန်း တစ်ခုအောက် လိမ့်ဝင်သွားတယ်။ကျွန်တော်လည်း ငုံ့ပြီး ခုံတန်းအောက်ကို အကြွေစေ့ကောက်ဖို့ကြည့်တော့..

ကျွန်တော့် အကြွေစေ့လေးနားမှာရူးပီး ၁ဝတန် တစ်ရွက်တွေ့လိုက်တယ်။တစ်ယောက်ယောက်ကျကျန်ခဲ့သလား

ဘာလားတော့ မသိဘူး။ပဉ္စလက်ဆန်ဆန်ပဲဟ လို့ ကျွန်တော်တွေးလိုက်မိသေးတယ်။၁ဝ ရတော့ ကျွန်တော်တို့

နှစ်ယောက်ရေခဲမုန့်ဝယ်စားကြတာပေါ့။အကြွေစေ့လေးကို ကျွန်တော့် အိပ်ကပ်ထဲ သေချာထည့်လိုက်တယ်။

ဟုတ်တယ်..။ဒီ အကြွေစေ့လေးက ကျွန်တော့်အတွက် ကံကောင်းစေတဲ့ အဆောင်လေး။

ဆလင်းက ကျွန်တော် သူ့လို ကံဇာတာ မကောင်းဘူးဆိုလို့ ဝမ်းနည်းနေရှာတယ်။ဒါပေမဲ့ သူ ရုပ်ရှင်စတား

ဖြစ်မယ်ဆိုတဲ့ အဟောကိုတော့အတော်လေး စိတ်လှုပ်ရှားနေတယ်။လျှောက်လာရင်း ကျွန်တော်တို့ ရှေ့မှာ ဧရာမ

ရုပ်ရှင်ကြော်ငြာ ဆိုင်းဘုတ်ကြီး အရောင်တွေ ပြူးပြူးပြဲပြဲနဲ့ ထောင်ထားတာတွေ့ပါလေရော။ဇာတ်လိုက်က လက်

ထဲမှာသေနတ်ကိုင်လို့ ရင်ဘတ်မှာ သွေးတွေစွန်းနေတယ်။ခေါင်းမှာလည်း ပုဝါအနက်ကို စည်းထားသေး

တယ်။လူကြမ်းကတော့ ကောက်ကျစ်တဲ့ အပြုံးနဲ့။မင်းသမီးကတော့ ရင်သားကြီးကြီးနဲ့ပေါ့ဗျာ။ဆလင်းက ကြော်ငြာ

ဘုတ်ရှေ့မှာ မှင်တက်ပြီး မလှုပ်မချောက်နဲ့ ငေးနေတယ်။

“မင်း ဘာကြည့်နေတာလဲ ဆလင်း..”

“အင်း..အဲ..ဟို ခေါင်းစည်း အနက်က ငါနဲ့ တော်မလားဆိုပြီး ကြည့်နေတာ..”

 

********************************

ကျွန်တော်တို့ စာသင်ခန်းမှာပေါ့။ကျွန်တော်တို့ဆရာ မစ္စတာ ဂျိုရှီ ဆိုတာတော့ ရှိတယ်။သူ စာသင်တယ်

ဆိုတာတော့ ရှာမှရှား။လူပုံက ဝဝ။တစ်ချိန်လုံး လေချဉ်တက်လိုက်၊နှာခေါင်းထဲ လက်နှိုက်လိုက်နဲ့။ဖတ်စာအုပ်

ကြားထဲမှာ ဝထ္ထုစာအုပ်ကို သေချာဖွက်ပြီး ဖတ်နေတာ အမြဲတမ်းလိုလိုပဲ။ကျွန်တော်တို့လား ..ဟာ ဘာပြောကောင်း

မလဲ တစ်ခန်းလုံး ဗြောင်းဆန်နေတာပေါ့။စက္ကူတွေခေါက်ပြီး လေယာဉ်လုပ် ဆော့တဲ့သူကဆော့၊သစ်သားခုံ

ပေါ်မှာ သံချွန်တွေဘာတွေနဲ့ တွေ့ကရာ လျှောက်ထွင်းတဲ့သူက ထွင်း။အိပ်တဲ့သူက အိပ်။အဲဒီလိုဖြစ်နေတဲ့

အချိန်မှာ ကော်ရစ်ဒါကို စောင့်ကြည့်ဖို့လွှတ် ထားတဲ့ ကင်းသမား မွန်နားက အခန်းထဲကို အမောတကော

ပြေးဝင်လာပြီး အသက်မရှူနိုင်ဘဲ –

“မာစတာဂျီ(ဆရာကြီး)..မာစတာဂျီ ..အဆောင်မှူးဆပ် လာနေပြီ..”

မစ္စတာဂျိုရှီ လေချဉ်ကျယ်ကျယ် တစ်ချက်တက်လိုက်ပြီး သူ့ဝတ္ထုစာအုပ်ကို ဖတ်စာအုပ်နောက်ကနေ

ဆတ်ခနဲ ခွာချပြီး လက်ဆစ်လေးတွေ ချိုးလို့မတ်တတ်ရပ်လိုက်တယ်။

“ဟုတ်ပြီ..ကလေးတို့ရေ..တို့ဆွေးနွေးနေတဲ့ အကြောင်းက ဘယ်ရောက်သွားပြီလဲ..ဪ..

မင်းတို့ ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတာပြောနေကြတာပဲ…ကောင်းပြီ..နောက်တစ်ယောက် ဘယ်သူပြော

ဦးမလဲ..ကဲ..”

ဆလင်း သူ့လက်ကို ထောင်ပြလိုက်တယ်။ အံမယ် ..ဒါပထမဆုံး အကြိမ်ဗျ။

“ဟုတ်ပြီ ဆလင်း..မင်း ဘာဖြစ်ချင်တာလဲကွ..”

ပြောချင်နေတာကြာပြီဆိုတော့ သွက်သွက်ကြီး အားရပါးရကို ပြောချလိုက်တာ။

“ကျွန်တော် နာမည်ကျော် ရုပ်ရှင်မင်းသား ဖြစ်ချင်တာ ဆရာကြီး…ဗေဒင်ဆရာ တစ်ယောက်ကလည်း ဟောထားတယ်..”

ကောင်းရော..။တစ်ခန်းလုံး ပတ်တုပ် လို့ကိုမရတော့ဘူး။

********************************