“အရက်သမားကိုပေါက်နဲ့စာသမားကိုပေါက် တွေ့ဆုံခြင်း”

“အရက်သမားကိုပေါက်နဲ့စာသမားကိုပေါက်”
တကယ်တမ်းပြောရရင် ကျုပ်အသုံးမကျလို့ ဒီအဖြစ်ရောက်ကုန်တာပါဗျာ။
မယားတွေအများကြီး သားတွေအများကြီးရှိရဲ့သားနဲ့တကွဲမယားတကွဲ ဖြစ်နေပြီးကျုပ်တစ်ယောက်ထဲ တစ်ကောင်ကြွက်ပက်လက်မျောဆိုတဲ့ဘဝမျိုးကို အခုလိုရောက်နေရတာကိုပြောတာပါ။
ဇာတ်ကြောင်းလှန်ရမှာလဲအရှက်သားဗျ။
အခုလိုသူများကိုပြောပြနေတာ များကျုပ်သားတွေသိရင်ရှက်တာနဲ့သေကုန်မလားမသိပေါင်ဗျာ။
ဒီကောင်တွေကကျုပ်ကို အဖေလို့ခေါ်ရမှာတောင်အတော်ရှက်ကြတာဗျား။
ခင်ဗျားသူတို့နဲ့ကြုံရင်မေးကြည့်ပါ့လား။
ငပေါက်က မင်းတို့အဖေလားလို့ ၊
ငြင်းလိုက်ကြပါလိမ့်မယ် ခေါင်းခါခါလည်ခါခါနဲ့။
လူတွေ့တာနဲ့အဲဒီကောင်တွေအားလုံး အမေ့လူကြီးဘဲခေါ်ကြတာ။
အင်း-အချိန်ရလို့နားထောင်ချင်တယ်ဆိုတော့လဲပြောရသေးသပ။

ကျုပ်ဇာတိပြောရရင် မတ္တရာမြို့အနောက်ဘက် (အရင်ဈေးဟောင်းပေါ့)က
ရွှေတချောင်းမြောင်းကိုကျော်ပြီးဝင်သွားရင်ခြံတွေထဲရောက်သွားသပေါ့။
အဲဒီကနေ အနောက်စူးစူးဆက်သွားရင် ကျုပ်တို့နေတဲ့ရွာစုစုလေးကို ဒုတ်ဒုတ်ထိ
ရောက်သပေါ့။
ကျုပ်ငယ်ငယ်က မတ္တရာက အတန်းကျောင်းကို အိမ်ကစာလိုက်ခိုင်းပေးမယ့်
ဉာဏ်ထိုင်းတော့ 2နှစ်မှ တစ်တန်း။
စာသင်ဘို့လဲကျုပ်က စိ်တ်မပါ။
ကျုပ်ကလဲ အားတာနဲ့ကျောင်းသွားတဲ့လမ်းမှာရှိတဲ့ ကားဝပ်ရှော့ဝင်ဝင်မော့နေတာရယ်။
တစ်ခါတစ်လေများ ကျောင်းတောင်မသွားဘူးထိုင်ကြည့်နေတာ။
တိုတိုပြောရင်တော့ ပိုင်ရှင်ဆရာကြီးက ကျုပ်ကို ခေါ်ပြီး ဝပ်ရှော့ပညာသင်ပေးသပေါ့။
အဲဒီရောက်တာနဲ့ကျုပ်က အိမ်လဲမပြန်တော့ဘူး အဲဒီမှာဘဲအပြီးနေတော့တာပေါ့။
အနေကြာတော့ လာတဲ့ကား စမ်း……စမ်းမောင်းရင်းနဲ့ကားမောင်းတတ်သွားရော။
ဘဝတဆစ်ချိုးချင်တော့ ကားလာပြင်နေကြ ကုန်သည်က သူ့ကားမောင်းပေးမလားပေါ့။
ကျုပ်ကလဲ ဆရာကြီး ပြောလိုက်ပေါ့။
အဲဒါနဲ့ဆရာကြီးကလိုက်သွားဘို့ခွင့်ပြုတာနဲ့ ကားဆရာဘဝရောက်သွားပါတော့တယ်။
ကားဆရာဆိုတော့လဲ ဟိုရောက်ဒီရောက် ကြုံတဲ့နေရာထမင်းစား ကြုံတဲ့နေရာအိပ်ပေါ့။
ကြုံတဲ့မိန်းမနဲ့ အိမ်ထောင်ကျပေါ့ဗျာ။
ဒီလိုသွားရင်းနဲ့ “ရွှေဘိုသား”တို့အမေနဲ့အိမ်ထောင်ကျတာပေါ့။
ကျုပ်သားတွေထဲမှာ”ရွှေဘိုသား”ကို အချစ်ဆုံးဗျ။
ချစ်ဆို ဒုက္ခိတ လေးဆိုတော့အလဲ အသနားပိုရပြန် တာပေါ့ဗျာ။
ထားပါတော့။
ကျုပ်သွားရတဲ့ဒေသတွေကအစုံပါဘဲ။
ကုန်သည်လဲဟုတ်ကားအုံနာလဲဟုတ်ကျုပ်ဆရာလဲဟုတ်တဲ့သူက
စစ်ကိုင်းအထက်ပိုင်းက ထွက်သမျှ ပဲမျိုးစုံတွေ နှမ်းတွေ ကိုဝယ်။
မန်းလေးက ပွဲရုံတွေပို့တဲ့အခါပို့။
အဲဒီကဈေးမကိုက်ရင် မူဆယ်ဘက်ကနေ တရုပ်ပြည်ဘက်ပု့ိ။
အပြန်ကျတော့တရုပ်ပြည်ဘက်က မြေဆီတွေသယ်ပြီး ရွှေဘိုဘက်ကရွာတွေပြန်ပို့။
သွားလိုက်လာလိုက်နဲ့မြန်မာပြည်အထက်ပိုင်းက မြို့တွေကို ဗြောင်းဆန်နေတာပါဘဲ။
ကားသမားဆိုတာသိတဲ့အတိုင်း ကောင်းတဲ့သူကခပ်ရှားရှား။
ဘာနဲ့တူလဲဆိုတော့ အလျဉ်ရပြီး အချဉ်ပေါက်နေတဲ့မုံလာချဉ်အိုးလိုပေါ့။
ဘယ်လောက်ကောင်းတဲ့သန့်တဲ့မုံလာဖတ်ထည့်ထည့် အချိန်တန်တော့ချဉ်သွားသလိုပါဘဲ။
ရောက်စကမဟုတ်တာမလုပ်ဘူးဆိုတဲ့ အိုးတိုးအတ ကျုပ်ဆိုတဲ့ကောင် ကြာတော့ ဘာခံနိုင်မလဲဗျာ။
သူများနည်းတူ အရက်သောက် ကြုံတဲ့မိန်းမနဲ့အိပ်ပေါ့။
ရှာရသလောက်အကုန်သုံး ဘာမှလဲ စုစုဆောင်းဆောင်းမရှိ ရရ ကုန်ကုန်ဘဝနဲ့
လေးနှစ်လောက်ရောက်လာတဲ့အခါကျုပ်ပိုင်ရှင်က
“ဒီကောင်တော့ အတည်တကျဖြစ်အောင် အိမ်ထောင်ချပေးမှ“ဆိုပြီး သူတို့နဲ့သားချင်းမကင်း
တဲ့ ကောင်မလေးနဲ့အိမ်ထောင်ချပေးပါတယ်။
ဖြစ်ချင်တော့ သူနဲ့ တစ်နှစ်လောက်ပဲ ပေါင်းလိုက်ရပါတယ် ဆုံးသွားရော
သူနဲ့ သားသမီးကလဲ မရဆိုတော့ အရင်လိုဒုံရင်းဘဲပြန်ဖြစ်သွားပါတယ်။
ထူးတာကတော့လက်လီကနေ လက်ကားအဆင့်တက်သွားတယ်လို့ဘဲပြောရတော့ မပေါ့။
အဲဒီကစ ရှေးလူကြီးများစကားအတိုင်း တစ်ရွာတကျီဆောက်ဆိုသလို ရောက်တဲ့နေရာမိန်းမ
တစ်ယောက်ယူူဖြစ်ပါတော့တယ်။
ပိုဆိုးချင်တော့ကျုပ်ကုန်သွားတိုက်ရတဲ့နေရာက အရင်လိုစစ်ကိုင်းတိုင်းတင်မဟုတ်ဘဲ
ချောက်၊မကွေး၊မြင်းခြံ၊မိတ္ထီလာ မြေလတ်ပိုင်းအကုန်ရောက်၊
ရောက်တဲ့နေရာတိုင်းလဲ မိန်းမရ။
မိန်းမယူတယ်ဆိုတာလဲ ပထမတစ်ခါသာ ဟိုတွေးဒီပူကြောက်တာပါ။
နောက် တစ်ခါ တစ်ခါတွေများလာ တော့လဲ မိန်းမယူတာ ဘာမှပြဿနာမရှိပါဘူး။
တခုတော့ရှိတာပေါ့ သူတို့ကိုရွှေတွဲလွဲငွေတွဲလဲ ထားနိုင်ရင်ပြီးတာပါဘဲ။
ကျုပ်ကလဲ တစ်မြို့ရောက်ရင် ရှာလို့ဖွေလို့ရတာလေး အဲဒီမြို့ကမိန်းမကိုအပ်။
သုံးလေးရက်နေ နောက်တစ်မြို့ဆက်ထွက်။
နောက်တစ်မြို့ရောက်ပြန်တော့ လမ်းရှာရသမျှကို အဲဒီမြို့ကမိန်းမအပ်။
ညအိပ်ဆက်သွားပေါ့။
ဒီလိုနဲ့နေသွာတာလေးငါးခြောက်နှစ်ကြာတော့ မိန်းမကလဲ
လေးငါးယောက် ကလေးကလဲ လေးငါးယောက်။
မွေးထားတာ အားလုံးယောက်ျားလေးချည်းဘဲ။
ခက်တာက အိမ်မှာ အိပ်ရုံလောက်ဘဲနေတာရယ် အခုခေတ်ကလေးများနာမယ်ကလဲ
ခပ်ဆန်းဆန်းခပ်ရှည်ရှည်။
အဲတော့ကျုပ်လဲ မွေးထားတဲ့ကောင်တွေကို သူတို့မြို့နာမယ်ဘဲတတ်ခေါ်တော့တယ်။
မြင်းခြံက မိန်းမနဲ့ရတဲ့ကောင်က မြင်းခြံသား။
မုံရွာက မိန်းမနဲ့ရတဲ့သားက မုံရွာသားပေါ့။
ဒီလိုနေရင်းနဲ့ဘဲ ရွှေဘိုသားတို့အမေနဲ့ဆုံတာပါဘဲ။
ကျုပ်နဲ့ရတော့ ရွှေဘိုသားအမေက ဆယ်ခြောက်နှစ်စွန်းစွန်းဘဲရှိပါသေးတယ်။
သူအမေဇာတိအရင်းက ရွှေဘိုကဟုတ်မဟုတ်တော့ကျုပ်လဲသေချာမသိပါဘူး။
သူကပြောလိုက်ရင် “ကျုပ်ကရွှေဘိုသူတော့”လို့ပြောတတ်လို့ရွှေဘိုသူရဲ့သားက
ရွှေဘိုသားပေါ့။
ရွှေဘိုသားတို့ အမေက ကျုပ်တို့ကားသမားတွေထမင်းစားအရက်သောက်နဲ့ စတည်းချတဲ့ဆိုင်က
ဆိုင်အကူကောင်မလေးပေါ့။
ဆိုင်ရှင်နဲ့ ဆွေမျုးိနီးစပ်တော်တယ်လို့ပြောကြတာဘဲ။
သူ့မေးပြန်တော့လဲ ငရုပ်သီးဆယ်တောင့်စပ်မှတစ်တောင့်ဆိုတော့ လဲသွေးဝေးသပေါ့။
အစကတော့ကျုပ်လဲအမှတ်တမဲ့။
ဒါပေမယ့်လာရင်းလာရင်းနဲ့ အကြိမ်တွေများလာတော့ ကောင်မလေးက ကျုပ်ကိုဂရုတစိုက်
ရှိတာကို သိလာတာပေါ့။
အဲတော့ကျုပ်ကလဲ ဒီလမ်းရောက်ရင် ဒီဆိုင်မှာစား ကောင်မလေးအတွက်လက်ဆောင်တွေ
ပေးပေါ့။
ကြာတော့လဲဘာခံနိုင်မလဲညိတာပေါ့ဗျာ။
နောက်တော့ အားလုံးသိကုန်တော့ကျုပ်လဲလက်ထပ်လိုက်ပါတယ်။
ကျုပ်လက်ထပ်တယ်ဆိုတာလဲအလွယ်လေးပါ သူ့ဆိုင်ပိုင်ရှင်အဒေါ်ကြီးကိုပြော
အဲဒီနားအိမ်လေးတစ်လုံးငှားပေးလိုက်သပေါ့။
ကျုပ်က သူ့ကိုထမင်းဆိုင်ဆက်မလုပ်ချင်မလုပ်နဲ့ပြောပေမယ့်
ကောင်မလေးက သူဘာအလုပ်မှမရှိဘဲ နေရမှာပျင်းတယ်။
ကျုပ်ကလဲ အိမ်မှာအမြဲရှိတာမဟုတ်တော့လုပ်ချင်လုပ်ဆိုခွင့်ပြုလိုက်ပါတယ်။
ဒီလိုနဲ့သူနဲ့ရပြီး တစ်နှစ်လောက်ရောက်တော့ ရွှေဘိုသားကိုယ်ဝန်ရှိတော့တာပါဘဲ။
သွားလိုက်ပြန်လိုက် ဟိုမြို့နေလိုက်ဒီမြို့နေလိုက်နဲ့ဘဲကားသမားဘဝက ကုန်သွားတာပါဘဲ။
အိမ်ဆိုတာ ညခဏဝင်နား အမြဲတမ်းလမ်းပေါ်မှာနဲ့အချိန်ကုန်နေရတာများပါတယ်။
ဒီလိုနဲ့ရွှေဘိုသားလေး 6နှစ်လောက်မှာ ကျုပ်ကားမှောက်ပါတယ်။
မမောင်းတတ်မောင်းတတ်မောင်းလာတဲ့ဆိုင်ကယ်ကိုရှောင်ရင်း
အသားမသေသေးတဲ့လမ်းလက်မောင်းပေါ်ဘီးအကျ ကားစောင်းပြီးမှောက်သွားပါတယ်။
ကျုပ်အရက်သောက်ထားတော့အချိန်အဆမမှန်တာလဲပါ ပါတယ်။
စီယာတိုင်နဲ့ကားဒက်ဘုတ်ကြားညုပ်ပြီးကျုပ်လဲပေါင်ကျိုးသွားပါတယ်။
မြင်းခြံအိမ်နားမှာဖြစ်တော့ အဲဒီအိမ်မှာဘဲနားပေါ့။
ကျန်တဲ့မယားများကတော့ သတင်းကြားပေမယ့်တစ်ယောက်မှရောက်မလာကြပါဘူး။
ကျုပ်ကလဲအလုပ်နားတော့အထုပ်ဖြည်စားနေရတော့ သူတို့ဘယ်လိုနေကြစားကြမယ်ဆိုတာ
ဦးနှောက်ခြောက်ခံပြီး မတွေးမိတာလဲအမှန်ပါဘဲ။
ဒီလိုနဲ့သုံးလလောက်ကြာတော့ ကားပြန်မောင်းလို့ရတော့မှ ကျန်တဲ့အိမ်တွေကို
ပြန်ခြေဦးလှည့်ပါတော့တယ်။
ကျုပ်က မထောက်ပံ့နိုင်တော့ မယားတွေကလဲ ခပ်တင်းတင်း သားတွေကလဲကျုပ်နဲ့ခပ်ကင်းကင်း။
မတတ်သာလို့လက်ခံ ရတဲ့သဘောမျုးိနဲ့ပေါ့။
ရွှေဘိုသားတို့ဘက်မရောက်ခင်တစ်လလောက်မှာ ကျုပ်ဘော်ဒါတွေနဲ့လမ်းမှာဆုံကြတော့
မယားငယ်ငယ်လေးယူပြီး ပစ်မထားနဲ့နော်ဆိုပြီး အတည်လိုလိုပြောတဲ့ကောင်ကပြော
စသလိုလို ပြောတဲ့ကောင်ကပြောဆိုတော့ ကျုပ်လဲရွှေဘိုသူလေးကို သတိရလာပါတယ်။
သတိရဆိုဝေးနေတာကလဲ လေးလနီးပါးကိုးဗျ။
ဒါနဲ့ဘဲ ကျုပ်လဲနောက်တစ်ခေါက်ကို ရွှေဘိုသားတို့ဘက် ကုန်တင်အလှည့်ပြောင်းယူလိုက်ပါတယ်။
ကျုပ်ရွှေဘိုသူနဲ့တွေ့တော့ သူက မူပျက်နေသလိုအေးတိအေးစက်။
သားဖြစ်တဲ့ရွှေဘိုသားဆိုတဲ့ကောင်ကလဲအဖေကို စကားပြောရင်ခံတန်တန်။
လူကွယ်ရာကျရင် အမေ့လင်ကြီး အမေ့လင်ကြီးနဲ့ကြားရတာ နားခါးစရာ။
ကျုုပ်လဲ တစ်ညအိပ်ပြီးပြန်ထွက်လာခဲ့ပါတယ်။
ဒါပေမယ့်လမ်းတစ်ဝက်ရောက်မှ ကျုပ်စိတ်က ဘာဖြစ်သွားတယ်မသိဘူး
အိမ်ပြန်ချင်စိတ်ပေါက်လာတော့ လမ်းမှာရှိတဲ့အသိကားဆရာဆီကိုဝင်၊
သူ့ကိုကားပေးပြီး ဆက်အမောင်းခိုင်းပြီး လမ်းတဝက်ကနေလှည့်ပြီး
ကြုံရာကားနဲ့အိမ်ပြန်လာပါတော့တယ်။
ကျုပ်လဲအိမ်ရောက်ရော မြင်ရတဲ့မြင်ကွင်းကြောင့်ကျုပ်မျက်လုံးတွေပြာဝေသွားပါတယ်။
ရွှေဘိုသူကျုပ်မိန်းမက ထမီရင်ရှားနဲ့အိပ်ခန်းပေါက်မှာရပ်လို့။
ကျောပေးထားတဲ့ကောင်တစ်ကောင်က သူ့လက်မောင်းလေးကို ကိုင်ထားတာလဲမြင်လိုက်ရော
အိမ်ဘေးမှာတွေတဲ့ထင်းခုတ်ဒါးနဲ့အဲဒီကောင်ကို ဝင်ခုတ်ထဲ့လိုက်ထည့်လိုက်ပါတယ်။
ကျုပ်မျက်စေ့ထဲပြာဝေနေတော့ဘာမှ မမြင်တော့တာလဲအမှန်ပါဘဲ။
နောက်ဆုံးတော့ကျုပ်လဲအချုပ်ထဲရောက် ကျုပ်မယားလဲရူးကြောင်ကြောင်ဖြစ်
ဟိုကောင်ကတော့ ညာဘက်လက် အရင်းကနေပြတ် နားရွက်တစ်ဖက်လဲပြတ်၊
အဲဒီအချိန်မှာ ပြတ်ထွက်သွားတဲ့ဟိုကောင်လက်က ဘေးနားမှာရှိနေတဲ့ ကျုပ်သားလေး
ရွှေဘိုသားနားကို ဖြူတ်ကနဲ့ပြုတ်အကျ အဲဒီကောင်သွေးလန့်ပြီး စကားမပြောနို်င်တော့ဘဲ
ဆွိ့အသွားလိုက်တာ အခုထိပါဘဲ။
မွေးထားတုန်းက အကောင်း ကျုပ်ပယောဂကြောင့် ဒုက္ခိတဖြစ်သွားပါတယ်။
ကျုပ်လဲဟိုအထဲမှာ 3နှစ်လောက်နေပြီးပြန်ထွက်လာတော့ ကျုပ်ကိုဘယ်မယားကမှ
လက်မခံကြတော့ဘူး။
ဘယ်သားကမှလဲ အဖေလို့မသတ်မှတ်ကြတော့ဘူး။
အဲဒီကစပြီး ကျုပ်လဲ ဘယ်သူ့အိမ်မှမနေတော့ဘူးဗျာ။
အလုပ်လဲမလုပ်တော့ဘူး။
ထမင်းဆာရင်တောင်းစားမယ်။
အရက်ဆာရင်တောင်းသောက်မယ်။
အိမ်ချင်ရင်လမ်းဘေးမှာအိပ်မယ်။
နေချင်သလိုနေမယ်။
တစ်ခါတစ်ခါတော့လဲ ကျုပ်သားလေးရွှေဘိုသားကို
သတိအရသားဗျာ……………………………………………

ဒီဇာတ်ကြောင်းလေးကိုပြောပြတဲ့သူကတော့ ကျနော်လမ်းလျှောက်နေကျလမ်းမှာအမြဲတွေ့နေကျလူပေါ့။
ဒီနားကလူတွေကတော့ သူ့ကိုသိပုံရကြပါတယ်။
ကျနော်ကသာပြောင်းလာတာမကြာသေးတော့ သူ့အကြောင်းမသိတာ။
အဲဒီနေ့ကတော့လမ်းလျှောက်ရင်း မိုးရုတ်တရက်ကျလာတော့ သူနေ နေကျ သစ်ပင်အောက်ကိုမိုးဝင်ခို
ရင်းသူပြောပြတဲ့ဇာတ်လမ်းကို သိလိုက်ရတာပါ။
ထူးခြားတာကတော့ သူနာမယ်ကလဲ ကိုပေါက် ကျနော့်နာမယ်ကလဲကိုပေါက်။
သူကဘဝပျက်နေတဲ့အရက်သမား ကျနော်ကတော့ စာသမား။
လောကမှာ နာမယ်တူမရှား လူတူမရှား ဆိုတာ သိပ်မှန်သပေါ့နော်။
အဖြစ်အပျက်ခြင်းတူသူတွေလဲ အများကြီးရှိမယ်ထင်ပါရဲ့နော်။
ဒါကြောင့်လဲ ဇာတ်လမ်းတွေထဲမှာ စာတွေထဲမှာ တိုက်ဆိုင်မူ့ရှိရင်ခွင့်လွှတ်ပါလို့ထည့်ရေးကြတာပေါ့။
မိုးတိတ်သွားတော့ သူကိုနုတ်ဆက်ပြီးသာ ထွက်လာခဲ့တယ်
စိတ်ထဲမှာတော့ နာမယ်တူပြီး ဘဝမတူတဲ့ အရက်သမားကိုပေါက်က ကပ်ပါလာတုးံ……………
သူနဲ့ သူ့သားလေး ရွှေဘိုသား ဘယ်လိုဆက်စခန်းသွားကြမယ်ဆိုတာ တွေးမိနေတုံး……………

15 comments

  • pooch

    June 21, 2011 at 5:01 pm

    လေးပေါက်ရဲ့ ဇာတ်လမ်းလေးကို အနော်ဖတ်ရင်းနဲ့ မျက်ရည် လည်ရွှဲ နှပ်တွဲလွဲနဲ့ ခံစားသွားပါတယ်
    ဟီး…… ရွှတ်….. 🙂

  • ဆူး

    June 21, 2011 at 5:30 pm

    သူများ ပြောတာ ကြားဖူးတာ.. ကားသမားတွေက ညည တယောက်ထဲ မအိပ်ရဲလို့ အဖော်ခေါ် အိပ်တယ် ဆိုတဲ့ စကားအမြဲ သုံးတတ်ကြတယ်တဲ့။

  • KoNyeinChan

    June 22, 2011 at 12:39 am

    ရှေးလူကြီးတွေ စကား ပြန်အမှတ်ရမိတယ်
    “ဓါးသွား ထက် ကလောင်သွား ပို ထက်တယ်” ဆိုတာလေ

  • PinkCandy

    June 22, 2011 at 1:08 am

    တရွာတကျီဆောက်တဲ့ အရက်သမားကိုပေါက်က သနားစရာ
    စာသမားကိုပေါက်ကတော့ ရေးလည်းရေးတတ်ပါပေတယ် 🙂

  • bigcat

    June 22, 2011 at 1:40 am

    စာသမား ဦးပေါက်လည်း ရွာထဲမှာ ကျီဆောက်ဖို့ ကြိုးစားနေပါတယ်ဗျို့…မတော်ရာနဲ့ တွေ့မသွားအောင် သဂျီးရေ လုပ်ပါအုံး ရွာသူထဲမှာ ဆွေမျိုးနီးစပ်လေးများ မရှိဘူးလား.. 😛

  • manawphyulay

    June 22, 2011 at 3:21 am

    သားတွေထဲမှာ ရွှေဘိုသားကို ဘာကြောင့် ပိုချစ်ရတာလဲဟင်…. လေးပေါက်တို့ကတော့ လမ်းမှာတောင် တွေ့တဲ့သူလည်း မလွယ်ဘူးနော်…. မတွေ့အောင် ရှောင်နေမှထင်တယ်။ နို့မို့ဆို ဇာတ်လမ်းထဲပါနေဦးမယ်။

  • ရွှေဘိုသား

    June 22, 2011 at 4:22 am

    သားသား မုန်.ဖိုးပြတ်နေပြီ ဖေကြီးရ
    ရန်ကုန်မှာ နေရတာလည်းအဆင်မပြေဘူး
    ခေတ်သစ်ရေသည် ယောကျင်္ားဆိုပြီ တော.တောင် ပို.စ်တင်ဖို.စိတ်ကူးနေရပြီ
    ဖေကြီး ကိုယ်.တာဝန်ကိုယ်ယူနော်
    ဖေကြီး နဲ. မေကြီး ဖြစ်ပျက်တာတွေ ဖွင်.ချလိုက်မယ် ဘာမှတ်နေလဲ

  • ရွှေဘိုသား

    June 22, 2011 at 4:31 am

    ဖေကြီး အရမ်း ရက်စက်တယ်နော်
    သားသားက အရက်သောက်တာပဲပြောတာ
    သားသားက အခု မုဆိုးဖို လည်းဖြစ် ဒုက္ခိတလည်းဖြစ် ဆိုတော. ရွာထဲက ဘယ်ကောင်မလေးမှ
    မကြိုက်တော.ဘူး
    ဝမ်းနည်းစရာကြီး ဟီးဟီး

  • king

    June 22, 2011 at 5:05 am

    ကိုပေါက်
    ကျွန်တော့်အိမ်လာလည်နဲ့တော့
    ကျွန်တော်က သမီးပျိုလေး ရွာထဲမှာ မွေးစားထားတာနော်
    😛 😀 🙂

  • captainamerica

    June 22, 2011 at 5:41 am

    လန်ထွက်နေတာပဲ ကိုပေါက်ရေ လေးစားပါတယ်…ဓားသာွးထက် ကလောင်သာွးကပိုထက်တယ်ဆိုတာ
    ကျွန်တော်လည်းတကယ်ကြီးကိုလက်ခံသာွးပီ။ 🙂 🙂 🙂

  • naywoonni

    June 22, 2011 at 5:42 am

    ဟ…. တို့လည်းဘာမှမသိလိုက်ရပါလား……. 😛
    ကောင်းတယ် ပုံပြောချင်ဦး……းးးးးးး

  • MaMa

    June 22, 2011 at 11:31 am

    ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့၊
    ရှေးထုုံးပယ်တော့ လွဲတတ်တယ်၊
    ဈေးသုံးကြွယ်တော့ မွဲတတ်တယ်။
    လို့ ရှေးလူကြီးတွေ ဆိုရိုးရှိတယ် မဟုတ်လား။
    ရှေးထုံးကို မပယ်ချင်လို့ တစ်ရွာတစ်ကျီ ဆောက်တာ နေမှာပါ။

  • hmee

    June 22, 2011 at 1:03 pm

    ဖတ်ရင်း ဖတ်ရင်းနဲ့ သဘောကျလိုက်တာ။ ဦးပေါက်ကတော့ ရေးတတ်လိုက်တာ ဖြစ်ရပ်မှန်လိုပဲ။

  • nature

    June 22, 2011 at 1:43 pm

    ကိုပေါက်က ရွှေဘိုသားကိုဘယ်လောက်ချစ်လဲဆို ရွာထဲ ခေါ်ထားတာသာကြည့်။

  • ရွှေဘိုသား

    June 23, 2011 at 7:00 am

    အဲဒါတော.အမှန်ဗျ အခုလို ပို.စ်တွေတင်တတ်အောင် သူပဲပြောပြပေးတာ။

Leave a Reply