အားတော့ နာပါရဲ့

လင်းဝေJune 22, 20111min20230

အားနာပါးနာ ဆိုတာ ပါးဘယ်လိုနာတာမှန်းတော့မသိဘူး။ အားနာသလိုလိုအခြေအနေတွေကို ပြောမယ်ဆိုရင် အားနာပါးနာ လို့ပဲ ညွှန်းလိုက်ပါတယ်။
အားနာပါးနာ ဟန်ဆောင်လိုက်ရသေးတာပေါ့ ဆိုတာမျိုးလည်းပြောကြတာပါပဲ။

အဓိက ပြောချင်တာကတော့ အားနာ တယ်ဆိုတာ ဘာလည်း လို့ သုံးသပ်မိတာလေးကိုပါ။
တစ်လောက တင်ဖြစ်သေးတယ်။ တင်တာမအောင်မြင်ပါဘူး။ တင်ရခက်ပြီး စာတွေ မပေါ်လို့ ကိုယ်ပေးချင်တဲ့ theme မပေးဖြစ်ဘူးထင်လို့ ထပ်တင်ပေးလိုက်ပါဦးမယ်။

အား တော့ နာပါရဲ့ လို့ စကားဦးသမ်းလိုက်ပါရစေ..

“အားတော့ နာပါရဲ့။ သို့သော် ပြောစရာရှိတာတော့ ပြောရဦးမယ်” လို့ စကား စချီပြီး ပြောချင်တာတွေ ပြောကြတဲ့ စကားပြောပုံစံရှိပါတယ်။
“အားတော့ နာတယ်ဗျာ” ဆိုပြီး လိုချင်တာတောင်းတာ။ ဒါမှ မဟုတ်ငြင်းချင်တာ ငြင်းတာလည်း လုပ်ကြတာပါပဲ။

“အာ… မလုပ်ပါနဲ့ အားနာစရာကြီး” ဆိုပြီး တားရတာမျိုးလည်း ရှိပါတယ်။

“အားလည်း နာတယ် ခင်လည်းခင်တယ်” ဆိုတာတော့ ခင်မင်သူချင်း လူလည်ကျတော့မယ်ဆိုရင် စရင်းနောက်ရင်း ပြောကြတာပဲလေ။

အားနာတယ် ဆိုတာ မြန်မာ စကားမှာပဲ ရှိတယ်လို့ကြားဖူးပါတယ်။ ဘာသာစကားမျိုးစုံကို နှံ့စပ်ကျွမ်းကျင်တာ မဟုတ်တော့လည်း အသေအချာမပြောရဲပါဘူး။ တရုပ်မှာလည်း အားနာတာလိုမျိုး ရှိတယ် ကြားဖူးပါတယ်။ (ဒူဝေဝေ ဖြေပေးပါ)

သို့သော်လည်း အားနာ တာနဲ့ ပတ်သက်လို့ ကိုယ်တိုင် အားနာတာကို ဆန့်ကျင်သော်လည်း ပဲ ကိုယ်တိုင်ပြန်ကြည့်ရင် အားနာမိလိုက်တယ် လို့ ကိုယ့်ဘာသာ ပြောနေမိတာမျိုးကြုံရတဲ့ အခြေအနေတွေကို တွေ့နေမိတယ်။ အားနာတာကို အားမပေးပါဘူး။ ကိုယ်နဲ့ နီးစပ်သူတိုင်း ဘာအားနာစရာလိုသလဲ လို့ ပဲ အားပေးတိုက်တွန်းလုပ်တတ်ပါတယ်။ သို့သော် မြန်မာပြည်မှာ လူတိုင်းကတော့ တစ်ခုမဟုတ်တစ်ခု တစ်နေရာ မဟုတ် တစ်နေရာ အားနာနေရတာပါပဲ။
အားနာတယ်။ အားနာလို့။ အားနာတာနဲ့။ အားနာမိလိုက်တာ။ စသည်ဖြင့်ပြောကြပါတယ်။

တနည်း အားနာတယ် ဆိုတာ သူများကို ဝန်မပိုစေတာကို မူလ အစဖြစ်မယ်လို့လည်း တွေးမိပါသေးတယ်။
သူများ အိမ်သွားလည် ပြီး သူတို့က မနိုင်ရင်ကာ မုန့်တွေ လုပ်ကျွေးတာကို အားနာတာ။ ( သူတို့ အလုပ်ရှုပ်မှာကို အားနာတာ။ သိပ်မပြည့်စုံတဲ့သူက ကိုယ့်ကို တကူးတက ဧည့်ခံတာကို အားနာတာ။) ဒါမျိုးကို ပဲ အားနာ မှု လို့ခေါ်သင့်တယ် ထင်တာပါပဲ။ သူများကို ကိုယ့်အတွက်ကြောင့် ကရိကထများပြီး အလုပ်ပိုဖြစ်မှာကို စိုးရိမ်မိတာကိုသာ “အားနာမှု” လို့ခေါ်သင့်ပါတယ်။

အခုတော့ သူများက ကိုယ့်ကို တစ်ခုခု လုပ်ခိုင်းတာ တစ်ခုခု တောင်းဆိုတာကို လိုက်လျောလိုက်ရတာကိုလည်း အားနာ လို့ဆိုပြီးပြောကြပါသေးတယ်။

အဲဒီလို ကိစ္စတွေမှာ “အားနာတယ်” ဆိုတာက တကယ်တော့…
၁)ဝန်လေးတာ ( ပြောသင့် မပြောသင့် ကိုယ့်ဖာသာ မဆုံးဖြတ်နိုင်။ အပြတ်ပြောဖို့လည်း ကိုယ့်ကိုကိုယ်မယုံကြည်)
၂)ကြောက်တာ ( ငြင်းလိုက်ရင် တစ်ခုခု ဖြစ်သွားမှာ ကြောက်တာ )
၃)စကားလုံးရှာမရတာ ( အချည်ခံရတာ။ သူက ပြောနေတာ ဟုတ်သလိုလို လုပ်ပေးရမလိုလိုကို ကိုယ်က ဘယ်လိုပြန်ပြောမရ ဝေခွဲမရ ဖြစ်နေတုံးမှာ သဘောတူညီချက် ပေးလိုက်ရသလိုဖြစ်သွားတာ )
၄)ဖိအားပေးခံရတာ ( ရှင်းပါတယ်။ အပေးအယူသဘောမျိုးဖြစ်ဖြစ် အခြေအနေတစ်ခုမှာ ဖိအားပေးထားတာ )
၅)ရှက်တာ ( ငြင်းလိုက်ရင် ရိုင်းတယ်လို့အထင်ခံရမှာလား၊ ငြင်းလိုက်ရင်တစ်ခုခု ပြန်ပြောတာခံရမှာလား၊ ငြင်းလိုက်ရင် အတ္တများတယ် အထင်ခံရမှာလား စသည် )

အထက်ပါအကြောင်းတွေ ကြောင့်မဟုတ်ရင်တော့ စေတနာပါလို့။
နောက်ဆုံး စိတ်ပျော့လွန်းလို့ပေါ့။

အပိတ်အနေနဲ့ ပြောရရင် ကျွန်တော်တို့ ဟာ ကိုယ့်ဘာသာကိုယ် အကြောင်းကြောင်းတွေ ကြောင့် ငြင်းပယ်ဖို့ရာ တွန့်ဆုတ်တဲ့ အခြေအနေကို အားနာ လို့ ဆိုပြီး ဆင်ခြေတွေ ပေးပြီး မြန်မာ့ ဓလေ့ “သူများတကာကို ကိုယ့်ကြောင့် အနှောင့်အယှက် မဖြစ်စေချင်တဲ့ “အားနာခြင်း” ဆိုတာလေးကို” စကားလုံးအားဖြင့် မလှမပနဲ့ ရုပ်ဆိုးပြီး စိတ်ပျက်စရာ စကားလုံးဖြစ်အောင် အလွဲသုံမိနေသလား လို့ စဉ်းစားစရာပါပဲ။
ကျွန်တော်ကတော့ အချက်(၅)ချက်ကြောင့် ဖြစ်သော အခြေအနေနဲ့ အားနာခြင်းများ ကို တတ်နိုင်သမျှမဖြစ်အောင်လုပ်ပါတယ်။ ဖြစ်ခဲ့ရင်လည်း အားနာလို့ ဆိုပြီး စကားလုံးကို ဗိုက်အငှား သုံးပြီး မလုပ်ကြံရက်ပါဘူး။ ကျနော့်ကြောင့် အလုပ်ပိုပြီး ကွန်မန့်တွေပေးရမယ့် ငြင်းရမယ့် သူများကိုတော့ အားနာပါတယ်။

ပွိုင့်ပေးတဲ့သူကိုလည်း အားနာပါရဲ့။ ( တကယ်တမ်းတော့ အားနာစရာအကြောင်းမရှိပါဘူး… ဟုတ်လားဗျ.. ကာယကံရှင်က ဘာဖြစ်လို့ အားနာစရာမရှိကြောင်း ရှင်းပြပေးပါလား )

30 comments

  • windtalker

    June 22, 2011 at 5:56 am

    မှန်လိုက်တာ ကိုလင်းဝေကျော် ရယ် ။ အခု ၁ဝ ယူရမှာတောင် အားနာလာပြီ ။ ဟီဟိ

  • PinkCandy

    June 22, 2011 at 6:17 am

    ကိုယ့်ကြောင့်သူများစိတ်အနှောက်အယှက်ဖြစ်မှာကို အားနာမိတာပါ။
    တခါတလေလည်း သူအားနာလိုက် ကိုယ်အားနာလိုက်နဲ့ လိုရင်းကိုမရောက်တော့ဘူး။

    • Yin Nyine Nway

      June 22, 2011 at 8:04 am

      တခါတခါ အားနာရင်တော့ ခါးပါတက်တယ်….
      အားနာမှုကနေအစပြုပြီး ခံရတာတွေလည်းအများကြီးပေါ့

  • moethidasoe

    June 22, 2011 at 7:01 am

    အားနာတယ် ဆိုတာ အနောက်တိုင်းမှာ မတွေ့ရဘူး .. ဒါကြောင့် စားတာသောက်တာတောင် စကားရပ်ကိုက အမေရိကန် စတိုင် တဲ့ ကိုယ်စားကိုယ်ရှင်းပေါ့ ..
    အားနာတတ်ရင် ခါးပါလိမ့်မယ် ဆိုတာ အားနာလို့ ဗိုက်ပူတယ် လို့ ဆိုတာလားတော့ မသိ (တချို့က အားပါ လိမ့်မယ် လို့လဲ ဆိုတယ် ဘယ်ဟာ အမှန်လဲ မသိပါ)
    အား နာတိုင်းလဲ မကောင်းသလို မနာတိုင်းလဲ မကောင်းဘူး ..
    အတိုင်းအတာ တစ်ရပ်အထိတော့ သုံးဖို့ သင့်သေးတယ်လို့ ထင်ပါတယ်

  • weiwei

    June 22, 2011 at 7:01 am

    တရုတ်တွေလဲ အားနာတတ်ပါတယ် … အားနာတယ်လို့ တိုက်ရိုက်ပြန်နိုင်တဲ့ စကားလုံးကိုတော့ မသုံးဘူးထင်တာပဲ …
    အားနာလို့ ပြောတဲ့ စကားလုံးတွေက …
    ma fan ni! မားဖန်နီ … အနှောင့်အယှက်ပေးသလိုဖြစ်နေပြီလို့ အခုခုကို သူများကိုလုပ်ခိုင်းပြီး အားနာတဲ့စကားမျိုးအနေနဲ့ သုံးကြတယ် …
    xinku ni! ရှင်းခူနီ … ပင်ပန်းသွားပြီနော် ဆိုပြီး တစ်ခုခုခိုင်းပြီးမှ ပင်ပန်းသွားမှာကို အားနာတဲ့လေသံနဲ့ ပြောကြတယ် …
    အခုလောလောဆယ်တော့ အဲဒီ ၂ ခုပဲ သတိရတယ် .. နောက်မှ သတိရတာရှိရင် ထပ်ရေးပေးမယ် …

  • etone

    June 22, 2011 at 7:24 am

    အားနာတယ်ဆိုတာ နေရာတိုင်းတော့ မကောင်းဘူး … ။ အားနာသင့်တဲ့အချိန်နဲ့ နေရာကို လိုက်ပြီး အားနာသင့်တာပေါ့ ..ဒီလိုဆိုတော့ ….ငြိမ်ခံနေရမယ်လို့ ဆိုလိုတာမဟုတ်ဘူး … အမြဲတမ်းအားနာနေတဲ့လူကျတော့လည်း နင်းပြားဖြစ်သွားမယ်… ။ အလိုက်တသိလေး အားနာသင့်တဲ့နေရာ ခွဲခြားပြီး အားနာသင့်ပါတယ်… ။

  • weRone

    June 22, 2011 at 7:45 am

    အားနာ တတ်တာ တော့ မကောင်းဘူး။ အားမနာတတ်တာလည်း မကောင်းဘူး။
    အာနာသင့်တဲ့ နေရာ အားနာ ပြီး ၊ အားမနာ သင့်တဲ့ နေရာ အားမနာနဲ ..
    😀

  • နွယ်ပင်

    June 22, 2011 at 8:29 am

    အရင်ကတော့ တော်တော်လေးကို အားနာတက်တယ် တစ်ချို့ကိစ္စတွေဆို အားနာလို့ အားနာလို့ ဆိုပြီး မပြောပဲနေတော့ကိုယ့်ဘက်က အသုံးချခံလိုက်ရတာတွေ တော်တော်များလာတယ် နောက်ပိုင်းတော့ အားနာတာ ကို နှစ်ပိုင်းခွဲလိုက်ပြီး အားမနာရမယ့်ကိစ္စဆို ဘယ်တော့မှ အားမနာပဲ ပြောချလိုက်တယ် အားနာသင့်တဲ့ ကိစ္စဆိုရင်တော့ ရေငုံနုတ်ပိတ်နေလိုက်တယ် ဒီတော့မှ နည်းနည်း အဆင်ပြေသွားတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2011 at 8:42 am

    အားနာခြင်းဆိုတာ အသိတရားတစ်ခုလို့လည်း ပြောနိုင်ပါတယ်
    တကယ့်အမှန်ကတော့ အားနာခြင်းဆိုတာ
    ( စိတ် ) အသိဉဏ်အပိုင်းကိုဦးဆောင်တယ်လို့ပြောနိုင်မယ်လည်းထင်မိပါတယ်
    ကိုယ်ခြင်းစာတတ်ခြင်းပေါ့
    ကိုယ် ပြောဆိုလုပ်ကိုင်လိုက်လို့
    တစ်ဖက်လူ တစ်ခုခုနစ်နာသွားမှာကို သိတတ်တာပါ
    တစ်ဖက်သားကို မနစ်နာစေလိုတာပါ
    ဒီနေရာမှာ အားနာခြင်းကို ထိခိုက်စေတာက
    ကြောက်ရွံ့ ခြင်းနှင့် ရှက်ရွံ့ခြင်းပါ
    အားနာလို့ လိုက်လျှောတာ အ..တယ်လို့မထင်နဲ့ဆိုတာက
    တစ်ဖက်လူတွက်ပါ
    သတိချပ်ဘို့ပါ
    ဥပမာအားဖြင့်
    ခင်ဗျားတို့တွေ ကျုပ်တပည့် သဂျီဂိုတောပြောတောင်ပြော
    ပြောနေတာကို သဂျီးဂ မှိန်းနေတာလား ဘာလားမသိပါဘူး
    ဝေဖန်တတ်ရမှာက
    အဘိဓမ္မာထဲကနေ နောက်ကိုခြေလှမ်းတွေဆုတ်သွားတာကို
    သိတတ်ရပါမယ်
    အထူးဆိုခြင်တာက
    အားနာတာရယ် အ..တာရယ်ကို ခွဲခြားတတ်ကြဘို့ပါ
    ကျန်တဲ့အကြောင်းတွေကိုတော့
    နောက်က ပညာရှိတွေ ဖောလ်ဘို့ချန်ထားလိုက်ပါတယ်

  • usnczn

    June 22, 2011 at 10:05 am

    ဟားး.အားနာလိုက်တာဗျာ…တကယ်ပါ..
    ဘာမှတောင် မပြောလိုက်ရဘဲနဲ့ ၁ဝ ရတာ ..တကယ်အားနာတယ်ဗျာ…ဟဲဟဲ…
    နောက်လဲ ဒီလို ခဏခဏ အားနာပါရစေ။

  • kai

    June 22, 2011 at 10:46 am

    ..
    ၆) တွေဝေတာ ( ဘာလုပ်လို့ဘာဖြစ်မှန်းမသိလို့.. အူကြောင်ကြောင်နဲ့ တွေဝေတာ)
    ၇) – -ရှင်ကြီးလုပ်ချင်တာ( – – နေရာမှာ..ကယ်တင်ရှင်လိုလို..။ တတ်နိုင်သူကြီးလိုလို.. စကားဖြည့်ထည့်ရမယ်..။ မျက်နှာဖုံးတခုကို ပြောင်းတပ်တာပဲ..။ အုပ်စုလိုက်တခုခုသွားစားပြီး ..ငွေရှင်းရမယ့်အချိန်မှာ..အားနာပြီးကိုယ်ကရှင်းလိုက်တာမျိုးမှာ.. ဒီအဓိပ္ပါယ်သက်ရောက်နေမယ်ထင်မိပါတယ်..။
    ၈)

  • MaMa

    June 22, 2011 at 11:08 am

    အားနာတယ်ဆိုတဲ့ စကားပြောပြီး
    တချို့က အခွင့်ကောင်းယူတတ်တယ်။
    တချို့ကျတော့လည်း အပြောက အားမနာသလောက် လုပ်ရပ်က အားမနာဘူး။
    အားနာတတ်တဲ့ လူကိုလည်း ခပ်တုံးတုံး ခပ်အအ လို့ ထင်နေပြန်ရော။
    အမှန်တကယ် အားနာတတ်တဲ့လူက အားနာတယ်ဆိုတဲ့ စကားကို ပြောမထွက်ပြန်ဘူး။
    အလုပ်ထဲ စဝင်ခါစက အရမ်း အားနာတယ်။ တဖြည်းဖြည်းနဲ့ ကြာလာတော့ အားမနာ တတ်တော့ဘူး။
    အဲဒါကြောင့် အားနာတတ်တာ ကောင်းတယ်။
    အဲဒါကြောင့် အားမနာတတ်တာ ကောင်းတယ်ဆိုတဲ့ စကားနပန်းလေးများ လုပ်လိုက်ရင် ကောင်းမလားလို့။

    • nature

      June 22, 2011 at 1:33 pm

      အားနာလို့ ခါးပါသွားတဲ့ ပုံပြင်လေးတော့ ကြားဖူးပါတယ်။ လူရွှင်တော်တွေ ပြောတဲ့ အားလည်းနာတယ် ခင်လည်းခင်တယ် ဆိုတာကတော့ အားတော့နာပါတယ် ဒါပေမဲ့အားမနာတော့ပါဘူး…. လို့။
      ကိုယ်က ရစရာရှိလို့ လာပေးရင် အားနာပါးနာယူလိုက်ပေါ့။ ကိုယ်က ပေးစရာရှိရင်တော့ အားမနာနဲ့ မပေးနဲ့လေ။ 🙂

  • ဆူး

    June 22, 2011 at 1:25 pm

    အားနာတဲ့ ကိစ္စ နဲ့ ခံရပေါင်း မနည်းဘူး။
    ကိုယ်အားနာလို့ မဟုတ်ဘူး သူများ အားနာလို့ ဖိအားပေးခံရတာ.. ခံရတာ စိတ်ထဲ တနုတ်နုတ်ပါပဲ။ ဘယ်တတ်နိုင်မလဲ နိုင်ဘက်က နင်းတဲ့ လူတွေ ဆိုတော့ ခံရမှာပေါ့။
    ကိုယ်တိုင်တော့ အားမနာဘူး စိတ်မပါရင် လုံးဝ လှည့်ကို မကြည့်တာ.. အပြတ်ပဲ။

  • နေရာတကာ အားနာတယ်ဆိုတာ မကောင်းသလို
    လုံးဝအားမနာဘူးဆိုတာလည်း အစွန်းရောက်ပါတယ်။
    ဒီတော့လဲ မြန်မာပီပီ အလယ်အလတ်လမ်းစဉ်ကို
    ရွေးချယ်တာအကောင်းဆုံးပါဘဲ။
    အားနာသင့်ရင် နာမယ်
    မနာသင့်ရင် မနာဘူးပေါ့။

  • antimoe

    June 22, 2011 at 4:33 pm

    အားနာတယ်ဆိုတာကိုသိသင့်သောသူများ
    -သူများယောက်ျားကိုကြောင်တောင်နှိုက်သူများ
    -သူများအိပ်ချိန်မှာမှ သီချင်းဆို၊ဂီတာတီးသူများ(အဆိုညံ့ရင်..ပိုအားနာသင့်ပါတယ်)၊ ရေသန့်ဘူးလမ်းမပေါ်ကန်ကြသူများ
    -မနက်အာရုံတက်ချိန်မှာ ကြာနီကန်ဆရာတော်ရဲ့တရားခွေကို..volume အဆုံးဖွင့်သူများ
    -သူများဆိုင်ကယ်/ကားကို တနေကုန်ငှားစီးပြီး ဆီမထည့်ပဲ အိမ်ရှေ့တိတ်တိတ်လေးလာရပ်ထားသွားသူများ
    -သူများကျွေးမယ်ဆိုလို့..ဈေးအကြီးဆုံးဟာကိုမှာစားပြီး..အကုန်မစားပဲ..တဝက်ကျော်…ချန်ခဲ့သောသူများ
    -အသံမစဲ ပဌာန်းပွဲရဲ့…စပီကာကို..အိမ်တည့်တည့်လှည့်ပြီး ရရက်တိတိ…တရားပူဇော်သူများ (တရားချီးမြှင့်သော သံဃာမပါဝင်ပါ။)
    -၂လုံးထိုးချိန်နီးတိုင်း..ပိုက်ဆံပြန်ပေးပါ့မယ်ဟုပြောပြီး…ပိုက်ဆံလာချေးသူများ။
    -မိန်းမကိုဒါလောက်အ…သလားဟု…ဘေးအိမ်ကြားအောင်..အမြဲဆူပူတတ်သော..အိမ်ကယောက်ျား။
    တစ်ခါအားနာမိလို့….ဘဝတစ်ခုလုံး….နာခဲ့ရတဲ့..အတွက်…အားနာတယ်ဆိုတာဟာ..လုံးဝမကောင်းပါ။

    • taicun

      July 14, 2011 at 4:34 pm

      antimoe ရေ၊ကျနော်ဒို ့ရပ်ကွက်ထဲမှာလင်မယားနှစ်ယောက်ရှိတယ်၊နှစ်ယောက်စလုံးဘာသာရေးကိုင်းရှိူင်းကြတယ်၊ယောက်ကျားကမနက်၅နာရီဆိုဘုရားထရှိခိုးတယ် ၆ နာရီဆိုပြးီတယ်၊ အဲ..၆နာရီကနေ ရ နာရီထိကတော့မိန်းမအလှည့်ဘဲ၊သူတို ့ရှိခိုးတာကရိုးရိုးမဟုတ်ဘူးဗျ၊ကာရာအိုကေဆိုတဲ့မိုက်ကို volume အကုန်တင်ထားတာ၊antimoe ကြာနီကန်volumeကနားခံသာမယ်ထင်တာပဲ၊သူတို ့ ကိုတော့အားနာနည်းသင်တန်းတတ်ခိုင်းရမယ်ထင်တာဘဲ…။

  • MaMa

    June 23, 2011 at 1:30 am

    အခုတင်ဆက်မယ့် စကားနပန်းပွဲမှာ အားမနာတတ်တာ ကောင်းတယ်ဆိုတဲ့ဖက်က အန်တီမိုးရှိနေပါပြီ။ အားနာတတ်တာ ကောင်းတယ်ဆိုတဲ့ဖက်က နေမယ့်လူရှိရင် ကင်းအင်တာတိန်းမန့် အလုပ်စလို့ ရပြီ။

  • fatty

    June 23, 2011 at 3:23 am

    အားနာတယ်ဗျာ မပြောတော့ပါဘူး …။

  • weiwei

    June 23, 2011 at 3:37 am

    ငယ်ငယ်တုန်းကတော့ အားနာတယ် (အမှန်ကတော့ ကြောက်စိတ်) … ပြောလို့မထွက်ဘူး .. ငြင်းရမှာလဲ ကြောက်တယ် …
    အခုတော့ အားမနာတော့ဘူး (မကြောက်တော့ဘူး) …
    အားမနာတာကောင်းတယ်ဆိုတဲ့ဘက်ကနေ ဝင်အားဖြည့်ချင်ပါတယ် … 🙂

  • pan pan

    June 23, 2011 at 3:55 am

    အားနာတတ်တဲ့လူက မပြိုင်ခင်ကပဲ တဝက်ရှုံးသတဲ့။

  • moethidasoe

    June 23, 2011 at 4:02 am

    စာနဘမ်း သတ်ဖို့ (စကားနဘမ်း ကို အားကျလို့) အားနာတတ်တာ ကောင်းတယ် .. အားမနာတတ်တာ ကောင်းတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွင့်ကြည့်ကြရအောင်လား

  • kai

    June 23, 2011 at 5:21 am

    @လင်းဝေကျော်
    ဒီစာတွေကို သတင်းစာမှာ Op-ed ကဏ္ဍအနေနဲ့ထည့်ချင်ပါတယ်..။
    (အခုရှိပြီးစာလုံးရေထက် နည်းနည်းလေးလျှော့ပြီး) အောက်ကမန်းထားတာတွေကို ပြန်လေ့လာသုံးသပ်ပြီး ပေါင်းထည့်ပြန်ရေးလို့ရမလားခင်ဗျား..။
    စာမူခ ပွိုင့် ၃၀၀ဝ ပေါင်း ပေးပါမယ်။
    မနက်ဖြန်ဖောင်ပိတ်မှာမို ့.. အမြန်ဆုံး ရေးပေးစေချင်ပါတယ်..။
    editor@myanmargazette.net ကိုတိုက်ရိုက်မေးလ်ပို ့ပေးပါခင်ဗျား…။

    Op-ed
    An op-ed, abbreviated from opposite the editorial page (though often mistaken for opinion-editorial), is a newspaper article that expresses the opinions of a named writer who is usually unaffiliated with the newspaper’s editorial board.

  • captainamerica

    June 23, 2011 at 6:15 am

    ဒီလိုမျိုးဆိုရင်တော့အားနာမနေနဲ.တော့ ။ 😀 😀 😀

  • kai

    July 14, 2011 at 11:46 am

    ကိုရင်လင်းဝေကျော်ကို ..အခုပို့စ်..သတင်းစာထဲ..Op-ed အနေနဲ့ ထည့်လိုက်တာမို ့.. ပွိုင့်၃၀၀ဝ တိုးလိုက်ကြောင်း သတင်းပေးတာပါ..။
    မတူတဲ့အတွေးတွေနဲ့..ကိုယ်ပိုင်စာတွေထဲက ဆန်းတာလေးတွေရှိရင်.. Op-ed ကဏ္ဍအတွက် ရွာထဲကပဲ..ရွေးသွားဖို့ ဆုံးဖြတ်ထားပါတယ်…။

  • kosharshi

    July 14, 2011 at 2:12 pm

    အား …… နာလိုက်တာ အချစ်ရယ် အား…………..နာလိုက်တာ အချစ်ရယ် အား…………… နာလိုက်တာကွယ်.

  • လင်းဝေကျော်

    July 14, 2011 at 3:03 pm

    အားနာလိုက်တာ တကယ်ပြောတာပါ။
    သူကြီးက ပြောတဲ့ ၂၃ဇွန်မှာ ကျွန်တော်အလုပ်ရှုပ်နေလို့ ဘာမှကို မဖတ်ဖြစ်လို့ အကြောင်းမပြန်ဖြစ်လိုက်ဘူး။
    အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • cobra

    July 14, 2011 at 3:10 pm

    အား……….
    နာတယ်
    နဲ့
    အားနာတယ်
    ကဘယ်လိုကွဲလဲ..။

  • naywoonni

    July 14, 2011 at 6:34 pm

    အားနားတယ်= တစ်ခြားတစ်စုံတစ်ယောက်ကို လှည့်ဖျားခြင်း
    ကိုယ့်ကိုကိုယ် ယဉ်ကျေးသူအဖြစ် အထင်ရောက်အောင် ညာခြင်း
    ကိုယ့်ကိုကိုယ် လှည့်စားခြင်း

  • ရွှေဘိုသား

    July 14, 2011 at 6:57 pm

    အလိုက်သိတဲ. လူကိုတော. အားနာပေါ.ဗျာ
    တစ်ခါ လည်းအလိုက်မသိ
    ှနှစ်ခါလည်း အလိုက်မသိဆိုရင်တော.
    ပြောသာပြောချလိုက် အကျင်.ပါလိမ်.မယ်

Leave a Reply